ကေဇွန်နွေး (Myanmar Now) ● တပ်ခေါင်းဆောင်များ နိုင်ငံတကာ ခုံရုံတင်ရေး တောင်းဆိုဆန္ဒပြသူ ဖမ်းဆီးခံရ

 ကေဇွန်နွေး (Myanmar Now) တပ်ခေါင်းဆောင်များ နိုင်ငံတကာ ခုံရုံတင်ရေး တောင်းဆိုဆန္ဒပြသူ ဖမ်းဆီးခံရ
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈

 

 မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအား နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ တင်ပို့ စစ်ဆေးရန် ရန်ကုန်မြို့ လယ်တွင် ယနေ့ နေ့လယ်တွင် တောင်းဆိုခဲ့သူကို ရဲတပ်ဖွဲ့ဝင်များက အလျင်အမြန် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (M.D.C.F) အဖွဲ့မှ ဦးတင်မောင်ကြည်သည် ရန်ကုန်မြို့ တော်ခန်းမ ရှေ့ တွင် တစ်ကိုယ်တော် ဆန္ဒပြရန် ကြိုးစားနေစဉ် ရဲ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင်လိုက်ခြင်း ဖြစ်သည်။

လတ်တလောတွင် သူ့ကို ရန်ကုန်မြို့တော်ခန်းမအနိးရှိ ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ရဲစခန်း အ၀င်အထွက် ဂိတ်များအား ရဲက လုံခြုံရေး တိုးမြှင့်လိုက်သည်။

ဦးတင်မောင်ကြည်ကို ထောက်ခံသူများကလည်း ရဲစခန်းရှေ့ တွင် စုဝေးနေကြပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် တွေ့ခွင့်ရရန် တောင်းဆိုနေသည်ကို တွေ့ရသည်။

ယခင်လက ထိုအဖွဲ့မှ ခေါင်းဆောင် ဦးထင်ကျော်သည်လည်း အလားတူ ဆန္ဒပြခဲ့ရာ နာရီဝက်ခန့်အကြာတွင် အထိန်းသိမ်းခံလိုက်ရသည်။ ထို့နောက် ရန်ကင်းမြို့နယ် အာဏာပိုင်တို့ စွဲဆိုထားသော အမှုတစ်ခုနှင့် ပတ်သက်ပြီး ဆက်လက် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

တပ်မတော်ခေါင်းဆောင်တချို့သည် လူနည်းစုများအပေါ် ပြစ်မှုကျူးလွန်ရာတွင် တာဝန်ရှိသောကြောင့် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ တင်ရမည်ဟု ကုလသမဂ္ဂတွင် တိုက်တွန်းချက်များ ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တင်ဘာ ၂၃ တွင် တပ်တွင်းမိန်းခွန်းတစ်ခု ပြောကြားရာ မြန်မာနိုင်ငံသည် "ကုလသမဂ္ဂသဘောတူညီချက်များမှ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီ သည့် သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း" ထည့်သွင်း ပြောကြားသွားသည်။
 "နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ၀င်ရောက်စွက် ဖက်ဆုံးဖြတ်နိုင်ခွင့် မရှိ" ဟု တပ်ချုပ်က ဆိုသည်။ 




(ဓာတ်ပုံများ - ကေဇွန်နွေး/Myanmar Now)


Comments