ထက်ခေါင်လင်း/ Myanmar Now - ခုံတစ်လုံး ကျပ် ၇၀,၀၀၀ ကိစ္စ စာရိုက်မှားခြင်းဟု ဝန်ကြီးရှင်း


ထက်ခေါင်လင်း (Myanmar Now) ရန်ကုန်တိုင်းဘတ်ဂျက် ဥပဒေကြမ်းတွင် ပလပ်စတစ်ခုံတစ်လုံး ကျပ် ၇၀,၀၀၀ ကိစ္စ စာရိုက်မှားခြင်းဟု ဝန်ကြီးရှင်း
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈

တိုင်းဒေသကြီး အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း (ဓာတ်ပုံ - Yangon Hluttaw facebook)

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြခဲ့သည့် ပလပ်စတစ်ခုံတစ်လုံး ကျပ် ၇၀,၀၀၀ တောင်းခံသည့်ကိစ္စသည် စာရိုက်မှား ခြင်းသာဖြစ်ပြီး အရေးယူဆောင်ရွက်ရန်လည်း သက်ဆိုင်ရာဌာနသို့ ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး က ယနေ့ တိုင်းဒေသကြီး လွှတ်တော်တွင် ပြန်လည်ရှင်းလင်းသည်။

အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသည့် မြို့ပြနှင့် အိမ်ယာဌာန၏ အသုံးအစီရင်ခံစာတွင် ပလပ်စတစ်ခုံတစ်လုံးကို ကျပ် ၇၀,၀၀၀ ဟု ဖော်ပြထားမှုအပေါ် ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ထောက်ပြခဲ့သည်။

ထို့အတွက် မိမိတို့အစိုးရအဖွဲ့ကို လူမှုကွန်ရက်မီဒီယာများတွင် အများအပြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ရ သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ပြည်သူများအတွက် အရေးပါသည့် လမ်းတံတား ကိစ္စများ၊ လျှပ်စစ်နှင့် သောက်သုံးရေကိစ္စများအတွက် ရေးဆွဲခဲ့သည့် အရအသုံးငွေစာရင်းများသည် ယခုအချက် တစ်ချက်တည်းဖြင့် ချေဖျက်လိုက်သလို ဖြစ်ခဲ့ရကြောင်း ဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။

ဆွမ်းဆန်ထဲ ကြက်ချေးရောသလိုဖြစ်သွားခဲ့ရတယ်။ ဒီခုံတစ်လုံးကို ကျပ် ၇၀၀၀ သာဖြစ်ရမယ့်ဟာကို သုညတစ်လုံးပို စာရိုက်မှားသွားခဲ့တာ ဟု ၎င်းက ပြန်လည် ရှင်းလင်းသည်။

လွှတ်တော်သို့တင်သွင်းခဲ့သည့် ဥပဒေကြမ်း၏ ရုံးသုံးပရိဘောဂ ခေါင်းစဉ်အောက်တွင် ပလပ်စတစ် ကုလားထိုင်(ယိုးဒယား) ခေါင်းစဉ်ဖြင့် တစ်လုံးလျှင် ကျပ် ၇၀,၀၀၀ ဖြင့် စာရင်းပြထားသည်ကိုတွေ့ရသည်။

ထိုကိစ္စမျိုးသည် ဖြစ်တတ်သည့် သဘောသဘာဝရှိသည့်အတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် စာရိုက်မှားမိကြောင်း ဝန်ခံသွားသည့်အပေါ် အဆိုပါဥပဒေကြမ်းကို မည်သို့ပြန်လည်ပြင်ဆင်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက သုံးသပ်သည်။

ဖြစ်တတ်ပါတယ်။ ဒါမျိုးက။ အဲ့ဒီအတွက် သူတို့ဘယ်လိုပြန်ပြင်မလဲကိုတော့ ကြည့်ရမှာပေါ့။ ဝန်ကြီးကိုယ်တိုင် သူတို့မှားခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒီကိစ္စကို ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်ဘတ်ဂျက်နှင့်ပတ်သက်ပြီး တိကျသေချာရန်လိုအပ်ကြောင်း၊ တင်ပြလာသည့် ဘတ်ဂျက် ဥပဒေကြမ်းတွင် သုညတစ်လုံးပိုသည်ကမဖြစ်သင့်သော ကိစ္စရပ်တစ်ခုဟု မှတ်ယူကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ထောက်ပြဝေဖန်ခဲ့သည့် အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

ဘတ်ဂျက်ဥပဒေကြမ်းတွင် ပလပ်စတစ်ခုံအလုံးရေ ၂၅၀ ကို တင်ပြထားခြင်းအတွက် မိမိသာ မထောက်ပြခဲ့လျှင် နိုင်ငံတော်၏ငွေကြေး ကျပ်သိန်း ၁၅၀ ကျော် (၎င်း၏ တွက်ချက်မှုအရ ၁၅၇ သိန်း၊ ငါးသောင်း) ယခုလိုထွက်ရှိလာမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဘတ်ဂျက်ဆိုတာ နောက်စရာမဟုတ်ဘူးဗျ။ ကျွန်တော်သာ မထောက်ပြခဲ့ဘူးဆိုရင် စာရိုက် မှားတယ်ပဲပြောပြော၊ ဒီကိစ္စ ပေါ်လာစရာမရှိဘူး။ သုညတစ်လုံးပိုသွားတိုင်းသာဆို နိုင်ငံတော်ဘတ်ဂျက်မှာ ဘယ်လောက်တောင် ဆုံးမလဲဆိုတာ စဉ်းစားစရာဖြစ်စေတယ် ဟု ၎င်းကဆိုသည်။

Comments