လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - ဆောင်းပါးအမှတ် (၁၆)

 လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - ဆောင်းပါးအမှတ် (၁၆)
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲများ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၈

“ကျွန်တော်က တပ်မတော်ကို တပ်မတော်ပီပီသသဖြစ်ဖို့ ပြည်သူလူထုကို အကျိုးပြုဖို့ ရန်မမူဖို့ အဲဒါကိုပြောချင်တာပါ။ ပြည် သူလူထုကို ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့စိတ်ဓာတ်မျိုးထားဖို့ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်ပဲ။ ဗိုလ်ချုပ်သာ ရှိမယ်ဆိုရင် ပြည်တွင်းစစ်လည်းဖြစ်မှာ မဟုတ်ဘူး’’
(၂၀၁၁ ဇွန်လ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် အာအက်ဖ်အေ နောက်ဆုံးတွေ့ဆုံမေးမြန်းခန်း)

တကယ်တော့ တပ်မတော်သားများဟာ ပြည်သူလူထုရဲ့သားသမီးများသာဖြစ်တဲ့အတွက် ပြည်သူလူထုက မေတ္တာထားပါ တယ်။ စစ်တပ်က ကိုယ့်အလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းများသာ လုပ်နေသရွေ့ပေါ့။ ဒါပေမယ့် စစ်တပ် ကိုယ့် နေရာ ကိုယ်မနေပဲ ကိုယ်နဲ့မဆိုင်တဲ့ ကိုယ်မကျွမ်းကျင်တဲ့နေရာတွေ (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး) မှာ နေရာတကာမှာ ဝင်ပါလာတာကိုတော့ လက်ခံနိုင်ခြင်းမရှိပါဘူး။ ဒါ့အပြင် တမိုးလုံးဖျောက်ဆိတ် တနိုင်ငံလုံးနေရာကောင်းဟူသမျှ ဝင်လာတဲ့ စစ်ဗိုလ်တွေဟာ ဘယ်သူကိုမှ လူရာသွင်းခြင်းမပြုပဲ (အဓိကမိမိတို့အကျိုးအတွက်) လုပ်ချင်တာတွေလုပ်ခဲ့ကြပါတယ်။ (ဒီအဖြစ်များရဲ့အထွတ်အထိပ်ကို စစ်ဗိုလ်ချုပ်တယောက်ရဲ့ "ကျုပ်က တနိုင်ငံလုံးလှည့် ပါးရိုက်လာတဲ့ကောင်ဗျ" ... ဆိုတဲ့ အပြောမှာတွေ့နိုင်ပါတယ်။)

စစ်တပ်ကိုလက်ကိုင်ထား နိုင်ငံရေးအာဏာ (တဆက်တစပ်တည်းရှိတဲ့စီးပွားရေးအာဏာကိုပါ) ရယူလိုတဲ့ စစ်ဗိုလ်ချုပ်တွေ ဟာ အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ်ကို တည်ထောင်လိုက်ကြပါတယ်။

ဒါကို ဗမာပြည်သူတွေက အကြိမ်ကြိမ် ရသမျှနည်းလမ်းများနဲ့ ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်များကလည်း တလက်ကိုင်စစ်တပ်အားကိုးနဲ့ သွေးချောင်းစီးသတ်ဖြတ်နှိမ်နင်းရာမှာ ဗမာပြည်တွင်းသာမက ကမ္ဘာကပါ အံ့သြထိတ်လန့် တုန်လှုပ်ခဲ့ရပါတယ်။

၁၉၆၂ ဇူလိုင် (၇) ရက်အရေးအခင်းကအစ ၁၉၈၈ သြဂုတ် (၈) ရက် ရှစ်လေးလုံးအရေးအခင်းကြီးအလယ်၂၀၀၇-စက်တင် ဘာ ရွှေဝါရောင်အရေးအခင်းအဆုံး ဗမာပြည်သူတွေ ဘယ်လောက်ထိခိုက်သေဆုံးရတယ်ဆိုတာ ဘယ်တော့မှ အတိအကျ သိရမှာမဟုတ်ပေမယ့် ဘက်နှစ်ဘက်စလုံး (ပြည်သူများနဲ့စစ်တပ်) အတွက်တော့ အလွန်ပြတ်သားတဲ့နိဂုံးချုပ်ချက်များ ရလိုက်ပါတယ်။ အထူးသဖြင့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းအပြီးမှာပါ။

အရင့်အရင်သတ်ဖြတ်နှိမ်နှင်းမှုတွေမှာ သတင်းမှောင်ချမှုတွေလုပ်နိုင်ခဲ့လို့ လက်ယဉ်နေတဲ့စစ်တပ်ဟာ ဘုရားသားတော် ရဟန်း သံဃာများကို ရွှေတိဂုံဘုရားခြေတော်ရင်းမှာ ရိုက်နှက် ဖမ်းဆီးပစ်ခတ် သတ်ဖြတ်မှုတွေလုပ်နေတာတွေကို (ခေတ် သစ်ပေါ်ပေါက်လာတဲ့ နည်းပညာများအကူအညီနဲ့ သက်စွန့်ဆံဖျားရိုက်ကူးရဲတဲ့ ပြည်သူ့ဘက်တော်သားများကြောင့်)မျက် ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ ဗမာပြည်သူတွေဟာ စစ်တပ်အပေါ် အလွန်နာကျည်းမုန်းတီးသွားပါတော့တယ်။ ဒီစစ်အာ ဏာရှင်စနစ်ကို အပြတ်တိုက်ရတော့မယ် ဆိုတာပြတ်သားသွားပါတော့တယ်။ (နဝတခေတ် နအဖခေတ် ထောင်ကျ နိုင်ငံ ရေး အကျဉ်းသမားများရဲ့ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို အံတုခဲ့မှုများကိုကြည့်ပါ။)

ထို့အတူ စစ်အာဏာရှင်များဘက်ကလည်း ခါတိုင်းလို ပြည်သူများကိုမျက်စိပိတ် နားပိတ် တံခါးပိတ်ပြီး သတ်ချင်သလို သတ်ဖြတ်နေလို့မရတော့ဘူးဆိုတာ နားလည်သွားပါတယ်။ မိမိတို့သက်ဆိုးရှည်ရေးအတွက် နည်းနာပြောင်းရတော့မယ် ဆိုတဲ့အယူအောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ဒိုင်းအကာအကွယ်နဲ့ အုပ်စည်းမပျက် ခွာစစ်ဆင်လာပါတယ်။ (ကာချုပ် မင်္ဂ လာယူ ပြောသလို တပ်မတော်က စိတ်ကောင်းစေတနာကောင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးနေတာမဟုတ်ပါဘူး။)

စစ်အာဏာရှင်တွေအနေနဲ့ အလွန်အရသာတွေ့နေတဲ့ နိုင်ငံရေးအာဏာ စီးပွားရေးအာဏာတွေကို လက်လွှတ်ဖို့ဆိုတာ ဘယ်လိုမှလက်မခံနိုင်ပေမယ့် ရေရှည်အကျိုးစီးပွားအတွက် (ပြည်သူတွေကိုလှည့်စားဖို့၊ စစ်တပ်ဆန့်ကျင်ရေးစိတ်တွေ လျော့ ဖို့) တစုံတရာလိုက်လျောပေးဖို့လိုအပ်တာကြောင့် အခုလို ဒီမိုကရေစီအကူးအပြောင်းဆိုတာတို့ အပစ်အခတ်ရပ်စဲ ရေးဆိုတာတို့ပေါ်ထွက်လာတာပါ။ (၁၉၉၀ ခုနှစ်များမှာ စစ်အစိုးရလုပ်ဆောင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးများ ဘယ်လိုဖြစ် ကုန်သလဲ ကြည့်ပါ။)

စစ်တပ်ရဲ့ ဒီလိုမျိုးအပေါ်ယံခွာစစ်များကို တကယ်စစ်မှန်တဲ့ခွာစစ်မျိုးဖြစ်အောင် (စစ်တပ်က မိမိနေရာဖြစ်တဲ့စစ်တန်းလျား တွေဆီပြန်သွားအောင်) လုပ်ရမယ့်တာဝန်ဟာ ယနေ့ခေတ် တိုင်းချစ်ပြည်ချစ် ဗမာပြည်သားအားလုံးရဲ့သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ တိုင်းရင်းသားများအပါ ဗမာပြည်သူအများတကာ့အများစုကြီးကတော့ ဒီတာဝန်ကို ပိုင်းဖြတ်ချက်ရှိရှိ ထမ်း ဆောင်တော့မှာပါ။ ဒီတိုက်ပွဲကြီးအတွင်း တပ်မတော်တွင်းက စွန့်ရုံစွန့်ရပြီး စားခွင့်မရရှာတဲ့ အောက်ခြေတပ်မတော်သား များပါလာဖို့ လိုပါတယ်။

တကယ်တော့ တကယ့် စစ်မြေပြင်မှာ အသေအကျေတိုက်ရတဲ့စစ်သားများဟာ ငြိမ်းချမ်းရေးအလိုချင်ဆုံးလူတွေပါလို့ စစ် ဗိုလ်ချုပ်ဟောင်းဖြစ်ခဲ့တဲ့ (အလုပ်ကြံခံလိုက်ရတဲ့) အစ္စရေးဝန်ကြီးချုပ်ရာဘင်ရဲ့စကားအလွန်မှန်ပါတယ်။ ထပ်ထည့်သင့်တဲ့ စကားကတော့ စစ်ကြောင့်ကြွယ်ဝချမ်းသာ ဘုန်းတန်ခိုးတွေ တိုးချင်တိုင်းတိုးနေသူများကတော့ စစ်တွေရပ်သွားမှာ စိုးရိမ်ရှာကြတယ် ဆိုတာပါပဲ။

ဒါကြောင့် တပ်မတော်သားများအနေနဲ့ ပြည်သူများနဲ့အတူ မိမိတို့ဘဝလွတ်မြောက်ရာလမ်းကို ရှာဖွေရပါလိမ့်မယ်။ လုပ်နိုင်တာတွေကစလုပ်ရပါလိမ့်မယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအတွက် တပ်မတော်ကိုယ်စားလယ်များလွှတ် ရာမှာ အဆင့်အသီးသီးကတပ်မတော်သားများက ရွေးချယ်စေလွှတ်ခွင့်ရရေး စတာမျိုးပေါ့။

ဒါအနိမ့်ဆုံးအဆင့်ပြောတာပါ။ ကိုယ်စားလှယ်တွေကို မဲနဲ့ ရွေးချယ်တဲ့စနစ်ဟာ ဒီမိုကရေစီရဲ့အခြေခံအနှစ်သာရတရပ်ပါ။ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအရ အခွင့်ထူးယူပြီး ကာချုပ်ရဲ့စိတ်ကြိုက်ရွေးချယ်ထားတဲ့ တပ်ကိုယ်စားလှယ်တွေ လွှတ်တော် ထဲ အခန့်သားဝင်ထိုင်ခွင့်ရနေတဲ့စနစ် (သို့မဟုတ်) ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့စနစ်ကို ဖျက်သိမ်းပစ်ရမှာပါ။

တပ်မတော်သားများအနေနဲ့ မိမိတို့ရသင့်တဲ့ ဒီမိုကရေစီအခွင့်အရေးများကို ကိုယ့်အားကိုယ့်ကိုးတိုက်ယူပြီး ပြည်သူတရပ် လုံးရဲ့ ဒီမိုကရေစီတိုက်ပွဲကြီးအတွင်း ပါဝင်လာကြစေကြောင်းဆန္ဒပြုလျှက်။

လှကျော်ဇော
၂၉၊ ၁၂၊ ၂၀၁၈

Comments