အောင်ငြိမ်းချမ်း ● တိုက်ပွဲကြားမှ မြေစာပင်များ အကူအညီလိုအပ်နေ

 အောင်ငြိမ်းချမ်း ● တိုက်ပွဲကြားမှ မြေစာပင်များ အကူအညီလိုအပ်နေ
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၉

ရခိုင်ပြည်နယ်တွင် မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ အများအပြား နေရပ်စွန့် ထွက်ပြေးလျက် ရှိရာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်တို့တွင် စစ်ရှောင် ၅,၀၀၀ ထက်မနည်းကို တွေ့နိုင်သည်။ ထိုမြို့နယ်များသို့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတချို့ ကွင်းဆင်း ကူညီဆောင်ရွက်လျက်ရှိပြီး နိုင်ငံ တကာ အနေဖြင့်မူ အဖွဲ့အစည်းနှစ်ခုသာ ဝင်ရောက်ကူညီခွင့် ရထားသည်။

စစ်ပြေးဒုက္ခသည်တို့အတွက် လိုအပ်ချက်က ဆက်လက် မြင့်မားနေသည်။ ဤအခြေအနေတွင် စစ်ရှောင်အရပ်သားတို့ကို ကူညီရန် အရေးတကြီး လိုအပ်နေသဖြင့် ထိုဒေသများသို့ ဝင်ရောက် ကူညီ လုပ်ဆောင်ခွင့် ပြုရန် တောင်းဆိုကြောင်း နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း ၁၈ ခုက ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကြေညာချက် ထုတ်ထားသည်။

မတည်ငြိမ်မှု၊ နေရပ်စွန့်ခွာထွက်ပြေးမှု ဆက်လက် ဖြစ်ပေါ်လာဖွယ် ရှိသည့် ထိုဒေသသို့ မကြာသေးမီက ရောက်ရှိခဲ့သည့် သတင်းထောက်၏ မှတ်တမ်းဓာတ်ပုံများတွင် ဒုက္ခသည်များ၏ပုံရိပ်တချို့ကို တွေ့နိုင်။

 

မိသားစု တစ်စု ယာယီခိုလှုံသည့် နေရာတစ်ခု။ ပုံထဲမှ ကလေးငယ်၏ နေ့လယ်စာမှာ ဟင်းခါးရည်ကျဲကျဲ ဆမ်းထားသည့် ထမင်း ဖြစ်သည်။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်) ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now
 
 ခိုလှုံသည့် နေရာ သန့်ရှင်းရေးအတွက် လုပ်အားပေးနေကြသော အလယ်ချောင်း ကျေးရွာမှ ကလေးငယ်များ။ (ဒုံးသိမ် စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now
 
 စစ်ရှောင်တချို့သည် ကလေးငယ်များကို ဂရုစိုက်ရသဖြင့် နေရပ်စွန့်ခွာရာလမ်းတွင် အိုး၊ ခွက်၊ ပန်းကန် အနည်းငယ်ကိုသာ သယ်လာခဲ့ကြသည်။ (ဒုံးသိမ်စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

တိမ်းရှောင်လာသူတို့ကို လက်ခံထားရန် သီးသန့်စီစဉ်ထားခြင်း မရှိပေ။ နေရာထိုင်ခင်း ကျယ်ဝန်းသည့် ဘုန်းကြီးကျောင်း မြေသည် အရေးပေါ်ရောက်ရှိလာသူတို့ ခိုလှုံရာ ဖြစ်လာတတ်သည်။ (ဒုံးသိမ်စစ်ရှောင်စခန်း၊ ဘူးသီးတောင်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 ကျေးရွာ ၇ ခုမှ ဒေသခံ ၁,၀၀၀ ကျော် ခိုလှုံနေသည့် နေရာတွင် ဤကလေးငယ် အပါအဝင် ကလေးအများအပြားကို တွေ့နိုင်သည်။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 အရေးပေါ် ရောက်လာသူတို့အတွက် အရေးပေါ် စီစဉ်လိုက်သည့် ဝါးလုံးထောင်၊ တာလပတ်မိုး တန်းလျားတစ်ခု။ (ကန်စောက်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 စခန်းအတွင်း မီးနေသည် နေထိုင်သည့် နေရာမှာ အခြား အခန်းများနှင့် ခြားနားမှု မရှိပေ။ မိခင်နှင့်အတူ တွေ့ရသည့် ငါးရက်သားလေးမှာ ခိုလှုံနေသူတို့အနက် အငယ်ဆုံးများထဲတွင် ပါဝင်သည်။ (ကန်စောက်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 မိဘများနှင့်အတူ နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် ကလေးတစ်ဦး။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 စစ်ရှောင် အမျိုးသမီးတစ်ဦး။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 နေရပ်သို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို မသိသေးသော စစ်ပြေးဒုက္ခသည်များထဲတွင် ကလေးငယ် အများအပြား ပါဝင်သည်။ (တောင်မင်းကုလားစစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 ကန်စောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသည်လည်း ဒေသခံ ၅ဝဝ ကျော် ရောက်ရှိနေသည့် စစ်ရှောင်စခန်းဖြစ်နေသည်။ လာရောက်ခိုလှုံသည့် ကလေးများအတွက်လည်း အချိန်ပိုင်း စာသင်ခန်းဖွင့်ထားသည်။ (ကန်စောက်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

 သုံးရေအတွက် အနီးရှိ ယိုးချောင်းကို အားပြုကြရသည့် တောင်မင်းကုလားရွာမှ စစ်ရှောင်များ။ (တောင်မင်းကုလားစစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now



ဟင်းသီးဟင်းရွက် အသားပေး နေ့လယ်စာအတွက် ချက်ပြုတ်ပြင်ဆင်နေသည့် အမျိုးသမီး။ (ဝါးတောင်စစ်ရှောင်စခန်း၊ ကျောက်တော်မြို့နယ်)
ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now

Comments