ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် တူညီစိတ်ထား မွေးဖို့လိုမည်

 ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် တူညီစိတ်ထား မွေးဖို့လိုမည်
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၉

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ထင်တိုင်းမပေါက် ဖြစ်နေသည်။ လက်ငင်း အခြေအနေတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ရှေ့သို့တစ်လှမ်းတိုးနိုင်ရန် အားစိုက် ကြုးပမ်း ပြင်ဆင်လျှက်ရှိသည်။ ကချင်နှင့် ရှမ်းပြည်နယ်များအတွင်း ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများက ပြည်တွင်းစစ် ရပ်စဲရေး အရေးတကြီး လိုအပ်နေကြောင်း ညွှန်ပြနေသည်။ လက်ရှိ ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေသည်ဟု မီဒီယာသတင်းများအရ ကြားသိနေရသည်။ ထို စစ်ဘေးဒုက္ခသည်များအနက် အမျိုးသမီးနှင့် ကလေးသူငယ်များလည်း အများအပြားပါဝင်နေသဖြင့် သူတို့၏ စားဝတ် နေရေးနှင့် ကျန်းမာရေးကိစ္စများအတွက် စိုးရိမ်စရာ အခြေအနေဖြစ်သည်။ ကလေးသူငယ်များနှင့် ဆယ်ကျော်သက် ကျောင်းသားလူငယ်များ၏ ပညာသင်ကြားခွင့် ပြန်လည်ရရှိရေးကလည်း အရေးကြီးကိစ္စပင် ဖြစ်သည်။ ကျောင်းများတွင် ဆရာ/ဆရာမနှင့် ပရိဘောဂများ မလုံလောက်ခြင်းမှာ စစ်စရိတ် ကျခံနေရ၍ ဖြစ်သည်။ ဆေးရုံများတွင် ဆေးဝါးနှင့် အထောက် အကူပစ္စည်းများ အမြဲလိုအပ်နေရခြင်းမှာလည်း စစ်စရိတ်များ ကျခံနေရ၍ ဖြစ်သည်။ အခြား လမ်းတံတား အပါအ၀င် အခြေခံအဆောက်အဦများ ဟောင်းနွမ်းစုတ်ချာနေသည်ကို မြင်ရတိုင်း ပြည်တွင်းစစ်ကြောင့်ဟု သိနေသည်။ ယင်းအချက်ကို တာဝန်ရှိသည့် နိုင်ငံ့ ခေါင်းဆောင်များ အလေးအနက် စဉ်းစားသင့်သည်။

ဤစစ်ပွဲများ၏ ဖိစီးမှု ဒဏ်ကို ပြည်သူများခမြာ နေ့စဉ်နှင့်အမျှ ခါးစည်းခံနေကြရသည်။ ကချင်ပြည်နယ်ရှိ ဂျန်မိုင်ကောင့် RC ဒုက္ခသည်စခန်း တာဝန်ခံ ဒေါ်ရွယ်ဂျားက စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် လက်နက် ကိုင် အဖွဲ့အစည်းများအနေဖြင့် မည်သို့မည်ပုံ လုံခြုံရေးတာဝန်ယူပေးနိုင်မည်ဆိုသည်ကို ပွင့်ပွင့်လင်းလင်းချပြရန်လိုသည် ဟု ဆိုသည်။ ထို့ပြင် တပ်မတော်ဘက်က ၄ လ အပစ်ရပ်ပေးရုံမျှနှင့် စစ်ရှောင်ဒုက္ခသည်များကို နေရပ်ပြန်ခိုင်းရန် မသင့် သေးကြောင်း RFA သတင်းသို့ ပြောကြားထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း ရခိုင့်တပ်မတော် AA နှင့် အစိုးရ တပ်မတော်တို့ မတ်လအတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲ များဖြစ်ပွားလျှက်ရှိသည်။ ယခု နောက်ဆုံး အခြေအနေအထိ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ရှိလာကြောင်း မီဒီယာသတင်းများအရ ကြားသိရသည်။ ရခိုင်ပြည်နယ် ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ရခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေ သည်ဟု ဆိုသည်။ အစိုးရ တပ်မတော် နှင့် AA တို့အကြား တိုက်ပွဲများသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစပိုင်းက စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး စသည့် မြို့နယ်တို့တွင် ဖြစ်ပွားလာနေခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူ ၁၀,ဝ၀ဝ ကျော် ရှိလာနေပြီဖြစ်သည်ဟု မီဒီယာသတင်းများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ တစ်နေ့တခြား တိုးလာ၍ တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရန် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့(ALP) ဗဟိုအလုပ် အမှုဆောင် ဒေါ်စောမြရာဇာလင်းက တိုက်တွန်းထားသည်ဟုလည်း ၇ ရက်နေ့စဉ်သတင်းက ဖေါ်ပြခဲ့သည်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ခဲ့သည့် ရခိုင်ဒေသ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း၌ စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိပြီး လူဦးရေတစ်သောင်း ကျော်ရှိကြောင်း၊ မြောက်ဦးမြို့နယ်တွင် လူဦးရေငါးထောင်ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ကူညီရေးအဖွဲ့များက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် AA အကြား ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ထိန်းထိန်းသိမ်း သိမ်း ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး ၊ ကနေဒါ နှင့် နော်ဝေ နိုင်ငံတို့က  တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။“၂၀၁၉ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် (၉) ဦးတို့ သတ်ဖြတ်ခံရခြင်းကဲ့သို့သော လုပ်ရပ်များသည် မည်သို့မျှ တရားမျှတမှု မရှိပါ” ဟု မတ်လ ၁၄ ရက်နေ့ နံနက်က ကြေညာသော ဥရောပသမဂ္ဂ သံရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားကြောင်း မဇ္ဈိမသတင်း၌ တွေ့ရသည်။ ထို့ ပြင် တပ်မတော်နှင့် AA အကြား ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှု များနှင့် ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဖြစ်ပေါ်စေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဥရောပသမဂ္ဂသံရုံး၏ ထုတ်ပြန်ချက်၌ “ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက် မှုများကို ရပ်တန့်ရမည် ဖြစ်ပါသည်” ဟု ဖေါ်ပြထားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိင်ငံရေး ဖြစ်စဉ်များမှ တဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် မျှော်မှန်းကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး ၊ ကနေဒါ နှင့် နော်ဝေ နိုင်ငံတို့က တိုက်တွန်းထားသည်ကို တွေ့ရသည်။

မကြာသေးမီက တပ်မတော်၊ ‘ရှမ်းပြည် တိုးတက်ရေးပါတီ’ (SSPP)နှင့် ‘ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ’ (RCSS) တို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်မြောက်ရေး စီစဉ်နေမှုကို ‘အစိုးရငြိမ်း ချမ်းရေးကော်မရှင်’ (PC) တာဝန်ရှိသူများက ဝမ်ဟိုင်းဒေသသို့  လာရောက်ရှင်းပြကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောကြားသည်။ တပ်မ တော်နှင့် RCSS တို့ မတ်လ ၁၂ ရက်က နေပြည်တော် ၌တွေ့ဆုံစဉ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေးနှင့် ရှမ်းမြောက် ဒေသ၌ ဖြစ်ပွားနေ သော တိုက်ပွဲများလျှော့ချရေး ဆွေးနွေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် SSPP တို့ မတ်လ ၁၅ ရက်က SSPP ဌာနချုပ် ၀မ်ဟိုင်း၌တွေ့ဆုံစဉ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကော်မရှင်ဘက်က ရှင်းပြခဲ့ သည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။ ပဋိပက္ခများ၊ ပြဿနာများကို ဆွေးနွေးပွဲဖြင့် အဖြေရှာရန် အသင့်ရှိကြောင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် သုံးဖွဲ့လုံး သဘော တူမှ လုပ်ဆောင်၍ ရမည်ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုသည်။

မြန်မာ့ပြည်တွင်းစစ် ပြဿနာသည် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး” ဆိုသည့် ၁၉၄၇ ပင်လုံ ကတိပျက်ကွက်ရာမှ စတင်သည့် နိုင်ငံရေး ပြဿနာ ဖြစ်သည်။ NLD အစိုးရ၏ အရင်းခံ မူဝါဒသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး NLD အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်၌ ဒီမိုကရေစီနည်းမကျသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု ဆိုထားသည်ကိုလည်း တပ်မတော် အပါအ၀င် လက်ရှိခေါင်းဆောင်များ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် လာမည့် ပင်လုံညီလာခံ လုပ်ငန်းစဉ် အဆင့်ဆင့် ဖြောင့်ဖြူးချောမွေ့ ဖို့ လိုသည်။ သို့ဖြစ်၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းကြရန် သန္နိဋ္ဌာန်ချထားဖို့လိုသည်။ 

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ “နှစ် (၇ဝ) ပြည့် ပအိုဝ်းအမျိုးသားနေ့ (အကြို) အခမ်းအနား” ကိုကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

“မိမိတို့ နိုင်ငံသည် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစာရင်းထဲတွင် မပါသေး ကြောင်း၊ သို့သော်လည်း မလျှော့သော ဇွဲလုံ့လဖြင့် မိမိတို့၏ နိုင်ငံသူနိုင်ငံသားများအားလုံး စိတ်၏လုံခြုံခြင်း၊ ကိုယ်၏ လုံခြုံ ခြင်း ရှိနိုင်မည့် ပြည်ထောင်စုကြီးကို ထူထောင်ရန် ကြိုးပမ်းနေကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ပါဝင်လာကြမည်ဟု မျှော်လင့်ယုံကြည်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့၏ ပြည်ထောင်စုကြီး အခက်အခဲ တွေ့ကြုံချိန်တွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် အစဉ်အလာရှိပါကြောင်း၊ ယင်း အစဉ်အလာကို မိမိတို့ ဘယ်တော့မှ မေ့မည်မဟုတ်ပါကြောင်း။”

“မိမိတို့နိုင်ငံသည် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနေပါကြောင်း၊ ငြိမ်းချမ်းရေး လမ်းသည် အမြဲတမ်း ဖြောင့်ဖြူးနေခြင်း မဟုတ်ပါကြောင်း၊ အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါကြောင်း၊ ပျက်ပြားသွားသည့် ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ရန် မိမိတို့အားလုံး ကံ၊ ဉာဏ်၊ ဝီရိယနှင့် အတူတူလျှောက်လှမ်းသွား မည်ဆိုပါက ငြိမ်းချမ်းရေး လမ်းကြီး မည်မျှပင် ရှည်ပါစေ၊ မည်မျှပင် ခက်ခဲပါစေ မိမိတို့လိုချင်သည့် ပန်းတိုင်ကို မုချမသွေ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး သည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရန် အတွက်၊ ပြည်ထောင်စုသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိနိုင်ရန်အတွက်၊ နောင်လာမည့် မျိုးဆက်များအားလုံး ငါတို့သည် ပြည်ထောင်စု၏ သားသမီးများဖြစ်သည် ဆိုသည့် အချက်ကို ဂုဏ်ယူနိုင်ရန် ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းပါကြောင်း။”  စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရဟတ်ယာဉ်များ ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူတို့အား အောက်ပါအတိုင်း အမှာစကားအချို့ပြောခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ မနက်တုန်းက ပြည်မှာလည်း ပြည်သူလူထုနဲ့တွေ့ခဲ့ပါတယ်။ ပြည်မှာ ပြည်သူလူထုနဲ့မတွေ့ခင် သီရိခေတ္တရာ ပြတိုက်ကို သွားပြီးကြည့်ပါတယ်။ သွားကြည့် တဲ့အခါမှာ ကျွန်မတို့နိုင်ငံသည် သမိုင်းအရရပ်တည်ခဲ့တာကြာပြီ၊ ဒီမြေပေါ် မှာပဲ နေခဲ့ရတာဟာ နှစ်များထောင်နဲ့ချီပြီးတော့ ရှိနေပြီ။ အခုထိကျွန်မတို့ နိုင်ငံဟာ ငြိမ်းချမ်း ရေးမရ နိုင်ဘူးလား ဆိုတာကို စဉ်းစားစရာအများကြီးဖြစ်ပါတယ်။ တကယ်တော့ အများစုဟာ တစ်နေရာထဲကနေပြီးတော့ ပေါက်ဖွားလာကြတာပါ။ မိမိတို့ရဲ့ တူညီတဲ့ အရာတွေကို ကြည့်ရင် အားလုံးအတူတူပါပဲ။ မတူကွဲပြားတာတွေကိုပဲ ဦးစားပေးကြည့်ရင် မတူကွဲပြား တာပဲ။ မတူကွဲပြားမှုကိုတောင်မှ အင်အားအဖြစ် သုံးလို့ရပါတယ်။ တကယ်ပဲ မတူကွဲပြားမှုကို အင်အားအဖြစ် သုံးချင်တယ် ဆိုရင် အင်မတန်မှအရာ ရောက်မှာပါ။ တစ်ယောက် မလုပ်နိုင်တဲ့ကိစ္စကို နောက်တစ်ယောက် က လုပ်နိုင်တယ်။ တစ်ယောက်မှာ မရှိတဲ့ အခြေအနေ နောက်တစ်ယောက်မှာရှိတယ်။ အားလုံး မတူကွဲပြားမှုတွေကို စုစည်းပြီးတော့မှ အင်အားဖြစ်နိုင်မှာပါ။” စသည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသွားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိငြိမ်းချမ်းရေး ကြိုးပမ်းမှုအခြေအနေသည် ဖြောင့်ဖြူးမှုမရှိသေးဘဲ၊ အခက်အခဲများ ရှိနေသေးသည်ကို သတိပြုဖို့ နှိုးဆော်ထားသည်။ အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရသော်လည်း၊  ပျက်ပြားသွားသည့် ငြိမ်းချမ်းရေးကို မိမိတို့အားလုံး ကံ၊ ဉာဏ်၊ ဝီရိယနှင့် ပြန်လည် တည်ဆောက်မည်ဆိုပါက ငြိမ်းချမ်းရေး လမ်းခရီး မည်မျှပင် ရှည်လျားခက်ခဲသော်လည်း မျှော်မှန်းသည့် ပန်းတိုင်သို့ မုချရောက်ရှိမည်ဖြစ်သည်ဟု ဆိုထားသည်။  မတူကွဲပြားမှုများ ရှိနေသည်မှာ မှန်သော်လည်း၊ ထို မတူညီမှုများကို စုစည်းကာ အင်အားအဖြစ် အသုံးပြုနိုင်ပါက အလွန် အရာရောက်မည်ဖြစ်သည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေပဲ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျေးလက်တောရွာနေ လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့ဖူး သည်။ ဒေါ်အောင်ဆန်းစုကြည်က “မတူတဲ့ အမြင်တွေကို ညှိနှိုင်းဖို့က အရေးကြီးတယ်။ မတူပိုင်ခွင်ရှိတယ်။ ဒါပေမယ့် မတူတဲ့ အမြင်တွေကို ညှိဖို့က တာဝန်ပဲ။ အဲဒါမှ ငြိမ်းချမ်းရေး ရနိုင်မှာ။ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘော ထားတွေ အပေါ်မှာ အခြေခံပြီးတော့ ငြိမ်းချမ်းရေးအတွက် တူညီတဲ့ စိတ်ဓါတ်တွေ မွေးရမယ်။” ဟု ဆိုသည်။

“ဒီနိုင်ငံကို ငြိမ်းချမ်းစေချင်တယ်။ တိုးတက်စေချင်တယ်။ ငြိမ်းချမ်းခြင်း တည်ငြိမ်ခြင်း တိုးတက်ခြင်းအတွက် လျှော့သင့်တာကိုတော့ လျှော့ရမှာပေါ့။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အားလုံးက စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးကြပါ။ လက်နက်ကနေပြီးတော့ အဖြေပေးမှာ မဟုတ်ဘူးဆိုတာ သဘောတူတယ်။ ကျေးလက်တောရွာမှာရှိတဲ့ ပြည်သူတွေက ဒီလို စိတ်ဓါတ်တွေ ထားမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဟာ အများကြီး အလားအလာ ကောင်းပါတယ်။” ဟု   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားခဲ့ဖူးသည်။

သို့ဖြစ်၍ နှစ်ပေါင်း ၇၀ မျှ ကြာခဲ့ပြီဖြစ်သည့် အတိတ် မြန်မာ့ပြည်တွင်းစစ် ပြဿနာကို အဖြေရှာနိုင်ရေးအတွက် ယနေ့ ငြိမ်းချမ်းရေးကိစ္စသည် ဦးစားပေးလုပ်ရမည့် အလုပ်ဖြစ်သည်မှာ ထင်ရှားပါသည်။ လူထုက ရွေးချယ်တင် မြှောက်လိုက် သည့်အတွက် NLD အစိုးရတစ်ဖွဲ့တည်းလုပ်ရမည့် အလုပ်ဟု ယူဆလျှင် မှားပါလိမ့်မည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ပြပြောဆိုသကဲ့သို့ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာနိုင်ငံသားတိုင်းနှင့် ဆိုင်သည့် အလုပ်ဖြစ်သည်။ ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေဆိုသည်မှာလည်း အလွန်မှန်သော စကားဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးမှာ အပြန်အလှန် ယုံကြည်မှုဖြစ်သည်ကို နှလုံးသွင်း၍ မတူသည့် အမြင်များကို တာဝန်အရ ညှိနှိုင်းကာ နိုင်ငံ့အကျိုးရှေးရှု သည်ပိုးကြချိန်ရောက်ပြီဟု နှိုးဆော်အပ်ပါသည်။


Photo credit : Al Jazeera

Comments