ဇင်လင်း ● NLD အစိုးရ ဖေါက်ထွက်ရမည့် နိုင်ငံရေး နွံအိုင်ကြီးများ

ဇင်လင်း ● NLD အစိုးရ ဖေါက်ထွက်ရမည့် နိုင်ငံရေးနွံအိုင်ကြီးများ
(မိုးမခ) မတ်လ ၃၁၊ ၂၀၁၉

ယနေ့မြန်မာနိုင်ငံသည် နိုင်ငံရေး ရွှံ့နွံအိုင်ကြီးများ အလယ်၌ ထွက်ရပ်လမ်းရှာတွေ့ဖို့ အလွန်ခက်ခဲနေသည်ကို မြင်နေရ သည်။ အကြမ်းမျဉ်းအားဖြင့် လက်ရှိအစိုးရအနေဖြင့် နိုင်ငံရေး ရွှံ့နွံအိုင်ကြီး ၅ ခုခန့်အလယ်တွင် ချောင်ပိတ်မိနေသည်။ ပထမဆုံး ဖြတ်ကျော်နိုင်ရန် တွက်ဆပြင်ဆင်နေသည့် ရွှံ့နွံအိုင်ကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဆိုသော နွံအိုင်ကြီး ဖြစ်သည်။ ဒုတိယ နွံအိုင်မှာ ငြိမ်းချမ်းရေး (သို့မဟုတ်) တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ဆက်လက် အကောင် အထည်ဖေါ်ရေးဖြစ်သည်။ တတိယ နွံအိုင်မှာ ဗြုန်းစားကြီး စစ်ရေးပဋိပက္ခနယ်ပယ် ကျယ်ပြန့်လာသည့် ရခိုင်အရေးကိစ္စ ဖြစ်သည်။  စတုတ္ထ ရွှံ့အိုင်ကြီးမှာ မတရားအသိမ်းခံထားရသော မြေယာများကို မူလ တောင်သူလယ်သမားတို့ လက်သို့ ပြန်လည်လွှဲပြောင်း ပေးရေးဖြစ်သည်။ ပဉ္စမ နွံအိုင်ကြီးမှာ လက်ရှိနိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုများကို တွန်းအားပေး နေသော မူးယစ်ဆေးဝါးပြဿနာစ်သည်။ ပဓါနအားဖြင့် ဖေါ်ပြပါ နွံဗွက်အိုင်ကြီး ၅ ခုကို မည်သို့ ဖြတ်ကျော်ရမည်နည်း ဆိုသည်မှာ လက်ရှိအစိုးရ ရင်ဆိုင်နေရသည့် သေရေးရှင်ရေး ပြဿနာများဟု ဆိုနိုင်သည်။

အစိုးရအနေဖြင့် ပထမဆုံး ဖြတ်ကျော်နိုင်ရန် ကြိုးစားနေရသည့် ရွှံ့နွံအိုင်ကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး/ဖျက်သိမ်းရေး ဖြစ်သည်။ယင်း ဖွဲ့စည်းပုံတွင်လည်း တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို လုံးဝ လျစ်လျူပြုထားသည်ဟု သုံးသပ်ဝေဖန်မှုများ ရှိသည်။ ထို့ကြောင့်၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ငြင်းဆိုခြင်းသည် အမျိုးသားပြန်လည်သင့်မြတ် သွေးစည်းရေးကို ဥပေက္ခာပြုရာ ကျသည်။ မျက်မှောက် အချိန်အထိ မြန်မာ့နိုင်ငံရေးပဋိက္ခ၏ အဓိကအချက်မှာ တိုင်းရင်း သားတို့အား လွတ်လပ်ရေး၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး ပျက်ကွက်နေသည့် ကိစ္စ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့မှ သွေဖည်၍ တပြည်ထောင်စနစ်ဆီသို့ ဇွတ်တိုးသွားနေသည်ဟုလည်း  ဝေဖန်မှုများ ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စား လှယ်အားလုံး ရွေးကောက်ခံရသူများ မဟုတ်ကြ။  ၂၅% သည် စစ်ဦးစီးချုပ်က ခန့်အပ်ခံရသူများ ဖြစ်သည်။ ဤ ဖြစ်စဉ် အရ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ ဖွဲ့စည်းပုံလုံးဝ မဖြစ်နိုင်။ ဒီမိုကရေစီ လွှတ်တော်တွင် အမတ်အားလုံး ရွေးကောက်ခံ ရသူများ ဖြစ်ရမည်။ ထို့ကြောင့်၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည်  မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီနှုန်းစံနှင့် ကိုက်ညီမည် မဟုတ်။ လက်ရှိဖွဲ့စည်းပုံကို လူထုဆန္ဒနှင့်အညီ မပြင်ဆင်နိုင် သေးသမျှ တိုင်းပြည့်၏ ဒီမိုကရေစီ ရည်မှန်းချက် မအောင်မြင်နိုင်။ ယခုအခါ ဖွဲ့စည်းပုံ ပြဿနာသည် လက်ရှိ အစိုးရ ကျော်လွှားရမည့် ပထမ ရွှံ့နွံအိုင်ကြီးဟု ဆိုချင်သည်။

ဒုတိယ ဖြတ်ကျော်ရမည့် နွံအိုင်မှာ ငြိမ်းချမ်းရေးကိစ္စဖြစ်သည်။ သို့မဟုတ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ (EAOs) စုံစုံညီညီ ပါဝင် လက်မှတ်ထိုးရေး ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ငြိမ်းချမ်းရေးရဖို့ မမြင်ဟု တိုင်းရင်းသားခေါင်ဆောင်အတော်များများက မှတ်ချက်ပေးခဲ့ဖူးသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှုအခန်းတွင် တပ်မတော် က ဆက်လက်နေရာယူထားသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေဆဲရှိသည် ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်လည်း ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အရ အရေးပါ သည့် အခြေခံဥပဒေ အပိုဒ်များကို ပြင်ဆင်လိုလျှင်၊ ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပြင်ဆင်ရန် ထောက်ခံသည့်တိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှု မရပါက ပြင်ဆင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU သည် ကရင့်တော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှ စတင်၍ အုပ်ချုပ်သူ နိုင်ငံတော်အစိုးရ အဆက်ဆက် နှင့် ငါးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် လက်နက်ချကာ ဥပဒေဘောင်အတွင်း ဝင်ရန်သာ ဖိအားပေးခြင်းခံရသဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပျက်ပြားခဲ့ရသည်။ KNU သည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ဦးသိန်းစိန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးခဲ့သည်။ NCA ထိုးပြီး ၃ နှစ်ကျော်ကြာသည့်အထိ နိုင်ငံရေး သဘောတူညီမှု တစုံတရာ မရရှိသေးကြောင်း  ကရင်အမျိုးသားများအကြားတွင် ထောက်ပြ ဝေဖန်မှုများရှိနေသည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၅ ရက်က ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ အရေးပေါ် အစည်းအဝေးတွင်လည်း NCA ကို အခြေခံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မြန်မာ့ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို လက်နက်ကိုင်လမ်းစဉ်စွန့်ကာ နိုင်ငံရေးပါတီ ထူထောင်၍ ရွေးကောက်ပွဲဝင်ရန် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရန်နှင့် အရပ်သားအဖြစ်သာ ဆက်လက် ရပ်တည်သွားရန် ဆိုသည်ကို KNLA အနေဖြင့်လက်မခံ နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူ ၂၀၁၈ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ NMSP ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးသည်။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်ရေးသဘောတူစာချုပ် NCA တွင် မွန်ပြည်သစ်ပါတီ ပါဝင်လက်မှတ်ရေးထိုးခြင်းသည် လက်နက်ချခြင်း မဟုတ်သကဲ့သို့၊  ရည်မှန်းချက်ပန်းတိုင်လည်း မဟုတ်ကြောင်း နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်တက်လှမ်းရန်နှင့် ၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန် အခွင့်အလမ်း တစ်ခုမျှသာဖြစ်သည်ဟု ဆိုသည်။ ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူးရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးသည်သာ မွန်ပြည်သစ်ပါတီ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“NCA ဟာ လမ်းဆုံး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေးပွဲ တံခါးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သော်လည်း NCA ကို အခြေခံသည့် စတုတ္ထအကျော့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပြန်လည်စတင်ရန်ပင် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ရပေဦးမည်။

NLD အစိုးရအနေဖြင့် ကျော်ဖြတ်ရမည့် တတိယ နွံအိုင်မှာ စစ်ရေးပဋိပက္ခနယ်ပယ် ဗြုန်းစားကြီး ကျယ်ပြန့်လာသည့် ရခိုင်အရေးကိစ္စဖြစ်သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြား စောင့်ရဲကင်းစခန်းလေးခုကို  ၂၀၁၉ ခုနှစ် (လွတ်လပ်ရေးနေ့) တွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှ အစပြု၍ စစ်ရေး ပဋိပက္ခ နယ်ကျယ်လာသည်။ ယခုအထိလည်း ရခိုင်ဒေသ မြောက်ဦးမြို့နယ်အထိပင် စစ်ဘောင်ကျယ်လာသည်ကို တွေ့ ရသည်။ မတ် ၂၁ ရက်က နေပြည်တော်တွင် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ နေပြည်တော်ဆွေးနွေးပွဲပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၈ ကြိမ် ထပ်မံ ဖြစ်ပွားသည် ဟု AA ၏ သတင်း/ပြန်ကြားတာဝန်ခံ ခိုင်သုခက ဧရာဝတီသတင်းအား ပြောကြောင်းသိရသည်။

NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူများ မတ်လ ၂၁ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံရာ၌ ‘ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချရန် ကြိုးစားခြင်းသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်သည်ဟု  NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ပြောကြားခဲ့သည်ဟု RFA သတင်းက ဆိုသည်။ နှစ်ပေါင်း ၇၀ကျော် ကြာ မြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများက ပေးသည့် သင်ခန်းစာနှင့် လက်ရှိ ရခိုင်ပြည်နယ်မှ ပြည်သူများ၏  အခြေ အနေကို ထောက်ထား၍၊  လက်နက်ကိုင်ပြီး အခွင့်အရေး တောင်းဆိုနေခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့ လာရောက်ရန် ဖိတ်ခေါ်လိုကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။ NCA လက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အနေဖြင့် စိုးရိမ်စိတ်များ အခက်အခဲများရှိလျှင် ပွင့်ပွင့်လင်းလင်း ပြောစေလိုသည်ဟုလည်း ဒေါက်တာ တင်မျိုးဝင်းက မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။

သို့သော် ရခိုင်ပြည် လုံခြုံအေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ရက္ခိုင့်တပ်မတော်ကသာ တာဝန်ယူနိုင်မည်ဖြစ်သည်ဟု ခံယူထားကြောင်း AA ၏ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီးကျော်ဟန်က ဆိုသည်။ ထို့ပြင် AA နှင့် ပတ်သတ်၍  တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းဖွင့်ထားသည်ဟု  နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ ဒေသ တည်ငြိမ်ရေးအတွက် အစိုးရတရပ်လုပ်သင့်လုပ်ထိုက်သည်တို့ကို ဆောင်ရွက်နေသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေး က ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား - “လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ လျော့ချ နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းသွားမယ်။ နံပါတ် ၂ က တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းကြမယ်။ နံပါတ် ၃ က ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူများ အရေးအတွက် နှစ်ဖက်လုံး က အလေးထား ဆောင်ရွက်ကြမယ်။ နံပါတ် ၄ က အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြမယ်။ နံပါတ် ၅ ကတော့ နှစ်ဖက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လက် ပြုလုပ်သွားမယ် ဆိုပြီး ကျနော်တို့ သဘောတူညီမှု ရခဲ့ပါတယ်။” ဟု ပြောကြားခဲ့ကြောင်း Network Media Group သတင်းအရ သိရသည်။

NCA နှင့် တဆက်တည်းဖြစ်သော ၂၁ ရာစု ပင်လုံ ညီလာခံ အဆင့်ဆင့် အောင်မြင်ရေးအတွက် အလွတ်သဘော အကြို ဆွေးနွေးပွဲများ ကျင်းပနေချိန်မှ အစပြု၍ တပ်မတော်အပါအ၀င် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပစ်ခတ်တိုက်ခိုက်မှုများ ခြွင်းချက်မရှိ ရပ်ထားသင့်သည်။ လက်ရှိ NLD အစိုးရနှင့် တပ်မတော်တို့ အကြားတွင်လည်း မဟာဗျူဟာ နည်းဗျူဟာ ပိုင်းဆိုင်ရာ နားလည်မှုများ အတိမ်းအစောင်းမရှိစေရန် အမြန်ဆုံး ညှိနှိုင်းခြင်းဖြင့် အစိုးရနှင့် တပ်မတော်ကြား ယုံကြည်မှု ပိုမိုခိုင်မာအောင် ထူထောင်သင့်သည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ပဋိပက္ခများအပေါ် အစိုးရ၏ ရှုမြင်သုံးသပ်ပုံ နှင့်  တပ်မတော်၏ ရှုမြင်သုံးသပ်ပုံတို့ ကွဲလွဲနေသည်မှာ အရှိတရားဖြစ်သည်။ ထိုသို့ ဘက်နှစ်ဘက်အကြား အမြင် ခြားနားမှုများကို လျစ်လျူပြုမထားသင့်ဟု ယူဆသည်။

အထက်၌ ဖေါ်ပြခဲ့သော ရွှံ့နွံအိုင်ကြိးများနှင့် ဆက်စပ်နေသည့် စတုတ္ထ နှင့် ပဉ္စမ နွံအိုင်ကြီးမှာ မတရား အသိမ်းခံထားရ သော မြေယာများကို မူလ တောင်သူလယ်သမားတို့ လက်သို့ ပြန်လည်လွှဲပြောင်းပေးရေးနှင့် လက်ရှိ နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုများကို ပိုမိုအကျပ်တွေ့စေသော မူးယစ်ဆေးဝါး လက်မည်းကြီးများ ပြဿနာဖြစ်သည်။ မြေယာပြဿနာသည် အာဏာအလွဲသုံးနေသူအချို့ကြောင့် တိုင်းရင်းသားများအပါအ၀င် အခြေခံ တောင်သူလယ်သမား လူတန်းစားများ မြေမဲ့ ယာမဲ့ဘ၀ ရောက်ကြရ သည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် မြေယာပိုင်ဆိုင်ခွင့် တန်းတူအခွင့်အရေး ဆုံးရှုံး ရသည်ဟု ခံစားနေကြရသည်။ ယခုထက်ပို၍ မြေယာပြဿနာ ကြီးမား မလာမီ အစိုးရနှင့် လွှတ်တော်တို့က တရားမျှတမှု ကို ဖေါ်ဆောင်ပေးသင့်သည်။

“ဗဟိုမြေ။စစ် ကော်မတီက ညွှန်ကြားထားတဲ့ မြေ။စစ်မူဝါဒ ၅၂ ချက်နဲ့အညီ သက်ဆိုင်ရာ စိစစ်တဲ့ကော်မတီက မှန်မှန် ကန်ကန်နဲ့ သေချာတိုက်ဆိုင် စစ်ဆေးမယ်ဆိုရင် မြေသိမ်းခံပြည်သူက မရစရာ မရှိပါဘူး။ ကော်မတီတွေ အဲ့ဒီလို မှန်ကန် စွာ ဆောင်ရွက်ဖို့ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ရေးရာကော်မတီ အသီးသီးက သေချာကြပ် မတ် မယ်၊ ကွင်းဆင်း စစ်ဆေးမယ်ဆိုရင် မြေယာနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားမှုကို ကြိုတင် ဟန့် တားနိုင်မှာဖြစ် တယ်။ မဟုတ်ရင်တော့ ကိစ္စသေးသေးလေးကနေ လူ့အသက်တွေ သေဆုံးတဲ့အထိ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင် တယ်”ဟု မြေယာ ဥပဒေ ပညာရှင် ဦးကျော်ဇေယျက ဧရာဝတီသတင်းသို့ ပြောခဲ့ဖူးသည်။

နောက်ဆုံးတွင် ယနေ့ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို စိန်ခေါ်နေသော အရင်းခံပြဿနာမှာ မူးယစ်ရာဇာများ ဖေါ်ထုတ်ရှင်းလင်းရေးဖြစ်သည်။ ယနေ့ပြည်တွင်း စစ်ဘောင် ကျယ်လာရခြင်းအတွက် ကုန်ကျစရိတ်ငွေ များသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုမှ လာသည့် ငွေမည်းများဖြစ်သည်ကို နိုင်ငံရေးလေ့လာသူတိုင်း သတိပြုမိ သည်။ သို့သော် ယခုအထိ မူးယစ်ရာဇာလက္ကားထုတ်လုပ်ဖြန့်ဖြူးသူများလွတ်နေသည်။ မူးယစ်ရာဇာများ၏ ငွေမည်းများ သည် ပြည်တွင်းစစ် ဆက်လက်တောက်လောင်နေစေရန် အားဖြည့်ပေးနေသည့် လောင်စာများဖြစ်သည်ကို အစိုးရအနေ ဖြင့် လုံးဝသတိမမေ့သင့်။ ယခု တင်ပြခဲ့သော နိုင်ငံရေး ရွှံ့ဗွက်အိုင်ကြီး ငါးခုသည် တခုနှင့် တခု ဆက်စပ်နေသည်ဖြစ်၍ ထို ရွှံ့နွံတောကြီး ငါးခုအား မည်သို့မည်ပုံ ရှင်းလင်း ဖြတ်ကျော်ရမည်ဆိုသည်ကို အစိုးရက တင်ကြို၍ နည်းဗျူဟာ မဟာဗျူဟာများ ချမှတ်နိုင်ရန် ပြင်ဆင်သင့်သည်။

နိုင်ငံရေးပဋိပက္ခများကို စစ်ရေးအမြင်ဖြင့် ဖြေရှင်းနေခြင်းကြောင့် ချွတ်ချော် လွဲမှားမှုများဖြစ်ပေါ်လျှက် နိုင်ငံနှင့် ပြည်သူတို့ ဆိုးသွမ်းသံသရာမှ ရုန်းမထွက်နိုင် ဖြစ်နေရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်ရေးဖိအားပေး လက်နက် ချခိုင်းနေခြင်းသည် အကြီးမားဆုံး အလွဲဖြစ်သည်။ စစ်ရေးအရ ဖိအားပေးမှုကြောင့် မလိုလားအပ်သည့် အမုန်းတရားများ ကြီးထွားလာသည်။ ထို့ကြောင့် စစ်ရေးဖိအားပေးမှုများ ရပ်သင့်ပြီ။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော် ခေါင်းဆောင်များက ယုံကြည်လက်ခံလာအောင် အသေအချာ ဆွေးနွေးညှိနှိုင်းသင့်သည်။ သို့မှသာ အစိုးရနှင့် တပ်မတော်တို့ ငြိမ်းချမ်းရေးကို စည်းကိုက်ဝါးကိုက် ဖေါ်ဆောင်နိုင်မည်။ သို့မှသာ အစိုးရ၏ မူဝါဒနှင့် ကတိက၀တ်များကို တိုင်းရင်းသားတို့ ယုံကြည်မှု ရှိနိုင်မည်။  သို့ဖြစ်၍ လက်ရှိကျင်းပလျှက်ရှိ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော အစည်းအဝေးများကို အစိုးရနှင့် တပ်မတော်က ယခု ထက် ပို၍ လမ်းဖွင့်ပေးသင့်သည်။ တပ်မတော်၏ ယာယီအပစ်ရပ် ၄ လသည် ဧပြီလ ၃၀ တွင် ကုန်မည်။ နောက်ထပ် ယာယီအပစ်ရပ်ကာလကို ၄ လထပ်တိုးပေးနိုင်လျှင် သဘောထားကြီးမှုနှင့်တကွ ငြိမ်းချမ်းရေးလိုလားမှုကို လေးလေးနက်နက်ဖေါ်ပြရာ ရောက်မည်ဟု သုံးသပ်မိသည်။

Comments