ကိုအောင်မှိုင်း ● သြင်္ကန်ဆုတောင်း


ကိုအောင်မှိုင်း ● သြင်္ကန်ဆုတောင်း
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၉

ပိတောက်တွေဝေနေတဲ့
တို့တိုင်းပြည်မှာလေ။

ယမ်းငွေ့တွေဖြန်းပက်လို့
အလှတွေပျက်ခဲ့။

သြင်္ကန်မျက်နှာပေါ်
ထင်နေတဲ့ မျက်ရည်စတွေ။

စစ်ပွဲတွေကြားက
စွန်းထင်းနေတဲ့ သွေးစတွေ။

စစ်ပွဲတွေကြားက
ကခုန်နေကြတဲ့ ခြေတုတွေ။

စစ်ပွဲတွေကြားက
ပြုံးရီနေကြတဲ့ မျက်နှာတုတွေ။

စစ်ပွဲတွေကြားက
ဖူးပွင့်နေတဲ့ ပိတောက်တုတွေ။

စစ်ပွဲတွေကြားက
မုဆိုးမအမေ
အဖေမဲ့ကလေး
ခြေတဖက်ပျောက် ကျောင်းသူ
မုဒိန်းကျင့်ခံရတဲ့ ဆရာမ
ဘဝပျက်သွားတဲ့ စစ်သားမယား။

မျက်ရည် မျက်ရည် မျက်ရည်
စစ်ပွဲတွေ ချက်ခြင်းရပ်လို့
ကျည်ဆံမိုးတွေအစား
သြင်္ကန်မိုးတွေရွာပါစေ
တူးပို့သံတွေ လွှမ်းနိုင်ပါစေ
သူတို့တွေလဲ ပျော်ရွှင်ခွင့်ရပါစေ
တတိုင်းပြည်လုံးလဲ အေးချမ်းပါစေ။

စစ်ပွဲတွေချက်ခြင်းရပ်။
စစ်ပွဲတွေချက်ခြင်းရပ်။
စစ်ပွဲတွေချက်ခြင်းရပ်။

ကိုအောင်မှိုင်း
တန်ခူးလဆန်း ၁၃ ရက် ၁၃၈၁ခုနှစ်

Comments