ရှာဖွေရေး ...

Loading...
PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။ HOME, ၅၈/၆၀ ဗိုလ်အောင်ကျော်အောက်လမ်း၊ ရန်ကုန်၊ ဖုံး (၀၉၂၅- ၄၂၀၀ - ၆၀၆)။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

SP Bakery ရန်ကုန်တွင် ဆိုင်ဖွင့်ပြီ

SP Bakery  ရန်ကုန်တွင် ဆိုင်ဖွင့်ပြီ
ရန်နောင် (ဗိုလ်တထောင်)     မိုးမခ    ဩဂုတ် ၂၇-၂၀၁၅


          မြန်မာဘာသာဖြင့် စံပြဟု အနက်ရသော SP Bakery သည် ပထမဆုံး ရန်ကုန်ဆိုင်ခွဲကို ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ SP Bakery အနေဖြင့် မန္တလေးမြို့တွင် ဆိုင်ခွဲ ၆ ဆိုင်နှင့်အတူ ဈေးကွက်ဦးဆောင်သူ အဖြစ်ရပ်တည်နေနိုင်ပြီး  စားသုံးသူဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာပြီ ဖြစ်သည်။
SP Bakery ရဲ့ မန်နေဂျင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းကျော်က ယခုကဲ့သို့ ပြောပြခဲ့ပါသည်။ “ SP Bakery  ရဲ့ ရန်ကုန်မြို့တွင်  ဆိုင်ခွဲ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ စားသုံးသူများအတွက် အကောင်းဆုံးအရည်အသွေးများနှင့် ပြုလုပ်ထားသော စာသောက်ကုန်များကို ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ပါ။SP Bakery အနေဲ့ စားသုံးသူများစိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် အတွက်လည်း အကောင်းဆုံးဝန်ဆောင်မှု ကိုလည်းပေးထားပါတယ်။ SP Bakery ကို   အကောင်းဆုံးဖန်တီးနိုင်သော ၊တီထွင်ကြံဆနိုင်သော၊ယှဉ်ပြိုင်နိုင်သော၊ယုံကြည်စိတ်ချရသော အစရှိတဲ့အရည်အသွေးများနှင့် ပြည့်မှီသောကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ အတွေ့အကြုံရင့်ကျက်သော ပြိုင်ဘက်များရှိနေသည့်အတွက် စိန်ခေါ်မှုများစွာကို ကြုံတွေ့ရမှာပါ။ SP Bakery မှ အကောင်းဆုံးသောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကလည်း အကောင်းဆုံးဖြစ်ကြောင်း သက်သေပြမှာပါ ” ဟု ပြောပြခဲ့သည်။
          တီထွင်ကြံဆနိုင်ပြီး ဖန်တီးနိုင်သော အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေရန်အလို့ငှာ SP Bakery မှ အမြောက်အများသော ပြင်ပ မားကက်တင်း လှုပ်ရှားမှုများအပြင် အင်ဒိုး လှုပ်ရှားမှုများစွာပါဝင်သော ဆိုင်ဖွင့်ပွဲကိုလည်း ကျင်းပသွားမှာပဲ ဖြစ်သည်။ စားသုံးသူများ ပိုမို ရင်းနှီးမှု ရစေရန်နှင့် SP Bakery ရဲ့ သတင်းများကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန်အတွက်လည်း SP Bakery ရဲ့ ဖေ့ဘွတ်  www.facebook.com/ SPBakeryMyanmar တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


ကာတွန်းစောငို - ငရဲပြည်အရောက်ပို့မယ့် ပါတီ


ကာတွန်းစောငို - ငရဲပြည်အရောက်ပို့မယ့် ပါတီ
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

ကြူကြူသင်း - ကျွန်မနှင့် စာရေးဆရာမကြီး ခင်မျိုးချစ်

ကာတွန်းဝင်းအောင် (၁၉၉၉)

ကြူကြူသင်း  - ကျွန်မနှင့် စာရေးဆရာမကြီး ခင်မျိုးချစ်
(မိုးဂျာနယ်၊ ၁၉၉၉ ၊ မတ်လ) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅

“ စာရေးဆရာ တစ်ယောက်မှာ ရှိကိုရှိရမယ့် အရည်အချင်းကတော့ ရိုးသား ဖြောင့်မတ်မှုပါပဲ ။ ”

ဆရာမကြီး ခင်မျိုးချစ်၏ မှတ်သားလိုက်နာဖွယ်ရာ တန်ဖိုးရှိ စကားပင် ဖြစ်ပါသည်။သည်စကားကို လူချင်းဆုံတိုင်းလည်း ပြောတတ်သည်။ဆောင်းပါးတွေထဲမှာလည်း ကြုံတိုင်းရေးတတ်သည်။ဆရာမကြီးကိုယ်တိုင်လည်း ထိုစကားအတိုင်း ကျင့်ကြံခဲ့သည်။

၁၉၈၀ ခုနှစ်ခန့်က ဆရာမကြီးရေးသားခဲ့သည့် “ ရိုးသားလေ မောင်တို့ မယ်တို့ ” ဟူသော ဆောင်းပါးထဲတွင် ရိုးသားဖြောင့်မတ်မှုကို သစ္စာတရားအဖြစ် အားထားရာဖြစ်ရပ်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါသည်။

အသောကမင်းကြီးလက်ထက် တိုင်းပြည်နှင့်အဝှမ်းမကြုံစဖူး ထူးကဲမြစ်ရေ လျှံတက်မှုကြောင့် မြို့၊ရွာ၊အိုးအိမ်များ ပျက်စီးလုမတတ်ဖြစ်ခဲ့သည်။ ထိုအခါ မင်းကြီးက မြစ်ကမ်းပါးသို့ထွက်၍ တတိုင်းပြည်လုံးမှ လူများကို သစ္စာဆိုသည်။မိမိတို့၏ ရိုးသားမှုကို သက်သေပြု၍ သစ္စာဆိုလေသောအခါ မြစ်ရေသည် တစ်ထောက်ပြီးတစ်ထောက် လျော့၍ ကျသွားခဲ့သည်ဟူ၏။နောက်ဆုံး ပြည့်တန်ဆာမ တစ်ယောက်သာ ကျန်၍ သူလည်းသစ္စာဆိုပါရစေဟု ခွင့်ပန်သော် လူသူအများက လက်မခံချင်ကြ။သို့ရာတွင် မင်းကြီး၏ ခွင့်ပြုချက်ဖြင့် သစ္စာဆိုခွင့်ရလေသော် ပြည့်တန်ဆာမက သူသည် သူ့ထံသို့ အခကြေးငွေပေး၍ ပျော်ပါးရန်လာရောက်ကြသော ယောက်ျားမှန်သမျှကို မင်းညီမင်းသား၊သူဌေး၊သူကြွယ်၊ကုန်သည်၊ပွဲစား၊ဆင်းရဲသား၊ဘာတစ်ခုမျှ မကြည့်၊ အဆင့်အတန်းမခွဲခြားဘဲ တစ်ပြေးညီပြုစု ပျော်မွေ့စေခဲ့ကြောင်း သစ္စာ ထပ်လောင်းဆိုလိုက်ရာ မြစ်ရေသည် ပကတိရေပြင်ညီမှတ်သို့ ရောက်ရှိသွားခဲ့သည်ဟူ၏။ အများက လူရာမသွင်းလိုကြသည့် ပြည့်တန်ဆာမတစ်ယောက်ကပင်လျှင် သူ့အလုပ်တာဝန်အပေါ်၌ ရိုးသားမှုရှိပါက စာရေးသူတို့သည် ရိုးသားမှုကို အဘယ်ကြောင့် လက်ကိုင်မထားနိုင်ကြရမည်နည်းဟု ဆရာမကြီးက သူ့မူပိုင် စာရေးဟန်ပုံစံအတိုင်း စာရေးဆရာများကို ကလောင်ကြိမ်ဖြင့် ခပ်စပ်စပ်နှက်၍ နှိုးဆော်သတိပေးခဲ့သည်။

ဆရာမကြီး၏ သတိပေးချက်သည် ကျွန်မတို့ စာရေးဆရာများအတွက် အရေးအကြီးဆုံး ကျင့်ဝတ်ဟု ကျွန်မ ယူမှတ်မိသည်။

“ စာပေအပေါ်၊ စာဖတ်ပရိသတ်အပေါ် ရိုးသားမှုကတော့ ရှိကိုရှိရမယ်။ အမေတသက်လုံးရေးခဲ့သမျှ စာတွေအတွက် နောင်တမရဘူး။ ကျေနပ်တယ် ”

စာရေးသက် နှစ်ပေါင်း (၆၀)ကျော်ရှိခဲ့ပြီဖြစ်သည့် ဆရာမကြီး၏ စကားထဲတွင် ယုံကြည်မှုအားမာန် အပြည့်၊ သို့သော် သူကိုယ်တိုင်ကမူ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ် ကလေးလို အိပ်ရာပေါ်တွင် ခွေခွေကလေး ပုံကျနေပြီ။ သေးကွေးပိန်လှီ ပါးလျားလွန်းလှသည့် ကိုယ်ကလေးမှာ မွေ့ရာထဲတွင် မြုပ်နေသည်။

အမေ ကျန်းမာရေးချို့တဲ့ခဲ့သည်မှာ နှစ်နှင့်ချီနေပြီ။အိမ်ထောင်သက် နှစ်ပေါင်း (၅၆) နှစ်နီးပါး ဘဝအဖော်အဖြစ် လက်တွဲလုပ်ခဲ့သူ ဘဘဦးခင်မောင်လတ် ကွယ်လွန်ပြီးသည့်နောက်ပိုင်း အမေသိသိသာသာ အားလျော့သွားပုံရသည်။ လက်ကလေးတစ်ဖက်ကို တုန်ချည့်တုန်ချည့်ဖြင့် မ ကာမြှောက်ကာပြောတတ်ပုံကို ကျွန်မ မျက်လုံးထဲ ဖျောက်မရ နိုင်ချေ။စာပေအရောင်ဖြင့် ညီးညီးလင်းနေသည့် အမေ့နှလုံးအိမ်မှာ ထိုအလင်း၏ တန်ခိုးကြောင့် ရှင်သန်နေခြင်းပေပဲလား။

“ မျက်စိလည်ပြီး ဒီလောကထဲ ရောက်လာတာပါပဲ။ တစ်ခါတစ်ခါများ လောကကြီးမှာ ငါဆိုတဲ့လူတစ်ယောက် လူမဖြစ်ခဲ့ရင် ကောင်းမှာပဲ။ ငါမွေးလာခဲ့တာကိုက မှားတာလို့ စိတ်ထဲက အောက်မေ့တယ်။အထူးသဖြင့် စာရေးဆရာဖြစ်လာတာကိုက မှားတာ။ ရေးခဲ့သမျှ စာတွေ၊စာအုပ်တွေ အားလုံး မီးရှို့ပစ်လိုက်ချင်တယ်။ တစ်အုပ်မှ မကျန်အောင် ”

ကျန်းမာရေး အလွန်ချို့တဲ့လာသည့် နောက်ပိုင်းဝယ် သည်လိုစကားမျိုးကို အမေ မကြာခဏ ပြောတတ်လာသည်။အမေ့စိတ်ထဲတွင် သူရေးခဲ့သည့် စာပေတွေဖြင့် တိုင်းပြည်အကျိုးမပြုနိုင်ခဲ့ဟူ၍များ သံသယဝင်နေရှာလေသလားမသိ။

“လောက ကောင်းကျိုးလုပ်ခဲ့တာမို့ ကန်တော့စရာ ရထားတာကိုက ကျွန်မတို့အတွက် ကံကောင်းပါတယ် ” ဟု ကျွန်မတို့က လှိုက်လှဲစွာ တုံ့ပြန်ကြသောအခါ အမေတွေတွေကလေး ဖြစ်သွားတတ်သည်။တကယ်တော့ အမေတစ်ယောက် စာရေးဆရာဘဝကို အခင်တွယ်ဆုံး၊ စာရေးဆရာဘဝတွင် အပျော်မွေ့ဆုံးဆိုတာ ကျွန်မတို့ သိရှိပြီးသားပင်။

၁၉၈၀ ခုနှစ်ခန့်က သောင်းပြောင်းထွေလာ မဂ္ဂဇင်းထဲတွင် အမေရေးသည့် “ ငရဲမင်းထံ အစစ်ခံ ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရဖူးသည်။ထိုအထဲတွင် ငရဲမင်းက အမေ့ကို ဘယ်ဘဝကို လိုချင်သလဲဟု မေးသည်။ထိုအခါ အမေ့အဖြေက ...

“ ကျွန်မ လိုချင်တဲ့ဘဝ ပြောရရင် စာရေးစားပွဲခပ်ကြီးကြီး၊ စာအုပ်တွေ စာရွက်တွေ ရှုပ်ပွ၊ ဖုန်တွေ၊ ပင့်ကူအိမ်တွေနဲ့ အပြည့် ” ပါတဲ့လေ။

မျက်စိလည်ပြီး စာရေးဆရာဖြစ်လာတာဟု ဆိုခဲ့သော်လည်း တကယ်တော့ အမေ့သွေးထဲမှာကိုက စာရေးဆရာဗီဇက ပါလာခဲ့ပြီးဖြစ်ပါသည်။ အမေသည် ဘမျိုးဘိုးတူ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုး၊ တန်ဖိုးထားတတ်သူ တစ်ဦးဟုဆိုက ငြင်းပယ်မည့်သူ ရှိမည်မဟုတ်ပါ။ အမေ၏ အဘိုးသည် မြန်မာပညာရှိ၊ ရှေးဟောင်းသုတေသန ကျောက်စာဝန် ဦးဘေဖြစ်ကြောင်း၊ ဘဘကြီးဦးဘေက  သူ့မြေးမကလေးကို ပုဂံပြည်သို့ သုတေသနခရီးစဉ်ထွက်လျှင် ခေါ်သွားတတ်လေ့ရှိကြောင်း၊ ထိုစဉ်ကတည်းက ရှေးမြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို တန်ဖိုးထားမြတ်နိုးတတ်ခဲ့ပြီး ပုဂံကိုလည်း ချစ်ခင်စွဲလန်းမိလာကြောင်း စသည်များကို ဆရာမကြီးက  “ Anawrahta of Burma ” စာအုပ်တွင် ဖွင့်ဟ ခဲ့ပြီးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ထိုစာအုပ်ကို စာရေးဆရာကြီးသော်တာဆွေက “ ပုဂံသူရဲကောင်းများ ” ဟူ၍ မှီငြမ်းပြု ဘာသာပြန်ထုတ်ဝေခဲ့ရာ မြန်မာစာဖတ်ပရိတ်သတ်များ အထူးနှစ်ခြိုက်စွဲငြိခဲ့ကြပေသည်။

“ ခင်မျိုးချစ် ” ဆိုသော ကလောင်အမည်နှင့် လိုက်လျောညီစွာ ဆရာမကြီးသည် ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး အကျိုးကို စွမ်းဆောင်ခဲ့သူဖြစ်သည်။ အသက်(၁၇) နှစ်၏ သမီးအရွယ် တက္ကသိုလ်ရောက်စ ကျောင်းသူဘဝတွင် ပထမဦးဆုံးပုံနှိပ်စာလုံးဖြင့် ဖော်ပြခြင်းခံခဲ့ရသည်မှာ မျိုးချစ်စိတ်ကို အခြေခံသည့် ကဗျာ(တေးထပ်) နှစ်ပုဒ်ဖြစ်ပေသည်။ Sir Walter Scott ၏ အင်္ဂလိပ်ကဗျာ တစ်ပုဒ်ကို အမေက “ ဇာတိမာန် ”   “ တို့ပြည်တို့မြေ ” ဟူ၍ နှစ်ပုဒ်ခွဲ၍ ဘာသာပြန်ဆိုရေးသားခဲ့ခြင်း ဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါသည်။
“ ကိုယ့်ပြည်ချစ်မှ ဂုဏ်စစ်ပါသည်။ မနှစ်မကွာထောင်ပျိုးရန်ဖို့လေး ” ဟူ၍တစ်မျိုး။
“ ဣန္ဒနီမြ ညိုစွမ်းလွင်ငယ် စုံတောဖြင်ဖြင် လွန်ပြည့်စုံသည့်ကျွန်း ” ဟူ၍ တစ်သွယ်၊ကဗျာဥာဏ် ကျယ်ချဲ့၍ လှပစွာ ဖွဲ့ခဲ့ပေသည်။

“ ငယ်ငယ်တုန်းက အမျိုးသားကျောင်းတွေမှာ ပညာသင်ခဲ့ရတော့ မြန်မာ့ရာဇဝင် ၊မြန်မာ့ယဉ်ကျေးမှု တွေကို နိုင်ငံခြားသားတွေက ချိုးဖဲ့ရေးထားတဲ့အကြောင်း ဆရာတွေကပြောပြခဲ့တယ်။မင်းတို့အင်္ဂလိပ်စာတတ်အောင် ကြိုးစား၊ဒီတော့မှ ဒါတွေကို ပြန်ချေနိုင်မယ်တဲ့ ”

ထိုလှုံ့ဆော်မှုတစ်ချက် အပါအဝင် အမျိုးသားရေးစိတ်ဓာတ်ကြောင့် အင်္ဂလိပ်စာထူးချွန်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဝတ္ထု ၊ဆောင်းပါး၊ ပုံပြင်များကို အင်္ဂလိပ်ဘာသာဖြင့် ရသလောက် ရေးဖွဲ့နိုင်အောင် အားထုတ်ခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ၊ စစ်အတွင်းကာလ ဘီဒီအေ စစ်ရုံးတွင် အမှုထမ်းနေစဉ် ကာလကပင် “ Three Years Under the Japs ” (သုံးနှစ်တာ ဂျပန်လက်အောက်ခံဘဝ ) အမည်ရှိ စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့လေသည်။

“ ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ကလေးပေါ့။အဲ့ဒီအချိန်တုန်းက သမီးတို့ အန်တီက စစ်ရုံးချုပ်မှာ ယူနီဖောင်းကြီးနဲ့ တစ်ဦးတည်းသော အမျိုးသမီး စစ်မှုထမ်းကြီးပေါ့ ”

“ အို- - ဒါတွေ ပြောမနေစမ်းပါနဲ့တော့ ”

ဘဘလတ်စကားကို အမေက ကြားဖြတ်တားသည်။မည်သည့်တာဝန်တွေများ ထမ်းဆောင်ခဲ့ရပါသလဲဟု ကျွန်မက တကျီကျီမေးယူတော့မှ အမေက ဖြေခဲ့ပါသည်။

“ ဂျပန်ခေတ်မှာက ရေဒီယိုနားမထောင်ရဘူး။ပိတ်ပင်ထားတာ။ ကမ္ဘာ့သတင်းတွေပေါ့။ အဲဒါတွေ ခိုးအသံဖမ်းနားထောင်၊နောက်လက်နှိပ်စက်ရိုက်ပြီး လူကြီးတွေဆီ (ဗိုလ်ချုပ်အောင်ဆန်းတို့၊သခင်မြတို့ဆီ )ပို့ပေးရတာ။ မိရင်အသတ်ခံရမှာ ”

သည်လိုစွန့်စားပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူမို့ နိုင်ငံတော် အမေ့ကို “ လွတ်လပ်ရေးမော်ကွန်းဝင် ” အဖြစ် အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

အမေ့အကြောင်းကို ဆရာကြီးဦးတက်တိုး က အမှတ်တရ ပြောပြဖူးခဲ့သည်ကို ကျွန်မ ရင်ထဲ စွဲနေခဲ့ပါသည်။
အမေ အင်္ဂလိပ်လို အရေးများတာက တို့မြန်မာတွေအကြောင်းကို တိုင်းတစ်ပါးသားတွေ ပိုသိစေချင်လို့ပဲ။မြန်မာ့နှလုံးသားနဲ့ မြန်မာ့စိတ်ဓာတ်ကို သူတို့မြင်စေချင်လို့ပဲ။ဒါမှ တို့မြန်မာဆိုတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ သူတို့ ပိုသိနားလည်လာကြမယ်။တစ်ဦးနဲ့တစ်ဦး သိနားလည်ခြင်းဆိုတာ အင်မတန် တန်ဖိုးကြီးပါတယ်။

အမေ့စကားကို အမေရေးခဲ့သည့် စာများက သက်သေပြလျက်ရှိပါသည်။အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်းများစွာ၊ဝတ္ထုဆောင်းပါးများစွာ အမေရေးသား ထုတ်ဝေခဲ့သည်။ရေးခဲ့သမျှ အားလုံးလိုလိုမှာ မြန်မာကို ကမ္ဘာက သိစေရန် ရည်ညွှန်းခဲ့သည်သာများပါ၏။ ဥပမာ “ Anawrahta of Burma ”, “ Colourful Burma ” , “ A Wonder Land of Pagoda Legends ” စသည့် စာအုပ်များကို လေ့လာကြည့်ပါက အမေ့ရည်ရွယ်ချက်ကို ထင်လင်းစွာတွေ့ရှိနိုင်ပါသည်။

ထိုစာအုပ်များထဲတွင် မြန်မာ့ဘာသာရေးပွဲတော်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ကိုးကွယ်ယုံကြည်မှု ၊မြန်မာ့ဓလေ့ထုံးတမ်းများ ၊မြန်မာ့စားသောက်ဖွယ်ရာများ၊ မြန်မာ့လူနေမှုပုံစံများစသည် စသည်တို့ကို ရသမြောက်စွာ ခြယ်မှုန်းပြသခဲ့သည်သာ ဖြစ်၏။ မိမိ၏ မိခင်ဘာသာရင်းဖြင့် ရေးသားခြင်း မဟုတ်သော်လည်း အမေ့စာများက အဆင့်မြင့်သည်။ သို့သော် အလွန်နက်နဲလေးလံသော အကြောင်းချင်းရာများသည်ပင် ပေါ့ပါးသွက်လက်၊ရွှင်မြူး ၊သောထေ့ သည့် အမေ့စာရေးဟန်ကြောင့် ဖတ်ရသူတို့ မငြီးငွေ့နိုင်ကြပေ။

ထိုသို့ရေးသားနိုင်ခဲ့သဖြင့် အမေ့စာများသည် နိုင်ငံတကာစာပေနယ်အတွင်းသို့ တန်ဖိုးရှိရှိ သိက္ခာရှိရှိ ပေါက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ဂျပန်ခေတ် စစ်ကာလအတွင်း၌ ကြုံတွေ့ရသော ရုန်းကန်လှုပ်ရှားမှုဘဝ ခရီး တစ်ဆစ်တစ်ပိုင်းကိုပြသည့် “ Thirteen-Carat Diamond ” (ဆယ့်သုံးရတီစိန်ကြီး ) ဝတ္ထုတိုဆိုပါက ဂျာမန်၊ အီတလီ၊ယူဂိုဆလပ် နှင့် အူရဒူဘာသာများသို့ ပြန်ဆိုပြီး အကြိမ်ကြိမ် ထုတ်ဝေခဲ့ရပေသည်။

ဆရာမကြီး ၏ လက်ရာ “ Her Infinite Variety ” (“ မူရာစုံလင် သူ့အသွင် ” ဟု ဘဘဦးခင်မောင်လတ်က ဘာသာပြန်ပြခဲ့သည် ) ဝတ္ထုတိုကလေးမှာ ၁၉၇၀ ခုနှစ်က အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ အင်္ဂလိပ် ဘာသာဖြင့် ရေးသားပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိခဲ့သည့် ဝတ္ထုတိုပင်ဖြစ်ပါသည်။အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထုတိုလေးကို ကျွန်မ ဥာဏ်မီသလောက် အားပြု၍ ဖတ်ရတာပင်လျှင် ရင်ထဲနင့်သွားအောင် ခံစားခဲ့ရပါသည်။သူထုလုပ်ခဲ့သည့် မင်းသမီးရုပ်သေးရုပ်ကလေးကို သူ့ချစ်သူကိုယ်ပွားကလေးအဖြစ် မြတ်နိုးတွယ်တာနေသူ ကြိုးဆွဲတစ်ယောက်၏ ဘဝပုံရိပ်မှာ သရုပ်ပေါ်လှပါသည်။

မိမိ၏ မိခင်ဘာသာအပြင် အခြားဘာသာနှစ်ခု၊သုံးခုကို ရေရေလည်လည် ပြောချင်ပြောတတ်မည်။ဖတ်ချင် ဖတ်တတ်မည်။သို့သော် ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်ဖို့ ဆိုတာတော့ အတော်ပင်ရှားပါးသည်။ ထို့ထက်ပို၍ သာမန်စာမျိုးမဟုတ်မူဘဲ သုတ၊ ရသ ဂုဏ်နှစ်ဝနှော၍ ပြောင်ပြောင် မြောက်မြောက်၊ ထွန်းထွန်းပေါက်ပေါက်၊ နိုင်ငံတကာစာပေနယ်ထဲရောက်အောင် ရေးသားနိုင်သူ ဆိုတာကတော့ တစ်သောင်းတွင် တစ်ယောက်ပေါ်ထွန်းခဲပါသည်။

ထိုရှားပါးထူးခြားသော အရည်အချင်းများဖြင့် ပြည့်စုံသူဆရာမကြီးသည် ၁၉၃၆ ခုနှစ်ခန့်က စတင်၍ တိုးတက်ရေးမဂ္ဂဇင်းနှင့် ဘားမားဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အိုးဝေသတင်းစာနှင့် ၁၉၄၈ ခုနှစ်တွင် တိုင်းရင်းသူဂျာနယ်တို့၌ အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၁၉၄၉ ခုနှစ်မှစ၍ စာပေဗိမာန်တွင် စာပြုအဖြစ် သုံးနှစ်ကြာမျှ အမှုထမ်းဆောင်ခဲ့ပါသည်။၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ “ Guardian ” သတင်းစာအယ်ဒီတာအဖွဲ့ဝင်အဖြစ်နှင့် လည်းကောင်း၊၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အင်္ဂလိပ်လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း အမှုထမ်းခဲ့လေသည်။

“ အမေ့အတွက် မြန်မာလိုရေးတာထက် အင်္ဂလိပ်လိုရေးရတာကို ပိုပြီးအားရတယ်။ဒီလိုပြောလို့ မြန်မာစာထက် အင်္ဂလိပ်စာကို ပိုအလေးထားတယ်လို့ ယူဆဖို့မဟုတ်ဘူး။ အမေ အင်္ဂလိပ်လို ကြိုးစားပြီး စရေးတုန်းက ဝေဖန်သံတွေ ကြားခဲ့ရလို့ပြောတာပါ။ တကယ်တော့ အင်္ဂလိပ်စာတတ်သလောက် မြန်မာစာမတတ်သူများဟာ စိန်နားကပ်ကြီးပန်ပြီး ထမင်းနပ်စေ့ မစားရတဲ့လူနဲ့တူတာပါပဲ ”

ဘယ့်ကလောက် ထိမိလိုက်သည့် အမေ့စကား ပါလဲ။ကျွန်မ မှာ ကျေနပ်သဘောကျမဆုံးနိုင်တော့ပါချေ။

အင်္ဂင်္လိပ်စာပေ၊သမိုင်း၊နိုင်ငံရေး သိပ္ပံဘာသာတွဲများဖြင့် ဝိဇ္ဇာဘွဲ့ယူခဲ့သည့် အမေသည် မြန်မာစာကိုလည်းခွန်အားရှိရှိ၊ရသမြောက်မြောက် ရေးစွမ်းနိုင်သူ တစ်ဦးဖြစ်ကြောင်း စာပေသမားတိုင်း အသိအမှတ်ပြုပြီး   ဖြစ်ပါသည်။

“ကမ္ဘာ ကြေသော်လည်း ဥဒါန်းမကြေမည့် ထမင်းဟင်းများကို လည်ချောင်းမြေလှန် စုံကန်မျှော လိုက်ရတော့သည် ”

“ အို ရေချိုးခန်း မင်းသမီးကြီးရဲ့၊နောက်မိန်းကလေးတွေအတွက် ကျောင်းဆောင်သစ်ဆောက်ဖို့ လုံလောက်နေပါပြီ ဟု အခန်းနားနီးချင်းတွေက အော်လျှင် ဓမ္မာရုံကြီးအတွက် လိုသေးတယ် ၊ခေတ္တသည်းခံပေးပါဦး၊ ဆက်ဆိုပါရစေ ဟု ပြန်ပြောလိုက်သေး၏ ”

“ မောင်ခင်မောင်မှာ ခင်မကြီးနှင့် နေရာချင်း ဝေးနေသဖြင့် မျက်နှာကိုမူ ကောင်းကောင်းမမြင်ရသဖြင့် မျောက်ငရုတ်ဆုံထိုင်မိသလို ဣနြေ္ဒနဂိုကမှ တစ်ပဲသားမှမရှိသည့်အထဲ ပို၍ ကြွစောင်းစောင်း ဖြစ်ကာ.. ”
“ သူတို့ယောက်ျားတွေက ငါယောက်ျားပဲဟဲ့လို့ အသားယူချင်လိုက်တာ၊ အတောင်နှစ်ဆယ် ဝတ်သလေးဘာလေးနဲ့။ ကဲလေ ဘင်္ဂါလီမတွေ အတောင်သုံးဆယ်တောင် ဝတ်သေးတယ်။ သွားပြီး ရှိခိုးနေပါလား။ ”

လွန်ခဲ့သည့် နှစ်ပေါင်း (၆၀ )ကျော် ဆရာမကြီး အသက် (၂၁) နှစ်ခန့်က ရေးခဲ့သည့် အထက်ပါစာပိုဒ်များကို ဖတ်ပြီးမပြုံးဘဲနေနိုင်မည့်သူ နည်းပေလိမ့်မည်။ခပ်ရွှန်းရွှန်း ခပ်သွက်သွက်နှင့် ဟာသဥာဏ်ဖက်၊အထေ့အငေါ့၊ဟန်စွက်ကာ ရေးသားတတ်ပုံကိုလည်း သတိပြုမိကြမည်ထင်ပါသည်။

ဆရာမကြီးသည် ထိုစာရေးဟန်များကို သူငယ်စဉ်ကတည်းက နှစ်ခြိုက်စွဲလန်းစွာ ဖတ်ရှုလေ့ရှိခဲ့သည့် စလေဦးပုည၊ရာမရကန်ဦးတိုး၊မန်လည်ဆရာတော် စသည့် မြန်မာပညာရှိ စာဆိုတော်များ၏ စာများမှ လည်းကောင်း၊ William Shakespeare,P.G.Wood House, H.G Wells, Bernard Shaw စသည့်အင်္ဂလိပ်စာရေးဆရာကြီးများ၏ စာများမှ လည်းကောင်း၊ရသစိတ်ကူး၊မြူးတူးပြန့်ယှက်၊အတွေးချင်း ဆက်၍ ရခဲ့သည်ဟု ယူဆနိုင်ပေသည်။

ရိုးရာဓလေ့ပွဲတော်များကို အဓိပ္ပါယ်ရှိရှိ ကျင်းပတတ်သော အမေက သူ့ခြံထဲတွင် “ ထမနဲ ” ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိခဲ့သည် ။တွေ့ဆုံရင်းနှီးမှု၊ ချစ်ကြည်သွေးစည်းမှု ၊ပျော်ရွှင်ကြည်နူးမှုတို့ ပေါင်းစပ်ထားသည့် အမေတို့၏ ထမနဲကို ကျွန်မတို့ မပျက်မကွက် နွှဲလေ့ရှိကြသည်။ လွန်ခဲ့သည့် ဆယ့်လေးနှစ်ခန့်၊ ထမနဲပွဲ မတိုင်မီ တစ်ရက်တွင် ကျွန်မအမေ့ဆီ သွားရောက်ခဲ့၏။လိုအပ်ရာရာ ကူညီလုပ်ကိုင်ပေးရန်အတွက် ဖြစ်သည်။ ကျွန်မယူခဲ့သော အညာသနပ်ခါးတုံးစစ်စစ်ကလေး အမေ့ကို ကန်တော့ရာ အမေက ချက်ချင်းစကားမပြောဘဲ ခပ်မှုန်မှုန်လုပ်နေ၏။အမေတစ်ခုခုတော့ စိတ်တိုနေပြီဟု ကျွန်မတွက်ဆမိလိုက်ချိန်ဝယ် ဘဘလတ်က ပြုံးပြုံးကြီး ဝင်ပြောသည်။

“ အားလုံး ကန်တော့ကြတဲ့အထဲမှာ သမီးကန်တော့ တဲ့ပစ္စည်းက တန်ဖိုးအရှိဆုံးပဲကွ ”

“ဟင် ဘဘကလဲ၊ဒါ သိပ်ဈေးမကြီးပါဘူး ”

“သမီးကလည်းကွာ၊ သနပ်ခါးဆိုတာ မယားလိမ်းရင် လင်ပါမွှေးတာလေ ”

သည်တော့မှ ကျွန်မ အတွေးပေါက်ကာ ဘဘလတ်နှင့်အတူ ရယ်မိပါတော့သည်။သည်တော့မှ ခပ်မှုန်မှုန်ဖြစ်နေသော အမေလည်း မျက်နှာကြောပြေလျော့ သွားပါတော့သည်။ ဇနီးဖြစ်သူ၏ အရိပ်အကဲကို ကြည့်နေတတ်သည့် ဘဘလတ်၏ ဇဝနဥာဏ်ကို ကျွန်မမြင်လိုက်မိသဖြင့်

“ အမေ..မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။ဘဘလတ်နဲ့ အမေဘယ်လိုတွေ့သလဲဆိုတာ ပြောပြပါဦး ”

“ အို မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်လိုတွေ့ရမှာလဲ၊ဒီလိုပဲ တွေ့ကြတာပေါ့ ”

အသက်(၇၀ )အတွင်းအရွယ်ပေမယ့် အမေရှက်နေသေးသည်။ အမေ စိတ်ကြည်လာအောင် ကြိုးစားလိုက်သည့် ကျွန်မတို့အတွက် ကော်ဖီထဖျော်နေသည့် ဘဘကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့  မေးသာမေး၊ဆက်မေးဟု ဘဘက အချက်ပြ၏ ။

“ မဟုတ်ပါဘူး အမေရဲ့။ တက္ကသိုလ်မှာတွေ့တာလားလို့ပါ။ ဟိုလေ အမေရေးတဲ့ ကောလိပ်ကျောင်းသူ ဝတ္ထုတွေထဲက ကိုခင်မောင်နဲ့ ခင်မကြီးတို့လို တွေ့တာလား၊ ကိုသန်းဘေနဲ့ ခင်ခင်စောတို့လို တွေ့တာလား၊သိချင်လို့ပါ ”

ကြံကြံဖန်ဖန်၊ ကိုယ် တက္ကသိုလ်တက်တုန်းက ကိုလတ်က မုံရွာမှာ ရှိသေးတာ။ကိုယ်ကျောင်းက ထွက်မှ ဘဘနဲ့တွေ့တာ။ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးပြီးမှ ၁၉၃၉ ခုနှစ်မှာ ဘဘနဲ့ လက်ထပ်ခဲ့တာပဲ ”

သည်စကားရောက်တော့ အမေ့မျက်နှာ ကြည်စင်နေပါပြီ။ဘဘလတ်ဖျော်ပေးသည့် ကော်ဖီကို သုံးယောက်သား သောက်ရင်း စကားတွေ ဆက်ပြောဖြစ်ကြသည်။ အမေက ကော်ဖီသိပ်ကြိုက်သည်။ ကျွန်မ နှင့် အကြိုက်ချင်းတူသည်။ကော်ဖီသောက်နေရာမှ ဘဘက -

“ မေမေ၊မေမေ ပြောနေကျစကားလေး ကြူကြူသင်းကို ပြောပြလိုက်ပါဦး ”

အမေက မငြင်း။

“ ငါ့တသက်မှာ အမှားတွေချည်း လုပ်ခဲ့တယ်။အမှန်တခုပဲလုပ်တာ ရှိတယ်ဆိုရင် ဒီယောက်ျားကို ယူမိတာပဲရှိတယ်လို့ “

အမေက ကလေးလေးလို ရယ်ရင်း ပြောပြသည်။ထိုအခါ ဘဘက ကျွန်မဘက်သို့ လှည့်ကာ အပြုံးတဝက်ဖြင့်-
“အဲဒီတော့ ဘဘက  ဘာပြန်ပြောခဲ့လဲ သမီးသိလား ”

“ပြောပြပါဦး ဘဘ ”

“ ဘဘက ပြန်ပြောတယ်။ငါ့တသက်မှာ အမှန်တွေချည်းလုပ်ခဲ့တယ်၊ အမှားတစ်ခုကတော့ ဒီမိန်းမကို ယူမိတာပဲရှိတယ် လို့လေ ”

ဘဘလတ်နှင့် အမေတို့ နှစ်ယောက် ကြည်ကြည်နူးနူး ရွှင်ရွှင်ပျပျ ပြောနေကြပုံကို ယခုပင် ကျွန်မမြင်နေရသလို ခံစားနေရပါသည်။

“ တကယ်တော့ မိန်းမတစ်ယောက် စာရေးဆရာဖြစ်ရတာ တကယ်တော့ မလွယ်လှဘူး။အထူးသဖြင့် လင်ယောက်ျား၊သားသမီးတွေနဲ့ အိမ်ထောင်တာဝန်များတဲ့ အိမ်ရှင်မဆိုရင် ပိုခက်တယ်။ကိုယ့်ကို နားမလည်နိုင်တဲ့ မိသားစုများဆိုရင် အတော်စိတ်ညစ်ကြမယ်။  သူများစားတဲ့ အချိနိမစား၊ သူများအိပ်တဲ့အချိန်မအိပ်၊ သူများတကာတွေလို ဘဝကိုမပျော်မွေ့နိုင်ဘဲ စာရေးစားပွဲမှာ အချိန်ရှိသရွေ့ တကုပ်ကုပ်ရေးလိုက်၊ ဖတ်လိုက်လုပ်နေတာကို နားလည်နိုင်ကြမှာ မဟုတ်ဘူး။တကယ်တော့လည်း စာရေးတာဟာ ဝေဒနာတစ်ခုပါပဲ ။ဝေဒနာမှ စိတ်ဝေဒနာပါ။ မရေးဘဲလည်း မနေနိုင်၊ရေးရပြန်တော့လည်း ဝေဒနာတစ်ခု ခံစားရတာပါပဲ ”

အမေ ပြေသမျှကို ဘဘရော ကျွန်မပါငြိမ်၍ နားထောင်နေမိကြသည်။ဘဘလတ်ကတော့ သူကိုယ်တိုင်က စာပေမြတ်နိုးသူ စာသမားတစ်ဦးမို့  အမေ့ကို ကောင်းကောင်းနားလည်နိုင်ကြောင်း ကျွန်မ အားကျစွာ သိရှိပြီးသားပင်။

“ အိမ်ထောင်ကျပြီးမှ စာတွေပိုရေးဖြစ်တာ ဘဘရဲ့ အားပေးမှုကြောင့်ပါပဲ။စိတ်တူ၊သဘောတူ၊တစ်ယောက်နဲ့ တစ်ယောက်ဖြည့်ပေးနိုင်တယ်။ဘဘကလည်း စာသိပ်ဖတ်တယ်။ကိုယ်မဖတ်ဖူးသေးတဲ့စာ သူကဖတ်၊ သူမဖတ်ဖူးသေးတဲ့စာ ကိုယ်ကဖတ်၊ဆွေးနွေးကြ၊ဝေဖန်ကြပေါ့။ဘဘနဲ့ မရဘဲ ဒိပြင့် အရာရှိကြီးတစ်ယောက်ယောက်သာရရင် ခင်မျိုးချစ် ဒီလောက်ဖြစ်ချင်မှ ဖြစ်မယ်၊သတင်းကျော်တဲ့ မင်းကတော်ပဲ ဖြစ်မယ် ”

“ အမယ် မေမေက ဒီလိုတော့လည်း အမှန်သဘောကို သိမြင်သားပဲ ”

“ အမှန်ကို ပြောတာပဲလေ။ဒါနဲ့ သမီး သမီးခင်ပွန်းကကော သမီးကို နားလည်ရဲ့လား ”

သံယောဇဉ်မေးခွန်းမှန်း သိလိုက်သည်။

“ အမေရယ်၊သမီးခင်ပွန်းက ဦးရွှေကြူးရဲ့ မြေးပဲလေ ”

“ ဩော် ဟုတ်သားပဲ ”

သည်တော့မှ အမေပြန်သတိရသွားပုံပေါက်၏။ဦးရွှေကြူးမှာ အမေ၏ အဘိုးကျောက်စာဝန် ဦးဘေ၏ တပည့် ကျောက်စာစာရေးဖြစ်ကြောင်း အမေသိပြီးသားပင်။ကျွန်မခင်ပွန်း၏ ဖခင် ဦးဆင့်က ဦးရွှေကြူး၏ ဒုတိယသား ဖြစ်ပါသည်။

“ ဒါနဲ့ ဆရာဦးဘမြင့်တို့ မိသားစုကော ဘယ်မှာနေကြပါလိမ့်၊မတွေ့တာကြာပြီ ”

အမေမေးသည့် ဆရာဦးဘမြင့်မှာ ကျွန်မယောက္ခမ ဦးဆင့်၏ အစ်ကိုကြီးဖြစ်သည်။ပြီးဦးဘမြင့်က အမေ့မွေးရာဇာတိရပ်မြေ စစ်ကိုင်းရှိ အလယ်တန်းကျောင်းတွင် အမေခုနစ်တန်းတက်ခဲ့စဉ်က အမေ၏ သင်္ချာဆရာဖြစ်ဖူးသည်။

“ဘထွေးကြီးတို့ မိသားစုတွေ အခု ဘောက်ထော်မှာပါ ”

“တကယ်တော့ ဦးဘမြင့်ရဲ့ တပည့်လို့ ပြောရတာဆရာ့ကို အားနာလှပါတယ်။ ကိုယ်က သင်္ချာဖျင်းလွန်းလို့။သားကြီးကျမှ လာထွန်းပေါက်တယ်။ ဆရာကြီးနဲ့တွေ့တော့ ကန်တော့ရင်း ပြောဖြစ်တယ်။ ကျွန်မ ညံ့တာကိုတော့ ထားလိုက်ပါတော့ ကျွန်မသားကတော့ ပီအိပ်ခ်ျဒီ နော်လို့ ”

မိခင်ပီပီ အမေက သူ၏ တစ်ဦးတည်းသော သားကြီးဒေါက်တာဦးခင်မောင်ဝင်းအတွက် ကျေနပ်ပီတိ တွေ ဝေနေပုံမှာအထင်းသား။ ဆရာဦးခင်မောင်ဝင်းတို့ မိသားစုကလည်း ဘိုးဘွားဗီဇအမွေကို ဆက်ခံရရှိကာ စာပေမျိုးဆက်နွယ်များအဖြစ် စာပေနယ်ထဲတွင် နေရာရနေကြပါပြီ။ အားကျစရာကောင်းလှပါဘိတော့။

၁၉၉၈ ခုနှစ်၊စက်တင်ဘာလကုန်လောက်တွင် အမေနှင့် အရင်းနှီးဆုံး တပည့်၊ သား ၊မြေးများဖြစ်သည့် ကျွန်မတို့ဆယ်ယောက်ခန့် အမေ့ထံသွားရောက် ကန်တော့ခဲ့ကြပါသည်။မှတ်တမ်းမှတ်ရာ အလွမ်းဖြေ ပြေစရာ ကလေးကျန်ခဲ့အောင်ဆိုပြီး ဗီဒီယိုဖြင့်လည်း မှတ်တမ်းယူခဲ့ကြသည်။ ထိုနေ့က အမေစကားတွေ အများကြီးပြောခဲ့သည်။နွမ်းပျော့နေသည့်ကြားမှ အမေ့အသံက တစ်ချီတစ်ချီမာလာလေသည်။
“ အန်တီက အသည်းမာတယ် ”

မည်သူ့ထံကမှန်းမသိ၊ခပ်တိုးတိုး မှတ်ချက်ချသံ။

“ အေး အသည်းမာတဲ့လူက ပိုပြီး ကွဲလွယ်တယ်ကွ ”

  အမေ့ထံမှ တုန့်ပြန်သံကို ချက်ချင်းကြားလိုက်ရ၏။

ပြန်ခါနီး ထပ်ခါထပ်ကန်တော့ နှုတ်ဆက်သည့်အခါ အမေက တစ်ခွန်းချင်းဆုပေးခဲ့ရှာပါသည်။

“ မင်းတို့ အပြစ်ပြုမိခဲ့ရင်လည်း ကိုယ်က ခွင့်လွှတ်ပါတယ်။ကိုယ်အပြစ်ပြုမိခဲ့ရင်လည်း မင်းတို့က ခွင့်လွှတ်ပါ။အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ ” တဲ့။

သည့်နောက် မထင်မှတ်သည့် စကားကို ဆက်၍ဆိုသည်။

“ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ဒီလို ကြုံတွေ့ကြရမှာပဲ။ဒါဟာနောက်ဆုံးတွေ့ခြင်း ၊နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်နိုင်တာပဲ ”

အားလုံး ငြိမ်ကျသွားသည်။ရင်ထဲမှာ လှိုက်ခနဲ။ ကွယ်လွန်သူ ဆရာစိန်ခင်မောင်ရီနှင့်တကွ ပျောက်ဆုံးနေသော မျက်နှာများကို မြင်ယောင်လာသည် ။လောကကြီးထဲမှာ ချစ်တဲ့လူတွေ ပျောက်သွားလိုက်ကြတာ များလှပါပကောလား။အမေရယ် နေပါဦး၊နှုတ်မဆက်ပါနဲ့ ဦး ။

သို့ရာတွင် သင်္ခါရသဘောတရားက ကျွန်မ၏ တောင်းပန်ချက်ကို ဥပေက္ခာပြုခဲ့လေသည်။

ကျွန်မ ချစ်ခင်လေးစားလှသည့် ဆရာမကြီး ခင်မျိုးချစ်သည် ၁၉၉၉ ခုနှစ် ၊ဇန်နဝါရီ (၂) ရက်နေ့တွင် ကွယ်လွန်ခဲ့ရှာပါသည်။နှမျောလွမ်းဆွတ်သောစိတ်ကို အမေလက်ဆောင်ပေးခဲ့သည့် စာအုပ်ကလေးများဖြင့်သာ ဖြေသိမ့်ရပါတော့သည်။

အမေ့ဆန္ဒပြုခဲ့သည့် စာရေးဆရာဘဝကို အမေပြန်လည်ရရှိနိုင်ပါစေ။  ။






မောင်မောင်စိုး - လားမား လာရိန် နှင့် လားရှိုးငွေတိုက်


မောင်မောင်စိုး - လားမား လာရိန် နှင့် လားရှိုးငွေတိုက်
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

မူစယ်နမ့်ခမ်းကားလမ်းသည် ရွှေလီမြစ် ဘေးတလျောက် ဖေါက်လုပ်ထားပါသည်။ ထိုကားလမ်းနှင့်ယှဉ်၍ ရွှေလီမြစ်၏ တဖက်ကမ်းတွင် မောရှမ်းရွာ ၂၀ ခန့်မှာ မြန်မာပိုင်အဖြစ် တည်ရှိနေသည်။ လက်ရှိ ဖွဲ့စည်းပုံအရ မန်ဟီးရိုးမြို့နယ်ခွဲဟု ဖွဲ့စည်းထားသည်ဟု ဆိုသည်။ အစိုးရအခေါ်အရ မန်ဟီးရိုး ဆိုသော ရှမ်းရွာကို ဒေသခံများက မန်ရှိုးဟု ခေါ်ကြပါသည်။

တိန်းဟေး ခါးလျံ မန်ရှိုး ကောက်ကွတ် ဘန်ဂွမ် နောင်မ ကွန်ဟိုင်း ဟူသည့် မောရှမ်းရွာများဖြစ်သည်။ ရွှေလီမြစ်ကမ်းပါး တလျောက်ပျံ့ပြူးသော လယ်ကွင်းများနှင့် စည်ပင်သောရှမ်း ရွာကြီးများ ဖြစ်သည်။တရုတ်နယ်စပ်နှင့်ကပ်နေ သော ရွာများဖြစ်ကြသည်။

၁၉၇၈ နှစ်ဆန်းလောက်က ထိုမန်ရှိုးဒေသကောက်ကွတ်ရွာတွင် ကချင်လက်ကိုင်အဖွဲ့ KIAမှ ခေါင်းဆောင်တဦးနှင့် တွေ့ဆုံခဲ့ဘူးသည်။ထိုစဉ်က ကျနော်မှာ အသက် ၂၀ စွန်းစ လူငယ်တဦးမျှသာရှိသေးသော်လည်း ထိုသူမှာ အသက်လေး ဆယ်ကျော်ခန့်ရှိပြီး KIO ၏ ဗဟိုခေါင်းဆောင် တဦးဖြစ်နေပေပြီ။ အနေတည်၍ ရင်းနှီးဖေါ်ရွေသည့် ပုံစံမျိုးမပေါ်သော်လည်း သူသည်လူကြီးလူငယ်မရွေး လေးလေးစားစား ဆွေးနွေးပြောပြ တတ်သူတဦးဖြစ်သည်။ သူ၏အမည်မှာ လားမားလာရိန်ဟု ခေါ်သည်။ သူနှင့်ခဏတာမျှ ဆုံ၍စကားစမြည်ပြောခွင့် ကြုံခဲ့သည်။လားမားလာရိန်သည် KIO ကိုစတင်ဖွဲ့စည်းရာ တွင်ပါဝင်ခဲ့သော KIO/KIA founder တစ်ဦးဖြစ်သည်။

ကချင်ထဲမှလက်ရှိအစိုးရကို စတင်ပုန်ကန်သူမှာ ဗိုလ်နော်ဆိုင်းဟုဆိုရမည်။ ၁၉၄၉ ပြည်တွင်းစစ်အစပိုင်းက ဗိုလ်နော်ဆိုင်းသည် ကချင်သနက ၁ မှ ဗိုလ်ကြီးတဦးဖြစ်သည်။ ၁၉၅၀ တွင် KNDO တို့နှင့်အစိုးရပုန်ကန်ပြီး ရှမ်းပြည်မြောက်ပိုင်း တွင် လှုပ်ရှားခဲ့သည်။ ထိုစဉ်လားရှိုးမှ ကျောင်းသားတစ်ဦးဖြစ်သူ ဇော်ဆိုင်းသည်လည်း ဗိုလ်နော်ဆိုင်းအဖွဲ့နှင့် ဆက်သွယ်လှုပ်ရှားခဲ့သည်။ ၁၉၅၁ ခုနှစ် ဗိုလ်နော်ဆိုင်းအဖွဲ့ တရုတ်ပြည်သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံ ဝင်ရောက်သွားသောအခါ ဇော်ဆိုင်းသည် တရုတ်ပြည်သို့လိုက်ပါမသွားဘဲ KNDO နှင့်အတူ သံတောင်ကြီး ဘောဂလိနယ်ဖက်တွင် လိုက်ပါကျန်နေခဲ့သည်ဟုဆိုသည်။

၁၉၅၉ မှာတော့ ဇော်ဆိုင်းဟာ ရှမ်းပြည်မြောက် ပိုင်းမှာ ကချင်လက်နက်ကိုင်အင်အားတွေ ဖွဲ့စည်းဖို့ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။ သူအားကူညီဘို့ KNDO မှ ဗိုလ်မှူးလစ်လင်း Gilitlin ပါလိုက်ပါခဲ့သည်ဟု ဆိုပါသည်။ သိန္နီကွင်းအတွင်းမှာရှိသော ဇော်ဆိုင်း၏မိခင် ကျောင်းဆရာမလုပ်နေ သော နန့်အွန်ရွာမှ အခြေပြုဖွဲ့စည်းခဲ့ကြပါသည်။

ဇော်ဆိုင်း၏ ညီ ဇော်တူးလည်း တက္ကသိုလ်တက်ရာမှ ပြန်လာပူးပေါင်းခဲ့သလို ကချင်သနက ၄ မှ ဒုတပ်ကြပ် လမုန်တူးဂျိုင်လည်း လာရောက်ပူးပေါင်းခဲ့သည်။ ထို့ပြင် တက္ကသိုလ်မှ ဇာတိသို့ ပြန်လည်ရောက်ရှိနေသော လားမားလာရိန်လည်း ဇော်ဆိုင်းတို့နှင့်ပူးပေါင်းခဲ့ပြီး KIO ကိုစတင်ထူထောင်ခဲ့ကြတော့သည်။ လားမားလာရိန်၏ဇာတိ ကတော့ ဗန်းမော်လား ကွတ်ခိုင်လား သေချာ မမှတ်မိတော့ပါ။

ထိုစဉ် KIO အား ဇော်ဆိုင်းမှ ဥက္ကဌ ဇော်တူး မှ ဒုဥက္ကဌ နှင့် လားမားလာရိန်က အတွင်းရေးမှူး တာဝန်ယူပြီး လက်နက်ကိုင်အင်အား ၂၇ ယောက်နှင့် KIO ကိုစတင်ဖွဲ့စည်းခဲ့ကြသည်။ ၁၉၆၀ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့ လားရှိုးငွေတိုက်အား ဝင်ရောက်စီးနင်း ခြင်းဖြင့် KIO အားစတင်ခဲ့သည်။ ၁၉၆၁ မတ်လ နောက်ပိုင်း KIA/KIC တို့တိုးချဲ့ဖွဲ့စည်းပြီး KIA ရင်း ၁ အား ဗန်းမော် မွန်ဘာပါတွင်၎င်း KIA ရင်း ၂ အား ကွတ်ခိုင်ဒေသ မုန်းစီး မုန်ထန်တွင်၎င်း ဖွဲ့စည်းခဲ့သည်။ KIA ရင်း ၂ အား လားမားလာရိန်မှ တာဝန်ယူဦးဆောင်ခဲ့ပါသည်။

၁၉၇၂ ခုနှစ် KIO/ KIA အားပြင်ဆင်ဖွဲ့စည်းရာ တွင် ဥက္ကဌ ဇော်ဆိုင်း ဒုဥက္ကဌ ဇော်တူး တို့ ဦးဆောင်သော KIO ဗဟိုကော်မတီတွင် ပုန်ရွှေဇော်ဆိုင်း ဇော်ဒန် လမုန်တူးဂျိုင် ဇော်မိုင်မရန်ဘရန်ဆိုင်း မရန်ဘရန်တောင် တို့နှင့်အတူ လားမားလာရိန်လည်း ဗဟိုကော်မတီဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။

ပြောရလျင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတခုကို လူအနည်းငယ်နှင့် စတင် စည်းရုံးလှုပ်ရှား ကျော်ဖြတ်လာသူတဦးနှင့် တွေ့ ခဲ့ရခြင်းဟုဆိုရမည်။ မီးကျိုးမောင်းပျက် သေနတ်တွေနှင့် လူနှစ်ဆယ်ကျော်လောက်က အစိုးရကိုအံတုသည့် စစ်ပွဲတစ်ပွဲစခဲ့ခြင်းသည် အံ့အားသင့်ဘွယ် အချင်းအရာတခု ဖြစ်သည်။
လားမားလာရိန်က သူတို့၏ ပထမဆုံးတိုက်ပွဲကို ပြောပြသည်။ ၁၉၆၀ ခုနှစ်ဖေဖဝါရီလ ၅ ရက်နေ့က ဖြစ်ပွါးသည်။ လားရှိုးငွေတိုက်ကို စီးနင်းသိမ်းပိုက်ခြင်း ဖြစ်သည်။

 " အဲဒီတုန်းက လားရှိုးငွေတိုက်ကိုစီးပြီး သိမ်းရလာတဲ့ ငွေတချို့ကို ဂျစ် ကားနဲ့ မြို့ပတ်ပြီး လိုက်ကြဲလိုက်သေးတာဗျ " ဟုဆိုသည်။ ထိုသို့ပြောစဉ် မျက်နှာထားတည်သော သူ့မျက်နှာမှာ ပြုံးယောင်ယောင်ဖြစ်နေသည်။ သူအတွက် လွမ်းမောဘွယ် အတိတ် ဂုဏ်ယူစရာအတိတ်ဖြစ်ပေလိမ့်မည်။

အစိုးရထိမ်းချုပ်ရာ မြို့ပြတခုအား လျပ်တပျက် ဝင်ရောက်စီးနင်းပြီး အင်အားအနဲငယ်နှင့် အံတု ပြနိုင်ခြင်းသည် ကချင်လူမျိုးများအား လှုပ်နှိုးလိုက်သလို ဖြစ်ပေလိမ့်မည်။ ပါဝင်သူများအဖို့လည်းအလွန်တရာ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့် ဖြစ်ပေလိမ့်မည်။ ငွေတိုက်မှ သိမ်းလာသော ပိုက်ဆံများကို ဂျစ်ကားတစ်စီးနှင့်မြို့ပတ်ကျဲနေသည့် စိတ်လှုပ်ရှားစွာ အော်ဟစ်အောင်ပွဲခံနေသည့် ကချင်လူငယ်များ၏ ပုံရိပ်သည် ကချင်လူမျိုးတို့အတွက် အချိုးအကွေ့တခုဖြစ်ခဲ့ပေသည်။

အစိုးရငွေတိုက်မှ ပိုက်ဆံသိမ်းပြီး လူထုအား ဝေငှခြင်းသည် နည်းလမ်းမှန်မဟုတ်ဟု ဆိုနိုင်ပါသည်။ သို့သော် လူငယ်တို့၏ စိတ်သဏ္ဏာန်က ကောင်းစွာတွေနိုင်သည်။မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်လိုသောစိတ် အများပြည်သူအကျိုး သယ်ပိုးလိုသောစိတ် ချမ်းသားကြွယ်ဝခြင်းအာ  ပြည်သူအားလုံးသို့ ဝေငှလိုသောစိတ်ဖြစ်သည်။ ကချင်လူငယ်များတွင်ရှိသကဲ့သို့ လူမျိုးတိုင်းက လူငယ်များတွင်ရှိကြသည်။ ခေတ်အဆက်ဆက် လူငယ်များတွင် ရှိကြသည်။ ဖေါ်ပြသည့်ပုံစံချင်းသာ မတူကြ။ သူလူမျိုး ဘဝ သူဖြတ်သန်းခဲ့ရသော ခေတ်အခြေအနေအရသာ ကွဲပြားမှုရှိပေ လိမ့်မည်။ ထို့ကြောင့်ပင် အနာဂါတ်ကို လူငယ်တွေက ပိုင်သည်ဟု ဆိုကြသည်မဟုတ်ပါလော။

ထို့နောက်တွင်တော့ လားမားလာရိန်နှင့် ထပ်မတွေ့ဖြစ်တော့ပါ။ ၁၉၈၀ နောက်ပိုင်း သူ ကွယ်လွန်သွားပြီဟူသည့် သတင်းကြားလိုက်ရ သည်။ အချိန်တွေကြာမြင်ခဲ့ပေမဲ့ လားရှိုးငွေတိုက် မှ သိမ်းလာသောပိုက်ဆံများကို ဂျစ်ကားတစီးနဲ့ မြို့ပတ်၍ ကြဲခဲ့ကြသော လားမားလာရိန်နှင့် ကချင်လူငယ်များကိုမြင်ယောင်နေဆဲဖြစ်သည်။

ထို့အတူ ခေတ်အဆက်ဆက်လူငယ်တို့၏ တက်ကြွ သော အားမာန်များကို မြင်ယောင်နေဆဲ မြင်နေရ
ဆဲဖြစ်သည်။ အနာဂါတ်ကို လူငယ်တွေ ပိုင်စိုး ပါသည်။

မှတ်ချက်

လားမားလာရိန်နှင့်အတူ KIO ဗဟို ခေါင်းဆောင်များအဖြစ်တာဝန်ယူခဲ့သော ဥက္ကဌဇော်ဆိုင်း ၊ ဒုဥက္ကဌ ဇော်တူး၊  အတွင်းရေးမှူး ပုန်ရွှေ ဇော်ဆိုင်းတို့မှာ ၁၉၇၅ က ထိုင်းနယ်စပ်တွင် အချင်းချင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကွယ်လွန်ခဲ့သည်။ ဇော်ဆိုင်း ညီအငယ် ဇော်ဒန်မှာ KIA တပ်မဟာ ၄ မှူးအဖြစ်ပါတာဝန်ယူစဉ် ၁၉၇၅ နှစ်ကုန်ပိုင်းက CPB နှင့် ဖြစ်ပွါးသော တိုက်ပွဲတွင် ကျဆုံးခ့သည်။ မရန်ဘရန်ဆိုင်း ၊ လမုန်တူးဂျိုင် တို့မှာ KIO ဥက္ကဌ အဖြစ် ရှေ့ဆင့်နောက်ဆင့် တာဝန်ယူပြီး လူကြီးရောဖြင့် ကွယ်လွန်သွားခဲ့သည်။ မရန်ဘရန်တောင်လည်း လူကြီးရောဂါဖြင့် ကွယ်သွားခဲ့သည်။ ဇော်မိုင်ကတော့ ၂၀၀၀ ပြည့် နှစ်လောက်က ဖြုတ်ချခံခဲ့ရပြီး ယခုတော့ မြစ်ကြီးနားတွင် ရှိနေသည်ဟုဆိုသည်။ လက်ရှိ KIO/KIA ခေါင်းဆောင်ပိုင်းကား မျိုးဆက်သစ်ဖြစ်သည်။ မျိုးဆက်ဟောင်းက လက်ရှိ ဥက္ကဌ ဇောင်းဟရာ တစ်ယောက်သာ ကျန်တော့သည်ဟုဆိုရပေမည်။

မင်းကိုနိုင် - ကမ်းခြေက အမေး


မင်းကိုနိုင် - ကမ်းခြေက အမေး
(မင်းကိုနိုင်၏ ဖေ့စ်ဘွတ်) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅


ဘေးမဲ့တောအဖြစ် ကြေညာဖို့
ချလိုက်ရတဲ့ လက်နက်များအတွက်
သားကောင်တွေမှာ မျက်ရည်မရှိ
.
လ၀န်းက ခွင့်မဲ့ပျက်ကွက်ယုံ
အမှောင်ကျမခံနိုင်တဲ့ အဆုံး
ကလောင်တံချင်း
အောင်လံချင်း
မီးပွင့်အောင် ခတ်ကြတာပဲ။
.
မွေးခန်းထဲ
ချက်ကြိုးတန်းလန်း ကြယ်ကလေးတွေအကြား
လက်သည်ကဗျာသမားရဲ့ ဂျူတီကုတ်
ချွေးသံတွေနဲ့ ချုပ်လုပ်တယ်
.
ခင်ဗျားဒီလို
ဇိမ်ကျကျ နင်းလျှောက်နိုင်ဖို့
သဲသောင် ဘ၀ရောက်အောင်
ကျောက်ဆောင် ကျောက်ခဲတွေ
ဘယ်လောက်တောင် အလျော့ပေးခဲ့ရလဲ ဆိုတာ
တွေးမိပါသလား.....။ ။
.

ရွှေကူမေနှင်း - နိုင်ငံရေး သံဝေဂ ရသင့်ပြီ

Cartoon - Saw Ngo (2104)

ရွှေကူမေနှင်း - နိုင်ငံရေး သံဝေဂ ရသင့်ပြီ
(အတွဲ (၁) အမှတ် (၄) သြဂုတ် ၂၆ ၊ ၂၀၁၅ ၊ တို့ခေတ်ဂျာနယ်) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅


    သြဂုတ်လ ၁၃ ရက် နံနက် ၉ နာရီ။ ဒီရက်မှာ လာယူမယ့်ဆောင်းဆောင်းပါးတစ်ပုဒ် ရေးနေဆဲ။ စားပွဲ ပေါ်ရှိ ဖုန်းမြည်တယ်။

    “ အမေ .. အမေ .. ဘာလုပ်နေလဲ”

    ကုမ္မဏီရုံးခန်းမှ သားကြီးကလှမ်းပြောတာပါ။ သူ့အသံက မီးလောင်လို့ ပြေးလာရတဲ့ ပုံမျိုး၊ အမောတ ကော။

    “ စာရေးနေတာ”

    “ သတင်းလေး ဘာလေးလည်း ကြည့်ဦး။ နေပြည်တော်က ကြံ့ခိုင်ရေးရုံးကို ရဲတွေဝိုင်းထားပြီ။”

    “ ဟေ … ဟုတ်လား”

    အမှန်တော့ နေပြည်တော်က ကြံ့ခိုင်ရေးရုံးဆိုတာ စာရေးသူတို့ သားအမိနဲ့ ဘာမှမပတ်သက်ပါ။ ဒါပေ မယ့် ဒီသားအမိတွေက တိုင်းရေးပြည်ရေး နိုင်ငံတစ်ဝှမ်းလုံးရဲ့ အရေးအပြင်၊ ကမ္ဘာကြီးရဲ့ အရေးကိုပါ စိတ်ဝင် စားကြပါတယ်။ အိမ်မှာ ဝိုင်းဆွေးနွေးနေကြပါ။ အခု သူ့ပြောကြားချက်အရ အထက်မှာ တစ်ခုခု ထူးခြားနေဟန် တူတယ်။ အဲဒီမှာ ထူးခြားရင် တစ်ပြည်လုံးကိုလည်း ကူးစက်နုင်တာမို့ စားပွဲပေါ်က ‘ တက်ဘလက်’ ( ဖလန်း ဖလန်း အင်တာနက်) ကို အမြန်ဖွင့်ကြည့်ရပါတယ်။

    “ ကြံ့ခိုင်ရေးရုံးချုပ်မှာ အခြေအနေထူးခြားနေတယ်”

    “ အထဲမှာ ကားတွေရပ်ထားလို့ အစည်းအဝေးလုပ်နေပုံရတယ်”

    ကျွန်မတို့ ကလေးတွေ ( သတင်းသမားလေးတွေ) က အလွန် ဝီရိယရှိပါတယ်။ မိနစ်နဲ့အမျှ သတင်း တင်နေကြတယ်။ ကြံ့ခိုင်ရေးရုံးချုပ်ပုံရယ်၊ ရုံးခြံအပြင်စည်းရိုးကနေ အထဲကို ကုန်းကြည့်နေကြတဲ့ သတင်း ထောက်တွေကိုရယ် မြင်ရတယ်။

    စာဆက်မရေးနိုင်ဘဲ ဖလန်းဖလန်းကိုပဲ စိတ်ရောက်နေခဲ့မိတယ်။ သိပ်မကြာခင်မှာတော့ ပါတီရဲ့ ကြေ ငြာချက်၊ ဗဟိုကော်မတီစာရင်းအသစ် စတာတွေ ဝင်လာရင်း သူတို့အချင်းချင်း အပြောင်းအလဲလုပ်ကြတာလို့ သိခဲ့ရတယ်။

    ဖုန်းတွေအပြန်အလှန် ဆက်ကြတယ်။

    အမျိုးမျိုးခန့်မှန်းကြ၊ ဝေဖန်ကြတယ်။

    ဒီနေ့လယ်မတိုင်ခင် ရုံးတတ်နေတဲ့မြေးမ ( အကြီးမ ) ကလည်း ဖုန်းဆက်သေးတယ်။

    “ ဥင်္ီးရဲထွဋ်က တင်ထားတယ်။ နေပြည်တော်မှာ နံနက်ခင်းလေး ရာသီဥတု သိပ်ကောင်းနေတယ်တဲ့။ ဘာတွေဖြစ်နေလဲ မသိဘူး” တဲ့။ အဲဒါပဲကြည့်ပါတော့ ဆရာဦးရဲထွဋ်ရေ။ ဆရာက ရာသီဥတုကောင်းတယ်လို့ ရေးတာကို အသက်နှစ်ဆယ် မြေးမလေးကတောင် တစ်ခုခုကို ဖုံးကွယ်နေတယ်လို့ ထင်နေတာလေ။

    နောက်ဆုံးတော့ အားလုံးသိကြတဲ့အတိုင်း ကြံ့ခိုင်ရေးဥက္ကဌ သူရဦးရွှေမန်းနဲ့ အတွင်းရေးမှူး ဦးမောင် မောင်သိန်းကို နေရာမှဖယ်ရှားကြောင်း ရှင်းရှင်းလင်းလင်း သိခွင့်ရကြတယ်။ မရှင်းတာက ဒီလို ပါတီခေါင်း ဆောင် အပြောင်းအလဲလုပ်တာကို ဘာဖြစ်လို့ ရဲအင်အားနှစ်ရာ ဝန်းရံရတာလည်း ဆိုတာကိုပါ။

    ကျွန်မတို့ သာမာန်ပြည်သူတွေ မသိနိုင်တာတွေ အများကြီးပါ။ သူတို့ တစ်ခုခုဖြစ်တာကို ကျွန်မတို့ စိတ် မဝင်စားလို့လည်း မရပါဘူး။

    ညဘက် လူစုံရင်ပဲ

    “ ဆီက ၄၅၀၀ိ/- ကနေ ၅၇၀၀ိ/ - ကို ခုန်တတ်တယ်”

    “ သမီးတို့စားတဲ့ဆန်က ၁၈၀၀ိ/ - ကနေ အခု ၂၁၀၀ိ/- တဲ့။

    ( တစ်ပြည်ဈေးပါ။ တစ်တင်းမဝယ်ဖူးလို့ တစ်တင်းဈေးမသိ။ အိတ်လိုက်ဆို ပိုဝေးပါတယ်။)

    ပြည်သူတွေ ကြောက်တာက ဒါပါပဲ။ ကြာတော့ ဘယ်သူတတ်တတ် ကုန်ဈေးနှုန်း တတ်မှာပဲ  ကြောက်ကြတော့တယ်။ ၁၃ ၊ ၁၄ နှစ်ရက်လုံး ဦးရွှေမန်းသတင်းမကြားရ။ ၁၄ ရက် ညနေမှာ ရုံးခန်းမှာထိုင်နေ ပုံ တတ်လာပါရဲ့။ အင်တာနက်ဆိုတာ ဘယ်နေရာက တင်တင်ရတာမို့ မယုံတစ်ဝတ် ယုံတစ်ဝတ် နောက်နေ တယ် ထင်ပါရဲ့။ ဆန္ဒအမှန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သုတွေနှင့် နောက်ဆုံးအချိန်ထိ အတူရှိပါမည်ဆိုပြီး ဦးရွှေမန်း ကိုယ်တိုင် သစ္စာတိုင်တည်တဲ့စာ မြင်ကြရတယ်။ သေချပြီ။ အကျယ်ချုပ်ဖြစ်မယ်လို့ တွေးတဲ့လူက တွေးတယ်။ အရေးထဲ ချယ်ရီ FM ကို နားရမယ်ဆိုပဲ။ ဘာဆိုင်လို့လဲ။ အဲဒီကနေ တစ်ခုခုလွှင့်မှာဆိုးလို့တဲ့။ ချယ်ရီ FM နဲ့ ဦး ရွှေမန်း ဘာဆိုင်လို့လဲ။ သူ့ချွေးမ ပိုင်တာတဲ့။ ဟယ် .. ဟုတ်လား။ အခုမှပဲ ဆွေမျိုးစာရင်း လေ့လာကြသူတွေ လည်း ရှိရဲ့။

    မဆိုင်လား၊ ဆိုင်လားမသိ။ အဲပုဂံ ခရီးစဉ်တွေ ရပ်လိုက်ပြီဆိုတဲ့သတင်း တတ်လာပြန်တော့ ဘဏ်တွေ ပါ ထိခိုက်နိုင်တယ်ဆိုပြီး ငွေပြေးထုတ်ကြတော့တယ်။ ဘဏ်တွေမှာ တန်းစီနေကြပြီ။

    ၁၃ ရက်စပြီး ၁၇ ရက်အထိ နိုင်ငံရေး စိတ်ဝင်စားသူတိုင်း တထိတ်ထိတ်ပါ။ ဂျာနယ်တွေက ခုနှစ်ရက်မို့ မပါနိုင်သေးခင် နေ့စဉ်ထုတ်တွေကတော့ “ ခန့်မှန်း” တွေ ရေးကြတယ်။ ဦးရွှေမန်းကို ပါတီ ဥက္ကဌက ဖယ်ရှား လိုက်ပေမယ့် လွှတ်တော်နာယကနဲ့ ဥက္ကဌအဖြစ်တော့ ဆက်ရှိနေကြောင်း အတည်ပြုကြတယ်။ ၁၈ ရက်မှာ တော့ လွှတ်တော်ခေါ်မယ်ဆိုလို့ ၁၈ ရက်ကို စိတ်ဝင်စားစွာ စောင့်ကြည့်ရတယ်။

    ထူးခြားတာက ၁၃ ရက်မှာ ဖယ်ရှားခံရကြောင်း ကြေညာချက်အရ သိရပြီ။ ၁၃ ရက် ညနေမှာပဲ ပြည် ထာင်စုရွေးကောက်ပွဲ ကော်မရှင်က Right to recall ဆိုတဲ့ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ဥပဒေပြုရေးကို စောလျင်စွာလုပ်ပေးဖို့ လွှတ်တော်ဥက္ကဌဆီ စာပို့ခြင်းပါပဲ။ ဒီမတိုင်ခင်တစ်လကလည်း ဇေယျာသီရိမြို့နယ်က မဲ ဆန္ဒရှင် ၂ ရာခိုင်နှုန်းလောက်က သူတို့ကိုယ်စားလှယ် ဦးရွှေမန်းကို တာဝန်က ရုတ်သိမ်းဖို့ စာတင်ထားခဲ့တာမို့  သေချာပါပြီ၊ ဒီပုဒ်မနဲ့ပဲ ဇာက်သိမ်းရရှာမှာ သေချာတယ်လို့ တွေးကြတယ်။

    နေ့စဉ်သတင်းစာတစ်စောင်မှာဆိုရင် နိုင်ငံရေးအကဲဖြတ် ဆရာတစ်ဦးက လက်ရှိနိုင်ငံရေး အခင်းအ ကျင်းကို သုံးသပ်ပြရင်း “ ၁၈ ရက်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ ဥက္ကဌအဖြစ်၊ ဒုဥက္ကဌ ဦးနန္ဒကျော်စွာ  တတ်ရောက်ပြီး ဦးရွှေမန်းရဲ့ နှုတ်ထွက်လွှာကို ဖတ်ကြားတာ မြင်ရဖွယ်ရှိတယ်”  ဟု ရေးပါတယ်။ သူ တွေး တာပေါ့လေ။

    အများစုကတော့ ဦးရွှေမန်းဆိုတာ ဒီလို လွယ်လွယ်နဲ့ လျှော့ပေးမယ့်လူ မဟုတ်ဘူးလို့ တွက်ကြတယ်။ ၁၂ ရက်ညနဲ့ ၁၃ ရက် မနက်မှာ သူခံလိုက်ရတာဟာ လက်ဦးမှုရသွားလို့ပါ။ အခုလို အချိန်ပေးထားရင် သူခုခံ မှာပဲလို့ တွက်ကြတယ်။ ဦးရွှေမန်းကို လိုလားသူတစ်ဦးကလည်း သူတို့ ကာကွယ်သွားဖို့ ပြင်ဆင်ထားတယ်လို့ တရားဝင်ပြောခဲ့တယ်။

    ကျွန်မကတော့ “ တတ်ဘလက်” ဖလန်းဖလန်းကိုပဲ မလွှတ်တမ်းကိုင်ခဲ့တယ်။ ဟော… လွှတ်တော်ထဲ ဝင်လာပါရောလား။ ဝတ်ရုံရှည်ကြီး ဝတ်လို့၊ ခါတိုင်းလိုပဲ ကျိုင်းတုက်ထမ်းသမားလည်း ပါတယ်။ မျက်နှာက တော့ ဘာမှမဖြစ်တဲ့ပုံ၊ ဒီလိုပဲ ဟန်ကိုယ့်ဖို့ပေါ့။

    ကျွန်မတို့ အချင်းချင်း ဖုန်းဆက်ပြီး စောင့်ကြည့်နေကြတယ်။ ဟင်… ဘယ်မှာလဲ၊ တာဝန်မှ ရုတ်သိမ်း ခြင်းကိစ္စ မပါပါလား။ ဟဲ… ဘုရားရေ လွှတ်တော် ရပ်နားဖို့တဲ့။ ရေဘေးအတွက်တဲ့။ ကြည့်ပါဦး ဒါကြောင့် နိုင်ငံ ရေးကို ခန့်မှန်းဖို့ခတ်တာ။ အားလုံးထင်ထားတာက တာဝန်မှ ရုတ်သိမ်းခြင်းဥပဒေကို ချက်ချင်းပြဌါန်း၊ ဖယ်ထုတ် အဲသလို လုပ်မယ်ထင်တာ။ ခုတော့ “ လွှတ်တော်ရပ်နားရန်” တဲ့။ “ ရပ်ဆိုင်း” တာမဟုတ်ဘူး။ ငါးနှစ်တာလုံးလုံး လုပ်လာတဲ့ဟာကို အဆုံးသတ်ဖို့ပါ။ ပြီးပါပြီဖို့ စာတမ်းထိုးဖို့ပါ။

    ဘယ်သူမှထင်မထားတဲ့ အတွက်ပဲ။ ဟုတ်တာပေါ့ တစ်ရာခိုင်နှုန်း ဥပဒေဆိုရင် ဆွေးနွေး၊ ငြင်းခုံ၊ အတည်ပြုကြဦးမည်။ ရပ်နားဆိုတော့ ပြီးပြီပေါ့။ ကန့်လန့်ကာချပြီး “ ဗျောခေါက်” လိုက်ရင် မင်းသား ဘယ် ဆက်ကလို့ ရတော့မလဲ။ ကျွန်မ တကယ်ကြောက်သွားတယ်။ တပြိုင်နက်တည်းမှာပဲ ကမ္ဘာကျော်စစ်ဘုရင် ချန် ပီယံဖြစ်တဲ့ “ ကက်စ်ပါရို” ကို လှမ်းသတိရမိတယ်။ သူများတွေမထားတဲ့ အကွက်ကို ရွေ့တတ်ခြင်းဟာ ပညာ ကိုး။

    ဒါပေမယ့် ဦးရွှေမန်းကလည်း သူရဘွဲ့ရထားသူ။ လွယ်လွယ် အလျှော့မပေးဘူး။ သူ့ လွှတ်တော်မှာ အဆိုပြုတော့ ဒါဟာ ဥက္ကဌတာဝန်သာ ဖြစ်တယ်။ မရပ်နိုင်ဘူးတဲ့။ ဆက်လုပ်မှာပဲတဲ့။

    အမျိုးသားလွှတ်တော်က ဦးခင်အောင်မြင့်ကတော့ ပညာသားပါတယ်။ ချက်ချင်းမဆုံးဖြတ်ဘူး။ ၁၉ ရက်နေ့မှာ စဉ်းစားမယ်တဲ့။ ၁၉ ရက်မှာတော့ ဥက္ကဌပါဝါ မသုံးပါဘူး။ မဲခွဲလိုက်တယ်။ ထောက်ခံမဲ ၁၂၈၊ ကန့် ကွက်မဲ ၃၄၊ ကြားနေမဲ ၁၄။ အဖြေက ဒီနေ့ကစပြီး ရပ်ပြီတဲ့။

    ပြည်ထောင်စုလွှတ်တော် ရှိသေးတယ်လို့ တချို့ကဆိုတယ်။ အမျိုးသားလွှတ်တော် အိမ်ပြန်သွားပြီဆို တော့ ဘယ်လိုလုပ် ပြည်ထောင်စု ကျင်းပနိုင်မှာတုန်း။

    ပြည်ထောင်စု မကျင်းပနိုင်ရင် ဘာဥပဒေမှ ပြဌါန်းလို့ မရဘူး။ ပြည်သူ့လွှတ်တော်က ဆက်ပြီးတတ်နေ လဲ တတ်တာပဲရှိမယ်။ ဘာမှလှုပ်ရှားမှု ဥပဒေပြုမှု မလုပ်နိုင်တော့ပါဘူး။ စက်တင်ဘာ ၈ ရက်ဆိုရင်လည်း မဲ ဆွယ်ကာလမို့ နားကြရတော့မယ်။

    သြော်… နိုင်ငံရေးဆိုတာ တယ်လဲကြောက်စရာကောင်းပါလားလို့ သံဝေဂရမိပါတယ်။ ပါတီနိုင်ငံရေးမှာ အာဏာနိုင်ငံရေးပါလာရင် ပိုပြီးကြောက်စရာကောင်းပါတယ်။

    အခုတိုင်းဆိုရင် ၂၀၁၀-၂၀၁၅ လွှတ်တော် ပြီးသွားပြီ။ ကျန်တဲ့ကိစ္စတွေကို ၂၀၁၆ မှာ ဆက်လာမယ့် လွှတ်တော်အသစ်က သယ်ဆောင်ရုံပဲ။

    ပြည်သူများအနေနဲ့ကတော့ သံဝေဂတရား ရင်ဝယ်ထားရင်း နောက်တတ်မယ့်လူတွေကို အတက်နိုင် ဆုံး အကောင်းဆုံး ရွေးချယ်ဖို့ မျှော်လင့်စရာသာ ရှိပါတော့မယ်။

ကာတွန်း သွန်းခ - သတင်းစာဖတ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်


ကာတွန်း သွန်းခ - သတင်းစာဖတ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - အပြစ်တွေနဲ့ အပြစ်ဖြေကြစို့


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - အပြစ်တွေနဲ့ အပြစ်ဖြေကြစို့ 
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

 ဖေ့စ်ဘုတ်မှာ အတိတ်ကအမှားတွေကို ဖွင့်ဟဝန်ခံထားတဲ့စာလေးတွေ နဲနဲဖတ်ရလို့ အကြံပေးပါရစေ..။ မြန်မာတိုင်းရင်းဆေးမှာ-အဆိပ်ဖြစ်စေတဲ့ အမြစ်,အဥ,အသီး,အစေး,သည်းခြေစတဲ့ ပစ္စည်းပေါင်းအမျိုးနှစ်ဆယ်ကျော်တို့ကို သမအောင်စုပေါင်းကျိတ်ချေထားတဲ့ "နန်းတွင်းလျှာပွတ် အဆိပ်ဖြေဆေးကြီး"ဆိုတာ ရှိတယ်။အဆိပ်ပေါင်းစုံကို ဖြေနိုင်,ကုနိုင်ပါတယ်။ သိပ္ပံဆေးလောကမှာလဲ မြွေဆိပ်ကိုပြုပြင်ပြီး မြွေဆိပ်ဖြေဆေးလုပ်တယ်လို့ ကြားဖူးပါတယ်။ အလားတူပေါ့- လောကမှာလဲ အမှားတွေကို စနစ်တကျ အမှန်အကန် စုဆောင်း,စုပေါင်းလိုက်ရင်- နောင်လာနောင်သားများအတွက်- အမှားကာကွယ်,ကုသရေး ဆေးစွမ်းကောင်းတလက် ဖြစ်လာမှာ မလွဲပါဘူး။

ဒီနည်းကို ဘုရားရှင်ကိုယ်တိုင်လဲ စံပြအဖြစ် အသုံးပြုတော်မူခဲ့ပါတယ်။ ဓမ္မစကြာမှာ-အစွန်းတရားနှစ်ပါးဆိုတာ ဘုရားမဖြစ်မီက ကိုယ်တော်တိုင် ကျူးလွန်ခဲ့တဲ့ အမှားနှစ်မျိုးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်ထာပဲ မဟုတ်ပါလား။ ဒါရဲ့အကျိုးက-တပည့်သားတွေ ဒီအမှားမျိုး မကြုံရတော့ဘဲ"မဇ္ဈိမပဋိပဒါ"ဆိုတဲ့လမ်းမှန်ပေါ် တိုက်ရိုက် ရောက်သွားစေခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ ခုအထိ စီမံအုပ်ချုပ်သွားကြတဲ့- စနစ်တွေ,အမိန့်အဏာတွေ,လုပ်ဆောင်ချက်တွေ ဆိုတာ-လက်ရှိ ထွက်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေ အဖြေကိုကြည့်လိုက်ရင်..တက်တက်စင် အမှားတွေ ဖြစ်တယ်ဆိုတာ လာမှဆင်ခြေပေးနေစရာမလိုပါဘူး။ (ကိုယ့်အိပ်ထဲ ပြည့်နေ့တာကိုမကြည့်ဘဲ နိုင်ငံတောကြီး အဘက်ဘက်က ချိနေတာကို ကြည့်ပါ) လူဆိုတာ မှားယွင်းတာကို ဒေါသကြော မရှည်တတ် ပါဘူး။ မှားတာကို ဘယ်လိုပဲထောက်ပြပြ အမှားလို့ မမြင်ရင်တော့ ဒေါသဖြစ်တတ်တယ်။ မှားမှန်းသိပေမယ့်"ကိုယ်လုပ်သမျှ အမှန်"ဆိုပြီး ဆက်မှားနေရင်တော့ ဒေါသကပြင်းထန်လာပြီး "ရန်ငြိုးအာဃာတ"အထိ ဖြစ်သွားပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ"တော်လှန်ပုံကန်ခြင်း"ဆိုတာ ဖြစ်လာတတ်တာပါ။ ခေတ်အဆက်ဆက်မှာ အမှားလုပ်ရပ်တွေထဲ ကိုယ်တိုင် တာဝန်ရှိသူအဖြစ် ထဲထဲဝင်ဝင် ပါခဲ့သူများအနေနဲ့- ဒီအမှားတွေကို-ဘယ်လိုအခြေအနေမှာ, ဘယ်လိုအတွေးအမြင်မှားတွေပေါက်ပြီး ဘာတွေ,ဘာ့ကြောင့်,ဘယ်လို,ဘယ်လောက် မှားခဲ့ကြတယ်။ ဒီအတွက် ဘယ်လောက်နစ်နာကြတယ်ဆိုတာတွေကို ပွင့်ပွင်လင်းလင်း ဝန်ခံရေးသားကြရင်- အမှားကိုဝန်ခံတဲ့အတွက် ပြည်သူကလဲ ခွင့်လွှတ်လာကြမှာ မလွဲပါဘူး။ နောင်လာနောင်သားတွေလဲ- ရှောင်နိုင် ရှားနိုင်တာပေါ့။

(အရင်က ရက်စက်,သတ်ဖြတ်မှုတွေအားလုံးကို အဓိကဦးဆောင်ခဲ့သူတဦးက သူ့အကြောင်း နဲနဲပါးပါးဝန်ခံထားတဲ့စာတအုပ်ကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးပြီး ခုဆို သူ့အပေါ် သနားနေသူတွေတောင်ရှိလာတာ အားလုံး အသိပဲမဟုတ်လား)

ဒါကြောင့်ဗျာ.. မှားယွင်းခဲ့ကြသယများအနေနဲ့ ကိုယ့်အမျိုး,ကိုယ်ဘာသာကို ဆက်လက်တည်တန့် စေလိုတဲ့စေတနာလေး (နဲနဲပဲဖြစ်ဖြစ်) ထားကြသေးရင်..ပွင့်လင်းမြင်သာ ဖွင်ဟရေးသားပေးစေချင်ပါတယ်။

အဇာတသတ်မင်းကြီးက သူ့အမှားတွေ ဘုရားထံမှာ လာရောက်ဝံခံတော့-ဘုရားရှင်က- "မင်းမြတ်..ဘယ်သူမဆို အပြစ်ကို အပြစ်လို့မြင်ပြီး ဝန်ခံမယ်၊ တရားနဲ့အညီ ကုစားမယ်၊ နောင်-ဒီအပြစ်မျိုး မဖြစ်စေရလို့စောင့်စည်းမယ်ဆိုရင်.. အရိယာ(ဘုရားရှင်)တို့ရဲ့သာသနာတော်အရ တိုးတက်ကြီးပွားဖို့ပဲရှိပါတယ်."လို့မိန့်ကြားတော်မူပါတယ်။

ဒီအတွက်-အဇာတသတ်မင်းကြီးဟာ- အဖသတ်ကံကြီး ကျူးလွန်ခဲ့ပေမယ့် "အဝီစိငရဲ"ကျရမယ့် ဘေးကြီးကလဲ လွတ်သွားတယ်။ လတ်တလောကြုံတွေ့ခံစားနေရတဲ့ အပူတွေလဲ ကင်းလွတ်သွားတယ်။ နောင်အခါ-“ဝိဇိတာဝီ"ဆိုတဲ့ပစ္စေကဗုဒ္ဓဘုရား ဖြစ်မယ်ဆိုတဲ့ နိယတဗျာဒိပ်ကိုတောင် ရရှိသွားပါတယ်။

 အပြစ်တွေကိုဝန်ခံပြီး အပြစ်ဖြေတယ်ဆိုတာ ရဟန်းတော်များရဲ့ ယဉ်ကျေးမှုမှာတော့- ဂုဏ်ယူဝမ်းမြောက်စရာ လုပ်ငန်းကြီးတခုပါ။ နံနက်လင်း အိပ်ရာကနိုးပြီးတာနဲ့ တပြိုင်နက် “ဒေသနာ ကြားကြတယ်"ဆိုတာ- ဂုဏ်ယူဝမ်းမြောက်စွာ အပြစ်ဝန်ခံပွဲ လုပ်ကြတာပါ။ အပြစ်များဝန်ခံပြီး အပြစ်ဖြေပွဲ ရဲရဲဝံ့ဝံ့ လုပ်ပေးကြပါ..! ကိုယ်လဲ အပြစ်ပြေ၊နောင်လာနောင်သားတွေလဲ အပြစ်ကင်းတော့- နိုင်ငံတော်ကြီး တိုးတက်ရှင်သန် တည်တန့်နိုင်တာပေါ့..။

မပ္ပမာဒေန သမ္ပာဒေထ.!
 ၀၈.၂၄.၁၅။
 မေတ္တာနန္ဒဝိဟာရ၊ဖရီးမောင့်၊ဆန်ဖရန်၊ယူအက်စ်အေ။

ဆရာတော်၏ ဖေ့စ်ဘွတ်စာမျက်နှာ - https://www.facebook.com/profile.php?id=100009267797242 

ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - EVIL


ကာတွန်း မောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - EVIL
(Academic Weekly Journal, Yangon) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅

မောင်မောင်သိန်း - မြန်မာပြည်က စာရေးဆရာများ လာ့စ်ဗေးဂတ်စ်နေ ဆရာကြီး မောင်သာရကို တွေ့ဆုံဂါရ၀ပြု


မောင်မောင်သိန်း - မြန်မာပြည်က စာရေးဆရာများ လာ့စ်ဗေးဂတ်စ်နေ ဆရာကြီး မောင်သာရကို တွေ့ဆုံဂါရ၀ပြု
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅


အမေရိကန်ပြည်တခွင် စာပေခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညိုတို့ လာ့စ်ဗေးဂတ်စ်မြို့တော်မှာ နေထိုင်ပြီး ကျန်းမာရေးကုသမှုခံယူနေတဲ့ စာရေးဆရာကြီးမောင်သာရကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့ကြပါတယ်။ ဆရာကြီးဟာ လူကြီးရောဂါနဲ့ ကျန်းမာရေးချူခြာနေတာမို့ အဆက်မပြတ် ဆေးကုသစောင့်ကြည့်မှု ခံယူနေရတာကိုတွေ့ရပါတယ်။

စာပေခရီးစဉ် စီစဉ်သူတဦးဖြစ်တဲ့ ကိုမောင်မောင်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ် (ကပ္ပိယထိပ်ပြောင်) မှာ ရေးထားတာက "ဆရာမောင်သာရကို သွားကန်တော့ကြတယ်။ ဆရာ ပျော်လိုက်တာ။ မင်းတို့က ပြန်ကြတော့မှာလားနဲ့ တချိန်လုံးမေးတယ်၊ ၃ ခုါ နှုတ်ဆက်ပြီးမှ ပြန်လာခဲ့ကြတယ်" လို့ ဆိုပါတယ်။




မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ ဆရာကြီး
ဦးဘုန်း(ဓာတု)နဲ့ ဆရာကြီး

ညီမင်းညိုနဲ့ ဆရာကြီး

 (ဓာတ်ပုံများ - ကပ္ပိယထိပ်ပြောင်ဖေ့စ်ဘွတ်)

မောင်မိုးသူ - သူဌေးဝါဒနှင့် ဘကြီးမိုး


မောင်မိုးသူ - သူဌေးဝါဒနှင့် ဘကြီးမိုး
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

ဩဂုတ် ၂၅၊ ၂၀၁၅ ရက်ထုတ် ကုမုဒြာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်။

ဘကြီးမိုးတစ်ယောက် သည်ရက်တွေထဲမှာ ဆရာနန်းတော်ရှေ့ကြီးကို သိပ်သိပ်သတိရနေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတင်ရဲ့ “နန်းတော်ရှေ့ကို မေးလာကြရင် သူဌေးဝါဒကို ကျနော်ပြောပြပါ့မယ်၊ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်၊ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်” ဆိုတဲ့သီချင်းလေ။

သည်နေ့ မြန်မာတစ်နိုင်ငံလုံး ရေကြီး ရေလျှံဖြစ်တော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်တာပေါ့။

ဘကြီးမိုးရဲ့ ယနေ့ပစ္စုပန်အခြေအနေက ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဆောင်းပါးလေးတွေရေး၊ ဆောင်းပါးရေးခဆိုတာ ၁၅၀၀၀၊ ၂၀၀၀၀ ရတာကိုး။ အဲ ၅၀၀၀ ပဲပေးနိုင်ပါတယ်ဆိုတဲ့သူတွေဆီကိုလည်း ရေးရသလို စာမူခကို မပေးနိုင်ဘူးခင်ဗျ။ ဘကြီးမိုး က ကျုပ်တို့မဂ္ဂဇင်းရဲ့ နာယကပဲဆိုတော့လည်း ဟဲ ဟဲ မရဘူးပေါ့ခင်ဗျ။ သည်ခေတ်ကြီးမှာ  ၁၅၀၀၀၊ ၂၀၀၀၀ ဆိုတာ ဘာရှိ တာမှတ်လို့၊ လက်ဖက်ရည်ဆိုင်တောင် သွားမထိုင်လောက်ဘူး။ ဘကြီးမိုး မောနင်းစတားကို မနက်တိုင်း သွားထိုင် သွား သောက်နေတာဆိုတာက လာခေါ်တာလည်းရှိ၊ ဘကြီးမိုး စားသောက်တာမှန်သမျှ မိတ်ဆွေအပေါင်းအသင်းတွေက အလု အယက်ရှင်းနေကြလို့ ဟန်မပျက် မာန်မပျက် မောနင်းစတားဝိုင်းမှာ ထိုင်နေတာ။ အဲ ဆောင်းပါးစာကသာ ၁၅၀၀၀၊ ၂၀၀၀၀ ရတာ၊ လုံးချင်းစာအုပ်ထုတ်မယ်ဆိုရင်တော့ သုံးလေးသိန်း ဘိုးခနဲ ဘတ်ခနဲ ရပေါ့ခင်ဗျ။ ဘကြီးမိုးကို ညီငယ်လိုဖြစ်တဲ့ စာရေးဆရာတစ်ယောက်က ပြောဖူးတယ်ခင်ဗျ။ ဘကြီးမိုးက အကောင်းစား မဟုတ်ဘူး၊ အဟောင်းစားတဲ့။ သူပြောမယ် ဆိုလည်း ပြောစရာပေါ့လေ။ ဘကြီးမိုး အများဆုံးရေးခဲ့ ထုတ်ဝေခဲ့တာက ဘာသာပြန်ဝတ္ထုကြီးတွေလေ။ ဘကြီးမိုး ၂၀၀၀ ပြည့်နှစ် ထောင်ကထွက်လာပြီးကတည်းက ဘကြီးမိုးရဲ့ ကလောင်နာမည်ဖြစ်တဲ့ မောင်မိုးသူဆိုတဲ့ နာမည်နဲ့ စာပြန်ရေးခွင့်ရ လေတော့ ဘကြီးမိုးရဲ့ ဘာသာပြန်ဝတ္ထုအဟောင်းတွေကို ပြန်ထုတ်၊ ပြန်ရိုက်ပြီး ဟန်မပျက် စားသောက်ရတာလေ။ အဲ သည်လို ဘာသာပြန်စာအုပ်အဟောင်းတွေ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ထုတ်ဝေစားသောက်နေရာက ကုသိုလ်ကံများဆိုးချင်တော့ စာအုပ်အဟောင်းဆိုင်တွေပြုတ်ကုန်တယ်။ ဖြုတ်ကုန်ကြသတဲ့။ စာအုပ်အဟောင်းဆိုင်တွေ ပြုတ်ကုန် ဖြုတ်ကုန်ကြတော့ စာအုပ်အငှားဆိုင်တွေ တင်လေ့တင်ထရှိတဲ့ ရုပ်ပြကာတွန်းတို့၊ မဂ္ဂဇင်းတို့၊ အချစ်ဝတ္ထုတွေ အားလုံး အရောင်းအဝယ်ထိုင်း ရပ်ဆိုင်းကုန်ကြတာပေါ့။ မဂ္ဂဇင်းတို့၊ အချစ်ဝတ္ထုတို့၊ ရုပ်ပြကာတွန်းတို့ရဲ့ ဈေးကွက်ဆိုတာ စာအုပ်အငှားဆိုင်ပေါ်မှာ တည်မှီနေလေတော့ အဲသည်ရုပ်ပြတို့၊ အချစ်ဝတ္ထုတို့၊ မဂ္ဂဇင်းတို့ ရပ်တည်ဖို့ ခက်သွားတော့တာ ပေါ့။ အဲ အဲသည်အထဲမှာ ဘာသာပြန်ဝတ္ထုတွေလည်း ပါတယ်ခင်ဗျ။ စာအုပ်အငှားဆိုင်မှာ မောင်ပေါ်ထွန်းတို့။မောင်မိုးသူတို့ဆိုတာ စီးရီးလိုက်၊ အတန်းလိုက်ရှိတာ။ စာအုပ်တွေက ဈေးကြီးတော့ ငှားဖတ်တဲ့ပရိတ်သတ်ပဲ အားကိုးရတာ။ ဘာ သာပြန်စာအုပ်ပဲ ငှားဖတ်တယ်ဆိုတဲ့ ပရိသတ်လည်း ရှိသကိုး။ အဲသည်လို ခိုကိုးရာ စာအုပ်အငှားဆိုင်တွေ ပျောက်ဆုံး ကုန်ကြတော့ ဘကြီးမိုးတို့ရဲ့ ဘာသာပြန်စာအုပ်တွေကို ဘယ်ထုတ်ရဲကြတော့မလဲ။ သည်ကြားထဲမှာ ဘကြီးမိုးရဲ့ နာမည် ကြီး စာအုပ် “အိတ်ဇိုးဒပ်” နိုင်ငံတကာဝတ္ထုကို  ငါတို့စာပေတိုက်က ထုတ်ဝေပါတယ်။ စတုတ္ထအကြိမ်ပါ။ သည်ခေတ်စက္ကူဈေး ဘာဈေးနဲ့ စာအုပ်ရောင်းဈေးက ၅၀၀၀ တဲ့လေ။ သည်ကြားထဲ တစ်ပြည်လုံး ရေကြီးရေလျှံဖြစ်လေတော့ လမ်းပန်း ဆက် သွယ်ရေးတွေပြတ်လို့ ထုတ်ဝေသူက မဖြန့်ရဲသေးဘူးလို့ ဆိုလာပါတယ်။ အဲသည်မှာတင် ဘကြီးမိုးက ရယ်စရာပြောရ တာပေါ့။ တစ်ပြည်လုံး ရေကြီးရေလျှံဖြစ်တာ ငါတို့ ၃၁ လမ်း အထက်လမ်းလည်း ပါသကွဲ့လို့၊ ဘကြီးမိုးလည်း ရေဘေးဒုက္ခ သည်ပဲလို့။

သည်လို တစ်ပြည်လုံး ရေကြီးရေလျှံဖြစ်ပြီး ရေဘေးဒုက္ခသည်တွေကို ပြည်သူအများ အုတ်အော်သောင်းတင်း လှူကြတန်းကြ လုပ်ကြပါတယ်။ ရေကြီးရေလျှံဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေလည်း ထိုးတက်သွားပါ တယ်။ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် ကအစ တက်တာ၊ဆီတို့၊ဆန်တို့ဆိုတာ မကြားဖူး မကြုံဖူးလောက်အောင် တက်တာပါ။

သည်ကြားထဲ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲကို ညကြီးသန်းခေါင်မှာ အပြောင်းအလဲလုပ်သတဲ့။ အဲသည်လိုပြောင်းလဲလို့ ထိတ်လန့်တကြားနဲ့ ဒေါ်လာဈေးက ၁၃၀၀ အထိဖြစ်သွား။ ဒေါ်လာနဲ့ ဝယ်ရတဲ့ ကုန်ပစ္စည်းဈေးတေါကလည်း တက်ပေါ့ခင်ဗျ။သတင်းတွေထဲမှာ ကလေးမှာ ရေတွေကြီး၊လမ်းတံတားတွေပျက်တော့ ဆန်ဈေးတွေက မကြုံစဖူး တက်တယ်ခင်ဗျ။ ဟုတ်ကဲ့၊ ကလေးမှာ ဆန်ဈေးတက်သလို ရန်ကုန်မှာလည်း တက်တာပဲခင်ဗျ။

သည်ကြားထဲ ဆီစက်၊ ဆီကုန်သည်များအသင်းက တာဝန်ရှိသူက သူတို့ဆီဈေးတက်ရခြင်းဟာ ကုန်ကြမ်းဖြစ်တဲ့ မြေပဲနဲ့ နှမ်းတွေ ဈေးတက်လို့ ဆီဈေးဟာ မကြုံစဖူး တက်ရတာပါ။ မြေပဲနဲ့ နှမ်းတွေ အထွက်တိုးအောင်လုပ်နိုင်ရင် ဆီဈေးကျအောင် လုပ်နိုင်တယ်လို့ဆိုပါတယ်။ပြည်တွင်းထွက် ပဲဆီ၊ နှမ်းဆီ သာပြည့်ပြည့်ဝဝထုတ်နိုင်ရင်  နိုင်ငံခြားငွေနဲ့ ဝယ်ရတဲ့ စားအုန်းဆီ အစားထိုးစရာမလိုဘူးလို့ ဆိုပါတယ်။

နောက်ဆုံးထုတ် သတင်းကြေညာချက်တခုမှာ ပြည်တွင်းက ထုတ်လုပ်တဲ့ ဆီဘယ်နှစ်မျိုးဆိုလား စားသုံးရန် မသင့်လို့ သူတို့ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ ဆီတွေကို ပြန်လည်သိမ်းဆည်းဖို့နဲ့ ဆက်လက်ထုတ်ဝေနေပါက အရေးယူရမယ်လို့ ဆိုပါ တယ်။ အရေးထဲ တမှောင့်နော်။
  
အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲကြောင့် ဘဏ်လုပ်ငန်းတွေမှာလည်း လှုပ်ခတ်မှုတွေဖြစ်နေလို့ ဗဟို ဘဏ်က မစိုးရိမ်ကြဖို့ သတိပေးနေရပါတယ်။
 

ဟဲ ဟဲ ဘကြီးမိုးကတော့ ဘယ်ဘဏ်မှာမှ ပိုက်ဆံအပ်မထားလေတော့ မပူပေါင်။
အခုလည်း မန္တလေးသားမို့ ဆရာကြီး နန်းတော်ရှေ့ဆရာတင်ရေးတဲ့ သူဌေးဝါဒကို အော်အော်ဆိုနေမိပါတယ်။
စိန်လိုရင် စိန်ဖြစ်ရမယ်။ငွေလိုရင် ငွေဖြစ်ရမယ်၊သူဌေးဝါဒကို မေးလာကြရင် ကျနော် ပြောပြပါ့မယ်ဆိုတာကို
ရေလိုရင် ရေရမယ်x
ငွေလိုရင် ငွေရမယ်x
ဆန်လိုရင် ဆန်ရမယ်x ဆိုပြီး 
သူဌေးဝါဒသီချင်းကိုပဲ ဘကြီးမိုးတစ်ယောက် အော်အော်ဆိုနေမိကြောင်းပါ။
သူဌေးဝါဒနှင့် ဘကြီးမိုးပါ။

ကာတွန်း ATH - ပေါင်းကြံတာပေါ့


ကာတွန်း ATH - ပေါင်းကြံတာပေါ့
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

ရွှေဂျော်ဂျော် - ‎ခြင်္သေ့နဲ့နွားများ


ရွှေဂျော်ဂျော် - ‎ခြင်္သေ့နဲ့နွားများ
(သူ့ဖေ့စ်ဘွတ်ခ် / မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၅



သူတို့က တော်လွန်းတာ မဟုတ်ဘူး၊
ကျနော်တို့က ညံ့လွန်းတာ။

သူတို့က ဓားပြတွေလို ညီညွတ်တယ်၊
ကျနော်တို့က လူကောင်းတွေလို့ပြောပြီး မညီညွတ်ဘူး။

သူတို့က ပြတ်ပြတ်သားသား ဆိုးတယ်၊
ကျနော်တို့က ပြတ်ပြတ်သားသား မကောင်းဘူး။

သူတို့က တံတွေးနဲ့ထွေးပြီး နာရင်းရိုက်တယ်၊
ကျနော်တို့က သီချင်းစာကဗျာတွေပြေးပြေးရေးငိုတယ်။

သူတို့က ပင်ပင်ပန်းပန်း နန်းတော်ကြီးတွေတည်တယ်၊
ကျနော်တို့က သက်သက်သာသာနဲ့ ဖြိုချချင်နေတယ်။

သူတို့က သမိုင်းဝင် ရာဇဝင်လူဆိုး
ကျနော်တို့က စိတ်ကူးယဉ် သူရဲကောင/်း

သူတို့ ပြည်သူ့မေတ္တာနဲ့ လက်ခုပ်သံကို စွန့်ပစ်နိုင်တယ်၊
ကျနော်တို့ ပြည်သူ့မေတ္တာနဲ့လက်ခုပ်သံငတ်ကောင်းတုန်း

ခြင်္သေ့က အသားစားဖို့ဆုံးဖြတ်ထားပြီးပြီ၊
နွားတွေက ညီညွတ်ဖို့ မဆုံးဖြတ်ရသေးဘူး၊
ဒါပါပဲ… … …။

ရွှေဂျော်ဂျော် @ Shwe Gyaw Gyaw

သြဂုတ် ၁၄၊ ၂၀၁၅

ကာတွန်း စောငို - ဖိတ်စာတခြမ်းရိုက် ပါတီ တဲ့ ... ဟိတ် (မဆိုင်သူ မကပ်နဲ့)


ကာတွန်း စောငို - ဖိတ်စာတခြမ်းရိုက် ပါတီ တဲ့ ... ဟိတ် (မဆိုင်သူ မကပ်နဲ့)
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

ဗိုလ်ထက်မင်း - ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် အပိုင်း (၂)


ဗိုလ်ထက်မင်း - ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်  အပိုင်း (၂)
(မိုးမခ) သြဂုတ် ၂၆၊၂၀၁၅

၈။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၁၉၉၅ခုနှစ်တပ်ရင်းမှူး၊ ၁၉၉၉ခုနှစ်ဗျုဟာမှူး၊ တပ်မ(၄၄)တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ နပခနှင့် တဂခ တိုင်းမှူး၊ ကစထ၂ မှူး၊ညှိနှိုင်းကွပ်ကဲရေးမှူး ကနေ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်ချုပ်မဖြစ်တော့လို့  ဒုတပ်ချုပ်ရာထူးနဲ့ ပြိုင်ဘက်များကို ခုန်ကျော်ကာ တပ်ချုပ်တိုက်ရိုက်ဖြစ်ပါတယ်။ ထားဝယ်ဇာတိဖြစ်ကာ မိဘများက ဝန်ထမ်းဖြစ်ပြီး ဇနီးသည်က သံတွဲမြို့ကဖြစ်ပါတယ်။ ဗေဒင်ကိန်းခန်း ယတြာကို ယုံကြည်သူဖြစ်ကာ ဗိုလ်လောင်းတက်စဉ် သူငယ်ချင်းတွေက သူ့ကို ကြောင်ချီးလို့ အမည်ပေးထားတယ်လို့သိရပါတယ်။ သူက ၂၀၁၆ ခုနှစ်ကျမှ ပင်စင်ပြည့်မည် ဖြစ်ပြီး နေကာမျက်မှန်တပ်ပါက  ရုပ်ရုင်မင်းသားနဲ့တူကာ အာဆီယံတပ်ချုပ်တွေထဲမှာ စင်္ကာပူကလွဲလို့  နုပျိုတယ်လို့ ခေါ်ရပါမယ်။ ရုပ်ချောသလောက် ကြောင်ပူသလို ရစ်တတ်လို့  လက်အောက်ငယ်သားများက ခန့်မှန်းရခက်တယ်လို့ သိရပါတယ်။

၉။ တပ်မတော်က ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်တပ်အခိုင်အမာ တောင်ကုန်းစခန်းအားလုံးကို သိမ်းပိုက် ရရှိခဲ့လို့တပ်ချုပ်ပုံရိပ်တက်လာခဲ့ပါတယ်။ ဒီလို အမှတ်တက်နေချိန်မှာ မိမိက တဖက်သတ် အပစ်ရပ်မဲ့ အစါး ကိုးကန့်တပ်ဖွဲ့တွေက တဖက်သတ်အပစ်ရပ်ကြောင်း ကြေညာလိုက်လို့ တရုတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံရိပ်တွေ တောက်ပသွားပါတယ်။ ကျန်မာရေးဝန်ကြီးဌာနကို တပ်မတော်အရာရှိတွေ ပြောင်းရွေ့မဲ့ ကိစ္စအတွက် ဆရာဝန်တွေ ဆန္ဒပြပြီး ဝေဖန်သံတွေ ဆူညံလာလို့ အစီအစဉ်ဖျက်လိုက်ရသလို ရွှေတိဂုံနယ်မြေနှင့် မလွတ်ကင်းတဲ့ တပ်စီမံကိန်း ရုပ်သိမ်းခဲ့ရပါတယ်။ တပ်ချုပ်ဟာ ပါကစ္စတန်နိုင်ငံခရီးစဉ်ကအပြန် ရခိုင်ကိုချက်ချင်းဝင်သလို ကလေး ချင်းပြည်နယ်၊ ဟားခါးရေဘေးဒေသတွေဆီ ဆက်တိုက် ကူညီပံ့ပိုး လုပ်ကိုင်ပေးခဲ့တာမို့ ပုံရိပ်ပြန်လည် တောက်ပခဲ့ပါတယ်။ ပြည်သူလူထုဒုက္ခရောက်နေမှူကို တပ်မတော်သားများက အားတက်သရော ကူညီခဲ့ကြလို့ ပြည်သူတွေရဲ့မေတ္တာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုသဘာဝဘေးအန္တရယ်ကိစ္စတွေမှာ ခေတ်မှီတပ်မတော်တွေအနေနဲ့လေ့ကျင့်ရေး၊ ကိရိယာတန်ဆာပလာ၊ ယာဉ်၊ အထောက်အကူ ပစ္စည်းတွေရှိကြပြီး မြန်မာတပ်မတော်မှာတော့ ချို့တဲ့၊ မပြည့်စုံရတဲ့အထဲက ရအောင်ကူညီနေတဲ့ စွမ်းရည်ကို နိုင်ငံတကာက ချီးကျူးလိုက်တာဖြစ်ပါတယ်။ 

၁၀။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ရေဘေးကိစ္စ ဆောင်ရွက်ပေးရင်း ပြည်သူလူထုထံ ထိတွေ့ ဆက်ဆံကာ ရင်နှီးမှူရယူ ခဲ့ပါတယ်။ ဟင်္သာတမြို့ကို တပ်ချုပ်ရောက်ချိန်မှာ ပြည်ခိုင်ဖြိုး (ဥက္ကဌ) ဦးဌေးဦးက သူ့ကို ရေဘေးဒုက္ခသည်တွေနဲ့ မိက်ဆက်ပေးနေတာ တွေ့လိုက်ရပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံရေး ခြေ လှမ်းလှမ်းဖို့ အခုကတည်းက စည်းရုံးနေတယ်လို့ ယူဆပါတယ်။ ဒါပေမဲံ့ သူဟာသမ္မတနဲ့လွှတ်တော်ဥက္ကဌ တို့  မုန်တိုင်းထန်နေတာမို့ ဒို့တာဝန်အရေး (၃)ပါး အခြေအနေစောင့်ကြည့်ဖို့  လိုအပ်လာလို့ တပ်က တိုက်ရိုက်တင်မြှောက်တဲ့အစီအစဉ် ချိန်ဆနေဟန်တူပြီး ထိပ်ဆုံးက ပြေးနေပါတယ်။ မကြာခင်ကမှ အစိုးရ၊ပါတီထဲ တပ်မတော်အရာရှိတွေပြောင်းရွေ့လိုက်တဲ့ ဆွမ်းကြီးလောင်းပွဲဟာ တပ်သမိုင်းမှာ စံချိန်တင်ပြီ်း ၂၅% တပ်မတော်သားကိုယ်စားလှယ်တွေ ထည့်သွင်းနိုင်ရေးအတွက် line up အသင့်ထိုးပြင်ထားဟန်တူပါတယ်။ 

ဒုဗိုလ်ချုပ်ကြီ်း စိန်ဝင်းနဲ့ ကျော်ဆွေ တို့ကို ကာကွယ်ရေးနှင့် နယ်စပ်/စည်ပင် ဝန်ကြီးတွေ အဖြစ်ပို့ပြီး တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့  ကာချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ကို လျာထားနိုင်ပါတယ်။ 

တပ်မတော်သားကိုယ်စားလှယ်များနဲ့  ဦးရွှေမန်းတို့အချေအတင်ဖြစ်နေတာကို တပ်ချုပ်အနေနဲ့သတိကြီးစွာ ကိုင်တွယ်ခဲ့ပုံကိုတော့ နောက်အပိုင်း မုန်တိုင်းဆင်နွဲကြပုံမှာ ဆက်လက်ဖေါ်ပြပေးပါ့မယ်။

၁၁။၊ ဦးရွှေမန်းဟာ ဖြူးမြို့ ကညွတ်ကွင်းဇာတိဖြစ်ပါတယ်။ ဇနီးကတော့ ပြည်ကြီးတရုတ်မှ ပြောင်းလာတဲ့ ဦးကောက်ရဲ့သမီးဖြစ်ကာ တရုတ်အမျိုးတွေက သဘောမတူတာမို့ သူဟာ ချစ်သူ ဒေါ်ခင်လေးသက်ကို ကွမ်းလုံထိခိုးပြေးခဲ့ရကာ ကချင်(၃) မှာ ဦးအောင်သောင်းတို့က လက်ထပ်ပေးခဲ့တယ်လို့ သိရပါတယ် ဦးအောင်သောင်းက စီနီယာတပ်ခွဲမှူး ဖြစ်နေပြီး သံယောဇဉ် ရှိတာမို့ ပါတီထဲ ရောက်လာချိန်မှာ ပူးပေါင်းမိ သွားကာ အင်အားတောင့်တင်းခဲ့ပါတယ်။ ဒါပေမဲ့ ဦးအောင်သောင်း ရုတ်တရက်ဆုံးသွားချိန်မှာ ဦးရွှေမန်းတယောက် ချိနဲ့သွားကာ ညတိုက်ပွဲဆင်နွဲသလို ချေမှူန်းလိုက်တာ ခံလိုက်ရပါတယ်။ သူဟာ တပ်မ (၆၆)  နည်းဗျုဟာမှူး၊ စကခ(၃)နဲ့ တပ်မ(၁၁) တပ်မမှူး၊ နတခတိုင်းမှူး၊ ညှိနိုင်းကွပ်ကဲရေးမှူး၊လွှတ်တော်ဥက္ကဌ  ဖြစ်လာခဲ့ပါတယ်။ သူဟာ ကရင်ပြည်နယ်စစ်ဆင်ရေးမှာ သူရဘွဲ့ရရှိခဲ့ပါတယ်။

၁၂။ ဦးသန်းရွှေဆီ ဦးရွှေမန်းဝင်လာပုံ ဇာတ်လမ်းကတော့ မြေးတော်လေးကို ထိန်းဖို့ရာ ခက်နေပြီး (T.T.C ကျောင်းကြို ကျောင်းပို့လုပ်ရင်တောင် နှစ်ပွင့်အရာရှိဗိုလ်တဦးက ဖုံးနှစ်လုံးနဲ့ အသင့်စောင့်နေပေးရ)  စာသင်ပြဖို့လည်း ဆရာမကို ရှာနေရာ စကခ(၃) တပ်မမှူး ဇနီး ဒေါ်ခင်လေးသက်တယောက် လင်တော်မောင် ရာထူးတက်ဖို့အတွက် စွန့်စားခဲ့ကာ မြေးတော်လေးကို ထိန်းရင်း စာပြကာ ကလေးထိန်းဆရာမ လုပ်ခဲ့ပါတယ်။ စွန့်စားရာကျိုးးနပ်ပြီး မကြာခင် အထူး VIPတပ်များဖြစ်တဲ့ တပ်မ(၁၁) တပ်မမှူး၊ နတခ တိုင်းမှူးအဖြစ် ဦးရွှေမန်းအား ပြောင်းရွေ့ပေးတဲ့အပြင် တပ်မတော်မှာ ဖွဲ့စည်းပုံအရ မရှိခဲ့တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးနဲ့ ဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ပေးလိုက်ပါတယ်။

၁၃။ ဒါပေမဲ့ ဦးသန်းရွှေဟာ သူ့အပေါ် သစ္စာအရှိဆုံးလူလို့ နှူတ်က ပြောခံရသူကတော့ ဒီပဲယင်းအရေးအခင်းကို ကြီးကြပ်ဆောင်ရွက်ခဲံ့သူ ဗိုလ်ချုပ်ကြီးစိုးဝင်းဖြစ်ပါတယ်။ ဒါကိုအားကျမခံ ဦးရွှေမန်းက  ဗိုလ်ချုပ်ကြီးခင်ညွှန့်ထောက်လှမ်းရေးတဖွဲ့လုံးကို နှိပ်ကွပ်တဲ့ စစ်ဆင်ရေးနဲ့ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းတွေကို အထက်အမိန့်အရ ဆိုပေမဲ့ ပီပီပြင်ပြင် လုပ်ပြနိုင်ခဲ့ပါတယ်။ အဲဒီနောက်သူနဲ့  level ပါဝါတူများဖြစ်တဲ့ ဦးစိုးဝင်းက ဆုံးသွားပြီး ဦးခင်ညွှန့်တို့ အရေးယူခံရတဲ့အတွက် လမ်းကြောင်းရှင်းနေပြီး ရှေ့က ဒုဗိုလ်ချုပ်မှူကြီးမောင်အေးကလည်း နားတော့မှာ ဖြစ်လို့ တပ်ချုပ်(သို့မဟုတ်) သမ္မတ မဖြစ်မနေ ရရမည်ဟု စိတ်ကူးယဉ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ သူ့နောက်နားမှာဘဲရှိပြီး ဝန်ကြီးချုပ်ဖြစ်ခါစဘဲ ရှိနေပါသေးတယ်။ 

ကံဆိုးချင်တော့ မြောက်ကိုးရီးယားကို တရုတ်နိုင်ငံကတဆင့် ခိုးသွားတဲ့ သတင်း ပေါက်ကြားမှူကြောင့် ဦးသန်းရွှေ အမျက်ရှတာ ခံလိုက်ရသလို မြေးအဖွားတို့ ရွှေတိဂုံဘုရားတက်တဲ့ နေ့တနေ့မှာ ဦးရွှေမန်းက သူဇနီးနေမကောင်းလို့ အစားထိုးလိုက်ရာမှ အဆင်မပြေဖြစ်ကာ ဘဝင်မကျဖြစ်ခဲ့ရတယ်လို့ လုံခြုံရေးယူခဲ့တဲ့အရာရှိတဦးက ဆိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဦးသန်းရွှေ စဉ်စားနိုင်တာက အရေးကြီးတဲ့ “ကီး” ဖြစ်တဲ့ တပ်ချုပ်ကို အသက်ငယ်ငယ် ထားမှသာ မကြာခဏချိန်းစရာ မလိုဘဲ ယနေ့ကာလ မုန်တိုင်းထန်တာမျိုးဖြစ်ခဲ့ရင် အနီးကပ် စောင့်ကြည့်ကာ နိုင်ငံတည်ငြိမ်အောင် ထိန်းနိုင်မှာဖြစ်တယ်။ သမ္မတဆိုကလည်း အတိုက်အခံ၊ နိုင်ငံတကာနဲ့ ရင်ဆိုင်ဖို့ရှိနေရာ အခြေခံဥပဒေ အရည်ကြို သောက်ထားတဲ့ ဦးသိန်းစိန်အား တာဝန်ပေးမှဖြစ်မယ်။ လွှတ်တော်အတွင်းကျတော့ ပါတီက ကိုယ့်လူတွေက ဦးရွှေမန်းကို ဝိုင်းရံပြီး ကာပေးထားလို့ရတယ်လို့ သုံးသပ်ခဲ့ဟန်တူပါတယ်။ ဒါကြောင့် ဦးရွှေမန်းခင်မျာ အများကြီး မျှော်လင့်ထားခဲ့တဲ့ သမ္မတ နဲ့ တပ်ချုပ်ရာထူး အိပ်မက် ပျက်ရတာကြောင့် ရင်ခံကာ ဖီလင်တွေဖြစ်ခဲ့ရတယ်လို့ စစ်ရုံးမှာနေခဲ့တဲ့သူတွေက ဆိုပါတယ်။
                                                      
၁၄။ ဦးရွှေမန်းရဲ့ စရိုက်လက္ခဏာက ဝတ်စားပုံ စမတ်ကျပြီး အခြားဗိုလ်ချုပ်တွေလို ဗိုက်မထွက်တာမို့ အတုခိုးလာတတ်အောင် စံနမူနာပြဖွယ် နေထိုင်ြပုမူပါတယ်။ လူငယ်ပုံစံ တက်ကြွနေလို့ တခါက ရကတရှိ စစ်ဦးစီးအရာရှိတစ်ဦး ငြီးငြူဘူးပါတယ်။ ပြည်သူ့စစ်မဟာဗျုဟာအရ ဝန်ထမ်းများကို လက်နက်ငယ်ပစ် တတ်အောင် စက်ပစ်ကွင်းဝင်ဖို့ စာရင်းကောက်ခိုင်းရာမှာ ဇယားအမျိုးမျိုး၊ စာရင်းပေါင်းစုံယူခိုင်းခဲ့လို့ နယ်ဘက်ဝန်ထမ်းတွေပါ စိတ်ညစ်ရတယ်ပြောပါတယ်။ သူဟာစိတ်ကြီးပြီး သူများထက်သာအောင် အမြန်ပြီးစီးအောင်ကြိုးစားတတ်တယ်။ ဆက်လက်ပြီး သမ္မတဦးသိန်းစိန် ဖြတ်သန်းလာပုံကို တင်ပြပါ့မယ်.။

၁၅။ ဦးသိန်းစိန်ဟာ ဟိုင်းကြီးဇာတိဖြစ်ပြီး ခမရ(၁၀၉) ဒုတပ်ရင်းမှူး၊ ခလရ(၈၉) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ကလေးမြို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဆင်ရေးတိုက်ပွဲကြီးများ သိပ်မလုပ်ရဘဲ သာသာယာယာ နေခဲ့ရပါတယ်။ ၁၉၈၉ခုနှစ် စစ်ရုံးရှိ စစ်ဦးစီးဗိုလ်မှူးကြီး(စစ်ဆင်ရေး) ဗိုလ်မှူးကြီး ခင်မောင်သန်းကို တာဝန်တခုခိုင်းတာ မပြီးလို့ဆိုကာ နိုင်ငံတကာ၊ အတိုက်အခံတွေရဲ ဖိအားကြောင့် မွန်းကြပ်နေတဲ့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးစောမောင်က စိတ်ဆိုးကာ စစ်ရုံးမှာ မထားနဲ့လို့ ဆိုပါတယ်။ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင်ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး) ဟာ သူ့နေရာလက်ခံမဲ့လူ ရှာဖို့အချိန်မရဖြစ်နေရာ အရေးကြီးတဲ့ “ကီး” နေရာဖြစ်လို့ သူတပ်ရင်းမှူး တာဝန်လွဲခဲ့တဲ့ ဦးသိန်းစိန်ကို ဘဲ ဦးသန်းရွှေထံကပ်ပြီး တင်ပြကာ ဆွဲတင်ပါတယ်။ ဒီနေရာမှာ စစ်ရုံးကို ပြောင်းမဲ့အရာရှိတိုင်း လုံခြုံရေးအရ ထောက်လှမ်းရေးက နောက်ကြောင်းရာဇဝင် စိတ်ချရ၊ မရလိုက်ပြီးမှ ထောက်ခံချက်ရမှ ပြောင်းလို့ရပါတယ်။ ရှမ်း(၁)မှာကတည်းက ဦးသိန်းစိန်ဟာ ဦးခင်ညွှန့် နဲ့အတူတူနေခဲ့တဲ့ ခင်မင်မှူအရ ထောက်ခံခဲ့လို့ ပြောင်းခဲ့ရတာဖြစ်တယ်။ဦးခင်ညွှန့်ကျေးဇူးတွေရှိခဲ့လို့လည်း ဦးသိန်းစိန် သမ္မတဖြစ်လာချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်။ စစ်ရုံးမှာ ရောက်တော့လည်း ဦးခင့်ညွှန့်ရဲ့လိုလားချက်၊ ကကလှမ်း တာဝန်များနဲ့ ဆက်စပ်လုပ်ပေးရတဲ့ ကိစ္စတွေမှာ  တိုင်းစစ်ဌာနချုပ်များအား ဦးသိန်းစိန် ညှိလုပ်ပေးရတာရှိပါတယ်။ ဒီအခါ တိုင်းမှူးတွေဟာ ဒုဗိုလ်ချုပ်မှူကြီး မောင်အေးသိသွားရင် ထုထောင်းခံရမှာစိုးလို့ အင်တင်တင်ဖြစ်နေချိန် တိုင်းစစ်ဦးစီးမှူး (ပထမတန်း)တွေဟာ  သောကဖိစီးစွာ ဦးသိန်းစိန်နဲ့  ဖုံးထဲမှာ အချေအတင် ငြင်းခုံ နည်းလမ်းရှာကြရပါတယ်။ နောက်ဆုံးဦးသိန်းစိန် စိတ်ရှည်မှူကြောင့် ပြေလည်မှူ အောင်မြင်သွားသော်လည်း ဦးသိန်းစိန်မရှိတဲံ့ နောက်ပိုင်းလူတွေဟာ မညှိတတ်ကြသဖြင့် ထောက်လှမ်းရေး နဲ့ကြည်းတပ်နဲ့ မပြေနိုင်တော့ဘဲ ပေါက်ကွဲကာချေမှူန်းခံလိုက်ရပါတယ်။

၁၆။ စစ်ရုံးမှာရှိနေစဉ် အိမ်တော်ကြီးက အချစ်တော်မြေးလေး၊ ဖွားဖွားဘုရားတက်လို့ ရှိရင် ဦးသိန်းစိန်က အားလပ်လို့ လိုက်သွားရာ ခလေးက ရေစက် ကြောင့်လားမသိပါ၊ ဦးသိန်းစိန်လက်ပေါ်မှာ မငြိမ်စဖူးငြိမ်လို့ ဖွားဖွားအံ့သြသွားတယ်လို့သိရပါတယ်။  သမ္မတဖြစ်လာလို့ လူထုတွေဆုံပွဲတွေမှာ ခလေးမြင်တိုင်း ကောက်ချီတတ်တဲ့ ဦးသိန်းစိန်ကို ခလေးချစ်တတ်လို့ လက်ယဉ်ကာ အထာသိတာဖြစ်တယ်လို့ အငြိမ်းစားအရာရှိကြီးတယောက်က ရီမောစွာနဲ့ စာရေးသူအား အတွင်းရေး ဖေါက်သည်ချခဲ့ပါတယ်။  ဒီနောက်ဦးသိန်းစိန် တပ်မမှူး ရာထူးတိုးလာချိန်မှာ လက်ရှိကိုင်နေတဲ့ စစ်ဆင်ရေးကိစ္စတွေကို နောက်လူ ထည့်လိုက်ရင် ရုတ်တရက် အဆင်မပြေမှာစိုးလို့ဆိုကာ ကကကြည်း ဖွဲ့စည်းပုံတိုးချဲ့လိုက်ရာ စစ်ဦးစီးဗိုလ်မှူးကြီး(စစ်ဆင်ရေး) ရာထူးကို စစ်ဦးစီးဗိုလ်မှူးချုပ် (စစ်ဆင်ရေး) ဖြစ်သွားသဖြင့် ဦးသိန်းစိန်ဟာ နယ်မဆင်းရတော့ဘဲ စကခ(၄)တပ်မမှူး အဖြစ်တွဲကိုင်ကာ စစ်ရုံးမှာဘဲ ဆက်နေခွင့်ရတယ်။ 

၁၇။ ဦးသိန်းစိန်ဟာ တဂခ တိုင်းမှူး၊စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးဖြစ်လာပြီးနောက် အတွင်းရေးမှူး(၂)အ ဖြစ်ရာထူးတိုးမြှင့်လာပါတယ်။ သူ့ကို အမျိုးသားညီလာခံကော်မရှင်ဥက္ကဌ  တာဝန်ပေးခံရပြီး အတွင်းရေးမှူး(၁)  အဖြစ် ထပ်မံတိုးမြှင့်ခံရကာ ဗိုလ်ချုပ်ကြီးနဲ့ ဝန်ကြီးချုပ်၊ အစိုးရသစ်ဦးစီးမဲ့ သမ္မတအဖြစ်တာဝန်ပေးခဲ့တယ်။


၁၁။ တပ်မတော်အား ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေးမဟာဗျူဟာအရ ပြုမူဆောင်ရွက်တဲ့အပေါ် သုံးသပ်ချက်၊ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ဦးရွှေမန်း ထိပ်တိုက်တွေ့မှူ ၊ ဦးသိန်းစိန် နဲ့ ဦးရွှေမန်းနှိုင်းယှဉ်သုံးသပ်ချက်၊ ဦးသန်းရွှေအပေါ် ဘယ်သူက ပိုပိုင်သလဲ၊ တပ်မတော်မှာ အရှိန်အဝါ ခံစားခဲ့တာမို့  မိမိထက် နိမ့်တဲ့သူဟာ level တူ တက်လာလို့ မြှင့်သွားလို့ ဖြစ်လာရင် မူလခံစားခဲ့တဲ့ ဖီလင်ပြန်ပေါ်တတ်လာကာ ထိပ်သီးနှစ်ဦး အားပြိုင်မှူ၊ ပွတ်တိုက်မှူမှသည် အားစမ်းမှူဖြစ်လာကာ နောက်ဆုံး မုန်တိုင်းအသွင်သို့ကူးပြောင်းခဲ့တဲ့ သြဂုတ်လ(၁၂)ရက် ညတိုက်ပွဲဖြစ်စဉ်အား သုံးသပ်ချက် စတာတွေကို  အပိုင်း (၃/ ၄/ ၅) တွေမှာ  ဆက်လက်တင်ပြသွားပါ့မယ်။

အုန်းနိုင် - ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၅)

အုန်းနိုင် - ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၅)
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

• အမျိုးသားရေးထက်  ပုဂ္ဂိုလ်ရေးကို အလေးထားသူ
နောက်နှစ်ပတ်လောက်ကြာတော့ စာတိုက်က ပို့တဲ့စာနှစ်စောင်ရတယ်။ တစောင်ကကျနော့်အတွက်။ နောက်တစောင်က ရုံးအတွက်ပါ။ စာပါအကြောင်းအရာကတော့ ...

“ပြင်းထန်စွာသတိပေးခြင်း”တဲ့
(၁) ဦးအုန်းနိုင်သည် ဗဟိုတာဝန်ပေးချက်အရ ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့ဝင်များ ပေါင်းတည်မြို့သို့ လာရောက်စဉ်က လေး လေးစားစား စိတ်ပါဝင်စားစွာဖြင့် တိတိကျကျ ပူးပေါင်းကူညီဆောင်ရွက်မှုမရှိခြင်း။

(၂) အဖွဲ့ချုပ်သည် ပုဂ္ဂိုလ်ရေးပေါ်တွင်ရပ်တည်၍မနေပဲ အမျိုးသားရေးကိုသာ ရပ်တည်နေသည်ကို ဦးအုန်းနိုင်သည် အမျိုး သားရေးထက် ပုဂ္ဂိုလ်ရေးအပေါ်ကို အလေးထားနေကြောင်းတွေ့ ရခြင်း။

(၃) ဦးအုန်းနိုင်သည် အဖွဲ့ချုပ်၏ စုပေါင်းတာဝန်ယူမှု စည်းလုံးညီညွတ်မှုတို့ကို ထိခိုက်စေသော အထက်ဖော်ပြပါ ပြုမူဆောင် ရွက်ခဲ့ခြင်းများ။ (ဥပမာ- အစည်းအဝေးမတက်ရောက်ခြင်း..) ကြောင့် ပြင်းထန်စွာသတိပေးလိုက်သည်။

ဒီစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဆိုပြီး ဦးလွင် လက်မှတ်ထိုးပါတယ်။ စွဲချက်မှာမပါတဲ့ “အမျိုးသား ရေးထက်  ပုဂ္ဂိုလ်ရေးအပေါ် အလေးထားနေကြောင်း တွေ့ရခြင်း” ဆိုတာ ထူးခြားပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို  ပုဂ္ဂိုလ်ရေး ယုံကြည်အားထားမှုရှိတဲ့သူလို့ ညွှန်းဆိုလိုက်တာပါပဲ။ အဖွဲ့ချုပ်ဗဟိုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍကို ပယ် လိုက်ပြီလို့ ဖော်ပြလိုက်တာပါပဲ။

ဒီစာ ကျနော်တို့လက်ထဲရောက်တာ (၁၃.၁၂.၉၁) နေ့ပါ။ စာထွက်တဲ့နေ့က ၉ ရက်နေ့ပါ။ ကျနော်တို့မြို့ နယ်ကော်မတီအစည်း အဝေးခေါ်ကြပြန်ပါတယ်။ စိတ်မကောင်းအလွန်ဖြစ်ကြပါတယ်..။ ကျနော့်ကိုပြင်းထန်စွာသတိပေးတာကြောင့် မဟုတ်ပါ။ အဖွဲ့ချုပ်ဗဟိုမှာ  ပုဂ္ဂိုလ်ရေးထက် အမျိုးသားရေးကို ဦးစားပေးတယ်ဆိုတဲ့ပျားရည်သုတ်ထားပြီး အနှစ်သာရခါးသီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ပစ်ပယ်ရေးကို လက်ခံလိုက်ကြပြီလို့ သိလိုက်ရလို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ဆောင်မှုကို ဆက်လက်ဆွဲကိုင်နေရင် အပြစ်ပေးခံရမယ်ဆိုတဲ့သဘောထားကြောင့် စိတ်မကောင်းကြပါ။ အခုမှ ၁၉၉၁ ခုနှစ် ကုန်တော့မယ့်ဆဲဆဲပဲ ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲကြီးပြီးတာ နှစ်နှစ်တောင်မပြည့်သေးပါဘူး။ တနှစ်နဲ့ ခုနစ်လပဲ ရှိပါသေးတယ်။ တယ်လဲ ကျေးဇူးကန်းကြပါလား..။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကတောင် ဒီမိုကရေစီတိုက်ပွဲမှာ ရဲရဲဝံ့ဝံ့ ခုခံတိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီခေါင်း ဆောင်အဖြစ် အသိအမှတ်ပြုပြီး နိုဗယ်ဆုတောင်ပေးခံရထားတဲ့အချိန်မျိုးမှာ ဗဟိုအလုပ်အမှုဆောင်နဲ့ အပေါင်းပါတသိုက်ရဲ့ သဘောထားဟာ အလွန်အံ့သြစရာကောင်းရုံသာမက ၀မ်းနည်းစက်ဆုတ်ဖွယ်ရာ ကောင်းလှပါတယ်။ ဒီအယူအဆကိုတော့ သေသေချာချာပြန်တိုက်ကြမယ်လို့ ကျနော်တို့မြို့ နယ်ကော်မတီက ဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ ဗဟိုအလုပ်အမှုဆောင်ရဲ့ သုတ်ထားတဲ့ပျားရည်ကို အရင်ပထမ ဆေးကြောသုတ်သင်ပစ်ကြဦးမယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကျနော့်ကိုအရေးယူ တဲ့စာမှာပါတဲ့ “အမျိုးသားရေးထက်  ပုဂ္ဂိုလ်ရေးအပေါ် အလေးထားနေကြောင်း…” ဆိုတဲ့စကားရပ်ကို သေသေချာချာ နားမ လည်သဖြင့် ထပ်မံပြီး တိတိကျကျ ရှင်းလင်းပေးပါလို့ ဗဟိုကို အရင်စာတင်ကြမယ်လို့ ပြင်ကြပါတယ်..။

ဒါပေမယ့် စာမတင်ဖြစ်ခင်မှာပဲ ပျားရည်များ စင်သွားစေတဲ့ ဗဟိုအလုပ်အမှုဆောင်ရဲ့  အခါးသက်သက်ကို တွေ့လိုက်ကြရပါ တယ်။

(အပိုင်း ၁၆.. ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်သတဲ့လား.. ကို ဆက်ပါမယ်)

ကိုသန်းလွင် - စင်္ကာပူ ရုက္ခဗေဒဥယျာဉ်

ကိုသန်းလွင် - စင်္ကာပူ ရုက္ခဗေဒဥယျာဉ်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

(၁)
ယခုတကြိမ် စင်္ကာပူရုက္ခဗေဒဥယျာဉ်သို့ ကျွန်တော်တို့ရောက်ရှိသွားချိန်မှာ သူတို့နိုင်ငံလွတ်လပ်ရေး နှစ် ၅၀ ပြည့် ဂျူဗလီ ပွဲတော်ကျင်းပချိန်နှင့် တိုက်ဆိုင်နေလေသည်။ အတွင်းရှိ သစ်ခွဥယျာဉ်ထဲသို့ အခမဲ့ဝင်ခွင့်ပေးထားသည်။ ပွဲတော်ကြီးတွေကျင်းပရာစင်မြင့်မှာ ဂီတဖြေဖျော်ပွဲတွေရှိသည်။ နောက်ထပ်တိုက်ဆိုင်မှုတခုမှာလည်း UNESCO မှချီးမြှင့်သော ရုက္ခဗေ ဒဥယျာဉ်ကို World Heritage Site တခုအဖြစ် အသိအမှတ်ပြုခြင်း အထိမ်းအမှတ် Pleaque ကို ၀န်ကြီးချုပ်က ဖွင့်လှစ်ပေး သောအခမ်းအနားကို ကျင်းပနေခြင်းပင် ဖြစ်သည်။

(၂)
ရုက္ခဗေဒဥယျာဉ်ကြီးမှာ ၁၈၂၂ ခုနှစ်၊ စတင်းဖို့ရပ်ဖဲလ် (Stamford Raffles) ၏ ဥယျာဉ်အဖြစ် စတင်ထူထောင်ခြင်းမှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ရာပြည့်ပါတော့မည်။ စင်္ကာပူမြို့ကိုထူထောင်သူ မစ္စတာရပ်ဖဲလ်မှာ သဘာဝသိပ္ပံ (National Science) ဘာသာရပ်ကို ၀ါသနာပါသူဖြစ်သည်။ သူက ဤနေရာတ၀ိုက်ကို အပင်များ၊ ကောက်ပဲသီးနှံများနှင့်ပတ်သက်၍ သုတေသနလုပ်ရန်ရည်ရွယ်ခဲ့သည်။

၁၈၅၉ ခုနှစ်တွင် ကိုလိုနီ အင်္ဂလိပ်အစိုးရက လက်ရှိဥယျာဉ်မြေနေရာနှင့် နီးစပ်သော ၃၂ ဟက်တာမျှ ကျယ်ဝန်းသော မြေနေရာကို ပိုင်ရှင်ထံမှဝယ်၍ တိုးချဲ့စေခဲ့သည်။ စုစုပေါင်း ၇၄ ဟတ်တာ (၁၈၃ ဧက) ကျယ်ဝန်းလာခဲ့သည်။ ၁၉၂၅ ခုနှစ် တွင် Professor Hoffan က သစ်ခွမျိုးစုံ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။

၁၉၄၂ ခုနှစ် ဂျပန်စစ်တပ်က စင်္ကာပူကျွန်းကိုသိမ်းပိုက်ချိန်တွင် ဂျပန်တို့က အလုပ်သမားတွေကို အလုပ်ထုတ်မပစ်ခဲ့ပါ၊ ဥ ယျာဉ်နာမည်ကို (Shonan Botanic Garden) ဟုသာ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဂျပန်နိုင်ငံမှပညာရှင်များကိုခေါ်ယူခါသစ်ပင်စိုက်ပျိုးခြင်းကိစ္စကို ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

ဂျပန်ခေတ်အပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာချိန်တွင်လည်း ဥယျာဉ်မြေကို ထိမ်းသိမ်းခဲ့ကြသည်။ အထူးသဖြင့် အမြဲတစေ စိမ်း လန်းစိုပြေသော သစ်တောနေရာ ဧက ၄၀ ခန့်ကို ထိမ်းသိမ်းခဲ့ကြပြီး Learning Forest အဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။ မက်ထရိုပိုလစ် မြို့လယ်ခေါင်တွင် Rain Forest ရှိသောမြို့မှာ ကမ္ဘာတွင် စင်္ကာပူနှင့်ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ နှစ်မြို့ သာရှိသည်။

ဥယျာဉ်အတွင်းသို့ဝင်သွားရသည်မှာ အမြဲစိမ်းသစ်တောကြီးအတွင်းသို့ ၀င်သွားရသကဲ့သို့ ပင်ဖြစ်ပါသည်။ လူမနေသော Rain Forest အတွင်းသို့ဝင်သွားလျှင် လူသတ္တ၀ါတို့၏ ပြုပြင်မှုအရိပ်အရောင်ကိုမတွေ့ရဘဲ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ထူထပ် ပိတ်ဆို့နေပါလိမ့်မည်။ ဤဥယျာဉ်မှာမူ ထူထပ်သောတောအုပ်အလယ်၌ လူတို့ စနစ်တကျ ပြုပြင်ဖောက်လုပ်ထားသော ကတ္တရာလမ်း၊  အုတ်စီခင်းထားသောလမ်းတွေ အပမ်းဖြေ နားနေစရာ ထိုင်ခုံတွေကို တွေ့ကြရပါသည်။

မြက်ခင်းစိမ်းစိမ်း၊ ပန်းပွင့်ဖြူဖြူ၊ သစ်ပင်ညို့ညို့ဖြင့် ဤဥယျာဉ်မှာ စိတ်ချမ်းမြေ့စရာကောင်းသည်။ မိုးရွာပြီးချိန် နေရောင်တွေ ဖြာဆင်းလာချိန်မှာ သစ်ရွက်တို့သည် ပိုမိုစိမ်းလာပြီး ပန်းပွင့်ရောင်စုံတို့၏အဆင်းမှာ ပို၍ တောက်ပလာသည်ပာုထင်ရသည်။

ဤသစ်တောကြီးအတွင်းမှာပင် ၁၈၇၇ ခုနှစ်က သဘာဝသိပ္ပံပညာရှင် Henry Ridley ဆိုသူက ဤဥတု၊ ဤမြေအမျိုး အစားတို့တွင် ရာဘာပင်ကိုစိုက်ပျိုး၍ရနိုင်ကြောင်း ပြသခဲ့ပါသည်။ သူ၏သုတေသနလုပ်ငန်းကြောင့် မလေးရှားနိုင်ငံသည် ရာဘာပင်စိုက်ပျိုးထုတ်လုပ်သည့် ကမ္ဘာ နံပါတ် (၁) နိုင်ငံဖြစ်လာခဲ့ပါသည်။ အခြားအပင်ပေါင်းစုံတို့ကို အမျိုးအစားခွဲခြင်း၊ ရာသီဥတုအပေါ် အပင်တို့၏ တုန့်ပြန်မှု့၊ ခံယူမှု့တို့ကို သုတေသနလုပ်ငန်းတွေကိုလည်း လုပ်ခဲ့ကြပါသည်။

ယခုအခါ ဤဥယျာဉ်သို့လာချိန်မှာ ကျွန်တော့်စိတ်ထဲတွင် မေးခွန်းတခုပါလာခဲ့ပါသည်။ စင်္ကာပူသည် မိမိ၏ဥယျာဉ်ကို UNESCO ထိမ်းသိမ်းခံ ယဉ်ကျေးမှု့အမွေအနှစ်နေရာအဖြစ် အဘယ်ကြောင့်ပြောင်းလဲလိုပါသနည်း ဆိုသောမေးခွန်းဖြစ် သည်။

စင်္ကာပူသည် နိုင်ငံခြားချေးငွေယူသောနိုင်ငံမပာုတ်၊ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရတခုစီ၏ ၅ နှစ်တာကာလ အတွင်း ၀င်ငွေနှင့်ထွက်ငွေသည် Balanced Budget ရှိစေရမည်ပာု ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သူ၏ သစ်ခွဥယျာဉ်မှာ ၀င်ခွင့်တဦးလျှင် စင်္ကာပူ ၁၅ ဒေါ်လာပေးရသောနေရာဖြစ်သည်။ ထိုဝင်ငွေသည်ပင် ဤဥယျာဉ်ကို ထိမ်းသိမ်းထားနိုင်ပါ လိမ့်မည်။ ထို့ကြောင့် ထောက်ပံ့ငွေကိုမျှော်ကိုးပြီး UNESCO သို့လျှောက်လွှာတင်ခြင်း မဟုတ်တန်ရာပါ။

သစ်ခွဥယျာဉ်ကား အံ့မခန်းဖြစ်တော့သည်။ သစ်ခွအမျိုးပေါင်းတစ်ထောင်နှင့် မျိုးစပ်ထားသောအမျိုး ၂၀၀၀ ခန့်ရှိပါသည်။ မှန်လုံအိမ်ဖြင့်ပျိုးထားသော အပင်တွေကရှိသေးသည်။ အဖြူအ၀ါ၊ အနီရောင် ပေါင်းစုံသည်။ သစ်ခွမျိုးဆက်သစ်ကို အမည် ပေးရန်အတွက် အခွင့်အရေးကလည်း မရှားပါးပါ။ အခု SG50 ခေါ် သူတို့နိုင်ငံ လွတ်လပ်ရေးရသည့် နှစ် ၅၀ ပြည့်ခြင်း အထိမ်းအမှတ် သစ်ခွပန်းမျိုးကပေါ်နေပါပြီ။ စင်္ကာပူကိုရောက်လာကြသော နိုင်ငံခေါင်းဆောင်ကြီးများ၊ အရေးကြီး VIP ပုဂ္ဂိုလ်များအတွက် သစ်ခွပန်းသစ်တမျိုးစီကို အမည်ပေးပြီးသားတွေရှိသည်။ Dendrobium Margret Thetcher ပာူ၍လည်း ကောင်း၊ Renantanda Akihito ပာူ၍လည်းကောင်း၊ နယ်ဆင်မန်ဒဲလား၊ အင်္ဂလိပ်ဘုရင်မကြီး စသည်ဖြင့် နာမည်ပေါင်းစုံပေး တာကိုတွေ့ရသည်။ VIP အဆောက်အဦးနံရံတွင် ထိုပန်းပွင့်များ၏ဓါတ်ပုံများကိုပြထားရာ သမ္မတဦးသိန်းစိန်၏နာမည်နှင့် ပန်းပွင့်ရှိသည်ပာုကြားရဘူးသော်လည်း နံရံပေါ်မှ စာရင်းတွင်မမြင်ခဲ့ရပါ။

ဤဥယျာဉ်အတွင်းဝယ် ပန်းပင်အမျိုးပေါင်း ထောင်ချီ၍ စုံနေအောင်စိုက်ထားသော်လည်း အမှိုက်တပင်မတွေ့ခဲ့ရပါ၊ ပေါင်း ပင်တွေ ထနေတာလည်းမမြင်ခဲ့ရ ကျေးငှက်တွေအသိုက်မှ ၀ုန်းကနဲထပျံတာတွေကိုလည်း မမြင်ခဲ့ရပါ၊ ရေ၀နေသောမြေကြီး သည်  စိုပြီး မြေသြဇာပြည့်ဝနေပုံရသည်။

ရုက္ခဗေဒဥယာဉ်၏ စာကြည့်တိုက်တွင်စာအုပ် စာတမ်း လေးသောင်းကျော်၊ သစ်ပင်အမျိုးအစား ခုနှစ်သိန်း ငါးသောင်း ကျော်တို့ကို ကက်တလောက်ခွဲထားနိုင်သည်။ ကောက်ပဲသီးနှံ စိုက်ပျိုးရေးသုတေသနအတွက် ဒေသတွင်းက အားကိုးရ သော ဌာနကြီးဖြစ်လာသည်။ စင်္ကာပူကိုဥယာဉ်မြို့တော်ကြီးဖြစ်ရမည်ဟူသောအစိုးရ မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖေါ်နေပြီးမြို့တော်ကြီးတခုလုံး ပန်းပင်ပန်းခြံတို့ဖြင့် ဝေေ၀ဆာဆာ ဖြစ်လာစေရန် လိုအပ်သော သစ်ပင်ပန်းမန်တို့ကို ဖြန့်ဖြူးပေးရာ နေရာလည်းဖြစ်သည်။ တိုင်းရင်းဆေးဆိုင်ရာ အပင်များကိုလည်းစိုက်ပျိုးနေသည်။ ပန်းရနံ့များသင်းပြန့် နေသော Fragrant Garden လည်းရှိသည်။ ဂျင်း ပင်အမျိုးပေါင်း သုံးထောင်ကျော် စိုက်ပျိုးထားရာ ဂျင်းဥယျာဉ်လည်းရှိသည်။

၂၀၀၈ တွင် မိုက်ကယ်လင် ကြယ်သုံးပွင့်ဆုကို ချီးမြှင့်လိုက်သည်။ Time မဂ္ဂဇင်းကြီးက ထိုနှစ်မှာပင် စင်္ကာပူရုက္ခဗေဒ ဥယျာဉ်သည် အာရှတွင်အကောင်းဆုံး ဥယျာဉ်အဖြစ်ဖေါ်ပြခဲ့သည်။ ကနေဒါနိုင်ငံမှချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးဥယျာဉ်ဆုကိုလည်းရရှိခဲ့သည်။ Trip Advisor Website ကပေးသော အာရှတိုက်၏ အကောင်းဆုံးဥယျာဉ် ဆုကိုလည်းရရှိခဲ့သည်။
ရွက်လှပင်ရောင်စုံ၊ အရွက်စိမ်းစိမ်းဖြင့် အပြိုင်းအရိုင်း ထနေပုံ၊ သစ်ခွပန်းပေါင်းစုံရောင်စုံဖြာ၍ ပွင့်နေကြပုံတို့မှာ အံ့မခမ်းဖြစ်ပါ သည်။ ဤဥယျာဉ်ကို လူတို့လက်နှင့်ပြုပြင် ထိမ်းသိမ်းထားခြင်းမှာမြင်သူတိုင်း ငေးနေကြရသည်။ ကျွန်တော်သည် ထိုပန်းပင်များ အလယ်၌ အဘယ်မျှကြာအောင်ထိုင်နေရစေ မပျင်းမရိ ထိုင်နေမိမှာဘဲဟု တွေးမိသည်။ လူ့ယဉ်ကျေးမှုဆို သည်မှာ လူတို့၏ လက်၊ လုပ်အား တို့ဖြင့် ပြုပြင်ဖန်တီးရခြင်းပင် မဟုတ်ပါသလော၊ ဤသို့စီစီရီရီဝေနေအောင် ပွင့်သော ပန်းများကို မြင်ရသောအခါ လူတို့လုပ်အားဖြင့် ပြုပြင်ထားရခြင်း၊ ထိုအရာသည် လူ့ယဉ်ကျေးမှု ကိုထိမ်းသိမ်းခြင်း ဖြစ်သ ည်ဟု ကျွန်တော် သဘောပေါက်လာပါသည်။

(၃)
၁၉၅၄ ခုနှစ်က အီဂျစ်အစိုးရသည် အာစွမ်ဆည်ကို တည်ဆောက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။ ထိုအခါ နိုင်းမြစ်ဝှမ်း တလျောက် မြေနိမ့်ပိုင်း တွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာပစ္စည်းတွေကို ထိမ်းသိမ်းရန် ကိစ္စဖြစ်လာခဲ့သည်။ အီဂျစ်နိုင်ငံက ကုလသမဂ္ဂနှင့် နိုင်ငံပေါင်းစုံသို့ ထိုပရောဂျက် အတွက် အကူအညီ တောင်းခံခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းပစ္စယများ၊ အဆောက်အဦးများ စာရင်းပြုစုခြင်း၊ ထိမ်းသိမ်းခြင်းကိစ္စအတွက် ဒေါ်လာ သန်း ၈၀ ကုန်ကျခဲ့ပါသည်။ နိုင်ငံတကာက အကူအညီအဖြစ် သန်း ၄၀ ရရှိသည်။ သူတို့သည် ပြတိုက်သို့ ပို့သင့်သော ပစ္စည်းကိုပို့၊ ကျောင်းတော်ကြီးများကို ဖြိုချပြီး ဆောက်သင့်သည့်နေရာတွင်ပြန်ဆောက် လုပ်ကြသည်မှာ အလွန်အောင်မြင်သည့် စီမံကိန်းတရပ်ဖြစ်လာခဲ့ပါသည်။

အမေရိကန်က ကမ္ဘာယဉ်ကျေးမူ ထိမ်းသိမ်းရေးဆိုင်ရာ ရံပုံငွေ World Heritage Trust ကို ၁၉၆၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ကုလသမဂ္ဂက ၁၉၇၂ ခု နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာယဉ်ကျေးမှု ထိမ်းသိမ်းရေးဆိုင်ရာ ပဋိဥာဉ်စာတမ်းကို နိုင်ငံပေါင်းစုံ လက်မှတ်ရေးထိုးပြီး ကမ္ဘာကြီး၏ယဉ်ကျေးမူအမွေအနှစ်ဆိုင်ရာ နေရာများကိုထိမ်းသိမ်းကြရမည်ဟု ဆုံးဖြတ်ခဲ့ ကြသည်။ ၁၉၇၅ ဒီဇင်ဘာ ၁၇ ရက်မှစပြီး ထိုထိမ်းသိမ်းရေးဥပဒေမှာ အတည်ဖြစ်လာခဲ့သည်။

တနှစ်လျင်တကြိမ်သာ အစည်းဝေးထိုင်သော ဦးဆောင်ကော်မတီက ၂၀၁၅ ခု ဇူလိုင်လ ၄ရက်နေ့တွင် စင်္ကာပူ ရုက္ခဗေဒ ဥယျာဉ်ကို ကမ္ဘာယဉ်ကျေးမူဆိုင်ရာနေရာတခုအဖြစ်အတည်ပြုပေးခဲ့သည်။ ယခုအချိန်ထိ ကမ္ဘာနှင့်အ၀ှမ်း နေရာ ၁၀၃၁ ခုကို UNESCO၏ အစောင့်ရှောက်ခံ နေရာများအဖြစ် သတ်မှတ်ကြပြီးဖြစ်ပါသည်။ အီတလီတွင် ၅၁ နေရာ အိန္ဒိယတွင် ၃၂ နေရာ၊ တရုတ်ပြည်တွင် ၄၈နေရာ၊ စပိန်၊ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံတွင် နေရာ ၄၀ ခန့်စီရှိသည်။

(၄)
ရုက္ခဗေဒဥယျာဉ်ကြီးကို စင်္ကာပူအစိုးရသာပိုင်ပါသည်။ ကုလသမဂ္ဂအစောင့်ရှောက်ခံဖြစ်လာခြင်းဖြင့် ဤမြေ နေရာကို တကမ္ဘာလုံးနှင့်ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အစိုးရက အသိအမှတ်ပြုလိုက်ခြင်းသာဖြစ်ပါ သည်။ နောင်မြို့ကိုတိုးချဲ့ရန်ဖြစ်လာသည်ဆိုစေ ဤနေရာ ဤသစ်တောကိုမူ မူလပုံစံမပျက် ထိမ်းသိမ်းကြပါမည်ဟု ဆန္ဒပြုလိုက်ကြခြင်းသာဖြစ်ပါ ၏။ နိုင်ငံတကာမှ ဗဟုသုတ အတတ်ပညာ ဖလှယ်ခြင်းအလုပ်သည် ကုလသမဂ္ဂအစီအစဉ်ဖြင့် ရောက်လာကြမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမို လုပ်ဆောင်လာကြတော့မည်ဖြစ်သည်။

စင်္ကာပူနိုင်ငံသည် ၀န်ထမ်းများ၏၀န်ဆောင်မှု (Service Sector) ကို တန်ဘိုးထားရာနိုင်ငံဖြစ်သည်။ ၀န်ထမ်းများသည် မိမိကျရာနေရာ၌ မခိုမကပ်တာဝန်ကျေပွန်ကြသူများဖြစ်ကြသည်။ ဥယျာဉ်ကြီး၏ သန့်ရှင်း သပ်ရပ်မှုကို စနစ်တကျဖြစ်မှုတို့ကို တွေ့ကြရခြင်းမှာ ထိုဝန်ဆောင်မှုကောင်းခြင်း၏သဘောလည်းဖြစ်ပါသည်။ ကုလသမဂ္ဂ စောင့်ရှောက်ခံဖြစ်လာသောအခါ ပိုမို၍ တိုးတက်ခေတ်မှီလာရန်သာ အကြောင်းရှိပါတော့သည်။

ကိုသန်းလွင်

ကာတွန်း မောင်မောင်ဖောင်တိန် - ရှာရ၊ ဆယ်ရ၊ မလွယ်လှ


ကာတွန်း မောင်မောင်ဖောင်တိန် - ရှာရ၊ ဆယ်ရ၊ မလွယ်လှ
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

လူထု ဒေါ်အမာ - လွမ်းပါဘိတယ် ရေးဖော်မကြီးရယ်

လူထု ဒေါ်အမာ - လွမ်းပါဘိတယ် ရေးဖော်မကြီးရယ်
(မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၅

ကိုင်း - ပြောလိုက်စမ်းမယ်၊ သောင်းပြောင်းထွေလာ။

ကျွန်မသမီး စာအုပ်ဆိုင်ထဲမှာ “ကိုင်း - ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” ဆိုတဲ့ စာအုပ်ကလေး ရောက်လာတာ တွေ့လိုက်တော့  အဖုံးပေါ်က ဒေါ်ခင်မျိုးချစ်ပုံကလေးကို မြင်လိုက်ရတာ၊ သူ့ကို ရုတ်တရက် တကယ်ပဲ တွေ့လိုက်ရသလို ဝမ်းသာသွားမိတယ်။

ဒါကြောင့် မနေနိုင် မထိုင်နိုင် အဲဒီစာအုပ်ကလေးဆွဲယူပြီး အဖုံးကဓာတ်ပုံကို အကြာကြီး အလွမ်းပြေ ကြည့်နေမိတယ်။

သြော်- အနိစ္စ၊ အနိစ္စ။ လင်ရော မယားရော မရှိရှာကြတော့ဘူးလေ။ ဖြစ်ရပုံများ ဦးခင်မောင်လတ်ကြီးက သူ့အရင် ကွယ် လွန်ရှာသတဲ့။

ကျွန်မက ဦးခင်မောင်လတ်ကို ဒေါ်ခင်မျိုးချစ်အရင် သူတို့ချင်း မသိခင်ကတည်းက သိတယ်ထင်ပါတယ်။ သူက မုံရွာသား၊ သူနဲ့ကျွန်မက ကျောင်းနေဖက်သူငယ်ချင်း။ ကျွန်မတို့ မန္တလေး (၁၀) တန်းအောင်တဲ့နှစ်မှာ သူကလည်း မုံရွာက (၁၀) တန်း အောင်ခဲ့ပြီး မန္တလေး ဥပစာကောလိပ်မှာ လာဆုံကြတယ်။ ၁၉၃၃ - ၃၄ - ၃၅ ခု များမှာပေါ့။

သူ့နာမည်ကို မသိပါဘူး။ တစ်ကျောင်းလုံးက သူ့ကို “အရှည်ကြီး” လို့ ခေါ်ကြတော့ ကျွန်မတို့ကလည်း  “အရှည်ကြီး” လို့ ပေါ့။ လူက ပိန်ပိန်ရှည်ရှည်ကြီးကိုး။ ပြီးတော့ အင်္ဂလိပ်စာတော်တယ်ဆိုတဲ့ သူ့သတင်းက ဥပစာ ပထမနှစ်မှာပဲ ထွက်နေတဲ့ သတင်း။ အဲဒီတော့ ဒီလိုလူကို ကျွန်မတို့က ဘယ်အလကားထားနိုင်ပါ့မလဲ။ မှတ်စုတွေ ဝိုင်းအရေးခိုင်းကြတာပေါ့။ အရှည် ကြီးက ဘာခိုင်းခိုင်း ရယ်ဖြဲ ရယ်ဖြဲနဲ့ ညတွင်းချင်းလုပ်ပေးတာပဲ။ နောက်မနက်ဆိုရင် သူ့ဆီက အင်္ဂလိပ်လိုရေးလာတဲ့  မှတ်စုရတာပဲ။ သူလာတဲ့အခါ တခြားကျောင်းသားတွေက “မိုးထိအောင် လှေကားထောင် အရှည်ကြီး၊ အရှည်ကြီး” နဲ့ ဝိုင်း သံချပ်ထိုးကြတာပဲ။ အဲဒီတော့လည်း သူက ရယ်နေတာပဲ။

ဦးလှနဲ့ ဒေါ်ခင်မျိုးချစ်တို့ကလည်း ကျွန်မနဲ့ဦးလှ မသိခင်ကတည်းက အသိအကျွမ်းဖြစ်နေကြပါတယ်။  ကျွန်မလည်း နေရှင် နယ်ကျောင်းထွက်၊ သူလည်း နေရှင်နယ်ကျောင်းထွက်။ ဒါပေမယ့် သူနဲ့ကျွန်မ ဘယ်ကျောင်းမှာမှ မတွေ့ခဲ့ဖူးဘူး။ ဦးလှနဲ့ ကျတော့ ဒေါ်ခင်မျိုးချစ်က ရန်ကုန်မှာ လူငယ်များ ကြီးပွားရေးအသင်းကကျင်းပတဲ့ စကားရည်လုပွဲတစ်ခုမှာ ဒေါ်ခင်မျိုးချစ် ဝင်စကားပြောတဲ့ဓာက်ပုံ ကျွန်မဆီမှာ ရှိတယ်လေ။ ဦးလှယူလာတဲ့ ဓာတ်ပုံပေါ့။

ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့ အိမ်ထောင်ပြုကြတာ ကျွန်မတို့နဲ့ တစ်နှစ်တည်းပါပဲ။ သူတို့နှစ်ယောက်နဲ့ ကျွန်မတို့နှစ် ယောက် ကျင်လည်ကြတဲ့ ဘဝတွေက တစ်ဦးနဲ့တစ်ဦး ဝေးကြတာမှ မဟုတ်ဘဲကလား။ အဲဒီတော့ နဂိုက ခင်မင်ရင်းစွဲတွေမို့ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုက အလိုလို ဖြစ်လာတော့တာပေါ့။

ကျွန်မ မှတ်မိသေးတယ်။ တစ်ခါတော့ သူတို့လင်မယား မန္တလေးကိုလာကြတယ်။ ကျွန်မတို့က ထမင်းကျွေးတော့ ကျွန်မ ကျွေးတဲ့ ဟင်းစပ်က ထမင်းမြိန်ကြလွန်းလို့တဲ့၊ ထမင်းစားပြီးတဲ့အခါ လင်မယားနှစ်ယောက် ထိုင်မနေနိုင်လို့ အိမ်ပေါ်မှာ လမ်းလျှောက်နေကြရတယ်။ ကျွန်မက ဘာနဲ့ကျွေးတာလဲ မေးပါဦး။ နှမ်းဖတ်ချဉ်သုပ်နဲ့ ဘူးသီးနဲ့ ကြက်သားပြွန်း ဟင်းနဲ့ပါ။ ဒီထမင်းစားပွဲအပြီးမှာ သူတို့ကလည်း ပြောလို့မဆုံး၊ ဝမ်းသာလို့မပြီး၊ ကျွန်မတို့ကလည်း ပျော်လို့ရွင်လို့၊ နောက် လာခဲ့ကြဦး နော်လို့ မှာရတာ အထပ်ထပ်။

ဒေါ်ခင်မျိုးချစ်ပန်းခြံထဲမှာ ပန်းပင်တွေနှိုက်ရင်းနဲ့ တစ်နေ့တော့ ပိုးကောင်တစ်ကောင်က မျက်နှာကို ဝင်ကိုက်သွားလို့တဲ့။ သူ့ မျက်နှာ နီပြီး ရောင်နေရစ်တယ်။ အဲဒီပိုးကိုက်ရာဟာ မပျောက်ဘဲနဲ့ တစ်နေ့တစ်ခြား ဆိုးဝါးလာလိုက်တာ အနာကြီးရောဂါနဲ့ တူတူလာပြီး ဒီရောဂါဟာ သေရာပါရှာပါရောလား။

သူ မကျန်းမာနေတော့လည်း ကျွန်မက လူကြုံရှိရင် သူကြိုက်တဲ့ အညာစာ၊ မန္တလေးစာကလေးတွေကို ထည့်ထည့်ပို့တယ်။ ပို့တိုင်း သူ့ဆီက စားလို့ဘယ်လိုကောင်းတာ၊ ဘယ်လိုမြိန်တာဆိုတဲ့ သတင်းရတယ်။ သူ့မွေးနေ့ဆိုရင်လည်း ကျွန်မက လူမ သွားနိုင်ပေမယ့် သူ့ဆီကို သတိတရ စာအမြဲတမ်းရေးတယ်။ သူ့စာအုပ်ထွက်ရင် ဘာထွက်ထွက် ကျွန်မတို့ဆီကို အမှတ်တရ သူကပေးသလို၊ ကျွန်မတို့ကလည်း စာအုပ်ထွက်ရင် သူတို့လင်မယားကို မမေ့ဘူး၊ ပို့တာချည်းပါ။

ဒေါ်ခင်မျိုးချစ် အိပ်ရာကျောကပ်ဖြစ်တာ တော်တော်ကြာပါပြီ။ အဲဒီကာလအတွင်း ကျွန်မ သူ့ဆီကို သုံး ခေါက်ပဲရောက်ပါတယ်။ ရောက်တဲ့အခေါက်တိုင်း သူ့ကြည့်ရတာ နာလန်ပြန်ထူမယ် မထင်ဘူးလို့ အောက်မေ့ ခဲ့တာချည်းပဲ။ ဦးခင်မောင်လတ်ကတော့ ကျန်းလည်းကျန်းမာတယ်။ သူ့ဇနီးကိုလည်း ကြင်ကြင်နာနာ စိတ်ရှည် လက်ရှည် ပြုစုရှာတယ်။ တစ်နေ့တော့ လူမမာကို ပြုစုနေတဲ့ ဦးခင်မောင်လတ် ရုတ်တရက် ဆုံးသွားတယ်လို့ သတင်းကြားရတော့ ကျွန်မကို အံ့သြလို့။ လူ့ဘဝဆိုတာများ ဆန်းလိုက်တာ။ မထင်တာလဲ ဖြစ်တာပဲနော်လို့လည်း အောက်မေ့မိတယ်။ ပြီးတော့ ယဲ့ယဲ့ရှိရှာတဲ့ ဒေါ်ခင်မျိုးချစ်တစ် ယောက်တော့ ကြွေရှာတော့မယ်လို့ အောက်မေ့ပြီး သူ့သတင်းကို မကြားချင်ပေမယ့် ကြားရခါနီးပြီလို့ ထင်ခဲ့တယ်။

အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက် ရှိကြရင် တစ်ယောက်သေမင်းနောက်လိုက်သွားရရင် ကျန်တစ်ယောက်က ကြာကြာအသက်ရှည်ပြီး ကျန်မနေရစ်တက်ဘူး။ ကျန်းမာရေးကောင်းနေသေးတယ်ဆိုပေမယ့် စိတ်ဓာတ်ကျပြီး သေရာ လိုက်ကြတာပဲ။ ကြာကြာတစ်ယောက်တည်း မနေရစ်တက်ဘူး။ ဒါကြောင့် မမာနေရှာတဲ့  ဒေါ်ခင်မျိုးချစ်အတွက် ကျွန်မက ကြောင့်ကြတယ်။

နို့ပေမယ့် ဒီလူမမာက အသည်းမာလိုက်တာ၊ အံ့မခန်းလိလိ။ ဦးခင်မောင်လတ် ဆုံးပြီးတဲ့နောက် နှစ်နှစ်ကျော် သူက အ သက်ရှည်နေပါသေးတယ်။ ဒါကြောင့် ဒေါ်ခင်မျိုးချစ်လို စိတ်ဓာတ်မာတဲ့အမျိုးသမီးကတော့ ရှာမှ ရှားပါပဲလို့ လက်ဖျားခါ မိပါတယ်။

ကျွန်မကို ဂျပန်ပြည်ရောက် မြန်မာအမျိုးသားတွေက ၁၉၉၈ ခု တုန်းက ကန်တော့ခဲ့သလို သူတို့က “ဒီ ၁၉၉၉ ခုနှစ်မှာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ကျွန်တော်တို့က ကန်တော့မှာ။ ဒါကြောင့် ဆရာမကြီး ကျန်းမာအောင်၊ အသက်ရှည် အောင်နေပါလို့ ပြောပေးပါ” လို့ မှာပါတယ်။ သူတို့ပြောလို့ ကျွန်မက ၁၉၉၈ ခုမကုန်ခင်တုန်းက ဒေါ်ခင်မျိုးချစ်ဆီကို ဒီ သတင်းပို့တယ်။ သူ အကန်တော့ခံရမှာပဲ။ မမာပေမယ့် အိပ်ရာပေါ်ကနေပြီး အကန်တော့ခံမှာပဲလို့လည်း ထင်တယ်။ နို့ပေမယ့် ၁၉၉၉ ခု နှစ်ဆန်း (၂) ရက်နေ့မှာ သူက ကွယ်လွန်သွားရှာတယ်။

သူဆုံးပြီးဆိုတော့ ရေးဖော်မကြီးတစ်ယောက် ဘဝနိဂုံး အဆုံးသတ်သွားရှာပြီကောလို့ နှမြောလိုက် တာ။ နှမြောတယ်ဆိုတာ ရိုးရိုးနှမြောတာအပြင် သူရေးတဲ့လိုင်း ကိုယ်မရေးနို်င်တာမို့ ပိုပြီး နှမြောရပါတယ်။   အင်္ဂလိပ်လို လူတန်းစေ့အောင် ရေးနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်မို့ သာလို့ နှမြောမိပါသေးတယ်။

ခု သူသောင်းပြောင်းထွေလာမှာရေးခဲ့တဲ့ ဆောင်းပါးတချို့ စုပေါင်းပြီး စာအုပ်ကလေးလုပ်ထားလို့ အလွမ်းပြေ ဖတ်ကြည့် လိုက်တော့ သူနဲ့ကျွန်မနဲ့ လူချင်းတစ်ခါ ပြန်ဆုံကြပြီး သူပြောနေတာတွေ နားထောင်ရသလို သူ့ဆောင်းပါးတွေက သူ့အ သံတွေ ထွက်နေတယ်လေ။

သူ့ဆောင်းပါးတွေထဲမှာ ကျွန်မတို့ မြန်မာတွေ အင်္ဂလိပ်စာသင်ကြပေမယ့် သင်တဲ့လူတိုင်း တတ်ကြတာမဟုတ်ဘူး၊ တကယ် တတ်ချင်ရင် ဘယ်လိုသင်ကြဆိုတဲ့ အကြံပြုချက်တွေပါတယ်။ သူ့အကြံပြုချက်တွေက တကယ်အဖိုးတန်တာတွေပါ။ ဒါ ကြောင့် လူငယ်လူရွယ်တွေ အင်္ဂလိပ်စာကို အဲဒီလို နည်းမှန်မှန် လမ်းမှန်မှန် သင်ယူတတ်အောင် ကျောင်းသားလူငယ်တိုင်း ဖတ်သင့်ပါတယ်။

ဒေါ်ခင်မျိုးချစ်က မြန်မာစာကိုလည်း တကယ်ဖတ်ခဲ့၊ တကယ်ကျက်ခဲ့တဲ့ အမျိုးသမီးကြီး၊ စာရေးချင်ရင် စာဖတ်လို့ သူပြောတဲ့ ဆောင်းပါးတွေ တကယ်အဖိုးတန်ပါတယ်။

ဒီခေတ်လူငယ်တွေက နိုင်ငံခြားက စာပေအကြောင်းတွေကို ပြောတတ် ရေးတတ်မှ ခေတ်မီတယ်၊ စတိုင်ကျတယ်၊ လူရာ ဝင်တယ် ထင်နေကြတာ၊ နိုင်ငံခြားစားရေးဆရာ၊ ကဗျာဆရာတွေရဲ့ နာမည်တွေကို တည့် ရေးနိုင်ရင် ကောင်းတယ် ထင်ကြတယ်။ ကိုယ့်မြန်မာစာရဲ့ တည်ဆောက်ပြီးသားရှိတဲ့ အမျိုးသားစာပေ အဆောက်အအုံနဲ့ ပတ်သက်လို့ စမ်းတဝါးဝါး ရှိသူက ရှိတယ်၊ ဘာမှန်းကို မသိတယ်လူက မသိဘူး။ ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်စာ အရေးကောင်းတဲ့ စာရေးဆရာမ ကြီးသာဖြစ်တယ်။ ကိုးခန်းပျို့ကို ထုံးလိုချေ ရေလိုနှောက်ထားတာ။ ကိုယ့်မူလဘူတဟာ ဘာမှန်းမသိဘဲနဲ့ သူများကိုသာ အထင်ကြီးနေရင် ကိုယ်ကိုယ်တိုင်က အခြေမခိုင်တာမို့ ခိုင်မြဲတဲ့အလှကို မဖန်တီးနိုင်ပါဘူး။

ဒေါ်ခင်မျိုးချစ် သောင်းပြောင်းထွေလာမှာ ရေးသွားတဲ့ ဆောင်းပါးတွေကို လူငယ်တွေ များများဖတ်စေချင်လှပါတယ်။

သူ့လက်ရာကလေးတွေ စာအုပ်မဖြစ်သေးတာ ကျန်ပါသေးတယ်၊ အများကြီး။ အဲဒါကို သားခင်မောင်ဝင်းနဲ့ သမီး မိမိတို့က စုဆောင်းပြီး စာအုပ်ကလေးတွေဖြစ်လာအောင် ကြိုးစားကြပါဦးလို့ တိုက်တွန်းပါတယ်။

ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ဟာ လူကောင်းသူကောင်းတွေမို့ ကောင်းရာသုဂတိ လားကြမှာပါ။ ကြုံကြိုက်ရင် မြန်မာ ပြည်သူတွေရဲ့ ပညာအရည်အချင်း မြင့်မားရေးအတွက် ဆက်လက်ရွက်ဆောင်ပေးကြပါဦးလို့ ပန်ကြားချင်ပါတယ်။