Independence Day stamps

မလွတ်လပ်သော လွတ်လပ်ရေး (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
ဇန်န၀ါရီ ၄၊ ၂၀၀၉

          “လွတ်လပ်ရေးနေ့တော့ တကျော့ပြန်ရောက်လာပြန်ပြီ ငါ့တူရေ့။ မင်းတို့ ငါတို့ အသက် ၁ နှစ် ပိုကြီးလာသလိုပဲ၊ တို့တိုင်းပြည်ရဲ့ အသက်လည်း ၁ နှစ် ပိုပြီး ကြီးလာပြန်ပြီပေါ့။ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်လူမျိုးရဲ့ အချုပ်အခြာ အာဏာတွေ ကိုယ့်လက်ထဲ ပြန်ရဖို့ ကျွန်ဘ၀အောက်က အတင်းရုန်းထွက်ပြီး ဒီလွတ်လပ်ရေးကို ထိုက်ထိုက်တန်တန် ရခဲ့ကြတာမဟုတ်လား။ အေး ... အဲဒီလောက် တန်ဖိုးထားရတဲ့ လွတ်လပ်ရေး ဆိုတာကြီးကို အခု ပြန်ကြည့်လိုက်တော့ ဟင်း .. ရင်လေးပါရဲ့ကွာ”
          “ကဲပါ ဦးလေးရာ၊ ကျနော်တို့ လူငယ်တွေကို စိတ်ပျက်အောင် မလုပ်ပါနဲ့။ တစ်လ တစ်ခါလောက်ကလေး တွေ့ရတာကို”
          “အေးပါကွာ၊ ငါ့တူ ပြောတာ မှန်ပါတယ်။ နိုးနိုးကြားကြား တက်တက်ကြွကြွ ရှိနေဖို့ မင်းတို့ကို အမြဲတမ်း ဦးလေးပြောခဲ့တာ ပြန်သတိရပါပြီ။ ကဲ .. ကဲ.. လာရင်းကိစ္စဖြစ်တဲ့ တံဆိပ်ခေါင်းတွေကို ပြပါ့မယ်။ တို့နိုင်ငံက ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်နော်။ ဒါပေမယ့် အထိမ်းအမှတ် တံဆိပ်ခေါင်းတွေကိုတော့ (၂ ရက်နောက်ကျပြီး) ဇန်န၀ါရီ ၆ ရက်နေ့မှာမှ ထုတ်ဝေနိုင်ခဲ့တယ်။ ဗိုလ်ချုပ်ပုံနဲ့ ၅ လုံး ထုတ်ခဲ့တာကို ဟောဒီမှာ ကြည့်။ ငါ့တူ သေသေချာချာ ကြည့်နော်။ ပြီးတော့ ဘာတွေ တွေ့လဲ။ ရှင်းရှင်း ပြောရရင်ကွာ.. ဘာအမှားတွေ တွေ့သလဲ။ ဦးလေးကို ပြောပြစမ်း”

ပုံ(၁)
၁၉၄၈ ဇန်န၀ါရီ ၆ ရက်နေ့ထုတ် လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း ၅ လုံး
ဒီဇိုင်း - A.G.I Mc Geogh
ပုံနှိပ် - Thomas De La Rue & Co. Ltd., UK.


ပုံ(၂)
First Day Cover

          “၂ ရက် နောက်ကျပြီးမှ ထုတ်ဝေတာကိုတော့ ဦးလေးပြောလို့ အခုသိရပါပြီ။ နောက်တခု ကျနော် ဒီမှာတွေ့တာက ဗမာအက္ခရာ စာလုံးတွေ မပါတာပဲ”
          “အေး ငါ့တူပြောတာ မှန်တယ်ကွ။ မြန်မာပြည်မြေပုံ၊ ခြင်္သေ့ပုံတွေ ပါတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဗမာစာလုံး၊ ဗမာအက္ခရာတွေ မပါဘူး။ Burma Postage ဆိုတာပဲ ပါတယ်။
          ‘ဗမာပြည်သည် .. တို့ပြည်၊
          ဗမာစာသည် .. တို့စာ၊
          ဗမာစကားသည် .. တို့စကား၊
          ဗမာပြည်ကို - ချစ်ပါ။
          ဗမာစာကို - ချီးမြှင့်ပါ။
          ဗမာစကားကို - လေးစားပါ’ ဆိုတဲ့ တချိန်တုန်းက ‘တို့ဗမာအစည်းအရုံး’ရဲ့ တိုက်တွန်းကြွေးကြော်သံတွေ၊ သခင်စိတ် ၀ံသာနု မျိုးချစ်စိတ်တွေနဲ့ သန္ဓေတည် ပေါက်ဖွားပြီး သွေး ချွေးတွေနဲ့ ရင်းခဲ့ရတဲ့ လွတ်လပ်ရေးလည်း ရရော .. ဒီအထိမ်းအမှတ် တံဆိပ်ခေါင်းမှာ ဗမာစာလုံး၊ ဗမာအက္ခရာလေး တလုံးတလေမှ မပါတာ ရင်ထဲမှာ ဆို့မသွားဘူးလားကွာ။ ဟင်”
          “အင်းနော် .. ဟုတ်သားပဲ ဦးလေး”
          “ဟုတ်သားပဲ ဆိုပြီး ပြီးပြီးပျောက်ပျောက် မလုပ်ပစ်ကြပါနဲ့ကွာ။ မင်းတို့ လက်ထက်မှာ အဲဒါတွေ ပြင်ကြရမှာကွ။ ဒါကြောင့် ဦးလေးက တခုတ်တရ အပင်ပန်းခံပြီး ပြောနေရတာပေါ့”
          “ဟောဒီ ညာဘက်ထောင့်တွေမှာတော့ တံဆိပ်ခေါင်းရဲ့တန်ဖိုး ‘၆ ပိုင်’၊ ‘၈ ပဲ’ စတာတွေတော့ ရေးထားသားပဲ ဦးလေးရ”
          “အေးပေါ့ကွာ။ အဲဒီ ဗမာဂဏန်း တန်ဖိုးတွေ ပါနေသေးလို့ တော်သေးတာပေါ့။ နောက် ၁ နှစ်မြောက်တဲ့ ၁၉၄၉ ခုနှစ် လွတ်လပ်ရေးနေ့မှာတော့ ဒီဇိုင်း ၁၁ မျိုးနဲ့ တံဆိပ်ခေါင်း ၁၄ လုံးကို ဝေေ၀ဆာဆာ ထုတ်နိုင်ခဲ့တယ်။ ပုံ (၃) မှာ ကြည့်။ ဒီတခါတော့ ဗမာအငွေ့အသက်တွေ အများကြီး ပါလာပြီကွ”
          “ဟုတ်တယ်နော် ဦးလေး။ မင်းကွန်းခေါင်းလောင်းရော၊ ခြင်းခတ်နေတာတွေရော စုံလို့ပါလား။ ဟင်္သာရော၊ ကနုတ်ပန်းတွေနဲ့ရော”
          “အေး ... အထူးခြားဆုံးကတော့ သီဟာသနပလ္လင်ကြီးပဲ။ အဲဒီ ပလ္လင်ကြီးကို အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းပြီးတဲ့အချိန် မန္တလေးနန်းတော်ထဲကနေ အင်္ဂလန်ကို မ သွားတာ။ လွတ်လပ်ရေး ရပြီး ၂ လလောက် အကြာမှာမှ မြန်မာပြည်ကို ပြန်ပို့ပေးခဲ့တာကွ”




ပုံ(၃)
၁ နှစ်မြောက် လွတ်လပ်ရေးနေ့ - ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်း ၁၄ လုံး
ဒီဇိုင်း - ?
ပုံနှိပ် - Thomas De La Rue & Co. Ltd., UK.

          “တိုင်းပြည်ကလည်း လွတ်လပ်၊ သီဟာသန ပလ္လင်ကြီးလည်း ပြန်ရ ဆိုတော့ တံဆိပါခေါင်း ဒီဇိုင်းအဖြစ် သုံးထားတာ အလွန် ချီးကျူးစရာကောင်းတဲ့ အကြံပေါ့ကွာ။ ဒီ ပုံ (၄) နဲ့ (၅) ကတော့ ၅ နှစ်မြောက်အဖြစ် ထုတ်ခဲ့တာတွေ”

ပုံ(၄)
၁၉၅၃ ခုနှစ် ( ၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့)ထုတ် တံဆိပ်ခေါင်း ၃ မျိုး



ပုံ(၅)
First Day Cover

          “ပြည်တော်သာ၊ ၀တ်စား - ကြောင့်ကြ၊ သောက - ကင်းဝေး၊ နေထိုင်ရေး ဆိုပါလား ဦလေးရဲ့”
          “အေး .. ‘ပြည်တော်သာ’ ဆိုတာကတော့ အဲဒီတုန်းက ၀န်ကြီးချုပ် ဦးနုရဲ့ တိုင်းပြည်ထူထောင်ရေး စီမံကိန်းရဲ့ အမည်ကွ။ ၁၉၅၂ ခုနှစ် လောက်ကပေါ့ကွာ။ ‘ပြည်တော်သာစီမံကိန်း’ အကောင်အထည်ဖော်တာနဲ့ ၅ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ ပေါင်းပြီး တံဆိပ်ခေါင်း ထုတ်လိုက်တာပေါ့။ ‘ကျပ်၊ ပဲ၊ ပိုင်’ ဆိုတဲ့ ငွေကြေးစနစ်ကနေ အခု တို့သုံးနေတဲ့ ‘ပြား ၁၀၀ - တစ်ကျပ်’ စနစ်ကိုလည်း ပြောင်းသွားပြီ။ အဲဒါတင်မက ဒီမှာ လွတ်လပ်ရေးကျောက်တိုင်လည်း ပါလာပြီကွ။ ငါ့တူ တွေ့တယ်မဟုတ်လား”
          “ဟုတ်တယ်နော် ဦးလေး”
          “အေး .. လွတ်လပ်ရေးကျောက်တိုင်ကို လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ (တရက်တည်းမှာ) အုတ်မြစ်ချခဲ့တာ။ အဲဒီတုန်းက ၀န်ကြီးချုပ် ဦးနုက အုတ်မြစ်ချခဲ့ပြီး ၁၉၅၀ နိုဝင်ဘာ ၂၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတ စောရွှေသိုက်က ဖွင့်ပေးခဲ့တယ်။ ကောင်းကင်ပေါ်က ကြည့်ရင် အလယ်က ကြယ်အကြီးကြီးကို ဘေးက ကြယ်ကလေး ၅ လုံးက ခြံရံနေတဲ့ပုံ မြင်ရအောင် ဒီဇိုင်း ဆွဲခဲ့ကြတာကွ။ ဒါနဲ့ အဲဒီ လွတ်လပ်ရေးကျောက်တိုင်ရဲ့ ပတ်ပတ်လည်မှာ ဘာတွေ ကမ္ပည်းထိုး ရေးထားသလဲ ဆိုတာရော ငါ့တူသိသလား”
          “ဟင့်အင်း .. မသိဘူး ဦးလေး”
          “သိရော သိသင့်တယ်၊ မထင်ဘူးလား”
          “ဟာ .. သိပ်သိသင့်တာပေါ့ ဦးလေးရ။ ဘယ့်နှယ် .. ကိုယ့်တိုင်းပြည်ရဲ့ တကယ့်အရေးကြီးတဲ့ လွတ်လပ်ရေး ကမ္ပည်းကျောက်တိုင်ကြီးပဲဥစ္စာ”
          “အေး ... တတိုင်းပြည်လုံး သိရအောင် သတင်းစာတွေ၊ ဂျာနယ်တွေကတဆင့် ဖော်ပြပေးပါဗျို့လို့ အယ်ဒီတာတွေ၊ သတင်းထောက်တွေဆီကို စာရေးကြည့်ပါလား။ ဘယ်လိုလဲ။ လွတ်လပ်ရေးနေ့ အထူးထုတ် (အချပ်ပို) အနေနဲ့လေ”
          “ဟဲ ဟဲ ဦးလေးကလည်း ကျနော့်ကို ကျားမြီးဆွဲခိုင်းနေပြန်ပါပြီ”
          “ကဲ ကဲ .. ၆ နှစ်မြောက်မှာတော့ ပထမအကြိမ်က ထုတ်ခဲ့တာတွေကို (၁၉၄၉ က တံဆိပ်ခေါင်းတွေကို) အရောင်ပြောင်း၊ တန်ဖိုးပြောင်းပြီး ထုတ်ခဲ့တာပဲ။ ပုံ(၆) မှာ ကြည့်”


ပုံ(၆)
၁၉၅၄ ခုနှစ် (၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့)ထုတ် တံဆိပ်ခေါင်း (၁၄ မျိုး)

ပုံ(၇)
၁၉၆၈ ခုနှစ် (နှစ် ၂၀ ပြည့် လွတ်လပ်ရေးနေ့) အထိမ်းအမှတ် တံဆိပ်ခေါင်း

ပုံ(၈)
၁၉၉၂ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့ထုတ် တံဆိပ်ခေါင်း ၂ မျိုး
(မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဦးတည်ချက်ဖြင့်)
ဒီဇိုင်း - ၅၀ ပြား (ဦးခင်သိန်း)၊ ၂ ကျပ် (ဦးနန်းဝင်း)



ပုံ (၉)
၁၉၉၈ ခုနှစ် (နှစ် ၅၀ ပြည့် လွတ်လပ်ရေးနေ့) အထိမ်းအမှတ် တံဆိပ်ခေါင်း




ပုံ (၁၀)
၂၀၀၀ ပြည့်နှစ် (၅၂ နှစ်မြောက် လွတ်လပ်ရေးနေ့) အထိမ်းအမှတ် တံဆိပ်ခေါင်း


ပုံ (၁၁)
၂၀၀၁ ခုနှစ် (၅၃ နှစ်မြောက် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း

ပုံ (၁၂)
၂၀၀၂ ခုနှစ် (၅၄ နှစ်မြောက် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း


ပုံ (၁၃)
၂၀၀၃ ခုနှစ် (၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း


ပုံ (၁၄)  ပုံ (၁၅)
၂၀၀၇ ခုနှစ် (၅၉ နှစ်မြောက် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း ၂ မျိုး
(အင်္ဂလိပ်လို စာလုံးပေါင်းထားသော နေပြည်တော်)






ပုံ (၁၆)  ပုံ (၁၇)
၂၀၀၈ ခုနှစ် (နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း ၂ မျိုး


ပုံ (၁၈)     ပုံ (၁၉)
၂၀၀၉ ခုနှစ် (၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့) တံဆိပ်ခေါင်း ၂ မျိုး

          “အေး .. လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေတော့ ဒါ အကုန်ပဲကွာ”
          “ခုလို အားပါးတရ တထိုင်တည်း ကြည့်လိုက်ရတော့ အရသာရှိလိုက်တာ ဦးလေးရာ”
          “နေဦး .. နေဦး ‘ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား’ ဆိုတာနဲ့ စကားစပ်မိပြီး ငါ့တူကို ပြစရာ ရှိသေးတယ်။ ဟောဒီ တံဆိပ်ခေါင်းတွေကို ကြည့်စမ်း။ ဗမာစာ ဗမာဂဏန်း တစ်လုံးမှ မပါဘူးကွ”



ပုံ (၂၀)       - ၂၀၀၄  

ပုံ (၂၁) - ၂၀၀၄


ပုံ (၂၂)     - ၂၀၀၄    



ပုံ (၂၃) - ၂၀၀၇


ပုံ (၂၄)   ၂၀၀၈



ပုံ (၂၅) ၂၀၀၉

          “ဟင် ... ဘယ်လိုဖြစ်ကုန်တာလဲ ဦးလေး။ ဗမာစာ ဗမာဂဏန်း တစ်လုံးမှ မပါတော့ အင်္ဂလိပ်စာ မတတ်တဲ့သူတွေ ဘယ်လိုလုပ် တံဆိပ်ခေါင်း ကပ်မလဲ။ ဘယ်လိုလုပ် စာပို့လို့ ရတော့မလဲ”
          “အဲဒါတွေ ပြောနေရတာပေါ့ကွ။ မင်းတို့ခေတ် ရောက်ရင် အဲဒီလိုတွေ မဖြစ်စေနဲ့ လို့။ ခုတော့ကွာ အမြင်မတော်တာတွေချည်းပဲ။ ဒီမှာကြည့်စမ်းပါဦးကွာ၊ တို့တတွေရဲ့ ရှေးနေပြည်တော် မန္တလေးမြို့ရဲ့ ပြက္ခဒိန်တဲ့။ တရုတ်စာတွေနဲ့လေ။ အေး ... ဒီအတိုင်း ဆက်သွားလို့ကတော့ မကြာခင်မှာ တို့လည်း တံဆိပ်ခေါင်းကို တရုတ်လို ရိုက်ထုတ်ရတော့မယ်”

Comments