2 Burmese Literature Talk in Singapore - Letter from Singapore

စာပေဟောပြောပွဲတွေ စ လုံးမှာ ၂ ပွဲ စင်ပြိုင် ကြည့်ကြရတော့မယ်
မိုးမခစာဖတ်သူတဦး စင်္ကာပူ
မတ် ၁၉၊ ၂၀၁၁
မိုးမခက နွားကျောင်းသားတွေဆီကို စာရေးလိုက်တယ်။ ပြီးတော့ အီးမေးက လက်ခံရရှိတဲ့ စင်္ကာပူက သဇင်မဂ္ဂဇင်းအယ်ဒီတာ ဆရာကောင်းမြတ်နွယ်ရဲ့ ဖြေရှင်းချက်ပေးစာကိုလည်း ပေးလိုက်တယ်။ အများဖတ်သင့်တယ် ထင်ရင် ထည့်ပေးပါ။ အခြားတဖက်က အဖွဲ့တွေကလည်း ဘာပြောချင်မလဲ မသိဘူး။ ပြန်ပြောလာရင်လည်း ထည့်ပေးပါ။ သို့မဟုတ် စိတ်ဝင်စားသူများ သတင်းတိုက်ရိုက်မေးနိုင်ရန် လိပ်စာများ ထည့်ပေးလိုက်ပါ။ ပြောချင်တာက စင်္ကာပူမှာ စာပေဟောပြောပွဲ ၂ ပွဲ အပြိုင်နွှဲကြမယ်။ ခင်ဗျားတို့က ကြော်ငြာထည့်လိုက်တယ်။ ကျနော်တို့လည်း စိတ်ဝင်စားသွားတယ်။
စာပေဟောပြောပွဲစီစဉ်သူတွေ ၂ ဖွဲ့ကွဲတော့ ဘာဖြစ်သလဲ။ ပရိသတ်က ၂ ပွဲ ကြည့်ရတာပေါ့လို့ အကောင်းမြင်လိုက်ပါတယ်။ ပြီင်္းတော့ အသင်းအဖွဲ့တွေ လှုပ်ရှားမှုတွေမှာ ဒီလိုပဲ သဘောထား မတိုက်ဆိုင်တာတွေ၊ အငြင်းပွားကြတာတွေ ဖြစ်တာ ထုံးစံပဲလို့ ထင်ပါတယ်။ ဘာမှ ဖုံးထားစရာ မလိုဘူး ထင်ပါတယ်။ ကိုယ့်မှန်တယ် ထင်တဲ့ဘက်က လိုက်ကြတာလဲ လူ့သဘာဝပဲ ထင်ပါတယ်။ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်အသင်းတော်တွေ၊ နိုင်ငံရေးပါတီတွေ စသည်ဖြင့် လူမှုရေးအသင်းတွေလည်း တူရာ သန်ရာ တခုစီ တမျိုးစီ တပုံစံစီ ချီတက်နေကြတာပဲ မဟုတ်ဘူးလား။
ဆရာဦးတင်မိုးက ပြောဖူးတယ်ဆိုလား ငါတို့မြန်မာတွေက မွေးကတည်းက အကွဲလေးနဲ့ တဲ့။ နောက်ပြီးတော့ မြန်မာတွေကြားမှာ လူ ၂ ယောက်ရှိရင် ၃ ဖွဲ့ ဆိုလား။ ၁ ယောက်စီ ၁ ဖွဲ့ထောင်တယ်။ ပြီင်္းတော့ ၂ ယောက်ကလည်း တြွဲပီး ၁ ဖွဲ့ ထောင်ထားလိုက်သေးတယ်။ မြန်မာတွေမှ မဟုတ်ပါဘူး နေရာတိုင်းမှာ ရှိတယ်လို့ ထင်ပါတယ်။ ဒါကို အရေခွံထူထူနဲ့ ဆက်ပြီး အလုပ်ဖြစ်အောင် ဆက်လုပ်နိုင်ဖို့ကို မျှော်လင့်ပါတယ် ခင်ဗျား။
ကျနော့်အဖေပြောတာကို ပြန်ပြောရရင်တော့ မတူဘဲနဲ့ အတူတွဲ နေနိုင်တာ၊ ကိုယ်လမ်းကိုလျှောက်၊ ကိုယ့်အလုပ်ကိုယ်လုပ်နေနိုင်တာဟာ “မိသားစု” ပဲကွ … တဲ့။  
မိသားစုဆိုပြီး တအိမ်တည်း တစုတည်းတော့ နေကြပါရဲ့ ကိုယ့်ထမင်းကိုယ် ရှာစား၊ ကိုယ့်အလုပ်ကိုယ် လုပ်၊ ကိုယ့်ပညာကိုယ် သင်၊ ရှိတာလေးတွေကို ဝေမျှပြီး သုံး၊ ခွဲစာရာရှိလည်း ခွဲပေး၊ ဆင်းချိန်တန်ရောက်တော့လည်း ဆင်းသွား၊ ပြန်တက်ချင်လည်း တက်လာကြ။ ဒါပေမယ့် မင်းတို့ ငါတို့ မိသားစုဆိုတာမှာ အမြဲတန်း ချစ်နေတာမှ မဟုတ်တာကွာ။ အချင်းချင်းတွေ ရန်ဖြစ်လိုက်၊ သတ်လိုက် ပုတ်လိုက်၊ မဟုတ်ရင်လည်း အရပ်နဲ့ ရန်ဖြစ်လိုက်၊ သည်လိုပဲ သွားနေတာပဲ မဟုတ်လား ကွ … တဲ့။
 သူများတွေကြားထဲလည်း ငါတို့ မင်းတို့တွေက မကြည်ရင် မကြည်သလို လှည့်ပြီး အချင်းချင်းအကြောင်း မကောင်းပြောကြတာပဲ မဟုတ်လား။ ဒါပေမယ့် မိသားစု ဆိုတာတွေဟာ ကွဲကွဲ ပြဲပြဲ တွဲတွဲ ဆဲဆဲ အမြဲတန်းမှာ စိမ်းကား ပြီးပြတ် လမ်းခွဲကြတာမျိုးမှ မဟုတ်တာ ဆိုတော့ … ငါတို့တတွေဟာ မိသားစုတွေလိုပဲ ဖြစ်တယ်လို့ စိတ်ထဲမှာ ဖြစ်ထားနိုင်ရင် ငါတို့ ရပ်ကွက်ဖြစ်ဖြစ်၊ မြို့ဖြစ်ဖြစ်၊ နိုင်ငံဖြစ်ဖြစ်၊ အသင်းအဖွဲ့ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ရှေ့ဆက်ပြီး အလုပ်ဖြစ်နေမှာပါကွာ … တဲ့။ အဖေက အဲလိုမျိုး ပြောခဲ့ပါတယ်။
ခွင့်လွှတ်နိုင်တဲ့လူက ခွင့်လွှတ်၊ သင်ခန်းစာ ယူနိုင်တဲ့သူက ယူ ပြီးတာပဲလေ။ ခွင့်လွှတ်တယ်လည်း မပြောချင်၊ သင်ခန်းစာယူတယ်လို့လည်း ၀န်မခံချင်တဲ့ သားသမီးတွေ၊ အဖေတွေ အမေတွေ ကျတော့လည်း ကျန်တဲ့သူတွေက မသိချင်ယောင်ဆောင်ပြီး အသာလေး လက်ခံပြီး ပေါင်းသင်းနေရပဲ မဟုတ်လားကွာ … တဲ့။
ငါတို့ လောကကြီးဟာ မိသားစုကြီးလိုပါ တဲ့။ မင်း ငါ့ဆီကို ပိုက်ဆံပို့နိုင်မှ ပို့ပါ။ မပို့နိုင်လို့ အားနာပြီး ဖုန်းမဆက်ဘဲ မနေနဲ့။ ဆက်သာဆက်။ ငါကတော့ အတင်းကြီး မိဘကျေးဇူးဆပ်ပါ လို့ အမိန့်လည်း မထုတ်ပါဘူးကွာ … တဲ့။
ဒါက ကျနော်ရဲ့ အဖေဆီက စာပါ။
မြန်မာတွေဟာ မိသားစုတွေပါ။ လောကကြီးဟာ မိသားစုတွေပါ။ သေကွဲ ရှင်ကွဲ ကွဲကြရလောက်အောင် ကျနော်တို့မှာ ဘာမှ ကွဲစရာ မရှိပါ။
ကဲဗျာ … နွားကျောင်းသားတွေ ဖတ်ဖို့ ဆရာကောင်းမြတ်နွယ် ရေးတဲ့စာ ထည့်ပေးလိုက်တယ်။ http://moemaka.net/displayimage.php?pid=2161
 နောက် တဖက်က ဟို … စာပေမြတ်နိုးသူများ ဆိုလားရဲ့ ဖေ့စ်ဘွတ်လင့်ခ်လည်း ထည့်ပေးလိုက်တယ်။ http://www.facebook.com/profile.php?id=100001686530742&ref=ts#!/sarpaymyatnoethumyar
မေတ္တာတွေ ဖွ နိုင်ကြပါစေ။
3