Than Win Hlaing - Articles

သမိုင်းတကွေ့မှ ဗိုလ်ရဲထွဋ်
သန်းဝင်းလှိုင်
မေ ၂၀၊ ၂၀၁၂


မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကိုပြောမည်ဆိုလျှင် သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ်၏အခန်းကဏ္ဍကို ချန်လှပ်၍မရချေ။ မျိုးချစ်လူ ငယ်များဖြင့်ဖွဲ့စည်းခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက် အသက်အငယ်ဆုံးနှင့် ယနေ့တိုင် သက်ရှိထင်ရှားရှိနေသည့် ရဲဘော်သုံးကျိပ် နှစ်ဦးအနက် ဗိုလ်မှူးရဲထွဋ်နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့သာ ကျန်ရှိတော့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယခုအခါ အသက် ၉၀ ပြည့်၍ ၉၁ နှစ် အတွင်းသို့ ချင်းနင်းဝင်ရောက်နေပြီဖြစ်သည်။

အသားလတ်လတ်အရပ်ရှည်ရှည်၊ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကို ကျနော်သည် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန်ပြုစုရေးကော်မတီ၌ အတူတကွဆောင်ရွက်ရင်း အနီးကပ်လေ့လာခွင့်ရခဲ့သည်။ ဗိုလ်မှူးရဲထွဋ်သည် ယင်းကော် မတီ၌ နာယကဖြစ်ပြီး သခင်တင်မြ၊ သခင်လှထွန်း (ယခုကွယ်လွန်)၊ ရဲဘော်ဘခက်၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဦးဇော်လင်း၊ ကိုအုံးမြင့်၊ ကိုကျော်အောင် (ရွှေပြည်တန်)၊ ကိုတင်ထွန်း၊ ဦးထင်လင်း (ကီးတော်ကျန်စားသောက်ဆိုင်ပိုင်ရှင်) နှင့် သန်းဝင်းလှိုင်တို့ပါဝင်ကြသည်။ ဗိုလ်မှူးရဲထွဋ်သည် အချိန်နှင့်စည်းကမ်းကို တန်ဖိုးထားကာ၊ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား၍ ချစ်ခင်သူဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်လည်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ လွဲမှားနေမှုများ၊ မြန်မာ့သမိုင်း၌တိမ်မြှုပ်နေသော သမိုင်းအထောက်အထားဖြစ်ရပ်မှန်များကို အရွယ်နှင့်မမျှအောင် ယနေ့တိုင်မှတ်မိနေဆဲဖြစ်သည်။ အချက် အလက်များမှားယွင်းနေလျှင် ချက်ချင်းပြုပြင်ပေးသည်။ ဗိုလ်မှူးရဲထွဋ်ကဲ့သို့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ကိုယ်တိုင်ပါဝင်ခဲ့သော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ကော်မတီတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည့်အတွက် ယနေ့တိုင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူနေမိသလို သတိ တရရှိနေဆဲပင် ဖြစ်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဖဦးဘိုးလွင်၊ အမိဒေါ်စော ရှင်တို့မှ ဖွားမြင့်ခဲ့သည်။ ငယ်မည်မှာ မောင်အောင်သိန်းဖြစ်သည်။

ရန်ကုန်မြို့ ကန်တော်ကလေးမြူနီစီပယ်ကျောင်းမှ ဒဿမတန်းအောင်မြင်ခဲ့သည်။ ထို့နောက် အထက်တန်းဆရာဖြစ် သင်တန်း အောင်မြင်ခဲ့ သည်။ ၁၉၃၆-၃၇ တွင် ဆာမောင်ကြီး၏ ရဲတပ်တွင် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃၀၀ပြည့်ကျောင်းသားအရေးတော်ပုံတွင် မြူနီစီပယ်ကျောင်းမှ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။ ၁၉၃၉-၄၀ တွင် မြူနီစီပယ်ကျောင်း၌ ဖွဲ့စည်းခဲ့သော ကျောင်းသားများသမဂ္ဂအဖွဲ့၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် ဒုတိယအသုတ် မြန်မာမျိုးချစ်လူငယ်များဖြစ်ကြသည့် သခင်စိုး (ဗိုလ်မြင့် အောင်)၊ သခင်သန်းတင် -၂ (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်) တို့နှင့်အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကိုင်ရှိုမာရှူး (Kaisho Maru) သဘောင်္ဖြင့် မြန်မာနိုင်ငံမှ ဂျပန်သို့ထွက်ခွာခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ ခုနှစ် မေလ ၉ ရက်နေ့တွင် လေယာဉ်ဖြင့် တိုကျိုမြို့မှ ဟိုင်နန်ကျွန်းသို့သွားရောက်ကာ ဟိုင်နန်ကျွန်းနှင့် ထိုင် ဝမ်ကျွန်းတို့တွင် စစ်ပညာသင်ကြားခဲ့သည်။

မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာများသင်ကြားရန် တာဝန်ယူထားသော မီနာမီအဖွဲ့သည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း (Hainan) တွင် စစ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။ ဟိုင်နန်ကျွန်းရှိ စန်းယ (Sanya) မြို့တွင် ဂျပန်ရေတပ်မတော်၏ ရှေ့တန်းစခန်းအခြေစိုက်တည်ရှိသည်။ မီနာမီအဖွဲ့မှာ ဂျပန်ကြည်း တပ်မတော်နှင့်ရေတပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်၍ ဟိုင်နန်စစ်သင်တန်းကျောင်း ဆောက်လုပ်ရေး နှင့် သင်တန်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးကို ဂျပန်ရေတပ်က တာဝန်ယူဆောင်ရွက်ပြီး၊ စစ်ပညာသင်ကြားရေးကို ဂျပန်ကြည်းတပ်မတော်က တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဂျပန်စစ်အာဏာပိုင်တို့သည် စန်းယစစ်သင်တန်းကျောင်းနှင့်ပတ်သက်၍ အစွမ်းကုန်လျှို့ဝှက်ထားပြီး တရားဝင်အားဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေး စန်းယတောင်သူလယ်သမားသင်တန်းကျောင်းဟု အမည်မှည့်ခေါ်ထားသည်။ သင်တန်းကျောင်းအတွက် စားနပ်ရိက္ခာများကို ရေတပ်က ထောက်ပံ့ရသဖြင့် ရေတပ်နှင့်တွဲဖက်နေသယောင် ထင်မြင်စေရန် စန်းယစစ် သင်တန်းကျောင်းသားများအား ရေတပ်ဝတ်စုံများကို ဝတ်ဆင်စေခဲ့သည်။ မြန်မာမျိုးချစ်လူငယ်များအား စစ်ပညာသင်တန်းပေးနေသည့်အကြောင်းကို ဗြိတိန် သို့မဟုတ် ရန်သူဖြစ်ရန် အလား အလာရှိသည့်နိုင်ငံတို့သိရှိသွားပါက အပြည်ပြည်ဆိုင်ရာပြဿနာတစ်ခုဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် မြန်မာမျိုးချစ်လူငယ်များအား ဂျပန် အမည်များပေးပြီး စစ်တန်းလျားအပြင်ဘက်တွင် မြန်မာစကားပြောခြင်း၊ မြန်မာအပြု အမူများပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဂျပန်လူ မျိုး ကျောင်းသားများပုံစံအတိုင်း သွားလာနေထိုင်ရန် ညွှန်ကြားထားသည်။

ဗိုလ်ရဲထွဋ်၏ ဂျပန်အမည်မှာ ဟာယာရှိ (Hayashi) ဖြစ်ပြီး ဂျပန်ဘာသာဖြင့် ‘ဦးသစ်သား’ ဟု အဓိပ္ပါယ်ရသည်။ ဂျပန်တို့သည် စန်းယစစ်ပညာ သင်တန်းကျောင်းကို ၁၉၄၁ ခုနှစ်ဧပြီလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ မြန်မာမျိုးချစ်လူငယ်များကို စစ်ပညာများသင်ကြားပေးခဲ့သည်။ စစ်သင်တန်း၏အဓိကရည်ရွယ်ချက်မှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် တပ်မှူးကောင်းများအဖြစ်ဦးဆောင်နိုင်ရန် လက်နက်မျိုးစုံကိုင်တွယ်ပစ်ခတ်နိုင်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်တို့အတွက် ဖြစ်သည်။



ဟိုင်နန်စစ်သင်တန်းတွင် မြန်မာမျိုးချစ်လူငယ်များကို တပ်ဖွဲ့သုံးဖွဲ့ခွဲ၍ သင်တန်းပေးခဲ့သည်။ တပ်ဖွဲ့(၁) သည် အခြေခံစစ်ပညာလက်နက် ကြီးနှင့် လက်နက်ငယ်မျိုးစုံကိုင်တွယ်ပစ်ခတ်နည်းများ၊ ခံစစ်ပညာနှင့် ညတိုက်ပွဲများကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက် ပွဲတွင် တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၁) တွင် သခင်စံမြ (ဗိုလ်တောက်ထိန်)၊ သခင်စံလှိုင် (ဗိုလ်မှူးအောင်)၊ သ ခင်စိုး (ဗိုလ်မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်ဘဂျမ်း (ဗိုလ်လရောင်)၊ သခင်မောင်မောင် (ဗိုလ်ဉာဏ)၊ ကိုရွှေ (ဗိုလ်ကျော်ဇော)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်)၊ သခင် အေးမောင် (ဗိုလ်မိုး)နှင့် ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) တို့ ပါဝင်ကြသည်။ တပ်ဖွဲ့(၂) သည် အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေးနည်းပညာ များ၊ ထောက်လှမ်းရေးနှင့်ဆက်သွယ်ရေးပညာရပ်များကို အလေးထားသင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ထောက်လှမ်းရေးနှင့် ဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်။ တပ်ဖွဲ့ (၂) တွင် သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်မောင် ဦး (ဗိုလ်တာရာ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင်-၂ (ဗိုလ်မြဒင်) တို့ ပါဝင်ခဲ့ကြသည်။ တပ်ဖွဲ့ (၃) သည် အခြေခံစစ်ပညာ၊ စစ်ဘက်နယ်ဘက် အထွေထွေအုပ်ချုပ်မှုပညာရပ်များကို သင်ယူရပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ စစ်ဦးစီးတာဝန်ယူ နိုင်ရန်ဖြစ်သည်။ တပ်ဖွဲ့(၃) သခင်အောင် ဆန်း (ဗိုလ်တေဇ)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့ ပါဝင်ခဲ့ကြသည်။

ရဲဘော်သုံးကျိပ်အနက် သခင်ထွန်းအုပ်သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍လည်းကောင်း၊ ကိုဆောင်း (ဗိုလ်ထိန် ဝင်း) သည် မီနာမီအဖွဲ့၏တာဝန်ပေးချက်အရ ထိုင်းမြန်မာနယ်စပ်ကို လျှို့ဝှက်စွဖြတ်ကျော်ရောက်ရှိလာမည့် မြန်မာမျိုးချစ်လူငယ်များကို စောင့်ကြိုရန်တာဝန်ဖြင့် ဇင်းမယ် (ချင်းမိုင်) တွင် တာဝန်ထမ်းဆောင်နေ၍လည်းကောင်း၊ သခင်သန်းတင်- ၁ သည် ထိုင်းနိုင်ငံဘန်ကောက်မှ ဂျပန်နိုင်ငံသို့သွားရောက်စဉ် တိုင်ပေမြို့တွင်ကွယ်လွန်သွား၍လည်းကောင်း၊ ဟိုင်နန်စစ်သင်တန်းကျောင်းတွင် မြန်မာမျိုးချစ်လူငယ် (၂၇)ဦးသာ စစ်သင်တန်းတက်ခဲ့ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုးမျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် လက်မောင်းသွေးဖောက်၍ ကတိသစ္စာပြုကာ ဗိုလ်အမည်များခံယူရာတွင် ကိုအောင်သိန်းသည် ဗိုလ်ရဲထွဋ်ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာနိုင်ငံအတွင်းသို့ ချီတက်တိုက်ခိုက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူရာကာမီ၊ စစ်ဦးစီး ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) စစ်ဦးစီးအရာရှိ ဗိုလ်ရန်အောင်တို့ ပါဝင်သော ဘီအိုင်အေစစ်ဋ္ဌာနချုပ် မော်လမြိုင်စစ်ကြောင်းတွင် ပါဝင်၍ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ၁၉၄၂ ခုနှစ်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘန်ကောက်မြို့မှရဟိုင်းမြို့သို့ စတင်ထွက်ခွာခဲ့သည်။ လှိုင်း ဘွဲ့မြို့သိမ်းတိုက်ပွဲနှင့် ကတိုင်တိတိုက်ပွဲတို့တွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့မှုကြောင့် ဗိုလ်ရဲထွဋ်အား ဂျပန်စစ်ဗိုလ်များပင် ချီးကျူးခဲ့ရပြီး ဘီအိုင်အေ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်) ရရှိခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ရဲထွဋ်သည် ဘီအိုင်အေတပ်မဟာ ၃ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဘီဒီအေတပ်ရင်း၁တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၄၃ တွင် ဘီဒီအေတပ်ရင်း ၅ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးဋ္ဌာနချုပ်အထွေထွေဋ္ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန် ထမ်း ဆောင်ခဲ့သည်။ ထိုစဉ်အတွင်းမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်ဆက်သွယ်မိခဲ့သည်။

၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဆန္ဒအရ ဗိုလ်မှူးကြီးနေဝင်း ပြည်သူ့အရေးတော်ပုံပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဗိုလ်မှူးရဲထွဋ်သည် ဒေးဒရဲမြို့ရှိ သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများပြုလုပ်ရေးတို့ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဗိုလ်မှူးရဲထွဋ်သည် ၁၉၄၅ ခုနှစ် မတ်လ၁ရက်နေ့မှ ၃ ရက်နေ့အထိကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။ ထိုအစည်းအဝေးတွင် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များချမှတ်ရာတွင်လည်းပါဝင်ခဲ့သည်။ ဖက်ဆစ်တော် လှန်ရေးကာလတွင် တိုင်း- ၆ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် တိုင်းမှူးအဖြစ်တာဝန်ယူ၍ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ ဗိုလ်ရဲထွဋ်သည် ဗမာ့တပ်မတော်ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာ့တပ်မတော်တပ်ရင်း ၅ သို့ ဒုခွဲမှူးအဖြစ် ပြန်လည်ဝင်ရောက်၍ များမကြာမီပင် တပ်ရင်း- ၅ ၏တပ်ခွဲမှူးအဖြစ် ၁၉၄၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော် တပ်ရင်း- ၃ သို့ပြောင်းရွှေ့၍ ဒုတပ်ရင်းမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဥက္ကဋ္ဌဗိုလ်ချုပ်နေဝင်း၊ အတွင်းရေးမှူးဦးသိန်းဖေမြင့်တို့ပါဝင်သော လက်ဝဲညီညွတ်ရေး ကော်မတီဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ယင်းနောက် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း-၃ ၌ ဒုဗိုလ်မှူးကြီးအဆင့်အဖြစ် တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်ရင်း- ၃ နှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်သား ၃၅၀ ကိုဦးဆောင်ကာ တောခိုခဲ့သည်။ ထိုနေ့မတိုင်မီ သြဂုတ်လ ၉ ရက်နေ့တွင် သရက်မြို့ရှိ ဗမာ့တပ်မတော်တပ်ရင်း-၁ မှ ဒုတပ်ရင်းမှူး ဗိုလ်စိန်တင်သည် တပ်ရင်း-၁ မှရဲဘော်များကို ဦး ဆောင်၍ ဦးစွာတောခိုခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၅၀ ခုနှစ်အထိ တောခိုတပ်၏ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လ၂၄ ရက်နေ့တွင် ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော် (ဖြူ) နှင့် တော်လှန်သောဗမာ့တပ်မတော်တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကိုဖွဲ့စည်း ရာတွင် ရှေ့တန်းမှပါဝင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားခဲ့သည်။ တော်လှန်သောဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ရသည်။ ယင်းနောက် တောခိုတပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်ရဲထွဋ်သည် ၁၉၅၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် တောင်ငူမြို့နေ ပြည်မင်းကြီးဟောင်း ယစ်မျိုးအရာရှိ ဦးဘကြည်၊ ဒေါ်ရင်တို့၏ ဒုတိယသမီး ဒေါ်ခင်ကြည်နှင့်လက်ထပ်ထိမ်းမြား၍ သားတစ်ယောက်ထွန်းကားခဲ့သည်။

၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် လယ်ဝေးမြို့နယ် လယ်ဒကြီးစခန်း၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအောက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းတပ်မတော်အဖြစ် ပြည်သူ့တပ်မတော်တွင် ဗိုလ်ရဲထွဋ် သည် ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်ခြင်းခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်ဖွဲ့စည်းပုံမှာ ...

(၁) ဗိုလ်ချုပ်မှူး သန်းထွန်း
(၂) ဒုဗိုလ်ချုပ်ကြီး ဗသိန်းတင်
(၃) ဒုဗိုလ်ချုပ်ကြီး ဇေယျ
(၄) ဒုဗိုလ်ချုပ်ကြီး သန်းမြိုင်
(၅) ဒုဗိုလ်ချုပ်ကြီး ချစ်
(၆) ဒုဗိုလ်ချုပ်ကြီး တင်ထွန်း
(၇) ဒုဗိုလ်ချုပ်ကြီး ရဲထွဋ်
(၈) ဒုဗိုလ်ချုပ်ကြီး စိန်တင်
(၉) ဒုဗိုလ်ချုပ်ကြီး စိုးမောင်
(၁၀) ဗိုလ်ချုပ် ရန်အောင်
(၁၁) ဗိုလ်ချုပ် အောင်မင်းတို့ဖြစ်ကြသည်။

ထို့အပြင် ဗိုလ်ရဲထွဋ်သည် ၁၉၅၁ ခုနှစ် ၁၉၆၃ ခုနှစ်များအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေးစစ်ကောင်စီတွင် အတွင်းရေး မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ် မေလ၂၅ ရက်နေ့တွင် ဖာပွန်မြို့နယ် (မဲဝိုင်) ဒေသ၌ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းဦးစီးအဖွဲ့တို့ပူးပေါင်း၍ စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ် သခင်ဇင်၊ သခင်ချစ်တို့နှင့်အတူ ဗိုလ်ရဲထွဋ်သည် ပါဝင်ဆောင်ရွက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ပါဝင်ခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

• ကရင်အမျိုးသားအစည်းအရုံးမှ
(၁) မန်းဘဇန်
(၂) ဗိုလ်ချုပ်ကော်ထူး (စောကျော်မြသန်း)

• မွန်ပြည်သစ်ပါတီမှ
(၁) နိုင်အောင်ထွန်း
(၂) နိုင်ရွှေကျင်

• ဗမာပြည်ကွန်မြူနစ်ပါတီမှ
(၁) သခင်ဇင်
(၂) သခင်ချစ်
(၃) ဗိုလ်ရဲထွဋ်

• ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
(၁) ဦးဘိုးကျော်

• ချင်းဦးစီးအဖွဲ့မှ
(၁) ဆလိုင်းစံအောင် တို့ဖြစ်ကြသည်။

ဤကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သော ဗိုလ်ရဲထွဋ်သည် ၁၉၅၈ ခုနှစ် အောက်တိုဘလ ၂၄ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ ဦးစီးခေါင်းဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ “ဗိုလ်ရဲထွဋ်၏ပေးစာ” ကို ပေးပို့ခဲ့သည်။ ယင်းစာသည် နောင်အခါတွင် “ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်းစဉ်” ဟု အမည်တွင်ခဲ့သည်။

စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ...

(၁) လက်ရှိကမ္ဘာအခြေအနေ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အခြေအနေများအရ မြန်မာပြည်တွင် နယ်ချဲ့သမားနှင့် ဖောက်ပြန်ရေးသမား ငြိမ်း-ဆွေတို့၏လွတ်လပ်မှုဆုံးရေး ဒီမိုကရေစီဆိတ်သုဉ်းရေးလုပ်ကြံမှုအန္တရာယ်သည် တနေ့တခြားကြီးမားစွာရင်ဆိုင်လာရသဖြင့် အရေး တကြီး ကာကွယ်ရန်လိုအပ်ပါသည်။

ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် တိုင်းပြည်၏ဘေးအန္တရာယ်ကို အမျိုးသားညီညွတ်ရေးအားဖြင့် တားဆီးနိုင်ရန် လက်ရှိပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန် အပူတပြင်းတောင်းဆိုနေပါသည်။

ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက် နိုင်ရန် အောက်ပါတင်ပြ ချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကြီးမှူးသော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှတဆင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူ လူထုအား လေးစားစွာတင်ပြအပ်ပါသည်။

(၂) ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်သူတို့၏တောင်းဆိုချက်အရ အစိုးရကပြဋ္ဌာန်းထားသော သင်ပုန်းချေလွတ်ငြိမ်းခွင့်နှင့် ပါတီတရားဝင် ထူထောင်ခွင့်ကို မူအားဖြင့်လက်ခံပါသည်။ ၎င်းအရ ဥပဒေအတွင်းဝင်ရောက်၍ ဒီမိုကရေစီနည်းအရ တရားမျှတသောရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါသည်။

ဥပဒေအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာယှဉ်ပြိုင်ဝင်နိုင်ရန် အောက်ပါအချက်များကို ကတိပြုဆောင်ရွက် စေလိုပါသည်။

(က) ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ အကျဉ်းသမားများအားလုံးကို လွှတ်ရန်။

(ခ)လာမည့်ရွေးကောက်ပွဲတွင် ကွန်မြူနစ်ဝါဒကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကွန်မြူနစ်ပါတီအပါအဝင် မည်သည့်တရားဝင်ပါတီအဖွဲ့အစည်းမဆို တန်းတူရည်တူလုံးဝလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုရန်။

အထက်ပါအချက်များကို ကတိပြုချက်ခိုင်မာစွာရရှိလျှင် ဗမာပြည်ကွန်မြူနစ်ပါတီသည်-
က။ လက်နက်ခဲယမ်းများအားလုံးကို ပြည်ထောင်စုအစိုးရသို့လွှဲအပ်ပေးမည်။
ခ။ လက်နက်ကိုင်တိုက်ပွဲမှ ဥပဒေတွင်းတိုက်ပွဲသို့ ကူးပြောင်း၍ ဥပဒေအတွင်း ဝင်ရောက်မည်။
ဂ။ ကန့်သတ်ထားသောအချိန်အတွင်း ဥပဒေအတွင်းဝင်ရောက်မလာသော မိမိပါတီဝင်များကို အဆက်ဖြတ်မည်။

တဖက်နှင့်တဖက်ပြေလည်ရန် အာဃာတကင်းစွာ အထက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ဥပဒေအတွင်းသို့ ချောမောစွာ ဝင်နိုင်ရေးအတွက် နှစ်ဖက်သဘောတူသည့် နေ့ရက်မှစ၍ အတိုက်အခိုက်ရပ်စဲရန်။

(၃) ဗမာပြည်ကွန်မြူနစ်ပါတီသည် နှစ်ဖက်ပြေလည်မှုဖြင့် ငြိမ်းချမ်းရေးရစေရန် တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ဦးနု အစိုးရက မလိုက်လျောခဲ့ပါက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခွင့်ကိုလည်း လုံခြုံမှု အာမခံချက်မပေးခဲ့ပါ။ သို့ရာတွင် ဦးနု အစိုးရက တွေ့ခွင်ပြုထားသေးသည့်အတွက် ဘေးအန္တရာယ်များရှိလင့်ကစား ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှ မိန့်ကြားချက်များကိုကြားနာရင်း ကျွန် တော်တို့၏အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ရန် အထက်ပါအဖြစ်နိုင်ဆုံးတင်ပြချက်ကို တင်ပြအပ်ပါသည်။

ထပ်မံရှင်းလင်းရန်လိုအပ်သေးသည်ထင်ပါက ဆရာကြီးတို့မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ မေးမြန်းဖြေရှင်းနိုင်ပါသည်။

(၄) ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အထက်ဖော်ပြပါ သူမနာကိုယ်မနာ နှစ်ဘက်ပြေလည်မှုရရှိစေမည့် ပြည်တွင်းငြိမ်းချမ်းရေးကို အ ကောင်အထည်ပေါ်အောင် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းကြပါရန် ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက် ပန်ကြားလိုက်ပါသည်။

(ပုံ) ရဲထွဋ်
(ဗဟိုကော်မတီကိုယ်စားလှယ်)
၁၉၅၈ခု၊ အောက်တိုဘာလ ၂၄ ရက်။
............ ...........

ဗိုလ်ရဲထွဋ်၏တင်ပြချက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသိရှိလိုက်ရသည်။ “ငြိမ်းချမ်းရေးရနိုင်ပြီ” ဟု အားရဝမ်းသာဖြစ်သွားပြီး ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းတို့ထံ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည်။

သို့သော် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ပါတီအတွင်း အကွဲအပြဲများကြောင့်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအား အိမ်စောင့် အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရန်စီစဉ်နေချိန်ဖြစ်၍ တွေ့ဆုံခွင့်မရခဲ့ချေ။ ထို့အပြင် ၎င်းတို့သည် ဗိုလ်ရဲထွဋ်၏ (၂) ချက်နှင့် ဝင်ရေးလမ်း စဉ်အပေါ်၌လည်း စိတ်ဝင်စားမှုမရှိခဲ့ချေ။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အရာမထင်ဖြစ် ခဲ့ရသည်။

ထို့နောက် ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဗိုလ်ရဲထွဋ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်ဝဲတရားသေဝါဒ၊ လက်ဝဲ ဂိုဏ်းဂဏဝါဒနှင့် လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်သဖြင့် နတ္တလင်း၊ ဇီးကုန်းနယ်ဘက်မှတဆင့် အလင်းဝင်ရောက်ခဲ့ သည်။ ဗိုလ်ချုပ်ကြီးနေဝင်းထံသို့လည်း အကြောင်းကြားခဲ့သည်။ ဤတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်ရဲထွဋ်အားသွားရောက်ခေါ်ယူရန်အတွက် ထိုစဉ်က ဒုတိယဗိုလ်မှူးကြီးချာလီသိမ်းရွှေအား တာဝန်ပေးစေလွှတ်ခဲ့သည်။ ဗိုလ်ရဲထွဋ်အား သူအလင်းဝင်သည့် မေလ ၂၁ ရက်နေ့မှစ၍ တပ်မတော်မှထွက်ခွင့်ပြု၍ ဇွန်လ ၁၈ ရက်နေ့အထိ ဗိုလ်မှူးလစာ (၇၆၃ ကျပ် ၇၇ ပြား) တပ်မတော်ငွေစာရင်းဋ္ဌာနမှ ထုတ်ပေးလိုက်သည်။ ဗိုလ်ရဲထွဋ်သည် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ပြီးလျှင် ဝါအရင့်ဆုံးတပ်မတော်အရာရှိဖြစ်သည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာ (၃၅ ၀၆) ဖြစ်သည်။

တောတွင်း၌ ၁၅နှစ်ကျော်မျှ ပင်ပန်းဆင်းရဲခဲ့သည့်ဒဏ်၊ ကျန်းမာရေးချို့တဲ့သည့်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်များကြောင့် ဗိုလ်ရဲထွဋ်သည် ဗိုလ်ချုပ်ကြီးနေဝင်းစီစဉ်ပေးမှုဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသည်။

ယင်းနောက် တောခိုအလံဖြူကွန်မြူနစ်ပါတီမှ စစ်ရေးတာဝန်ခံကြီးများနှင့် ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ရဲထွဋ်၊ ဗိုလ် စိန်တင်၊ ဗိုလ်ရဲမောင်တို့သည် မည်သည့်အတွက် တော်လှန်ရေးကောင်စီထံ အလင်းဝင်ခဲ့ရသည်ကို ၁၉၆၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် လူထုရေးရာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ မဆလပါတီဗဟိုရေးရာဋ္ဌာနကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် မဆလပါတီဋ္ဌာနချုပ် သမဝါယမစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ယင်းနောက် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အရေးပေါ်ပါတီညီလာခံ၌ ပါတီသန့်စင်ရေးအရ ဗိုလ်ရဲထွဋ်အပါအဝင် ပါတီ ဗဟိုကော်မတီဝင် ၅၀ ထုတ်ပယ်ခံရသည်။

ထို့နောက် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်မှူးဟောင်းများနှင့်ရဲဘော်ဟောင်းများအဖွဲ့၌ ဦးဆောင်အဖွဲ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း သောင်းဒန်၊ ဗိုလ်မှူးကြီးဟောင်း စောမြင့်တို့နှင့်အတူ ပါဝင်ခဲ့သည်။

ထိုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထည်ထောင်စဉ် ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၏ နယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဈာပနကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၈၀ မှယနေ့တိုင် ရဲဘော်သုံးကျိပ်ဝင်မိသားစုများ သာရေးနာရေးကူညီစောင့်ရှောက်ရေးအသင်း၌ နာယက အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

ယင်းနောက် သခင်တင်မြ၊ သခင်လှထွန်း၊ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ရဲဘော်ဘခက်၊ ဦးဇော်လင်း၊ ဦးထင်လင်း၊ ဦးတင်ထွန်း၊ ကိုအုံးမြင့်၊ ဦးကျော်အောင်၊ သန်းဝင်းလှိုင်တို့ပါဝင်သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိပြုစုရေးကော်မတီတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်ရဲထွဋ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနိုင်ငံရေးဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှချီးမြှင့်သော ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့ သည်။ ရရှိခဲ့သော ဆုတံဆိပ်များမှာ ...

(၁) လှိုင်းဘွဲ့မြို့သိမ်းတိုက်ပွဲနှင့်ကတိုင်တိတိုက်ပွဲတို့တွင် ထူးချွန်စွာတိုက်ခိုက်ခဲ့သည့်အတွက် ၁၉၄၂-၄၃ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မ တော် (ဘီအိုင်အေ) ၏ သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)။

(၂) ၁၉၄၂ ဇန်နဝါရီ၈ မှ ၁၉၄၂ ဇူလိုင်၂၆ နှစ်အတွင်း ဘီအိုင်အေ၌ စစ်မှုထမ်းခဲ့သည့်အတွက် အရေးတော်ပုံတံဆိပ်။

(၃) ၁၉၄၂ ဇူလိုင်၂၇ မှ ၁၉၄၅ မတ် ၂၆ နှစ်အတွင်း ဘီဒီအေ၌ စစ်မှုထမ်းခဲ့သည့်အတွက် လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်။

(၄) ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ စက်တင်ဘာ ၁၂ နှစ်ကာလအတွင်း ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွန်ချွန်သက်စွန့်ကြိုးပမ်း တိုက်ခိုက်မောင်း ထုတ်ခဲ့သည့်အတွက် လွတ်မြောက်ရေးတံဆိပ်။

(၅) ၁၉၇၂ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ် ရေးအတွက် သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်) တံဆိပ်။

(၆) ၁၉၈၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံတော်အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမ အဆင့်) စသည်တို့ကို ချီးမြှင့်ခံရသည်။
0