Zaw Htet (Pyinmanar) - Poem

အမေ့ခြေသံ
ဇော်ထက် (ပျဉ်းမနား)
ဇွန် ၂၅၊ ၂၀၁၂



အသက်ထောက်ပေမဲ့
တစ်ရက်မကြောက်လေခဲ့တဲ့
တစ်သက် တစ်ယောက်သာ ပေါ်ထား
သားတို့ရဲ့အမေ
ကိုယ်နေဟန် ကြွကြွ
ခြေသံဖွဖွက
ကမ္ဘာ့လူမျိုးအစုံစုံကို
ရင်ခုန် ကစေခဲ့တယ်။
အေးမြစွတ်စိုတဲ့
စိမ်းကားတတ်တဲ့
အထီးကျန်တတ်တဲ့
အင်္ဂလန်ရဲ့ ဇွန်လဟာ
အမေ့ခြေသံတွေနဲ့ ယိမ်းက
သာယာလှပလို့ နေခဲ့ပြီ။
မခံချိအောင်
အတိတ်မှာနှောင်ခဲ့သော်လည်း
သံမဏိလိုမာ
လိပ်ပြာတစ်ကောင်လိုလှ
ထာဝရ အမေဟာ
ရာဇဝင်မှာ
အမှောင် မရိုင်းပြပဲ
ကမ္ဘာတခွင်မှာ
အောင်သမိုင်း လှခဲ့တယ်။

အမေ့ဦးခေါင်းကား
သွေးများနဲ့ ရဲရဲနီခဲ့သော်ငြား
အမေ ... တရားမလွတ်
ဦးမညွတ်ခဲ့၊
အမေ ... ခွင့်လွှတ်နိုင်ပေမယ့်
သားတို့ .... မေ့မရနိုင်တဲ့ နှစ်တွေ၊ နှစ်တွေ ...
ခမောက်ကိုယ်စီ
ခွပ်ဒေါင်းနီတို့
ဂန္ဒီခန်းမကအပြန်
အသံတွေပိတ်သမို့
အံတွေကြိတ်လို့
မာန်တွေ သိပ်ခဲ့ရတဲ့နှစ်တွေ။
ကျည်ရွာနံဘေးက
မသဒီစရာ အရေးမှာ
ဒီတခါ ဝေးကြပြီလား
ပြည်မြန်မာ ကမ္ဘာတလွှမ်းမှာ
အမေ့ကိုတမ်း
ညီညီညာညာ လွမ်းခဲ့ရတဲ့နှစ်တွေ။
အမေတစ်ခါ ကိုယ်ယောင်ပြခဲ့တဲ့
ရွှေဝါရောင် ထိုအရေးမှာ
မနေသာအောင် ငိုအတွေးတွေနဲ့
ပြည်မြန်မာထူထောင်ဖို့အရေး
မျှော်တိုင်းဝေးလို့သွား
စိတ်အားငယ်ခဲ့ကြရတဲ့နှစ်တွေ။
စုအမေ မနေသာ နာဂစ်အရေးမှာ
လူ့ပြည်ဟာ သေရွာဖြစ်ခဲ့
သူ့ဥပဒေသာ အခြေမာမြစ်ခဲ့လို့
ကမ္ဘာမကြေစရာ ညစ်ထေးခဲ့တဲ့
ဧရာမြစ်နံဘေးက
ရာဇ၀င်ထဲက အညစ်အကြေးတွေနဲ့နှစ်တွေ။
ဆက်ပြောရင်တော့
ဖက်မပြောချင်တော့တဲ့
ယက်တောဆင်ကွက်
တစ်သက်မျောရင်အခက်လို့
တက်တခေါက်ခေါက်နဲ့
ဆက် ဆက် ကြောက်ခဲ့ရတဲ့နှစ်တွေ။

ဒီလိုနဲ့……အနှစ်နှစ်ဆယ်မက
ရင်မောခဲ့ရတဲ့ ရက်တွေကုန်ဆုံး
အမေ့အပြုံးတွေဝေတော့
သူများမြေမှာနေ
မောတော့ မောပေမယ့်
အမေလာပြောတော့
အမောပြေတယ် အမေ။
ဆယ်လ်မွန်ငါး
သားတို့တတွေဟာ
ပြည့်သံတမန်အစစ်ပါလို့
အမေ့အသံ မေတ္တာမို့
အဝေးရောက်လို့ ပမ်းပေမယ့်
သားတို့လန်းဆန်း
စိတ်နွမ်းတွေ ပြေခဲ့ရတယ်အမေ။
အမေလာမှာကြို
ဒေါင်းပျိုဟန်အပြည့်နဲ့
ဒီလိုနေ့မှာမြန်း
ယူကေတ၀ှမ်းဆီက
ထောင်ချီမကတန်း
ရွှင်လန်းမြန်မာတို့
မြို့လန်ဒန်ရဲ့ သိမ်းမြစ်ကမ်းအနီး
အင်္ဂလန်တော်ဝင်ပွဲ ခန်းမကြီးမှာ
“ကမ္ဘာမှာ ဒါ မြန်မာဟေ့”လို့
သားတို့ ၀င့်ကြွားခွင့်ရခဲ့
ရွာပြန်မယ့်အမေ
မာပါစေသား၊
သားတို့မြန်မာရဲ့မြေ
သာပါစေသား ... ။ ။

အမေစုကို Steel Butterfly သံမဏိလိပ်ပြာလို့ အနောက်တိုင်းမီဒီယာက တင်စားတယ်။
အမေစုနဲ့ တွေ့ဆုံပွဲ ဇွန် ၂၂၊ ၂၀၁၂ ရက်နေ့၊ လန်ဒန်မြို့အမှတ်တရ။

Comments