ဦးအုန်းကျော် - အိုးမဲသုတ်သော တံဆိပ်ခေါင်းများ

အိုးမဲသုတ်သော တံဆိပ်ခေါင်းများ
ဦးအုန်းကျော်
မတ်လ ၁၄၊ ၂၀၁၄

“အခြေခံဥပဒေကိုပြင်ဆင်ဘို့ လူထုကတောင်းဆိုနေတာကို ဒီအစိုးရကဘာဖြစ်လို့ တင်းခံနေတာလဲ ဦးလေးရ။ သူတို့ပြောတော့ လူထုဆန္ဒကို ရှေ့တန်းတင်တဲ့ အစိုးရဖြစ်နေပြီဆို၊ ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်နေပြီဆို။ ကျနော်တော့ နားမလည်တော့ဘူးဦးလေးရ”။

“ဒီလိုကွ…”

“စောစောပိုင်းတုံးကတော့- မိုးလား ကဲလားနဲ့။ ဂတိတွေစွတ်ပေးပြီးတော့ အခုမှ-ရူးချင်ယောင်ဆောင်နေတာ”

“အဲဒါကို….”

“သူတို့ဘဲရေးထားတာ။ သူတို့ပြင်ချင်ရင် လွယ်လွယ်လေးဥစ္စာ။ အဲဒါကို-တောင်ပြော-မြောက်ပြောနဲ့။ ဟိုလူလွှဲချ- ဒီလူလွှဲချ။ ဟိုနေ့ရွှေ့-ဒီနေ့ရွှေ့နဲ့။ မခက်ခက်အောင်လုပ်နေတာ”

“ဦးလေးပြောပါရစေဦး။ ငါ့တူကြီး မပေါ်လာ-အတော်ကြာဖြစ်နေတာ။ အခုပေါ်လာတော့လဲ ရောက်ရောက်ချင်း စွတ်တင်နေတော့တာဘဲ။ မင်းကြည့်ရတာ-အတော်မကြေမနပ်ဖြစ်နေပုံရတယ်။ ဦးလေးလဲ မင်းနဲ့တသဘောထဲပါဘဲကွာ။ နာဂစ်အပီးမှာ အတင်းနသားပါးယား အတည်ပြုထားတဲ့ ဒီအခြေခံဥပဒေကို ဘယ်သူကမှ-ဘယ်တုံးကမှ မကြိုက်ခဲ့ပါဘူးကွာ။ ပြင်စရာ၊ဖြုတ်စရာတွေပြည့်လို့ပါဘဲ။ ပြင်ချင်-ဖြုတ်ချင်တာဘဲ။ ဒီမှာ-ငါ့တူကိုတစ်ခုပြောမယ်။ လူညီရင် “ဤ” ကို“ ကျွဲ” ဖတ်လို့ရပါတယ်ကွ၊ အခုဟာက လူမညီလို့ပါကွာ။

“ကျနော်တို့ပြည်သူတွေ ညီပါတယ်ဦးလေးရ။ အဲဒီလို မပြောပါနဲ့”

“ဟာ-ငါ့တူကလဲ၊ ဦးလေးကပြည်သူတွေ မညီဖူးလို့ပြောတာမဟုတ်ဘူး။ တပ်နဲ့ပြည်သူ တသားထဲ- တသဘောထဲမဟုတ်သေးတာကို ပြောတာကွ။ စစ်တပ်ဟာ တို့ပြည်သူတွေနဲ့ တပြေးညီထဲ မဖြစ်သေးတာကို ပြောတာကွ။ တို့တွေးသလို-သူတို့မတွေးဘဲ ဖြစ်နေတာကိုပြော တာကွ”

“အင်း-ခက်ပါတယ်ဦးလေးရာ။ ဒီလူတွေနဲ့”

“ညီလာခံတို့၊ ဆန္ဒခံယူပွဲတို့၊ အခြေခံဥပဒေတို့ဆိုတာတွေကို- တို့တိုင်းပြည်မှာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်လုပ်ခဲ့ကြသကွ။ သတင်းစာ၊ စာစောင်၊ ရေဒီယိုစတဲ့ မီဒီယာတွေကတဆင့် မျက်စေ့နောက်အောင်၊ နားမဆန့်အောင် ဖတ်ခဲ့ရ၊ ကြားခဲ့ရသကွ၊ အခုနောက် ကြောင်းကို ပြန်ကြည့်လိုက်တော့ အဲဒါတွေဟာ- တခုမှ အစစ်မှန်တွေမဟုတ်ဘဲ လိမ်ဆင်တွေချည်းဖြစ်နေတယ်။ PROPAGANDA  ခေါ်တဲ့ ဝါဒဖြန့်လုပ်ရပ်တွေဘဲ ဖြစ်နေတယ်ကွ။ ကဲ-ပါ၊ လာရင်းကိစ္စဖြစ်တဲ့ တံဆိပ်ခေါင်းနဲ့ ပတ်သက်တာကို ကွက်ပီးပြောပြရရင်တော့…. ၁၉၆၂မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပီး တက်လာတာကို မှတ်မိတယ်မဟုတ်လား။ ပြည်ထောင်စုကြီးမပြိုကွဲအောင် အာဏာသိမ်းရတာပါ၊ တိုင်းပြည်ကြီး ချောက်ထဲမကျရလေအောင် အာဏာသိမ်းရတာပါ-လို့အကြောင်းပြပီး- စစ်အာဏာရှင်စနစ်ကို စခဲ့တာလေ။ အဲဒီ “တော်လှန် ရေးကောင်စီ” (REVOLUTIONARY COUNCIL) ဆိုတဲ့ စစ်ဗိုလ်တွေပါတဲ့ စစ်အုပ်စုက တို့တိုင်းပြည်ကိုရပီး ၆ လတောင်မကြာသေးဘူး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” နဲ့ ချီတက်မယ်လို့ မဟုတ်တရုပ်ဝါဒဖြန့်တော့တာဘဲ။ သူတို့အုပ်စိုးလို့ တစ်နှစ်ပြည့်တဲ့ ၁၉၆၃ မတ်လ (၂)ရက်နေ့မှာ- နှစ်ပတ်လည်အထိမ်းအမှတ် တံဆိပ်ခေါင်းတောင် ထုတ်လိုက်သေး”

၁၉၆၃ -မတ်လ(၂)ရက်နေ့ထုတ် တံဆိပ်ခေါင်းနှင့် FIRST DAY COVER 




 “နောက်သူတို့ စစ်ဗိုလ်တွေအများကြီးစုပါတဲ့ “မြန်မာ့ဆိုရှယ်လစ်ပါတီ” ဆိုတာကိုဖွဲ့တယ်။ နောက် ပါတီဌာနချုပ်ကို တည်ထောင်တယ်။ တဆင့်တက်ပီး ဗဟိုနိုင်ငံရေးသိပံကျောင်းဆိုပီး ဝါဒဖြန့်တဲ့ဌာနဖွင့်တယ်။  သဘောတရားရေးရာတွေ အတင်းရိုက်သွင်းတယ်။ မှိုင်းတိုက် တယ်။ ပါတီဝင်ရင်အခွင့်အရေးတွေ ပိုရမယ်လို့ မြူဆွယ်မယ်လို့ မြူဆွယ်တယ်၊ ခြိမ်းခြောက်တယ်ပေါ့ကွာ။ အဲဒီလိုနဲ့ နဲနဲအရှိန်ရလာတော့ ၁၉၇၁မှာ ပထမအကြိမ် ပါတီညီလာခံဆိုတာကြီးကို လုပ်ကရော။ မြန်မာ့ဆိုရှယ်လစ်ပါတီ (BURMA SOCIALIST PROGRAM PARTY-BSPP) ကို အမြုတေပါတီမှ ပြည်သူ့ပါတီသို့ ကူးပြောင်းဖွဲ့စည်းတယ်လို့လဲ ကျေညာပြန်တာဘဲ”

“ဘယ်လို-ဘယ်လို”

“ဒီလိုကွာ။ အရင်က သူတို့ဖွဲ့ခဲ့တဲ့ လမ်းစဉ်ပါတီဟာ-အခုအခါမှာ တပြည်လုံးကပြည်သားတွေ အားတက်သရော တက်တက်ကြွကြွပါဝင်လာတဲ့ ပါတီကြီးဖြစ်လာနေပြီ ဆိုတဲ့သဘောပေါ့ကွာ။ ဘာတဲ့ဆောင်ပုဒ်က “အမြုတေ ပါတီမှ ပြည်သူ့ပါတီသို့”တဲ့။ (From Cacler Party to Peoples’ Party)။ သူတို့ရဲ့ ဗဟိုနိုင်ငံရေးသိပံကျောင်းဆိုတာကိုလဲ ပိုပီးအထင်ကြီးရလေအောင်- “ဗဟိုနိုင်ငံရေးတက္ကသိုလ်” ဆိုပီး တက္ကသိုလ်အမည်တပ်ပစ်လိုက်တယ်။ ငါ့တူ စဉ်းစားကြည့်လေ။ ဘာဘွဲ့မှမပေးနိုင်တဲ့ကျောင်းကို- တမင်သက်သက်  တက္ကသိုလ်အမည်ခံပီး လုပ်ချင်လိုက်တာ။ အဲဒီပါတီညီလာခံအတွက် တံဆိပ်ခေါင်း (၄) မျိုးထုတ်တာကို ဒီမှာကြည့်ကွ”

၁၉၇၁ ဇွန်၂၈ ရက်ထုတ် ပါတီညီလာခံ

 




“အဲဒီ အစိုးရက လူကြားကောင်းအောင် ပြည်သူတရပ်လုံး သဘောတူပါဝင်ပါတယ်ဆိုတဲ့ ပါတီကြီးဖွဲ့ထားပေမဲ့၊ ပါတီညီလာခံကြီးကို ဟန်ပြလုပ်ပေမဲ့  ကန့်လန့်ကာနောက်ကွယ်က အဓိကကြိုးဆွဲပီး ချယ်လှယ်နေတာက- စစ်အာဏာရှင်အုပ်စုကွ။ သူတို့က-တို့လူထုအပေါ်မှာ သေနပ်ချိန်ပီး တသက်လုံးအုပ်ချုပ်-အနိုင်ကျင့်ဘို့ အကွက်ကျကျ လုပ်ထားပြီးသားကွ။ အဲဒီလိုသူတို့ရဲ့စစ်ဘိနပ်အောက်မှာ တို့တွေကို ၁၀နှစ်လောက် ပြားပြားဝပ်အောင် လုပ်ထားပီးတော့- အဲဒီအာဏာသိမ်းတဲ့ ၁၉၆၂ကနေ ၁၀နှစ်မြောက်တဲ့ ၁၉၇၂မှာ တံဆိပ်ခေါင်းတခု ထုတ်ပြန်သေးတယ်”

၁၉၇၂ မတ်လ(၂) ရက်နေ့ထုတ်၊ တော်လှန်ရေးကောင်စီ၏ အာဏာသိမ်း ၁၀နှစ်မြောက်



“တဖြေးဖြေးနဲ့ လက်ရဲဇက်ရဲ၊ လုပ်ရဲကိုင်ရဲဖြစ်လာတာပေါ့နော် ဦးလေး” “အေးပေါ့ကွ။ သတ်ရဲ ဖြတ်ရဲ ရက်စက်ရဲ လာတာပေါ့။ နောက်တော့ အခြေခံဥပဒေကို ရေးးဆွဲတာ-အတည်ပြုတာတွေ လုပ်လာပါလေရော။ အားလုံးက ထောက်ခံပါတယ်ဆိုတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုတာတွေလုပ်လာပါလေရော”

“တကယ်ကော လူထုက ထောက်ခံကြရဲ့လား”

ဟာ-ငါ့တူကလဲ။ “ကပ်မလိုက်နဲ့ ပုသွားမယ်” ဆိုတဲ့ ဇာတ်လမ်းကွ။ မထောက်ခံတဲ့လူ၊ ကလန်ကဆန်လုပ်မဲ့သူတွေကို စောစောကထဲက ကြိုပီးအပြတ်-အပြတ်ရှင်းထားတာကွ။ ဘာမှလုပ်လို့ကိုမရဘူး။ ထောက်ခံမဲလား-ကန့်ကွက်မဲလား၊ အဖြူလား-အမဲလား။ မင်းဘာသာမင်း ဘာထဲ့ထဲ့။ အကုန်လုံးကို ထောက်ခံမဲဗုံးထဲကို ပြောင်းထဲ့တာ။ ညစ်ပတ်တဲ့ နည်းမျိုးစုံနဲ့ အဲဒီိအခြေခံဥပဒေကို အတည်ပြုခိုင်းခဲ့တာ။ အဲဒီပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက်ထုတ်တဲ့ တံဆိပ်ခေါင်း (၃)လုံးကို ဒီမှာကြည့်ပါဦး ငါ့တူရာ။

၁၉၇၃ ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိမ်းအမှတ်တံဆိပ်ခေါင်း (၃)မျိုး





 “အဲဒီမှာ တပြညလုံးဆန္ဒမပါဘဲနဲ့- အလိုလို တပါတီစနစ်ဖြစ်သွားတာပေါ့နော်” “အေးပေါ့ကွ။ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့အတူ တပါတီစံနစ်လဲ အသက်ဝင်သွားတာပေါ့”။ ၈၈ အရေးအခင်းနောက်ပိုင်း သမ္မတခဏဝင်လုပ်ရတဲ့ ဒေါက်တာမောင်မောင် မိန့်ခွန်းထဲမှာပါတဲ့ “ ခင်ဗျားတို့ ပြည်သူပြည်သားတွေ ကိုယ်တိုင်ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ” ဆိုတာ-အဲဒါကြီးကို ရည်ညွှန်းပြောတာပေါ့ကွ ငါ့တူရ။ တို့ပြည်သူ ပြည်သားတွေမှာ ဖြဲခြောက်တာလဲ ခံခဲ့ရသေး- နောက်ဆုံးမှာ တရားခံလဲဖြစ်ရသေး”

“အခု ကျနော်တို့ခေတ်မှ နာဂစ်အပီး အတင်းထောက်ခံခိုင်းခဲ့တဲ့အခြေခံဥပဒေကြီးလိုပေါ့နော်”

“အဲဒါပီးတော့- သူတို့ရဲ့ ပြည်သူ့လွှတ်တော်ဆိုတာကြီး ပေးလာသကွ။ အဲဒီအတွက်လဲ တံဆိပ်ခေါင်းတွေ ထုတ်ပြန်သေးတယ်။ (၃)မျိုးတောင်- ဒီမှာကြည်ပါဦး။ အေး ငါ့တူကြီးတခုသိထားရမှာက နာမည်အရ ဘာပါတီခေါ်ခေါ်၊ ဘာလွှတ်တော်ခေါ်ခေါ် တကယ်နောက်ကနေ ကြိုးကိုင်နှိပ်စက်နေတာက စစ်အာဏာရှင် အုပ်စုအဖွဲ့ကွ”

၁၉၇၄ မတ် (၂)ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် ကျင်းပသည့် အထိမ်းအမှတ် တံဆိပ်ခေါင်း (၃) မျိုး





“အံမယ်-ဒီမှ နိုင်ငံသားတိုင်းသည် ညီမျှသောအခွင့်အလမ်းများ ရရှိစေရမည်ဆိုတဲ့ စာတမ်းတောင်ထဲ့ထားပါလား။ ကြီးကြီးကျယ်ကျယ်။ နောက်ပီး ဒီတံဆိပ်ခေါင်း ဒီဇိုင်းက ဘာပုံကြီးလဲဦးလေး။ လေယာဉ်ပျံလိုလို၊ ဘာလိုလိုနဲ့”

“အေး-သူတို့ရဲ့အဆိုအရတော့ ချိန်ခွင်ဘောင်နဲ့ ချိန်ခွင်ခွက် ၂ခုမှာ လူ၂ယောက်ရပ်နေတဲ့ပုံတဲ့ကွာ။ ခတ်ချာချာ ဒီဇိုင်းကြီးပါကွာ”

ဒီအောက်က တံဆိပ်ခေါင်း (၃) မျိုးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ အထိမ်းအမှတ် အဖြစ်ထုတ်ဝေတဲ့ တံဆိပ်ခေါင်းတွေဘဲ။ ၁၉၇၆ ဇန္နဝါရီ (၃)ရက်နေ့မှာ ထုတ်ခဲ့တာ။




“ဟင်-ဖွဲ့စည်းပုံအခြေခံဥပဒေနေ့တဲ့လား”

“ဟုတ်ပါ့ ငါ့တူရာ။ ဇန္နဝါရီ (၃) ရက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနေ့ (CONSTITUTION DAY) အဖြစ်သတ်မှတ်သည်တဲ့။ သူတို့ရဲ့လွှတော်က  ဆုံးဖြတ်ချက်ချပီး ကျင်းပကြတာလေ”

“ဟင်သူတို့ရဲ့ အခြေခံဥပဒေကြီးကို လူထုက မကြိုက်မှန်းသိလို့-တမင်းတကာ “ရစ်” ပြနေတာနဲ့ တူတယ်ဦးလေးရာ”

“ဟုတ်တာပေါ့၊ ငါ့တူရာ၊ မှန်တာပေါ့။ အေးဒီဘက် ၈၈ အရေးအခင်းနဲ့ကပ်ရက် စက်တင်ဘာ (၁၈)မှာ စစ်တပ်က အာဏာသိမ်းလိုက်တာ မင်းမှတ်မိတယ်နော်။ ပီးတော့ နဝတ စစ်အုပ်စုက အုပ်ချုပ်လုက်ပီး ၁၉၉၀ မေ(၂၇)ရောက်တော့ ဟန်ပြပါတီစုံရွေးကောက်ပွဲလုပ်ပြတယ်။ အဲဒီနေ့မှာ အထိမ်းအမှတ်တံဆိပ်ခေါင်း (၁)လုံး ထုတ်တယ်။ ဒီမှာ ကြည့်ပါဦး”

၁၉၉၀ မေလ (၂၇) ရက်


 “ဟင်- ဒီတံဆိပ်ခေါင်းမှာ နဝတ အာဏာသိမ်းတဲ့ရက်ဖြစ်တဲ့ ၁၉၈၈ စက်တင်ဘာ (၁၈) ရက်နေ့ စွဲကို ထဲ့ထားတယ်။ နောက်ပီး ဒီမှ ကြည်း၊ ရေ၊ လေ တပ်မတော်တံဆိပ်ကိုလဲ ထဲ့ထားသေးတယ်။ ဒီနေ့စွဲ- ဒီတံဆိပ်တွေနဲ့ သူတို့အခုလုပ်နေတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနဲ့ ဘာဆိုင်လို့လဲ ဦးလေးရ”

“ငါ့တူကြီး  “စကားထဲက၊ ဇာတိပြ”  ဆိုတဲ့စကားကြားဖူးတယ်မဟုတ်လား။ အခုဟာကလဲ “တံဆိပ်ခေါင်းထဲက၊ ဇာတိပြ” ကွ။ ဟား-ဟား။ ဘာဇာတိလဲဆိုတော့ “ တို့ ကြည်း၊ ရေ၊ လေ ငတိတွေက ၁၉၈၈ စက်တင်ဘာ (၁၈) ရက်နေ့က လုပ်တဲ့ပုံစံအတိုင်း ဆက်လုပ်မြဲ လုပ်နေမှာဘဲလို့ ပြောပြနေတာကွ။ ဒါနဲ့ စကားမစပ် ဒီတံဆိပ်ခေါင်းရဲ့ ဒီဇိုင်းရှင်ကတော့- ဦးလေးကြိုက်တဲ့နာမည်ကျော် မျက်နှာဖုံးသရုပ်ဖော် ပန်းချီဆရာကြီး မောင်မောင်သိုက်ကွ။ နောက် (၃)နှစ်ကြာတော့- အမျိုးသားညီလာခံ ကျင်းပတဲ့နှစ်မှာ တံဆိပ်ခေါင်း (၂)မျိုး ထပ်ထုတ် သေးတယ်။ ငါ့တူမှတ်မိတယ် မဟုတ်လား။ ရပ်လိုက်-ပြန်စလိုက်နဲ့  ပြီးဘဲမပြီးနိုင်တဲ့ နာမည်ကျော် အမျိုးသားညီလာခံကြီးဟာလေ။

၁၉၉၃ ဇန္နဝါရီ (၁) ရက်၊ အမျိုးသားညီလာခံ


“ဟုတ်ကဲ့ မှတ်မိပါတယ် ဦးလေး”

“အေး နောက်တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဆိုတာကြီးက လူမှုရေးအသင်းတခု အနေနဲ့ပေါ်လာတယ်။ အဲဒီအသင်းကြီးရဲ့ နှစ်ပတ်လည်အထိမ်းအမှတ် အနေနဲ့လဲ တံဆိပ်ခေါင်းတခု ထုတ်ပြန်တယ်။

၁၉၉၄ စက်တင်ဘာ (၁၅)နေ့ထုတ် ကြံ့ဖွံ့ အသင်းနှစ်ပတ်လည်တံဆိပ်ခေါင်း


“နေပါဦး ဦးလေးရ။ အဲဒါကြံ့ဖွံ့ပါတီ မဟုတ်လား”

“ဟုတ်ပါ့ ငါ့တူရာ။ အစက- လူမှုရေအသင်းတခုပါဆိုပီး အစိုးရကဖွဲ့တာဘဲ။ နောက်တော့ ခြေလှမ်းစိပ်လာတာပေါ့ကွာ။ အခွင့်အရေးတွေပေးပီး မြူဆွယ်တော့ အသင်းသားတွေ များလာတာပေါ့။ အဲဒီလို လူတွေလဲ များများစုမိရော နှစ်ပေါက်တပေါက်ရိုက်ပီး ပါတီအဖြစ်ကို ပြောင်းချလိုက်တာဘဲ။ သူတို့အခေါ် ပြည်-ခိုင်-ဖြိုးတဲ့။ မင်းတို့ ငါတို့ခေါ်နေတာက ကြံ့-ဖွံ့။ အဲဒီနောက်ပိုင်း ထုတ်တဲ့ တံဆိပ်ခေါင်းတွေတော့- ငါ့တူသိပြီးသားတွေမို့- ဒီမှာ တန်းစီပီးပြပါ့မယ်”

၂၀၀၂ သြဂုတ် (၁၃)ရက်နေ့ထုတ် အမျိုးသားညီလာခံ အထိမ်းအမှတ်




 “၂၀၀၈ မေလ နာဂစ်မုန်းတိုင်းအပီးမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပီး- အခြေခံဥပဒေကို အတင်းအတည်ပြုလိုက်တယ်လေ။ အဲဒီအတွက် တံဆိပ်ခေါင်း ၃လုံးလဲ ထုတ်လိုက်သေးတယ်။ ဒီမှာကြည့်ပါဦးကွာ။ ဘယ်လောက်အသဲနာစရာကောင်းတဲ့ တံဆိပ်ခေါင်းတွေလဲဆိုတာ”

၂၀၀၈ မေ (၉) (နာဂစ်မုန်တိုင်းအပီး) ထုတ်ဝေခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိမ်းအမှတ်တံဆိပ်ခေါင်း (၃) လုံး




“အဲဒါပီးတော့ ၂၀၁၀ ရွေးကောက်ပွဲလုပ်တယ်လေကွာ။ အဲဒီအတွက်လဲ တံဆိပ်ခေါင်းထုတ်သေးတယ်”

၂၀၁၀-နိုဝင်ဘာ (၇) ရက်နေ့ထုတ်



“ဒီမှာ ဒို့တာဝန်အရေးသုံးပါး ဆိုတဲ့ စာတမ်းက ဘယ်ကနေပါလာပါလိမ့် ဦးရာ။ တံဆိပ်ခေါင်းနဲ့ ဘာဆိုင်လို့လဲ ဦးလေးရ။ လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်မှ မဟုတ်တာ”


“ဟဲ-ဟဲ။ ဆိုင်ဆိုင်-မဆိုင်ဆိုင်။ သူတို့ကတော့- သူတို့စစ်အုပ်စု အာဏာတည်မြဲဘို့အတွက်တော့- မျက်နှာပြောင်ပြောင်နဲ့ လုပ်ချင်ရာတွေ စွပ်လုပ်နေမှာဘဲ။ ဘယ်တံဆိပ်ခေါင်းပညာရှင်ရဲ့ စကားမှလဲ နားထောင်မှာမဟုတ်ပါဘူးကွာ။ အခုဘဲကြည့်လေ။ ဟိုအရင်ခေတ်ကဟာကို အသာထားဦး။ ၈၈ နောက်ပိုင်းကနေ အခု ၂၀၁၃အထိ နှစ်ပေါင်းအစိတ်အတွင်းမှာ တံဆိပ်ခေါင်း စုစုပေါင်း (၈၉) လုံးထုတ်ခဲ့တဲ့အနက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေက (၂၉) ရှိတယ်ကွ။ ဆိုလိုတာက ၃ပုံ၁ပုံလောက်ဟာ-သူတို့ရဲ့ ညီလာခံတွေ၊ အခြေခံဥပဒေတွေနဲ့ ပတ်သက်တာတွေချည်းဘဲ။ အဲဒါတွေကိုဘဲ အသားပေးဆက်ထုတ်နေမယ်ဆိုရင်တော့- နောက်ထွက်လာသမျှ တံဆိပ်ခေါင်းတွေဟာ တို့ပြည်သူပြည်သားတွေရဲ့ မျက်နှာကို အိုးမဲလာသုတ်သလို ဖြစ်နေမှာပါဘဲကွာ”