ဒေါက်တာ ခင်မောင်ဝင်း (သချာင်္) - ကျောင်းနေဘက် သူငယ်ချင်း ဦးအောင်သင်း


ဒေါက်တာ ခင်မောင်ဝင်း (သချာင်္) - ကျောင်းနေဘက် သူငယ်ချင်း ဦးအောင်သင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄


    အသက်အားဖြင့် ကျွန်တော်နဲ့ ဦးအောင်သင်းတို့သည် ၁၄ နှစ် ကွာပါသည်။ အသက် ၁၄နှစ် ကွာသော သူနှစ်ယောက်သည် ဘယ်လိုလုပ်ပြီး ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သနည်း။
    ဖြစ်ပုံမှာ အားလုံး သိကြသည့်အတိုင်း ဦးအောင်သင်း၏ ဘ၀သည် အရေးအခင်း အမျိုးမျိုးကြားတွင် တောခိုလိုက်၊ ထောင်ကျလိုက် ဖြင့် ကြင်လည်ခဲ့ရပြီး ပညာရေး လမ်းကြောင်းသည် မဖြူးဖြောင့်ခဲ့ပါ။ သူ၏ မဖြူးဖြောင့်သော ပညာရေး ဘ၀တွင် ၁၉၅၈ ခုနှစ်တွင် ထိုအချိန်က အခေါ်အဝေါ် BA Part A (ယခု အခေါ်အဝေါ် ၀ိဇ္ဇာ တတိယနှစ်) ၌ ဦးအောင်သင်းနှင့် ကျွန်တော် ဆုံခဲ့ပါသည်။ အထူးပြု ဘာသာချင်း မတူသော သူနှစ်ဦးသည် ဘယ်လို ဆုံနိုင် သနည်း ဟူသည်ကိုတော့ ထိုအချိန်က ဘာသာတွဲစနစ် (combination system) ကို ရှင်းပြနေရမည် ဖြစ်၍ မပြောတော့ပါ။ သူနှင့် ကျွန်တော်တို့သည် အင်္ဂလိပ်စာပေ (English Literature) အတန်းတွင် ဆုံခဲ့ခြင်း ဖြစ်ပါသည်။
    ကျွန်တော် နှင့် သူ ဒီလောက် အသက်ကွာလိမ့်မည်ဟု ထိုအချိန်က မသိခဲ့ပါ။ ကျွန်တော်မသိတာတွေကတော့ အများကြီးပါ။ သူက ကျွန်တော့်ကို “ကိုခင်မောင်ဝင်း” ဟု အမည်တပ်၍ ခေါ်ခဲ့သော်လည်း၊ ကျွန်တော်က သူ့အမည်ကို မသိခဲ့ပါ။ ထို့ကြောင့် သူ့ကို စာရေးဆရာ အောင်သင်း ဟူ၍လည်း မသိပါ။ သူသည် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမှန်မှန် မတက်နိုင်ပါ။ သူ ကျောင်းပျက်သော နေ့ရက် များတွင် သင်ခဲ့သော သင်ခန်းစာများပါသော စာအုပ်များကို ကျွန်တော့်ထံမှာ ငှားပါသည်။ ကျွန်တော်ကလည်း ကြေကြေနပ်နပ် ငှားပါသည်။
    ဦးအောင်သင်းသည် တစ်လတစ်ကြိမ်လောက် ကျွန်တော့် အမေ ဒေါ်ခင်မျိုးချစ်ဆီ လာလေ့ရှိပါသည်။ ကျွန်တော့် အမေကလည်း ကျွန်တော့်ရှေ့တွင် သူ့ကို အမည်တပ်၍ ခေါ်သံ ကိုလည်း မကြားဘူးပါ။
    သူ့ကို စာရေးဆရာ ဦးအောင်သင်းမှန်း သိသော နေ့မှာ ကျွန်တော်သည် ကျွန်တော့်အမေနှင့် အတူ စာပေဟောပြောပွဲသို့ လိုက်သွားခဲ့သော နေ့တစ်နေ့တွင် ဖြစ်ပါသည်။ ကိုယ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းကို စာရေးဆရာ ဦးအောင်သင်းမှန်း မသိသည့် အဖြစ်ကိုတော့ ဒီတစ်ခါဘဲ ကြုံဖူးပါသည်။
    ယခု ဦးအောင်သင်း ကွယ်လွန်သည့် သတင်းကို ကြားရသောအခါ သူငယ်ချင်း တစ်ယောက် ဆုံးရှုံးသွားသလို ခံစားရပါတယ်။ အသက် ၁၄နှစ် ကွာတဲ့ လူကို သူငယ်ချင်းလို့ ခေါ်ရခြင်းက မရိုသေလို့ မဟုတ်ပါဘူး။ ရင်းနှီးမှု၊ ခင်မင်မှု ကို ပြတာ ဖြစ်ပါတယ်။

ဒေါက်တာ ခင်မောင်ဝင်း (သခ်ာၤ)
(Photo Credit - Sayagyi U Aung Thin's Facebook Page)