မင်္ဂလာတောင်ညွှန့်မြို့နယ် NLDများ ဒေါ်ဖြူဖြူသင်းအား ကန့်ကွက်မှုပြုလုပ်


မင်္ဂလာတောင်ညွှန့်မြို့နယ် NLDများ ဒေါ်ဖြူဖြူသင်းအား ကန့်ကွက်မှုပြုလုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်


ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ NLD ရပ်ကျေး၊ အလုပ်အမှုဆောင်နှင့် မြို့နယ် EC တွဲဘက်အတွင်းရေးမှူး ဦးဌေးမြင့်တို့မှ ဒေါ်ဖြူဖြူသင်းအား မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုမှရွေးချယ်သတ်မှတ်ပေးသည်ကို ကန့်ကွက်ကြောင်း ရှင်းလင်းပွဲတစ်ခုကို မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၃လမ်းရှိ NLD ပါတီဝင်တစ်ဦး၏နေအိမ်တွင် သြဂုတ် ၃ရက်က ပြုလုပ်ခဲ့သည်။
          ဒေါ်ဖြူဖြူသင်းသည် မင်္ဂလာတောင်ညွှန်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သက်တမ်းကာလ အတွင်း မြို့နယ်၏ လိုအပ်ချက်များ၊ တင်ပြမှုများကို ဖိအားပေးလုပ်ဆောင်မှုမရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်လျှင်လည်း ရပ်ကွက် ပေါင်း၂၀ရှိသည့်အနက် ရပ်ကွက်ပေါင်း ၆ရပ်ကွက်သာ အဓိကထားလုပ်ဆောင်ပေးသည့်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပြည်သူများ၊ NLD ရပ်ကျေး၊ အလုပ်အမှုဆောင်နှင့် မြို့နယ်အောင်နိုင်ရေးများမှ ၄င်းအားကန့်ကွက်ကြောင်း၊  ၂၀၁၅ခုနှစ်တွင် ဒေါ်ဖြူဖြူသင်းအားပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာကို ဗဟိုရွေးချယ်ရေးအဖွဲ့မှထပ်မံရွေးချယ်ထား သည့်အတွက် ပြည်သူ့လွှတ်တော်အောင်နိုင်ရေးပြုလုပ်ရာတွင် အခက်အခဲဖြစ်၍ ရှုံးနိမ့်မည်ကို စိုးသောကြောင့် ၄င်းနေရာတွင် မည်သည့်အခြားသူတစ်ယောက်မဆို ရွေးချယ်လျှင် လက်ခံမည်ဖြစ်ကြောင်း မြို့နယ်ECတွဲဘက်အတွင်းရေးမှူး မြို့နယ်အောင်နိုင်ရေးဘဏ္ဍာရေးမှူး ဦးဌေးမြင့်မှ ပြောသည်။
          ဆက်လက်၍ “ကျနော်တို့က NLDဗဟိုရဲ့စည်းမျည်းတွေကိုလိုက်နာပါတယ်၊ ဒေါ်ဖြူဖြူသင်းကို တိုက်ခိုက်တာလည်းမဟုတ်ပါဘူး၊ အောင်နိုင်ရေးပြုလုပ်ရာတွင် မဲနာမှာစိုးသောကြောင့်ပါ” ဟုပြောသည်။
           ဗဟိုရွေးချယ်ရေးအဖွဲ့သို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ပြီးလျှောက်လွှာ ၃ဦးတင်ထားခဲ့သည်။ ရာထားသူမှာ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေး၊ အရံအဖြစ် ၉၀ခုနှစ်တွင် ဗဟိုလူငယ်အဖွဲ့မှပါဝင်ခဲ့သူ ဦးရန်အောင်၊ ဗဟိုဥပဒေအကြံပေးအဖွဲ့မှ ဦးလှမျိုးမြင့်တို့ဖြစ်သည်။ ၄င်းတို့ ၃ဦးအား ဗဟိုရွေးချယ်ရေးအဖွဲ့မှ မရွေးချယ်ခဲ့ပေ။
          လွှတ်တော်ကိုယ်စားလှယ်များစားရင်းကို ဗဟိုမှရွေးချယ်ပေးခဲ့ပြီး ၅ရက်အတွင်း ကန့်ကွက်နိုင်သည်ဟုဆိုသောကြောင့် ရပ်ကျေးအောင်နိုင်ရေး၊ ရပ်ကျေးအလုပ်မှုဆောင်များနှင့် မြို့နယ်အောင်နိုင်ရေးများမှ ဒေါ်ဖြူဖြူသင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကန့်ကွက်ကြောင်း လက်မှတ်များ လိုက်လံတောင်းခံနေသော်လည်း မပြည့်စုံသေးကြောင်း ရှင်းလင်းသူများမှ ပြောသည်။ ဗဟို၏စည်းမျည်းများတွင် ကန့်ကွက်သူ လက်မှတ်မည်မျှရှိမှ ပယ်ဖျက်နိုင်မည်ဟု သတ်မှတ်ခြင်းမရှိကြောင်း သိရသည်။
          အောင်နိုင်ရေးဖွဲ့ရာတွင် မြို့နယ်အောင်နိုင်ရေး ၁၅ဦးနှင့် ရပ်ကျေး ၉ဦးတို့ဖြင့်ဖွဲ့ ထားကြောင်း ၊ ဒေါ်ဖြူဖြူသင်းအား ကန့်ကွက်ရာတွင် မြို့နယ်အောင်နိုင်ရေးနှင့် ရပ်ကျေးအောင်နိုင်ရေး အဖွဲ့များ၊ ပြည်သူ များစုံလင်စွာမရှိခဲ့ပေ။