ဂါမဏိ - အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်း


ဂါမဏိ - အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်း
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ "နိုင်ငံတော်" ဆိုတာကြီးနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးလုပ်ပြီး အင်အား စုဆောင်း တိုးချဲ့တာ၊ လက်နက်ဝယ်ယူဖြည့်တင်းတာ၊ နယ်မြေ ကျော်လွန်ချဲ့ထွင်တာ၊ လူထုအပေါ် ဆက်ကြေးကောက်တာတွေ လုပ်ခဲ့တယ်လို့ "နိုင်ငံတော်" လို့ ကိုယ့်ဟာကိုယ်နာမယ်တပ်ထားသူက စွပ်စွဲတာတွေ ကြားနေရပါတယ်။
ဒါနဲ့ပတ်သက်လို့ပြောရရင် အနည်းဆုံး ၁၇ နှစ်ကနေ အများဆုံး ၂၄ နှစ်အထိ အပစ်ရပ်ထားတဲ့ကာလအတွင်း စစ်ရေးပိုင်းအရ၊ နိုင်ငံရေးပိုင်းအရ ကလိမ်ကကျစ်လုပ်ခဲ့တဲ့ လက်တွေ့အခြေအနေမှန်တွေကို အခုလိုတွေ့ရပါတယ်။
ဖြစ်စဉ်-၁။ ၁၉၈၉ ဒီဇင်ဘာ ၁၅ ရက်မှာ ကချင်ပြည်အရှေ့ဖျား နယ်မြေငယ်လေးမှာ အခြေစိုက်တဲ့ ဗကပခွဲထွက် ၁၀၁ စစ်ဒေသ သို့မဟုတ် NDAK အဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၁၉၉၄ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ပြည်နယ်တခုလုံးမှာ လှုပ်ရှားနေတဲ့ KIA အဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။
၁၉၈၈ ခုနှစ်အကုန်က ကချင်ပြည်နယ်တခုလုံးမှာ တပ်ရင်း ၁၂ ရင်းသာရှိခဲ့ပါတယ်။ ဗမာပြည်တပြည်လုံးမှာ စစ်အင် အားတိုးချဲ့မှုတွေကို ၁၉၉၁ ခု မှာစလုပ်ခဲ့ပြီးနောက် ယနေ့ ကချင်ပြည်နယ်ထဲမှာ စစ်အစိုးရ ခြေလျင်/ခြေမြန်တပ်ရင်း ၄၃ ရင်း အမြဲတမ်းအခြေချ တပ်စွဲနေပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်းပေါင်း ၂၀၊ ဒကစ (တနိုင်း) လက်အောက်ခံ ၅ ရင်း၊ တပ်မတပ်တွေအဖြစ် ဗန်းမော်နဲ့ဝန်းကျင်မှာ စကခ-၂၁ နဲ့ ၈ ရင်း၊ မိုးကောင်းနဲ့ဝန်းကျင်မှာ စကခ-၃ နဲ့ ၁၀ ရင်း တပ်စွဲထားတာ ဖြစ်ပါတယ်။
ဟိုတုံးက မပခ တိုင်းစစ်ဌာနချုပ် တခုဘဲရှိခဲ့ရာက အခုတော့ မပခ အပြင် ဒကစ(တနိုင်း)၊ စကခ-၃၊ စကခ-၂၁ နဲ့ မစခ-၉၀၄၊ လစခ-၉ ဆိုတဲ့ ကွပ်ကွဲရေး ဌာနတွေ တပ်မတွေပါ တိုးလာတယ်။ ဟိုတုံးက သာမန်လေတပ် စခန်းလေး ဖြစ်တဲ့ ၅၀၃ လေတပ်စခန်းကိုလဲ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် ဆိုပြီး အဆင့်မြှင့်တိုးချဲ့ခဲ့တယ်။
အမြောက်တပ်မ သို့မဟုတ် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၄ နဲ့ လက်အောက်ခံ အမြောက် တပ်ရင်း ၈ ရင်းထက်မနည်းက မိုးညှင်းနဲ့ ဝန်းကျင်တွေမှာ တပ်စွဲထားပြီး သံချပ်ကာတပ်မ သစခ ၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်မ လစခ-၉ လက်အောက်ခံ တပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ကိုလည်း ကချင်ပြည်နယ်ထဲမှာ ချထားပါတယ်။
ဗမာဘုရင်တွေလက်ထက်က ဗန်းမော်မှာ စစ်ကဲတယောက်ဦးစီး အင်အား ၁၀၀ အထိဘဲ ထားခဲ့တယ်။
ဖြစ်စဉ်-၂။ ရှမ်းပြည်နယ်မှာ ဗကပခွဲထွက်တွေဖြစ်တဲ့ ဝ၊ ကိုးကန့်နဲ့ ၈၁၅ အဖွဲ့တွေဟာ ၁၉၈၉ ခုထဲမှာဘဲ အပစ်အခတ် ရပ်စဲခဲ့ပြီး ရှမ်း SSPP/SSA အဖွဲ့လည်း ဒီနှစ်ထဲမှာဘဲ အပစ်အခတ်ရပ်ခဲ့ပါတယ်။ ၁၉၉၁ ခုမှာတော့ KIA ခွဲထွက် မထူးနော်အဖွဲ့၊ ပလောင် PSLA အဖွဲ့နဲ့ ပအိုဝ်းဖြူ PNO အဖွဲ့တွေ အပစ်ရပ်ခဲ့ပြီး ၁၉၉၄ ခုမှာ ကယန်းပြည်သစ်နဲ့ ရလလဖ (ပအိုဝ်းနီ) တို့ အပစ်ရပ်ခဲ့ပါတယ်။ ၁၉၉၅-၉၆ မှာတော့ ရှမ်းခွဲထွက် SSNA နဲ့ ခွန်ဆာအဖွဲ့ MTA တို့ အပစ်ရပ်ခဲ့လို့ ရှမ်းပြည်နယ်တခုလုံးမှာ သေနတ်သံတိတ်သွားခဲ့ပါတယ်။ SSA-တောင်ပိုင်းအဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်လောက်မှ တိုက်ပွဲတွေ ပြန်စခဲ့တာ ဖြစ်ပေမဲ့ ၁၉၉၇ ခုမှာ ကျိုင်းတောင်း-ကွန်ဟိန်း-မိုင်းပန်နယ်မှာ ဖြတ်လေးဖြတ် ရက်ရက်စက်စက် အကြီးအကျယ်လုပ်ပြီး စစ်တပ်အသစ်တွေ အခြေစိုက်တဲ့ စစ်နယ်မြေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။
ကွပ်ကဲရေးဌာနအဖြစ် အရင်က ရပခ(အရှေ့ပိုင်းတိုင်း) နဲ့ ရမခ(အရှေ့မြောက်တိုင်း) စစ်တိုင်း ၂ တိုင်းဘဲရှိရာက တသခ (တြိဂံတိုင်း)၊ ရလခ(အရှေ့အလယ်ပိုင်းတိုင်း) နဲ့ ဒကစ(လောက်ကိုင်) တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စကခ-၁၊ စကခ-၂၊ စကခ-၇၊ စကခ-၁၄၊ စကခ-၁၆၊ စကခ-၁၇၊ စကခ-၁၈၊ မစခ-၉၀၂၊ မစခ-၉၀၃၊ မစခ-၉၀၉၊ လစခ-၃ ဆိုတဲ့ တပ်မဌာနချုပ် ၁၁ ခု ထပ်တိုးခဲ့တယ်။ အရင်က လေတပ်ရဲ့ အုပ် ၇၁ ရေဒါစခန်းဘဲရှိခဲ့တဲ့ နမ့်စန်ကိုလဲ လေတပ်စခန်းဌာနချုပ်အဖြစ် အဆင့်မြှင့် တိုးချဲ့ခဲ့တယ်။
အဲဒီရှမ်းပြည်နယ်မှာ ၁၉၈၈ ခုနှစ်က ခြေလျင်တပ်ရင်း ၂၉ ရင်းနဲ့ အမြောက်တပ်ရင်း ၁ ရင်း အခြေစိုက်ခဲ့ပြီး အခုတော့ ရမခ လက်အောက်ခံ ၁၄ ရင်း၊ ရပခ လက်အောက်ခံ ၃ ရင်း၊ ရလခ လက်အောက်ခံ ၁၃ ရင်း၊ တသခ လက်အောက်ခံ ၂၁ ရင်း၊ မပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၆ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၆ ရင်း၊ စကခ-၁၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း၊ စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၂၆ ရင်း တပ်စွဲထားပြီး မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၃ လက်အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ မစခ ၉၀၉ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း ၁၄ ရင်း နဲ့ နမ့်စန်လေတပ်စခန်းဌာနချုပ်တွေ တပ်စွဲသိမ်းပိုက်ထားပါတယ်။
ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပေမဲ့ အခု ရမခ လက်အောက်ခံ တပ်ရင်း ၃ ရင်းအခြေစိုက်ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထား ပါတယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ် မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၂ ရင်း ပေါင်း ၃ ရင်းပါ ထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ် တရင်းမှမရှိခဲ့ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက် အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင်ပါ ထိုင်ထားပါတယ်။ ရှမ်းပြည်နယ်တခုလုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပါတယ်။
ဗမာဘုရင်တွေလက်ထက်က မိုးနဲမှာ စစ်ကဲတယောက်ဦးစီးတဲ့ အင်အား ၁၀၀ ဘဲ အများဆုံးရှိခဲ့တယ်။
ဖြစ်စဉ်-၃။ မွန်ပြည်နယ်ဟာ ၁၉၉၅ ခုမှာ အပစ်ရပ်ခဲ့ပါတယ်။ အဲဒီမှာ ၁၉၈၈ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၂၀ ရှိခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်တွေ ချထားပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စစ်အင်အားတွေ မတန်တဆတိုးချဲ့ တာ ဘယ်သူလဲ ရှင်းရှင်းကြီးသိနိုင်ပါတယ်။ ပြည်ပရန်ကာကွယ်ဖို့ ဆိုတဲ့ဆင်ခြေပေးလို့မရပါဘူး။ ဘာကြောင့်လဲဆို တော့ ဒီတပ်တွေအပြင် ဗမာပြည်မနဲ့ တခြားပြည်နယ်တွေမှာ တိုးချဲ့ထားတဲ့ တပ်မတွေကိုသုံးပြီး တိုင်းရင်းသားဒေသ တွေကို စစ်ဆင်တာ အထင်အရှားတွေ့နေရလို့ ဖြစ်ပါတယ်။ ဥပမာတခုပြရရင် ရခိုင်ပြည်နယ်မှာ အသစ်တိုးချဲ့ဖွဲ့စည်း လိုက်တဲ့ စကခသုံးခုကို ကရင်ပြည်နယ်စစ်ဆင်ရေးမှာဘဲ တောက်လျှောက်သုံးနေတာ တွေ့ရပါတယ်။
၁၉၈၈ ခုမှာ ခြေလျင်/ခြေမြန်တပ်ရင်းပေါင်း ၁၈၀ လောက်ရှိခဲ့ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ၁၀၇ ရင်း သို့မဟုတ် ၅၉% ဝန်းကျင် နေရာယူခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အများစုနဲ့ အပစ်အခတ်ရပ်စဲရေး ရခဲ့တဲ့ ၂၄ နှစ်ကာလအတွင်း အစိုးရစစ်တပ် စုစုပေါင်း ၅၄၂ ရင်းဖြစ်လာပြီး တိုင်းရင်းသားနယ်မြေတွေမှာ ၃၇၈ ရင်း (၇၀%) အမြဲတန်းတပ်စွဲ အခြေစိုက်ထားပါတယ်။ လက်ရှိတပ်အင်အား ၃၇၈ ရင်းဆိုတာ ၁၉၈၈ ခုကာလက ၁၀၇ ရင်းထက် ၃ ဆခွဲ သို့မဟုတ် ၃၅၃% တိုးလာတာ ဖြစ်ပါတယ်။ အမြောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်းမကကို ပေါင်းလိုက်ရင် ၄၆၈% လောက်ရှိပါတယ်။
၂၀၁၀ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးပျက်ပြီးတော့ စစ်ဆင်ရေးအကြောင်းပြ ဝင်လာတဲ့ ပြည်မတပ်တွေက တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့အပြင် နတခ(အနောက်တောင်တိုင်း) နဲ့ နမခ(အနောက်မြောက်တိုင်း) ကတပ်တွေ၊ ရခိုင်ပြည်က စကခ-၅၊ စကခ-၉၊ စကခ-၁၅ နဲ့ ရှမ်းပြည်က စကခ-၇ တို့ပါဝင်တယ်။
တခြားကလိမ်ကကျစ်ကိစ္စတွေကတော့ အပစ်ရပ် မတရားသင်းပယ်ဖျက်ထားတဲ့ SSA ရဲ့ တပ်မဟာ ၂ ကို သီပေါ-ကျောက်မဲနယ်က အတင်းဆုတ်ခိုင်း၊ အပစ်ရပ်ထားတဲ့ PSLA ပလောင်အဖွဲ့ နဲ့ SSNA ရှမ်းအဖွဲ့တွေကိုလည်း ၂၀၀၅ ခုနှစ်ထဲမှာဘဲ လက်နက်ဖြုတ်၊ အပစ်ရပ် ရလလဖ နဲ့ ကယန်းပြည်သစ်ကို ၁၉၉၈ ခုမှာ ပင်လောင်းဒေသ နဲ့ အင်းဒေသ တွေက အတင်းဆုတ်ခိုင်း၊ ၂၀၀၈ ခုနှစ်မှာ ရလလဖကို လက်နက်ဖြုတ်တာတွေ လုပ်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်နဲ့ ၁၉၉၁ ခု မေလကြား အပစ်အခတ်ရပ်စဲတဲ့ အစောပိုင်းအဖွဲ့ ၈ ဖွဲ့ကိုတော့ မတရားသင်းကြေညာတာ ပယ်ဖျက်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပယ်ဖျက်ပေးခံရတဲ့အဖွဲ့တွေဟာ တကယ်တော့ တခါမှ မတရားသင်းကြေညာခံ ခဲ့ရဖူးတာလည်း မဟုတ်ပါဘူး။ မတရားသင်းပယ်ဖျက်ခံရပေမဲ့လည်း အတိုက်ခံရတာ၊ ဖိအားပေးခံရတာတွေ ရှိနေခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း အပစ်ရပ်တဲ့အဖွဲ့တွေကိုတော့ မတရားသင်းပယ်ဖျက်တာ လုပ်မပေးခဲ့ပါဘူး။
မတရားသင်း ပယ်ဖျက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့-
၁) ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၂၀၀၉ ခုမှာ BGF လုပ်ဖို့ ဖိအားပေးခံရလို့ တင်းမာခဲ့ပြီး အခု နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခဏခဏလက်မှတ်ထိုးနေရ)
၂) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်များတပ်မတော် MNDAA ကိုးကန့်အဖွဲ့ (မတရားသင်း ပယ်ဖျက်ပေမဲ့ ၁၉၉၇ ခုမှာ နအဖတပ်တွေ ကိုးကန့်မြိုတော် လောက်ကိုင်မှာ အတင်းဝင်တပ်စွဲ၊ ၂၀၀၀ ခုနှစ်အကုန်ပိုင်းမှာ မုန်းကိုးနယ်မြေက MDA အပစ်ရပ်အဖွဲ့ကို ရှင်းလင်းချေမှုန်းခံရ၊ ၂၀၀၉ ခုနှစ်မှာ ကိုးကန့်တဖွဲ့လုံး တိုက်ခိုက်ချေမှုန်းခံရ)
၃) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ရှမ်းအရှေ့) NDAA-ESS အထူး-၄ မိုင်းလားအဖွဲ့ (၂၀၀၉ ခုမှာ BGF လုပ်ဖို့ ဖိအားပေးခံရလို့ တင်းမာခဲ့ပြီး အခုနောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ခဏခဏလက်မှတ်ထိုးနေရ)
၎) ရှမ်းပြည်တပ်မတော် SSPP/SSA (မြောက်ပိုင်း) (မတရားသင်းပယ်ဖျက်ပေမဲ့ နာယက ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုမှာ ဖမ်းပြီး ထောင် ၁၀၆ နှစ်ချ၊ ၂၀၀၉ ခုနှစ်မှာ တပိုင်းက ပြည်သူ့စစ် လုပ်လိုက်ရပြီး ကျန်တပိုင်းနဲ့ ပြန်တိုက်လိုက်၊ အပစ်ရပ်လက်မှတ်ထပ်ခါထပ်ခါထိုးလိုက်လုပ်နေ)
၅) ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် NDAK (မတရားသင်းပယ်ဖျက်ပေမဲ့ ၂၀၀၉ ခုနှစ်မှာ BGF အသွင် ပြောင်းလိုက်ရပြီး မူလတပ်-အဖွဲ့အစည်းကို လုံးဝဖျက်သိမ်းလိုက်)
၆) ကချင်ကာကွယ်ရေးတပ်မတော် KDA (၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်အသွင်ပြောင်းလိုက်ရ)
၈) ပအိုဝ့်အမျိုးသားအဖွဲ့ PNO (၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်လုပ်ခံရပြီး မူလအဖွဲ့အစည်းကတော့ မှတ်ပုံတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရ)
မတရားသင်းပယ်ဖျက်ပေးခံရတဲ့ အဖွဲ့အစည်းတွေရဲ့နယ်မြေတွေမှာ နိုင်ငံသားမှတ်ပုံတင်တောင် မပေးခဲ့ဘဲ ဟန်ပြ ဖွံ့ဖြိုးရေးတွေဘဲ လုပ်ပြခဲ့ပါတယ်။ အဖွဲ့အစည်းတွေက တကယ်တန်း မိမိဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့အခါမှာလည်း ဟန့် တားပိတ်ပင်ခံရပါတယ်။ နတလပိုင် လယ်ထွန်စက်ကိုတောင် အပစ်ရပ်အဖွဲ့အစည်းတွေက ငှားလို့မရအောင် ပိတ်ပင် တာတွေ တကယ်ရှိခဲ့ပါတယ်။
ဒီကာလ (စောမောင်လက်ထက်) မှာဘဲ နယ်စပ်/ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းအတော်များများကိုလည်း မတရားသင်းကြေညာခဲ့ပါတယ်။ ဒီထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ မိုးဟိန်းအဖွဲ့ SURA၊ ခွန်ဆာအဖွဲ့ SUA၊ ရှမ်း ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ KNLP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN၊ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ အမျိုးသားကောင်စီ NCUB နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU၊ ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ DAB နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FDB နှင့် အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF နှင့် အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ NLD-LA၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB တို့ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ကိုတော့ ၂၀၀၀ ခုနှစ် ဒီဘက်ပိုင်းမှာ မတရားသင်းကြေညာခဲ့တာဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ CPB ကိုတော့ ၁၉၆၀ ခုနှစ်မတိုင်မီကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီထဲမှာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ဘဲ မတရားသင်းကြေညာခံခဲ့ရတဲ့ လူ့ဘောင်သစ် နဲ့ FTUB တို့ဟာ အခု တော့ မတရားသင်းကြေညာမှု ရုပ်သိမ်းတာမရှိဘဲ ပြည်တွင်းမှာ တရားဝင်သဘောမျိုး ပြန်လည်ရပ်တည်နေပြီဖြစ်ပါ တယ်။ အင်တာပိုလ်ကို အမှုဖွင့် တိုင်ကြားခံရဖူးတဲ့ FTUB ခေါင်းဆောင်လည်းဖြစ်၊ NCUB ခေါင်းဆောင်လည်းဖြစ်သူ ကတော့ ပြည်တွင်းပြန်ရောက်ပြီး တလအတွင်း မြန်မာပတ်စပို့ရခဲ့ပါတယ်။
တခါမှ မတရားသင်းကြေညာ မခံရပေမဲ့ နအဖ စစ်ဝါဒီတွေက လုပ်ချင်သလိုလုပ်နေတဲ့အဖွဲ့တွေလဲ ရှိပါသေးတယ်။
၁) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဝါ) တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA (သို့သော် ၂၀၁၀ မှာ တိုက်ခိုက်ခံရပြီး အပစ်ရပ်စာချုပ် လက်မှတ်ထပ်ခါထပ်ခါထိုးနေရ)
၂) KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (၂၀၀၇ ခုမှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ အပစ်ရပ်စာချုပ် ခဏခဏလက်မှတ်ထိုးနေရ)
၃) ရှမ်းပြည်တပ်မတော် RCSS/SSA (တောင်ပိုင်း) (ဒါပေမဲ့ ဆက်သွယ်သူတွေကို ၁၇-၁ နဲ့ ထောင်ချခဲ့သလို မကြာ ခဏတိုက်လိုက်၊ အပစ်ရပ်စာချုပ်ကို ထပ်ခါထပ်ခါလက်မှတ်ထိုးလိုက် လုပ်နေရ)
၎) ရှမ်းပြည်အမျိုးသားတပ်မတော် SSNA (၁၉၉၆ ခုမှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမဲ့ ၂၀၀၅ မှာ တိုက်ခိုက် ချေမှုန်းခံရ)
၅) တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA (သို့သော် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရ)
၆) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO
၇) ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC
၈) ရှမ်းပြည် ကြားဖြတ်အစိုးရ ISG
ဒါတွေကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အသုံးချပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအမြတ်ထုပ် နေတာ ဘယ်သူလဲ ရှင်းနေပါတယ်။ ဒါကြောင့် ABSDF နဲ့တကွ အပစ်ရပ်အဖွဲ့သစ်၊ အပစ်ရပ်အဖွဲ့ဟောင်းအားလုံးဟာ ဗမာစစ်ဝါဒီတွေရဲ့ ရူးသလိုပေါသလိုအပစ်အခတ်ရပ်စဲရေး နဲ့ အကြံအဖန်ငြိမ်းချမ်းရေးကို အကြအကို အမှန်အကန်အပစ် အခတ်ရပ်စဲရေး နဲ့ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးဖြစ်အောင် နည်းမျိုးစုံနဲ့စုပေါင်းကြိုးစားကြရမှာဖြစ်ပါတယ်။
ဂါမဏိ
(ဒေါင်းအိုးဝေ စာစောင်၊ နိုဝင်ဘာ ၂၀၁၃ ပါ ဆောင်းပါးကို အနည်းငယ်မွမ်းမံထားသည်)