မင်းကိုနိုင် - နွားကြီး... သေသွားပြီ !!!


မင်းကိုနိုင် - နွားကြီး... သေသွားပြီ !!!
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၅

မြက်ပင်တွေတောင်၊ ခေါင်းမထောင်ခင် 
နေ၀င်လေအေး၊ မိုးလေးညိုယုံ
ချည်တိုင်ကို လွမ်းတတ်တဲ့
နွားကြီး... သေသွားပြီ
.
သခင်မ မျက်နှာ
မမြင်ရ ရက်ကြာလို့
နာတာရှည် လွမ်းနေကြောင်း
ဖိနပ်ဟောင်း တရံလို
ဇာတ်ကြောင်း ပြန်ချင်တဲ့
နွားကြီး...သေသွားပြီ
.
ချို(ဂျို)နဲ့ သားရေ မကျန်စေနဲ့
ခုတ်ဟဲ့ ထစ်ဟဲ့ အရက်ငှဲ့လေ
ကေတီဗီ မာဆတ်တွေကြား
သက်သတ်လွတ်စားပြီး
စားမြုံ့ပြန်တတ်တဲ့
နွားကြီး... သေသွားပြီ
.
အားနာပါတယ်..ရှင်
ဒီသံစဉ်ကြားဖို့ အရေး
ထောင်ဂဏန်းတန် ကဒ်ပြေးဝယ်
ဆက်သွယ်မှုဧရိယာပြင်ပ
မကြာခဏရောက်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
အော်စကာဆုရ.. ဟာသသရုပ်ဆောင်
မင်းသားကြီး ရော်ဘင်ဝီလျံတောင်
သတ်သေတဲ့ လက္ခဏာနဲ့ သေသွားပြီဆိုတော့
ငါဘယ်လို ရှင်သန်ရပါ့
တွေးမရတော့တဲ့
နွားကြီး...သေသွားပြီ
.
ရှင်ရင် ခိုင်းစားကြမယ်
သေရင် အသားပေါ်စားဦးမှာ
ဒီအကြောင်းတွေကြောင့်
ငါနေမကောင်းဖြစ်ချင်တာ ဆိုတဲ့
နွားကြီး...သေသွားပြီ
.
နှစ်စဉ်နှစ်ဆန်းတရက်နေ့ဆို
သူတကာလို ...
ဘေးမဲ့လွှတ်ပေးနိုးနိုး
ငေးခဲ့ရတဲ့ ...
နွားကြီး...သေသွားပြီ
.
အသပြာပုံလောင်းဆဲ
အညာ ကုန်ရောင်းပွဲနဲ့
အာရုံ အပြောင်းအလဲတွေကြား
နောက်ဆုံးချိန်ထိ ထမ်းပိုးဖြုတ်မခံ
အဓိဌာန် ကျင့်ကြံခဲ့တဲ့
နွားကြီး...သေသွားပြီ။
.
ရှိလျက်နဲ့ မရှိသလို အနေဝေးရ
သိလျက်နဲ့ မသိသလို နေပေးသမျှ
နွားကြီးပါကွာ”..လို့  အထင်ခံခဲ့ရတဲ့
နွားကြီး...သေသွားပြီ
.
အနှီထို ကိစ္စတွေမှာ
သူ့ကိုယ်သူ ကျားကြီး ထင်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
သြော် ...
ကောက်ရိုးပန်းချီကားကို
လူတွေ ခံစားပုံနဲ့
(ရိုးရိုးသားသား)
မတူခြားနားခဲ့တဲ့

နွားကြီ သေသွားပြီ။