ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သွန်းခရေးတဲ့ မေမေ့ အကြောင်း



သွန်းခရေးတဲ့ မေမေ့ အကြောင်း
သွန်းခ။ (မိုးမခ) ဇန်နဝါရီ ၂၅၊ ၂ဝ၁၆


မနက်မိုးလင်းလင်းချင်း တောင့်တမိတာက သတင်းစာပါပဲ။ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်စောင်တော့ ဖတ်လိုက်ရမှ၊ နည်းနည်း နေသာထိုင်သာရှိသွားတာကိုး။ မှန်ရာ ကိုဝန်ခံရရင် အင်တာနက် လည်းဖွင့်မိတတ်ပါ ရဲ့။

၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်၊ (၂၄-၁-၂ဝ၁၆) နေ့ကတော့ မိခင်များနေ့ပေကိုး။ သတင်းစာ ထဲက သတင်း တွေက မေမေ့ဆီ ဖုန်းဆက်ချင်တဲ့စိတ်ကို မတားနိုင်ခဲ့ပါဘူး။

အသက် ၇၈ နှစ်ရှိပြီ ဖြစ်တဲ့ သူနာပြုဆရာမကြီး မေမေ ဟာ ရန်ကုန်မြို့စွန်၊ ရပ်ကွက်ကလေးတစ်ခုမှာ အေး ချမ်းစွာ နေပြီး သားတွေဆီက ဖုန်းကိုမျှော်တတ်သူပါ။

ဖုန်းဆက်ပြီး စကားစမြည် ပြောရင်း မိခင်များနေ့ဆိုတာ ထည့်ပြောဖြစ်ပါရဲ့။ ရယ်ပါတယ်။ "မင်း မိခင်များနေ့ မို့ လို့ ဆက်တာပါကွာ" လို့လည်းပြောလိုက်ပါသေးရဲ့။ မှန်တာပြောရတော့ မေမေ့ဆီကို ဖုန်းဆက်ဖို့ အချိန်ပေးရ လွန်းလို့ အားတဲ့၊ အဆင်ပြေတဲ့ အချိန်တွေမှာမှ ဆက်ဖြစ်ပါတယ်။

"မျက်နှာမှမမြင်ရပဲ စကားလေးပြောရရင် အလွမ်းပြေတာပေါ့" ဆိုပြီး ပြောလိုက်တာ နာရီ နဲ့ကိုချီပြီး ပြော တတ် လွန်းလို့ပါ။ (မိခင် များသက်ရှိ ထင်ရှား ရှိနေကြတုန်းမှာ အတုံ့အပြန် စကားလေးတွေ ပြောနိုင်ဖို့လိုပါ တယ်။ အချိန်ပေးပြီး ဆက်ကြပါခင်ဗျ)

သွန်းခ အသက် ၅ဝ ပြည့်ခါနီးပါပြီ။ မေမေ့ မေတ္တာတွေ အများကြီးထဲက ခုထက်ထိမမေ့နိုင်တာလေးတစ် ခု ရှိနေပါတယ်။ တစ်ချိန်ချိန်တော့ ရေးဖြစ်မယ်လို့ တေးထားမိခဲ့တဲ့ အကြောင်းအရာလေးပါ။

မေမေ ဟာ သူနာပြုဆရာမ အဖြစ်နဲ့ သွန်းခ တို့ ညီအစ်ကို ၂ ယောက်ကို ထမင်းကျွေး၊ ပညာသင်ပေး ခဲ့သူ တစ်ယောက်ပါ။ နိုင်ငံ့ဝန်ထမ်း အဖြစ်နဲ့ ရပ်တည်ဖို့ရာ ခဲယဉ်းလာခဲ့တဲ့ တစ်နေ့ မှာ မေမေ အစိုးရ အလုပ်က ထွက်ခဲ့ပါတော့တယ်။

သမီးတွေကို သူနာပြုဆရာမ တွေအဖြစ်မြင်နေချင်ခဲ့တဲ့ သွန်းခ တို့ ဖွားဖွားကြီး က မေမေ အလုပ်ကထွက် လိုက် လို့ ငိုလိုက်တာ၊ နှမြောလွန်းလို့ပါတဲ့၊ ပင်စင်ရတဲ့ အထိ လုပ်ရောပေါ့ ငါ့သမီးရယ် တဲ့။ ရှေးခေတ် လူကြီး များ ပင်စင် ကိုတန်ဖိုး ထား၊ ဂုဏ်ယူတတ် ကြတာ ပြောပါတယ်။

သက်ပြင်း တစ်ချက်ချပြီး စကားဝင်ပြောခဲ့တာက ဖိုးဖိုးကြီးပါ။ မြန်မာပြည်မှာ ဘိုကိတ်ပဲ စစိုက်ဖို့ နည်းစနစ် တွေ လာမျှသွားခဲ့တဲ့ မစ္စတာကိတ် (သူ့နာမည်ကို အစွဲပြုပြီး ဘိုကိတ်ပဲလို့ခေါ်ကြတာပါ) ရဲ့ တပည့်ရင်း ဖိုးဖိုးကြီးပါ။

ကြုံတုန်း ကြော်ငြာဝင်တာမဟုတ်ရပါဘူး။ ဝန်ကြီးချုပ်ဟောင်းဦးနုဟာ ဖိုးဖိုးကြီးကို မစ္စတာကိတ် ဆီက ပညာတွေ ရထားသူ လို့အသိအမှတ်ပြုခဲ့ပြီး လခကောင်းကောင်းနဲ့ လူမှုဝန်ထမ်းဌာန မှာ နေရာပေးခံ ခဲ့ရဖူးပါတယ်။ ပျဉ်းမနား စိုက်ပျိုးရေးခြံ ထဲကနေ ရန်ကုန်၊ ကမ္ဘာအေး လူမှုဝန်ထမ်းဌာန ဝင်းထဲမှာ နေစရာ လေးရခဲ့ကြတာပါ။

ပြောချင်တာက အဲဒီခေတ်၊ အစိုးရလက်ထက် တလျှောက် ဝန်ထမ်း လစာ နဲ့ ရပ်တည်လာခဲ့ပြီး သားသမီး ၅ ယောက်ကို ထမင်းကျွေးခဲ့ဖူးတဲ့ သွန်းခ တို့ ဖိုးဖိုးကြီးစကားကိုပါ။

"မယ်ညွန့်ရာ၊ မင်းသမီး သူနာပြုဆရာမ အလုပ်လုပ်ဖို့ ပညာတတ်သွားပြီပဲ။ အစိုးရဝန်ထမ်း မဟုတ်တော့ လည်း သူ့ ဘဝနဲ့သူ ရပ်တည်တတ်နေပါပြီ။ မယ်ညွန့် သိထားဖို့က အခုခေတ်က အမြီးကျက်အမြီးစား၊ ခေါင်း ကျက်ခေါင်းစား ခေတ်ကွဲ့"

ဒေါ်ညွန့် လို့ခေါ်တဲ့ ဖွားဖွားကြီး ကို ဖိုးဖိုးကြီး ဦးရောဘ ပြောခဲ့တဲ့ ၁၉၇၁ခုနှစ် က စကားပါ။

အလုပ်အကိုင် အဆင်မပြေခဲ့တဲ့ သွန်းခ တို့ ဖေဖေဟာ မေမေ့ လုပ်စာ နဲ့ နေခဲ့ရတာ ခုနှစ်ပေါင်းများစွာပါ ပဲ။ နိုင်ငံ့ဝန်ထမ်း သူနာပြု အနေနဲ့ မေမေ တာဝန်ကျခဲ့တာ ဗဟိုအမျိုးသမီးဆေးရုံ ဖြစ်ပြီး စားဝတ်နေရေးအတွက် ပြင်ပသူနာပြု အဖြစ်ပြန်လုပ်ခဲ့ တာလည်း အဲဒီ ဆေးရုံ မှာပါ။

ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဒေါ်တင်စိုး (သုံးခွ) က မေမေ့ လိုလူနာဆောင်မရွေးပဲ ကျရာ လူနာ ဆောင် မှာ တာဝန်ကျေအောင်လုပ်နိုင်စွမ်းလို့ အလုပ်မထွက်ဖို့ တားချင်ပေမယ့် ခေတ်ရဲ့အခြေအနေ၊ မိသားစု ရပ်တည်မှု တွေကို တွက်ဆပြီး အလုပ်က ထွက်ခွင့်ပြုခဲ့ပါလေရဲ့။

မွေးလူနာတွေကို သူနာပြုစုစောင့်ရှောက်ရခြင်းဟာ တော်တန်ရုံစိတ်ဓါတ်နဲ့ မဖြစ်နိုင်ပါဘူး။ အဲဒီခေတ်က မွေးခါနီး ဗိုက်နာပြီးမမွေးနိုင်ပဲ ဝမ်းနာ တာကို နှစ်သိမ့်ရင်း၊ ကလေးလှုပ်ရှားမှု အခြေအနေကို ထရမ်းပက် လို့ ခေါ်တဲ့ ကတော့ပုံ သတ္တု နားကျပ် ကလေးနဲ့ မပြတ် နားထောင်ရင်း Pain Note လုပ်စောင့်ခဲ့ရတာ နေ့ခင်းဆိုမ ထောင်းသာ ပေမယ့် ညပိုင်းတာဝန်ကျ တဲ့ သူနာပြုတော့ မမွေးမချင်းပါပဲ။

သားဦးမိခင်များ အတွက် အဲဒီ Pain Note စောင့်ရတာ ၃ ရက်လောက်ကိုကြာတယ်လို့ သိရပါတယ်။ အဲဒီခေတ်ကာလ ကတော့ မွေးကာမှ မွေးရော၊ ခုခေတ်လို ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နှ နာရီ မွေးချင်ပါတယ် တို့၊ မနာပဲ မွေးရအောင်လုပ်ပေးပါတို့ မရှိသေးဘူးကိုး။

သွန်းခတို့ ညီအစ်ကို ၂ ယောက်ကို နေ့ခင်းကျောင်းမုန့်စားလွှတ်ချိန် ထမင်းလာကျွေးရင်း အတန်းပိုင်ဆရာမ တွေ အတွက် ကော်ဖီဖျော်လာတတ်တဲ့ မေမေ့ကြောင့် ဆရာမတတွေက သွန်းခတို့ညီအစ်ကိုကို သတိထားဖြစ် နေခဲ့တာ မှတ်မိနေပါသေးတယ်။

ကော်ဖီ အဖျော်ကောင်းတဲ့ မေမေ့ ကြောင့် တော်ရုံတန်ရုံ ဗလာစာအုပ် နောက်ကျောမှာ ကာတွန်းတွေ ရေး တတ်တဲ့ သွန်းခ အရိုက်သိပ်မခံရတတ်ပါဘူး။

တစ်ညလုံး မွေးလူနာရော၊ မွေးကင်းစ ကလေးကိုပါ ပြုစုစောင့်ရှောက်မှ ရတဲ့လုပ်အားခ ငွေ ၂၅ ကျပ်ဟာ သွန်းခတို့ မိသားစု စားဝတ်နေရေးကို ပြေလည်ရုံလောက်ပါပဲ။ နေ့ခင်း ဂျူတီက ငွေ ၂ဝ ကျပ်ပါ။ ၅ ကျပ်ကွာပါ တယ်။

မေမေ မို့ အလုပ်နားပြီ ဆို (လူနာမရှိတဲ့နေ့တွေ) သွန်းခ တို့ပျော်ပေ၏ပေါ့ခင်ဗျာ။ မေမေ နဲ့ မြေနီကုန်းက ရုပ်ရှင်ရုံ ၄ ရုံ ထဲက တစ်ရုံရုံ ကိုညပွဲ သွားကြည့်ကြ၊ မြေနီကုန်းညဈေးတန်းမှာ ခေါက်ဆွဲစားကြ၊ ဘိလပ်ရည် သောက်ကြ နဲ့ အပျော်ညတွေ ပေပေါ့။

စားဝတ်နေရေး သော၊ ဘာသော နားမလည်ခဲ့ကြတဲ့ သွန်းခတို့ ညီအစ်ကို ၂ ယောက်ဟာဖြင့် ဆေးရုံက လွှတ်လိုက်တဲ့ သူနာပြုဆရာမ အခေါ်သမား ( အမှန်က ငွေ ရမယ့်ကိစ္စ ) ကို မေမေ မရှိဘူးလို့ အိမ်ဝ ကနေ ဆီးပြီး ညာခဲ့ကြ၊ အိမ်ကခွေးနဲ့ ရှူးတိုက်လွှတ်တတ်ကြတာ မေမေ နဲ့ ညဘက် အတူတူ အိပ်ချင်၊ လည်ချင်ကြ လို့ပါပဲ။

အိုဗာတင်း၊ ဟောလစ်စ်၊ မိုင်လိုတွေ ဟာအဲဒီ ခေတ်၊ အဲဒီအခါက အလွှာတစ်ခု သာ သောက်သုံးနိုင်ခဲ့ကြ တာ မှတ်မိနေပါသေးခင်ဗျာ။ ၁၉၇ဝ ဝန်းကျင်ဆီကပါ။

တစ်ညလုံး တစ်မှေးမှ မှေးဖို့ စိတ်တောင်မကူးတတ်တဲ့ မေမေ ဟာ သူများဆီကငွေ တန်ရာတန်ကြေးအနေနဲ့ သာ ရယူတတ်ချင်သူတစ်ယောက်ပါ။

သွန်းခ တို့ ညီအစ်ကို ၂ ယောက် ဝတ်တဲ့ ကျောင်းအကျီင်္ လေးတွေကို ဖြူဖြူစင်စင် ရှိစေချင်ခဲ့သလို သူ့လို စိတ်ထားဖို့ပါ နည်းပေးလမ်းပြ လုပ်ခဲ့တဲ့ မေမေပါ။

အဲဒီလို ပင်ပန်းပြီး မျက်တွင်းဟောက်ပက် နဲ့ မနက် တာဝန်လွှဲခါနီးရင် မေမေ့ ကိုငှားတဲ့ လူနာတချို့က ဆရာမ အိုဗာတင်း ရှိတယ်၊ ဟောလစ် ရှိတယ်၊ ကြိုက်တာ ဖျော်သောက် ပါလို့ လောကွတ်ပြု တတ်ကြပါတယ်။

သိပ် အရှက်ကြီး ရှာတဲ့ မေမေက ယူမသောက် ရင် လူနာတွေက အတင်းဖျော်ခိုင်းတတ်ပါတယ်။ ရှက်ရှက်နဲ့ မေမေ ဟာ အိမ်ကျမှ ဖျော်သောက်ပါရစေ ပြောပြီး သတင်းစာ စက္ကူ လေးနဲ့ ထုပ်ယူလာတတ်တာပါ။

အပြန်မှာမှ သားတွေကို ဖျော်တိုက်တတ်တဲ့ မေမေ့ မေတ္တာ ဟာ ခုထက်ထိ ဘယ်လို ဂုဏ်ပြုရမယ်မှန်းမသိ နိုင်အောင်ပါပဲ။

ဆေးရုံက အပြန် စမ်းချောင်းဈေးထဲ ဝင်၊ ဟင်းစား၊ မုန့်၊ ကစားစရာ တွေပါ ဝယ်ခြမ်းခဲ့ရုံ မက သွန်းခ တို့ ညီအစ်ကို ဖတ်ဖို့ ရွှေသွေး၊ တေဇ၊ ရွှင်ပြုံး တစ်စောင်စောင် ဝယ်လာခဲ့ တတ်သေးတာပါ။

သတင်းစာ စက္ကူ နဲ့ ထုပ်လာတော့ ဟင်းစားဝယ်ရင်း ဟင်းရွက်က ရေတွေနဲ့ထိ၊ နူးအိ ပျော်ကျကုန်တဲ့ အိုဗာတင်း အမှုန့်လေးတွေကို မေမေ ခဲရာခဲဆစ် ရေနွေးပူပူ နဲ့ ဖျော်၊ ကော်ဖီစစ် ဆန်ခါ နဲ့ ပြန်စစ်ပြီး သားတွေ ကို သောက်စေချင်လွန်းခဲ့တဲ့ မေမေ၊ အခု အသက် ၇၈ နှစ်၊ သားတွေက တစ်နေရာစီမှာ၊ မေမေ စားဖို့ ဝယ်ခြမ်း သွားလည်း ဝါးစရာသွားတွေ မှ မရှိတော့တဲ့ အရွယ်နဲ့ ခုထိဖုန်းထဲကနေ ပြောနေသေးတာက"နေကောင်းအောင် နေနော်သားကြီး၊ မေမေ စိတ်ချမယ်" ဆိုပါလား။

ဘာပဲဖြစ်ဖြစ် မေမေ ဟာ မိခင် ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ကို ဂုဏ်ရှိနေတာပါ၊ ကျက်သရေ ရှိနေတာပါပဲ။

( ကမ္ဘာ အနှံ့ က မိခင် များအတွက် နေ့ရက် အစဉ် အတိုင်းဟာ မိခင်များနေ့ ပါပဲခင်ဗျာ )