ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ကောက်ကြောင်း - အပိုင်း (၂)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ကောက်ကြောင်း - အပိုင်း (၂)
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၆
● တကျော့ပြန်ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည်များ
၁၉၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးနှင့်အတူ တရုတ်တို့သည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒကိုကြွေးကြော်၍ နိုင်ငံတကာတော် လှန်ရေးများကို ကူညီထောက်ပံ့အားပေးခဲ့သည်။ ထိုစဉ် ပဲခူးရိုးမကိုအခြေစိုက်သော ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုသည် တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ဗကပဗဟိုမှ ဒုဥက္ကဌ သခင်ဗသိန်းတင် ဦးစီး ဗဟိုကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ပြည်တွင် သင်တန်းတက်မည့် ဗကပ အဆင့်မြင့်ကေဒါများ သူတို့အား လုံခြုံရေးလိုက်ပို့သော ကင်းတပ်ဖွဲ့ ဝင်များသည် ၁၉၅၀ မှ ၁၉၅၃ ကြားတွင် တသုတ်ပြီးတသုတ် တရုတ်ပြည်သို့ရောက်ရှိလာခဲ့ကြသည်။

တရုတ်ပြည်သို့ရောက်ရှိလာသူများအနက် ဗဟိုကိုယ်စားလည်အဖွဲ့ခေါင်းဆောင် သခင်ဗသိန်းတင်အား ဘေကျင်း၌ ထားရှိ ပြီး ကျန်သင်တန်းတက်မည့်သူများ တရုတ်ပြည် စစ်ချွမ်းပြည်နယ်၌ ထားရှိလေ့ကျင့်သင်တန်းပေးထားခဲ့သည်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် ဗိုလ်ဇေယျ ရဲဘော်အောင်ကြီးအပါ ဗကပပါတီကေဒါအချို့ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိသွား သော်လည်း ဒုဥက္ကဌ သခင်ဗသိန်းတင်နှင့် အင်အားအချို့မှာ တရုတ်ပြည်တွင် ကျန်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ ၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးအပြီး အရှေ့မြောက်ပိုင်း၌ ဗကပတို့၏ အခြေခံစခန်းတခုအား တရုတ်၏အား ပေးကူညီမှုဖြင့် ဖော်ဆောင်ရန်အကြောင်းဖန်လာတော့သည်။ ထို့အတွက် ဗကပတို့သည် တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဆက်သွယ်အောင်သွယ်ပေးမှုနှင့် ကွေ့ကျိုးပြည်နယ်တွင် ရှိနေသော ဗိုလ်နော်ဆိုင်းတို့အဖွဲ့နှင် ဆွေးနွေး စည်းရုံးပူးပေါင်း လိုက်ကြသည်။ ဤသို့ဖြင့် ၁၉၆၈ မှ စတင်လိုက်သော ဗကပ အရှေ့မြောက် ၁၀၁ စစ်ဒေသ ပန်ဝါ ၂၀၂ စစ်ဒေသရွှေလီချိုင့် ဝှမ်းဂွင် ၃၀၃ စစ်ဒေသ မုန်းကိုး ဖေါင်းဆိုင် မုန်းပေါ် ကြူကုတ်ဒေသ ၄၀၄ စစ်ဒေသ ကိုးကန့်ဒေသတို့တွင် ဗကပ နှင့် ပူးပေါင်း၍ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည်များပါဝင်၍ တကြော့ပြန်တိုက်ခိုက်ခဲ့ကြပြန်တော့သည်။ ဤတခေါက်ပြန် ထွက်လာသောအခါ ဗိုလ်နော်ဆိုင်းနှင့် ကချင်စစ်သည် ၃၀၀ ကျော်သာပြန်လာခဲ့သည်ဟုဆိုသည်။ အချို့ကား အကြောင်းအမျိုးမျိုးကြောင့် ပါမလာနိုင်တော့ပေ။

ဗိုလ်နော်ဆိုင်းသည် ၃၀၃ စစ်ဒေသတပ်မှူးအဖြစ် ဦးစွာဆောင်ရွက်ခဲ့သည်။ ၁၉၇၀ နောက်ပိုင်း ဝနယ်သို့ တိုးချဲ့ဝင်ရောက်ပြီး နောက် ၃၀၃စစ်ဒေသ ၄၀၄ စစ်ဒေသနှင့် ဝနယ်တို့အားပေါင်းပြီး အရှေ့မြောက်စစ်ဒေသဟု ဖွဲ့စည်းလိုက်သောအခါ အရှေ့ မြောက်စစ်ဒေသတပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ငယ်စဉ်ကထဲ အမဲလိုက်ဝါသနာထုံပြီး သေနတ်လက်ဖြောင့်သော ဗိုလ် နော်ဆိုင်းသည် ၁၉၇၂ ဖေဖဝါရီလအတွင်း ဝ နယ်တောင်တန်း တနေရာ၌ အမဲလိုက်ရင်း လျှိုထဲပြုတ်ကျပြီးကွယ်လွန်ခဲ့သည်ဟု ဆိုပါသည်။

ဗိုလ်နော်ဆိုင်းကွယ်လွန်သွားသော်လည်း သူ၏ ကချင်စစ်သည်များကတော့ ဗကပ အရှေ့မြောက်စစ်ဒေသတွင် တာဝန်ကြီးများဆက်လက်ထမ်းဆောင်ခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်တွင် အသစ်ပြန်ဖွဲ့စည်းသော ဗကပ ဗဟိုကော်မတီတွင်ဗိုလ်ဇော်မိုင်နှင့် ဗိုလ်ဖရန်ဂန်ဒီး တို့ပါဝင်ခဲ့ကြသည်အရှေ့မြောက်စစ်ဒေသရှိ တပ်မဟာမှူး ခရိုင်မှူးတာဝန်များကို အင်ဖန်းဂမ် ဇော်လီ စောထွန်းတင်ရှဒန် ခမ်းမန် ခွန်နော် စသည့် ဗိုလ်နော်ဆိုင်း၏ကချင်စစ်သည်များကတာဝန်ယူခဲ့ကြသည်။

အရှေ့မြောက်စစ်ဒေသတွင် မူလသန္ဓေအဖြစ်စတင်ခဲ့သည့် ရဲဘော်ဟောင်းများအဖြစ် မူလကွန်မြူနစ်ပါတီမှ ရဲဘော်များနှင့် ဗိုလ်နော်ဆိုင်အဖွဲ့မှ ကချင်စစ်သည်များကို သတ်မှတ်ကြသည်။ ၎င်းတို့တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာ ပြည်နယ်များအား အစွဲပြု၍ ကွန်မြူနစ်ပါတီမှ ရဲဘော်များအား စစ်ချွမ်းရဲဘော်ဟောင်းဟူ၍လည်းကောင်း၊ ဗိုလ်နော်ဆိုင်းအဖွဲ့မှရဲဘော်များအား ကွေ့ကျိုးရဲဘော်ဟောင်းများဟူ၍လည်းကောင်း ခေါ်ဆိုကြပါသည်။

၁၉၈၉ တိုင်းရင်းသားလက်နက်ကိုင်များခွဲထွက်ကြပြီး ဗကပပြိုကွဲသည်။ မူလ ကွေ့ကျိုး စစ်ချွမ်းပြည်နယ်များတွင် နေထိုင် ခဲ့ကြသော ရဲဘော်ဟောင်းများအား တရုတ်တို့မှ ပြန်လည်နေထိုင်ခွင့်နှင့် ထောက်ပံ့မှုပေးသည်။ အလားတူပင်ခွဲထွက်သော ကိုးကန့် ဝ မိုင်းလားဒေသမှခေါင်းဆောင်များက ဗိုလ်နော်ဆိုင်းတပ်ဖွဲ့မှ ကချင်စစ်သည်များကို သူတို့၏ဒေသများတွင် နေ ထိုင်ခွင့်ပေးသကဲ့သို့ ထောက်ပံ့မှုလည်းပေးခဲ့ကြသည်။ တိုင်းရင်းသားအချင်းချင်း စာနာမှုကိုပြခဲ့ကြသည်။

အသက်ရွယ်ပြီးရင့်ပြီဖြစ်ကြသော ဗိုလ်နော်ဆိုင်း၏ ကချင်စစ်သည်များ အနားယူချိန်တန်ပြီဖြစ်ပေသည်။ သူတို့ ဘဝတ လျောက် အောင်မြင်များစွာ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ခဲ့ကြသည်။ ဂျပန်ခေတ်မှစ၍ ၁၉၈၉ ထိ တိုက်ရင်းခိုက်ရင်း ရပ်တည်ခဲ့ ရသည့် ကချင်စစ်သည်များဟု ဆိုရမည်။ ပထမဆုံး အစိုးရအားပုန်ကန်သည့် ကချင်စစ်သည်များဟု ဆိုရပေမည်။ ယခု အခါတရုတ်ပြည် ကွေ့ကျိုးပြည်နယ်၌ ဗိုလ်နော်ဆိုင်း၏ကချင်စစ်သည် ကွေ့ကျိုးရဲဘော်ဟောင်း ၂၂ ယောက် အသက်ရှင် ကျန်သေးသည်ဟု ဆိုပါသည်။ အသက်အရွယ်ကြီးမြင့်၍ သူတို့၏ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေကြပေပြီ။

● KIA သို့မဟုတ် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၁၉၆၁ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့တွင် KIA ကိုစတင်ဖွဲ့စည်းသည်။ မြန်မာအစိုးရကို ပုန်ကန်ရန်ဖွဲ့စည်းလိုက်သော ကချင်တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၎င်း KIA တပ်ဖွဲ့ကို စည်းရုံးဖွဲ့စည်းဦးဆောင်သူမှာ ဗိုလ်နော်ဆိုင်းအဖွဲ့မှ ကျန်နေသူ လထော်ဇော်ဆိုင်းဖြစ်သည်။ လထော်ဇော်ဆိုင်းသည် ဗိုလ်နော်ဆိုင်းနှင့်အတူ တရုတ်ပြည်ပါမသွားဘဲ သံတောင် ဘောဂလိ နယ်တွင် KNDO အတူလှုပ်ရှားနေခဲ့သည်။

ဗိုလ်ဇော်ဆိုင်းသည် ကချင်ပြည်နယ်၌ တော်လှန်ပုန်ကန်မှုများပြုလုပ်ရန် ၁၉၅၇ လောက်မှ စတင်စည်းရုံး လှုပ်ရှားခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေသော သူ၏ညီ လထော်ဇော်တူးနှင့် ကချင်ကျောင်းသားများကိုစည်းရုံး ခြင်း အဖွဲ့ငယ်များဖွဲ့ခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ၁၉၅၉ နောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်သို့ သွားရောက်၍ စည်းရုံးခြင်း တော်လှန်ပုန်ကန်ရာတွင် အခြေစိုက်မည့်ဒေသများအားလိုက်လံကြည့်ရှုခဲ့သည်ဟု ဆိုသည်။

ဤသို့ဖြင့် ၁၉၆၀ အောက်တိုဘာတွင်ရှမ်းပြည် မြောက်ပိုင်း၌ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် KIOKachin Independence Organization ကချင်လွတ်လပ်ရေးအဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုစဉ် ဦးနုအစိုးရ၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခြင်း ဖီမော် ဂါလန် ကမ်ဖန် ဒေသအား နယ်နမိတ်သတ်မှတ်ရာတွင် တရုတ်ဖက်သို့ထည့်သွင်းပေးရန် သဘော တူခြင်းများကို ၁၉၆၀ ခုနှစ်အတွင်းဆောင်ရွက်ခဲ့ရာ ခရစ်ယန်ဘာသာဝင် ကချင်များအနေနှင့် ဘာသာရေးအရနှိပ်ကွပ်ခံရ မည်ကိုစိုးရိမ်းပူပန်ခြင်း နယ်နမိတ်ခွဲရာတွင် အစဉ်အလာ ကချင်တို့ပိုင်သော နယ်မြေ ၃ ခုပါသွားခြင်းကြောင့် မကျေမချမ်းဖြစ် နေရာ ဗိုလ်ဇော်ဆိုင်းတို့ စည်းရုံးဖွဲ့စည်းခြင်းများအတွက် တအားဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ ဤသို့ဖြင့် ကချင်သမတ နိုင်ငံတော် ကချင်အစိုးရတရပ်ကို ထူထောင်နိုင်ရန် ကချင်တပ်မတော်တရပ်ထူထောင်ရန် စိုင်းပြင်လာပေတော့သည်။

ဤသို့ဖြင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သည့် KIA Kachin Indenpendence Army ကချင် လွတ်လပ်ရေးတပ်မတော်ကို ၁၉၆၁ ဖေဖဝါရီ ၅ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုပါသည်။ ထိုသို့ဖွဲ့စည်းရာတွင် လထော်ဇော်ဆိုင်းဦးစီး၍ ညီဖြစ်သူလထော်ဇော်တူး လားမားလရိန် လမုန်တူးဂျိုင်တို့ပါဝင်ကြသည်ဟု ဆိုပါသည်။ အဆိုပါ KIA တပ်ဖွဲ့စည်းရာတွင် ကူညီရန်အတွက် လထော်ဇော်ဆိုင်းနှင့်အတူ KNU မှ ဗိုလ်မှူးလတ်လဲ ဆိုသူတစ်ဦးလည်း လိုက်ပါလာသည်ဟုဆိုပါသည်။

KIA အဖွဲ့အစည်းစတင်ဖွဲ့စည်းသည်နှင့်ငွေကြေးလိုအပ်သည်ဖြစ်ရာ ၁၉၆၁ မတ်လဆန်းတွင် လားရှိုးငွေတိုက်အား လထော် ဇော်တူးနှင့် လားမားလရိန်တို့ ဦးဆောင်၍ ဝင်ရောက်စီနင်းတိုက်ခိုက်ပြီး KIA ၏ ပုန်ကန်မှုကို စတင်လိုက်ကြသည်။

ထို့နောက် ကွတ်ခိုင်အနီးရှိ တောတောင်များတွင် စစ်သင်တန်းများဖွင့်လှစ်ခြင်း တပ်သားများစုဆောင်းခြင်းများပြုလုပ်ခဲ့ပြီး ၁၉၆၁ မတ်လတွင် လထော်ဇော်ဆိုင်းဦးစီး၍ စံပြတပ်မဟာဖွဲ့စည်းပြီးထိုတပ်မဟာအောက်၌် ကချင်ပြည်နယ် ဗန်းမော် မွန် ဘာပါတွင် KIA ရင်း ၁ အား၎င်း ရှမ်းပြည်မြောက်ပိုင်း မုန်စီး မုန်းထန်ဒေသတွင် လားမား လရိန်ဦးစီး ရင်း ၂ အားလည်းကောင်း ဖွဲ့စည်းခဲ့သည်။

ထို့နောက် တစတစ အင်အားများပြားလာပြီး ၁၉၆၃ တွင် တပ်မဟာ ၁ ခုနှင့် တပ်ရင်း ၆ ရင်းအထိဖွဲ့စည်းနိုင်ခဲ့သည်ဟုဆိုသည်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွင် လထော်ဇော်ဆိုင်း၏ညီ လထော်ဇော်ဒန်နှင့်အဖွဲ့ ဗန်းမော်မှတဆင့် မန္တ လေးသို့ သွားရောက်၍ မြန်မာစစ်ဖက်မှ တပ်မဟာ ၇ မှူးနှင့်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရခဲ့ပေ။

၁၉၆၄ ခုနှစ်တွင် လထော်ဇော်ဆိုင်းဦးစီးပြီးမန်စီ မွန်ဘာပါတွင် တပ်မဟာ ၂ ကိုဖွဲ့စည်းသည်။ လက်အောက်ခံတပ်ရင်းများအဖြစ် ရင်း ၁/၂/၅ တို့ပါဝင်သည်ဟုဆိုသည်။ တချိန်တည်းတွင် လထော်ဇော်တူးဦးစီး၍ တပ်မဟာ ၁ ကို မဂျီဘွမ်တွင်ဖွဲ့စည်းခဲ့ပြီး လက်အောက်ခံတပ်ရင်းအဖြစ်ရင်း ၃/၄/၆ တို့ပါဝင်သည်ဟု ဆိုသည်။ တဆက်တည်းတွင် ပူတာအိုဒေသ၌ တပ်ရင်း ၇ အားဖွဲ့ စည်းခဲ့ကြသည်။ တချိန်တည်းတွင် VDF VillagesDefence Force ခေါ်ကျေးရွာပြည်သူ့စစ်များကို ဖွဲ့စည်းခဲ့ကြ သည်ဟု ဆိုသည်။

ဤသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး KIA တို့တစထက်တစအားကောင်းလာရာ မြန်မာအစိုးရပြင်းထန်သော ထိုးစစ်များကို 1964/65/66 အ တွင်း ပြုလုပ်ခဲ့ရာ KIA များကျဆုံးမှုရှိခဲ့သကဲ့သို့ အများအပြား ဖမ်းမိခြင်း လက်နက်ချခြင်းများရှိခဲ့သည်ဟု အစိုးရသတင်းများမှဖေါ်ပြပါသည် KIA အနေနှင့် လူသူစုဆောင်းရန်လွံယ်ကူသော်လည်း လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရရှိရန်ခက်ခဲနေပေသည်။ဤအချက်သည် မြန်မာစစ်ဖက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပါက လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားလာပေတော့သည်။

လပ်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရရှိနိုင်ရန် လထော်ဇော်ဆိုင်းနှင့်အင်အားအချို့သည် ၁၉၆၅ နှစ်ကုန်ပိုင်းတွင် ထိုင်း နယ်စပ်သို့ထွက်ခွာခဲ့သည်။ လထော်ဇော်ဆိုင်းနှင့်အတူ KIA အင်အား ၃၀၀ ခန့် လားမြင်း ၁၀၀ ခန့်ပါသွားပြီး ၃ လခန့်အကြား ထိုင်းနိုင်ငံနယ်စပ် ထန်ငေါ့သို့ရောက်ရှိပြီး စခန်းဖွင့်လှစ်ခဲ့သည်။ ယင်းစခန်းမှ နိုင်ငံရပ်ခြားနှင့်ဆက်ဆံခြင်း လက်နက်ခဲယမ်းမီး ကျောက်များ ဝယ်ယူစုဆောင်းပြီး ရှမ်းမြောက်နှင့် ကချင်ပြည်နယ်သို့ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် KIA သည်ထိုင်းနယ်စပ်မှ လက်နက်ခဲ ယမ်းဝယ်ယူဖြည့်တင်းခြင်းကို စတင်လုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုရပါမည်။ သို့သော် ထို လမ်းကြောင်းသည် ဝေးကွာ၍ ပင်ပန်းသည့်ပြင် အန္တရာယ်များသည့်လမ်းကြောင်းဖြစ်သည်။ ထိုင်းနယ်စပ်မှ ရှမ်းမြောက် ရောက်သည်အထိ အစိုးရတပ်ပိတ်ဆို့မှုများအပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်များပါရှိရာ အဆင်ပြေသည့် အခေါက် များရှိသကဲ့သို့ အဆင်မပြေသည့်အခေါက်များလည်း ရှိခဲ့သည်ကိုတွေ့ရသည်။

အလားတူပင် KIO ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ယူထားသူ မရန်ဘရန်ဆိုင်းသည် ၁၉၆၆ တွင်အိန္ဒိယသို့လည်းကောင်း၊  ၁၉၆၇ ဇူလိုင်တွင် တရုတ်ပြည်သို့လည်းကောင်း သွားရောက်၍အဆက်အသွယ် ရှာခြင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။ KIA တို့အဖို့ နိုင်ငံတကာနှင့်အဆက်အသွယ်ရရန် စတင်ကြိုးပမ်းသည့်ကာလလည်းဖြစ်သကဲ့သို့ စုစည်းမိလာသည့်အင် အားများကို လက်နက်ခဲ ယမ်းတပ်ဆင်ပေးနိုင်ရန် လမ်းကြောင်းရှာဖွေလုံးပမ်းသည့်ကာလလည်းဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်

photo credit Mungdana Wawhkyung


အပိုင်း (၁)