ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - ၁၉၈၈ ကို ထားခဲ့ပါ (တပ်မတော်ကြီး)



ဖိုးထက် - ၁၉၈၈ ကို ထားခဲ့ပါ (တပ်မတော်ကြီး)

(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆


အလုပ်က တစ်ဖက်၊ ကျောင်းက တစ်ဖက်၊ ကိုယ်ရေး ကိုယ်တာ ဒုက္ခများက တစ်ဖက် စိတ်မအား၊ လူမအား ဖြစ်သော်လည်း အိပ်ခါနီးတိုင်း နာရီဝက်၊ တစ်နာရီခန့်တော့ စာဖတ်ဖြစ်အောင် ကျွန်တော် ဖတ်ပါသည်။ ဒီလိုမှ မဖတ် ဘယ်လိုမှ ဖတ်ဖြစ်တော့မှာ မဟုတ်။ တမြန်မနေ့က ဖတ်လက်စ စာအုပ် ပြီးသွားတော့ အသစ်ဖတ်စရာ စာအုပ်တစ်အုပ် ထပ်ရှာမိသည်။ စာအုပ် သေတ္တာထဲတွင် ထိုးထည့်ထားတာ ကြာပြီ ဖြစ်သည့် ဆရာ ၀င်းဇော်လတ် ပြုစု တည်းဖြတ်သည့် “သတင်းစာတွေ ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ” စာအုပ်ကို ရွေးလိုက်သည်။

ရှစ်ဆယ့်ရှစ် အရေးတော်ပုံအကြောင်းဆိုတော့ နားရည်ဝနေပါပြီကွာ။ ဘာထူးမှာလဲ။ စာဖတ်သူဟာ ငါ့ထက်ငယ်တယ်။ ငါလောက် မသိနိုင်ပါဘူး ဆိုသည့် အလွန် အသုံးမကျသည့် မှတ်ချက်ကြီးကို ချထားခဲ့ပြီး စာအုပ်ကို ချောင်ထိုးထားခဲ့ခြင်း ဖြစ်သည်။ စဖတ်မိပြီဆိုမှ ဆရာ ၀င်းဇော်လတ်ကို ငယ်သော်လည်း ရိုသေစွာ ဦးခိုက်မိသည်။ ဆရာ့ရဲ့ စိတ်ရှည်၊ သီးခံ၊ ဇွဲသတ္တိ ရှိမှုကြောင့် သိသော်လည်း မရှင်းမလင်း ဖြစ်ခဲ့ရသည့် အချက်အလက်တွေကို တပြိုက်နက်တည်း သိရသည်။ တစ်စစီ ပြန့်ကျဲနေသည့် စပါယ်ပန်းလေးများကို ဆရာက ပန်းကုံးကြီး သီကုံးသလို သူ့စာအုပ်ကို ဖန်တီးထားသဖြင့် အလွန်လှပ ပြည့်စုံသည့် စာအုပ်ကြီး တစ်အုပ်သာ ဖြစ်ပါသည်။

သမိုင်းကို ကျွန်တော်တို့က ပြန်ပြောကြ၊ ပြန်ဆွေးနွေးကြလျှင် နောက်ပိတ်ဆုံး အချက်အလက် တစ်ခုကိုသာ ဇောင်းပေးပြောသည်။ အသားပေး မှတ်ချက် ပြုကြသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ရတာ မင်းသား ဖာဒီနန် လုပ်ကြံခံရလို့။ အမေရိကန် ဒုတိယ ကမ္ဘာစစ်ထဲ ၀င်လာတာ ပုလဲ ဆိပ်ကမ်း ဗုန်းကြဲခံရလို့။ မြန်မာပြည် ပြည်တွင်းစစ် စဖြစ်ရတာ ကွန်မြူနစ်တွေနဲ့ ဖဆပလ ကွဲလို့။ အစရှိသဖြင့် ခပ်လွယ်လွယ်လေး ပြောမိတတ်ကြသည်။ သို့သော် အဆိုပါ နောက်ပိတ်ဆုံး အချက်အလက်များသည် စုပုံထားပြီး ဖြစ်သည့် လောင်စာပုံကြီးပေါ်သို့ မီးပွား တစ်ခု လွင့်စင်ကျလာခြင်းသာ ဖြစ်သည်။

၁၉၈၈ အရေးအခင်း စဖြစ်ရတာ ကိုဖုန်းမော်ကို လုံထိန်းတပ်တွေက သေနတ်ဖြင့် ပြစ်သတ်တာက စတယ်ဟု ကျွန်တော်တို့က ခပ်လွယ်လွယ်ဘဲ ပြောကြသည်။ ကိုဖုန်းမော် ကျဆုံးရသည့် ကိစ္စသည် မီးပွားစ တစ်ခု လွင့်စင်ထွက်သွားခြင်းသာ ဖြစ်သည်။ ဦးနေ၀င်း ဦးဆောင်သည့် စစ်တပ် ကျောထောက် နောက်ခံပြု မ.ဆ.လ အစိုးရ၏ ကောင်းမှုကြောင့် တိုင်းပြည်မှာ ဘက်စုံ ချွတ်ချုံကျနေသည်။ အရာရာ ရှားပါးနေသည်။ လူတန်းစား ကွာဟမှုကြီးမား လာသည်။ အုပ်ချုပ်သူ လူတန်းစားတွေ အခွင့်ထူးခံရသလောက် ပြည်သူ ပြည်သားများက မျက်နှာသာ ပေးမခံရ။ စနစ်ဆိုး၊ အမှားကြီးနဲ့ နိုင်ငံကို အကျင့်ပျက် အုပ်ချုပ်သူများက မောင်းနှင် ပဲ့ကိုင်သောအခါ နိုင်ငံက အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်အဖြစ် ကြေငြာခံလိုက်ရသည်။ တိုင်းသူ ပြည်သားတွေ၏ စိတ်ထဲတွင် စိတ်ကုန်နေပြီ။ ဒေါသထွက်နေပြီ။

ကိုဖုန်းမော် ကျဆုံးရသည့် ကိစ္စမှာလည်း အကိုင်အတွယ် အထိမ်းအသိမ်း မတတ်သော အုပ်ချုပ်သူတွေက အဓိက ကျခဲ့သည်။ ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်ကြသော ကိစ္စမှာ မထူးဆန်းသော ကိစ္စ။ အရင်ကလဲ ရှိသည်။ နောင်လဲ ရှိနေအုံးမည့် ကိစ္စသာ ဖြစ်သည်။ ထို့ကြောင့် RIT ကျောင်းသား တစ်ချို့ နှင့် အရပ်သား တစ်ချို့ ရိုက်ကြ၊ နှက်ကြ ဖြစ်ရသော ကိစ္စသည်လည်း မထူးဆန်း။ ထူးဆန်းသည်က အုပ်ချုပ်သူတွေက အကိုင်အတွယ် မတတ်စွာ အရပ်သားတွေကို အရေးမယူဘဲ ချက်ချင်း လက်ငင်း မျက်နှာလိုက် လွှတ်ပေးလိုက်သည်။ ကျောင်းသားတွေမှားတယ်လို့ ယူဆလို့ ရလျှင်လည်း ကျောင်း အုပ်ချုပ်ရေး အာဏာပိုင်တွေက တဆင့် အရေးယူလို့ ရပါလျက်နှင့် ဒီလို တဖက်သတ် လွှတ်ပေးလိုက်ခြင်းက လူငယ်၊ လူရွယ် စိတ်ဓာတ်တက်ကြွနေသည့် ကျောင်းသား ကျားတွေ၏ အမြီးကို သွားဆွဲခြင်းသာ ဖြစ်ခဲ့သည်။ တရားဥပဒေအတိုင်း ဖြစ်သင့်၊ ဖြစ်ထိုက်ရမှာ ဖြစ်သော်လည်း အုပ်ချုပ်ရေးနဲ တရားစီရင်ရေး ကွဲကွဲပြားပြား ရှိနေသည်ဟု ကျောင်းသားများက မယုံကြည်တော့။ ထို့ကြောင့် ရပ်ကွက် နှင့် ကျောင်းသားအုပ်ကြီး ရိုက်ကြ၊ ပုတ်ကြတော့သည်။

ဖြစ်ပွားလာသည့် ပြဿနာကို ကိုင်တွယ်ပုံကလဲ လက်နက်အားကိုး။ ပိုဆိုးမလာအောင် အလိမ္မာဖြင့် ထိန်းသိမ်းရမည့် အုပ်ချုပ်သူက ကျောင်းသားတွေ၏ ဒေါသကို သွားဆွမိသည်။ သေနတ်ဖြင့် ပြစ်သတ်သည်။ ကိုဖုန်းမော် နှင့် ကိုစိုးနိုင် ကျဆုံးသည်။ မီးပွားသည် ယမ်းပုံကြီးပေါ်သို့ ကျသွားလေသည်။ ထပ်ပြီး ဓာတ်ဆီလောင်းသူက ဦးနေ၀င်း။ စစ်တပ်ဆိုတာ ပြစ်ရင် တည့်တည့်ဘဲ ပြစ်တယ်လေး၊ ဘာလေးဖြင့် စစ်တပ်ကို သူ့ကိုယ်ပိုင် မွေးထားသည့် ခွေးတစ်ကောင်ကို ရှူးတိုက်ပေးသလိုမျိုး မြှောက်ထိုးပင့်ကော်လုပ်သည်။ မြန်မာပြည်စစ်တပ်ကလည်း အထက်လူကြီး ခိုင်းလျှင် ချီးတောင် စားမည့် စစ်တပ်မျိုးသာ ဖြစ်ခဲ့သည်။ (ဖြစ်ခဲ့သည်ဟုသာ ပြောသည်။ အခု ဖြစ်နေတယ်လို့ မဆိုလို။)

ဒေါသသည် သူ့ချည်းသာဆို အရှိန်ကုန်လျှင် ရပ်သွားတတ်သည်။ သို့သော် ခံပြင်းမှု ပေါင်းစပ်ထားသည့် ခံပြင်း ဒေါသသည်ကား အဆုံးစမဲ့သွားတတ်သည်။ နံရံကို ခေါင်းဖြင့် ဆောင့်ဖို့ဝန်မလေး ဖြစ်တတ်သည်။ မဆလ နံရံကြီးကို ကျောင်သားတွေက ခေါင်းဖြင့် ၀င်ဆောင့်တိုက်သည်။ နံရံကို ခေါင်းဖြင့် ဆောင့်လျှင် ဆောင့်သူသာ နာပါသည်။ ကျောင်းသားတွေ အနာကြီး နာရသည်။ သို့သော် နံရံကြီး အက်ကြောင်းထရပြီ။ နောက်ထပ် တစ်ပြည်လုံး ပါလာတော့ အဆိုပါ နံရံကြီးမှာ ပြိုကျသွားရသည်။ မဆလ အစိုးရ ပြုတ်ကျသည်။

ဆရာ့စာအုပ်ကို ဖတ်ရင်း ဦးအောင်ကြီး၏ “စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုသည့် မိန့်ခွန်းကို အပြည့်အစုံ ဖတ်ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အစ၊ အဦးကို တွေ့ရသည်။ ဦးအောင်ကြီး၏ မိန့်ခွန်းသည် စစ်တပ်ကို ကာကွယ်ပေးလိုခြင်းလို့ ကျွန်တော် မမြင်။ (သဘောထား ကွဲနိုင်ကြပါသည်။) ကလေးဆိုးကြီးတစ်ယောက်ကို သတိထားပြီး မြှောက်ပေး၊ ချော့ပေါင်းချင်သည့် သဘောလို့သာ မြင်သည်။ ခက်ပါသည်။ လက်နက်ကိုင်ထားသော ကလေးဆိုးကြီး တစ်ယောက်ကို ချော့မော့နေရသလိုမျိုး အခုလဲ သူတို့ကို ချော့နေရသည်။ တိုင်းသူပြည်သားတွေ၏ ကောင်းကျိုးချမ်းသာသည်သာ ငါတို့ရဲ့ အဓိက ရည်မှန်းချက်ဆိုသည့် စိတ်ထားမျိုးရှိသည့် သမာသမတ်ရှိသော မြန်မာပြည်စစ်တပ် ဘယ်တော့များ ဖြစ်လာမှာပါလိမ့်လို့ စာအုပ်ကို ဖတ်ရင်း ကျွန်တော် တွေးမိသည်။

ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိ လတ်လတ်ဆတ်ဆတ်မိန့်ခွန်းများ နှင့် စာအုပ်ထဲတွင် ပါရှိသည့် အင်တာဗျူးတွေကို ကျွန်တော် နှိုင်းယှဉ်ကြည့်မိသည်။ စိတ်စေတနာ ကောင်းပြီး ရိုးသား၊ ကြိုးစားသည့် လူတစ်ယောက်၏ အရည်အချင်းကို အချိန်နှင့် ဖိအားတွေက ထက်သထက် ထက်အောင်၊ တော်သထက် တော်အောင် ပြုစုပျိုးထောင်နိုင်ပါသည်။ ၁၉၈၈ မှာ နိုင်ငံရေး အတွေ့အကြုံ နည်းနေသေးသည့် ဒေါ်အောင်ဆန်း စုကြည်သည် အခုတော့ ကျွန်တော်တို့ အားလုံး အားထား၊ ယုံကြည်ရသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။ အဲဒီတုန်းက သူ့အင်တာဗျူးတွေထဲမှာ ပါသည့် နိုင်ငံရေးထဲ မပါချင်ဘူး၊ ပါတီမထောင်ချင်ဘူး၊ စာကြည့်တိုက်တွေ လိုက်ဖွင့်ချင်တယ်ဆိုသည့် သူ့အိပ်မက်တွေကို ကျွန်တော် အားနာပေမယ့် ကျေးဇူးလဲ တင်ရသည်။ ကိုယ့်အိပ်မက်တွေကို မေ့ထားပြီး အများအတွက် ပေးဆပ်ခဲ့ရသည့် သူ၏ မမှိန်မသုတ် ခေါင်းဆောင်မှုကို ကျေးဇူးတင်ရသည်။

၁၉၈၈ အရေးအခင်းကြီးအစနဲ့ အလယ်မှာ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ကျွန်တော် ထင်သည်။ ပြဿနာ မရှိဘူးဆိုလို့ ကျဆုံးသွားခဲ့ရသော ကျွန်တော်တို့ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မတွေ အပေါ်ကို မလေးမစား သဘော မဟုတ်။ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုမှာပင် အပြောင်းအလဲကြီး လုပ်လိုက်ဖို့ ပေးဆပ်ရသည့် ကိစ္စတွေ မနည်းမနော ရှိရသည် မဟုတ်လား။ နိုင်ငံတစ်ခု၏ အုပ်ချုပ်ပုံ စနစ်တွေ ပြောင်းလဲဖို့ အရေး အခင်းကြီးတွေ၊ သွေးမြေကျမှုတွေ နိုင်ငံတိုင်းမှာ ရှိခဲ့ကြသည်။ ကျေးဇူးတင် ဂုဏ်ယူရသော်လည်း မထူးဆန်းသည့် ကိစ္စလို့ ဆိုချင်သည်။ ထို့ကြောင့် ၁၉၈၈ အစနဲ့ အလယ်မှာ သွေးမြေကျ စွန့်လွှတ်ခဲ့ရသူတွေရှိသော်လည်း မဆလ အစိုးရ ပြုတ်ကျသည်။ ပြည်သူလူထုအားသည် ပြည်သူလူထု လက်ထဲသို့ ပြန်ရောက်လာသည်။

၁၉၈၈ ၏ အဆုံးသတ်ပိုင်းသည်သာ ဇာတ်သိမ်း မကောင်း ဖြစ်ခဲ့ရသည်။ အဓိက လက်သည် တရားခံမှာ မြန်မာပြည် စစ်တပ် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ခေါ်ပေးသည်။ မှန်မှန်ကန်ကန် ကျင်းပပေးသည်။ ကျေးဇူး တင်ရပေမည်။ ရွေးကောက်ပွဲပြီးတော့ စစ်တပ် ဘာလုပ်သွားသလဲဆိုတာ ပြန်ပြောနေရလျှင် အချိန်ကုန်ပါမည်။ အားလုံး သိပြီးသား ကိစ္စသာ ဖြစ်သည်။

၁၉၈၈ တုံးက အဖွဲ့အမျိုးမျိုး၊ လူအမျိုးမျိုး၊ အုပ်စု အမျိုးမျိုး၏ ကွဲပြားလှသော အသံ ဗလံတွေကြောင့် ကြောက်ကန် ကန်ခဲ့တာလို့ ကျွန်တော်တို့ စစ်တပ်ကြီးက ဆင်ခြေပေးနိုင်ပါသည်။ အခု ၂၀၁၆ မှာ ဘယ်လို ဆင်ခြေပေးချင်ပါသေးသလဲ။ ကျွန်တော်တို့ကို ကာကွယ်ပေးသော၊ ပရိုပီသသော တပ်မတော်ကြီး အဖြစ် မနေ မဖြစ်ရလောက်အောင် အဘယ် ဆင်ခြေတွေများ ပေးချင်ပါသေးသလဲ။

၁၉၈၈ကို ထားခဲ့ပါ။ အနာဂတ်ကို ချီတက်ပါ။