ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း  (၁)
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၆
 
● နိဒါန်း
ဦးစွာပြောကြားလိုသည်မှာ မိမိ၏ဤစာစုသည် သမိုင်းမဟုတ်ပါ။ သမိုင်းအထောက်အထားအချက်အလက်များကို စုစည်းသုံးသပ်တင်ပြခြင်းမျိုးလည်းမဟုတ်ပါ။ မိမိနှင့် မိမိမိတ်ဆွေများ ရဲဘော် ရဲဘက်များ ဖြတ်သန်းတွေ့ကြုံခဲ့ရ ထိတွေ့ခဲ့ရသည် များကို လက်ဆင့်ကမ်းခြင်းမျှသာဖြစ်ပါသည်။ ပြီးပြည့်စုံသော ပန်းချီကားတချပ်ကို ရေးဆွဲခြင်းမျိုးမဟုတ်ဘဲ ကောက်ကြောင်း တခု ပုံကြမ်းတခုကို ရေးခြစ်ပြခြင်းမျှသာဖြစ်ပါသည်။ သို့သော် လက်လှမ်းမှီသမျှကိုတော့ ထည့်သွင်းဖေါ်ပြရန် ကြိုးစားခဲ့ပါ သည်။

လွမ်းမောဘွယ်များ သင်ခန်းစာများ သတိရဘွယ်များ နာကျည်းဘွယ်များ စိတ်ပျက်ဘွယ်များ၊ အမှားများ အမှန်များ ကောက်ကျစ်စဉ်းလဲမှုများရိုးသားဖြောင့်မတ်မှုများ အောင်ပွဲများ ရှုံးနိမ့်မှုများ စသည်များစွာဖြင့် ပြည့်နှက်နေသော ပုံရိပ်တခုဟု ဆိုရ ပေမည်။

● ကချင်
ကချင်တိုင်းရင်းသားတို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပျံ့နှံ့နေထိုင်ကြသည်။ ထို့အတူပင် တရုတ် ပြည်နှင့် အိန္ဒိယပြည်တွင်လည်း ကချင်လူမျိုးများနေထိုင်ကြသည်ကို တွေ့ရသည်။ ကချင်ဝန်ပေါင် မျိုးနွယ်စုများထဲတွင် ဂျင်းဖေါလချိတ် ခေါ် လရှီ လော်ဝေါ် ခေါ် မရူ ဇိုင်ဝါး ခေါ် အဇီး လီဆူး ရဝမ်နှင့် ခနုံတို့ပါဝင်ကြသည်။ ထို ၇ မျိုးထဲမှ ခနုံမှာ ယခုအခါ လူဦးရေအနည်းဆုံးအဖြစ်ရှိနေသည်ဟုဆိုသည်။ ရဝမ် နှင့် လီဆူးတို့မှာ ကချင်မျိုးနွယ်စုထဲ ပါမပါ ယခုအခါ အ ငြင်း ပွါးနေသည်ကိုတွေ့ရသည်။ သို့သော် ကချင်လူမျိုးအနေနှင့် မျိုးနွယ် ၇ ခုပါဝင်သည်ဟု အများကလက်ခံထားကြသည်။

● ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင်စစ်သည်များ
အစောဆုံး ခေတ်သစ်စစ်သားများမှာ အင်္ဂလိပ်အုပ်စိုးစဉ်က ဗြိတိသျှအစိုးရစစ်တပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သူများဖြစ်သည် ဟုဆိုရမည်။ သို့သော် အရေအတွက်နည်းသေးပြီး အလုံးအရင်းနှင့် အမြောက်အများတော့မဟုတ်သေးဟုဆိုရမည်။ တကယ်တမ်း ကချင်စစ်သည်အများအပြား ဝင်ရောက်အမှုထမ်းခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကချင်ပြည်နယ်၌ မဟာ မိတ်စစ်တပ်နှင့်အတူ ဂျပန်တို့အား တိုက်ပွဲဝင်ခဲ့စဉ်ကဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်သို့ ဂျပန်များဝင်ရောက်လာပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ လီဒိုလမ်းမကြီးသည် လည်းကောင်း၊ ဝင်းဂိတ်စစ်ဆင်ရေးသည်လည်းကောင်း စစ်ပွဲတွင် အရေးပါခဲ့သည်။ ထို့အတူ ဒေသခံ ကချင်များသည်လည်း မဟာမိတ်တပ်၏ ကချင်ရိန်းဂျားစစ်သည်များအဖြစ် ထင်ပေါ်ခဲ့သည်။ ကချင်ရိန်းဂျားများသည် ဒေသခံများဖြစ်သည့် အား လျော်စွာ နယ်မြေတောတောင်ဒေသကျွမ်းကျင်ခြင်း၊ ဒေသရာသီဥတုနှင့် သဟဇာတဖြစ်ခြင်း မြင့်မားမတ်စောက်သော နက် ရှိုင်းသောတောတောင်များအတွင်း ကျွမ်းကျင်စွာသွားလာနိုင်ခြင်းတို့အပြင် တူမီး ဒူးလေးတို့အားကိုင်ဆောင်၍ မိရိုးဖလာအမဲလိုက်လာသူများဖြစ်သည်အားလျော်စွာ တောတောင်အတွင်း ခြေသံလုံလုံဖြင့် ရန်သူ့အနားကို ချဉ်းကပ်နိုင်သည့် ပြောက်ကျားစစ်သည်ကောင်းများဖြစ်လာခဲ့ပြီး မဟာမိတ်တပ်အတွက် အားထားရသည့်စစ်သည်များဖြစ်ခဲ့ကြသည်။

လက်လှမ်းမှီသမျှဆိုရင် ကချင်ပြည်နယ်အတွင်း၌ ကချင်ရိန်းဂျားတပ်ရင်း ၅ ရင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်ရိန်ဂျား တပ်ရင်း ၃ ရင်းဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးအပြီး မဟာမိတ်တပ်မှ ပင်စင်ခံစားခွင့်ရသူ ကချင်ရိန်ဂျားစစ်သည် များစွာရှိခဲ့သည်ဟု ကြား သိရသည်။ အချို့ကတော့ လွတ်လပ်ရေးရပြီး မြန်မာအစိုးရစစ်တပ်တွင် ဆက်လက်အမှုထမ်းကြသည်။ သို့ဖြစ်ရာဒုတိယကမ္ဘာ စစ်အတွင်း မဟာမိတ်တပ်တွင် စတင်အမှုထမ်းခဲ့ကြသော ကချင်ရိန်းဂျားစစ်သည်များသည် အစောဆုံးခေတ်သစ် ကချင် စစ်သည်များဟု ဆိုရပေမည်။

● လွတ်လပ်ရေးရပြီး အစိုးရစစ်တပ်မှ ကချင်စစ်သည်များ
လွတ်လပ်ရေးရပြီး မြန်မာပြည်၏ ဖဆပလခေတ်အစိုးရစစ်တပ်တွင် တိုင်းရင်းသား သေနတ်ကိုင်တပ်ရင်းများဖွဲ့စည်းခဲ့ သည်။ ကရင်သနကများကတော့ ၁၉၄၉ ကရင်ပုန်ကန်တွင် ပါသွားခဲ့သည်။ ရှမ်း သနက ၁ ရင်း၊ ကယားသနက ၂ ရင်း၊ ကချင်သနက ၄ ရင်း၊ ချင်းသနက ၅ ရင်းကတော့ ၁၉၈၈ အရေးအခင်းအပြီး နအဖ ခေတ်ဦးအထိရှိခဲ့သည်။ မူလ အစိုးရစစ်တပ်ဖွဲ့စည်းပုံတွင် တိုင်းရင်းသား အလိုက်အခြေပြုသည့်တပ်များ ဂေါ်ရခါးများကိုအခြေပြုဖွဲ့စည်း၍ ဂေါ်ရခါးတပ် ရင်းဟု ခေါ်ဆိုသောခလရ ၄ စသည်တို့အား နောက်ပိုင်းတွင် ရောနှောဖွဲ့စည်းခဲ့ကြသည်။ နအဖခေတ်မှစ၍ တိုင်းရင်းသားအမည်နှင့်တပ်များအား ခလရ/ခမရများအဖြစ် အမည်ပြောင်းလဲခဲ့သည်။

ထိုသို့လွတ်လပ်ရေးရပြီး အစိုးရစစ်တပ်အတွင် မနဲလှသော ကချင်စစ်သည်များ ဝင်ရောက်အမှုထမ်းခဲ့သည်ဟုဆိုရမည်။ မြန်မာစစ်တပ် အစောပိုင်းဗိုလ်သင်တန်းကျောင်းအုပ်အဖြစ် ကချင်လူမျိုး ဗိုလ်မှူးကြီးတစ်ဦးတာဝန်ယူခဲ့သည်။ ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်ဟု ထင်ပါသည်။ မဆလခေတ် ကချင်ပြည်နယ်ပါတီကောင်စီတွင်တာဝန်ယူခဲ့သော ဦးဖေါ်ယူခါးသည်လည်း မြန်မာအစိုးရ စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ယူခဲ့ဘူးသူဖြစ်ပါသည်။ အစိုးရစစ်တပ်တွင် ရာထူးတာဝန် အမြင့်ဆုံး ယူခဲ့ဘူးသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူတာဝန်ယူခဲ့ဘူးသူ ဗိုလ်မှူးချုပ် L ကွန်ဖန်ဟု ဆိုရပေမည်။

နအဖခေတ်ဦးတွင် ကချင်ထဲမှာ စစ်ဖက်အရာရှိကြီးဆို၍ ဗိုလ်မှူးကြီးလဗျပန်းအောင်တယောက်သာတွေ့ရပြီး သူလည်း ခဝတဥက္ကဌအဖြစ် နယ်ဘက်သို့ရောက်သွားသည်ကိုတွေ့ရသည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရစစ်တပ်တွင် စစ်မှုထမ်း ခဲ့ကြသည့် ကချင်စစ်သည်များထဲမှ နောက်ဆုံးအသုတ်ဖြစ်ပုံရသည်။ ၁၉၆၁ ခုနှစ် KIA ပေါ်လာပြီးနောက်ပိုင်း အစိုးရစစ်တပ် တွင်လည်းကောင်း၊ DSA တွင်လည်းကောင်း ဝင်ရောက်သည့် ကချင်စစ်သည်များ တစတစ လျော့နည်းသွားပြီး ယခုအခါ မရှိသလောက်ဖြစ်သွားပြီဟု ဆိုရပေမည်။ မည်သို့ဆိုစေ လွတ်လပ်ရေးရပြီးစ မြန်မာအစိုးရစစ်တပ် ကချင်သနကတပ်ရင်း များနှင့်အတူ ကချင်စစ်သည်များ စစ်မှုထမ်းခဲ့သည့်ကာလတခု ရှိခဲ့ဘူးပေသည်။

● လဖိုင်နော်ဆိုင်းနှင့် ကချင်စစ်သည်များ
လဖိုင်နော်ဆိုင်းသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အားခုခံတိုက်ခဲ့သော ကချင်ရိန်ဂျားစစ်သည်တစ်ဦးဖြစ်သည်။ ဂျပန်ဆန့် ကျင်စစ်ကာလအတွင်း သူရဲကောင်းမှတ်တမ်းဝင်အဖြစ် ၂ ကြိမ် ချီးမြှင့်ခံခဲ့ရသည်ဟုဆိုပါသည်။ လွတ်လပ်ရေးရပြီးဖွဲ့စည်း သော ကချင်သနက ၁ တွင် တပ်ခွဲမှူးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သို့သော် ပြည်တွင်းစစ်စပြီး မကြာခင်တွင် အစိုးရအား ပြန်လည်ပုန်ကန်ခဲ့သူဖြစ်သည်။တဖက်ကတော့သူအား သူပုန်ဆိုပေ လိမ့်မည်။ တဖက်ကတော့သူအား တော်လှန်သူဟုဆိုပေလိမ့်မည်။ မည်သို့ဆိုစေ ဗိုလ်နော်ဆိုင်းနှင့် သူ၏ကချင်စစ်သည် များသည် ကချင်လူမျိုးထဲမှ ပထမဆုံးအစိုးရအားပုန်ကန်သူများအဖြစ် မှတ်တမ်းတင်ရပေမည်။

အစိုးရ၏ညွှန်ကြားချက်အရ KNU နှင့် ဗကပကိုတိုက်ခိုက်ရမည့် ဗိုလ်နော်ဆိုင်းသည် အမိန့်ကိုဖီဆန်ခဲ့ပြီး အစိုးရကိုပုန်ကန်ခဲ့ သည်။ ၁၉၄၉ ဖေဖော်ဝါရီလအတွင်း ပျဉ်းမနားသို့ရောက်ရှိနေသော ဗိုလ်နော်ဆိုင်းဦးစီးအင်အား ၇၀၀ ခန့်သည် KNU နှင့်ပေါင်း၍ မြို့လှ ရေတာရှည် တပ်ကုန်း ရမည်း သင်း သာစည် မိတ္ထီလာတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး မိတ္ထီလာမှ လေယာဉ် ၂ စီးဖြင့် မေမြို့ ( ပြင်ဦးလွင် ) သို့သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ မြန်မာပြည်တွင်းစစ်တွင်း အစောဆုံး လေ ကြောင်းစစ်ချီစစ်ဆင်ခြင်းဟု ဆိုရမည်။ မေမြို့သို့သွားရောက်ခြင်း ထိုစဉ် KNU တို့ ပုန်ကန်မှုကြောင့် အစိုးရတပ်တွင်းနှင့် အစိုးရဌာနတွင်းရှိ ကရင်လူမျိုး မိသားစုများ ကလေးလူကြီး စုစုပေါင်း ထောင်ဂဏန်းမျှ မေမြို့တွင် အကျယ်ချုပ်ထားရှိသည်ကို ကယ်တင်နိုင်ရန်ဟုဆိုသည်။ အလားတူပင် မိတ္ထီလာတွင်လည်း အစိုးရကထိန်းသိမ်းထားသည့် ကရင်စစ်သား ၁၅၀ ခန့်ကို လွှတ်ပေးခဲ့သည်ဟုဆိုပါသည်။ ထိုကရင်စစ်သားထဲမှအချို့သည် KNU ပူးပေါင်းသူရှိသကဲ့သို့ ဇာတိပြန်သူများလည်းရှိကာ တချို့ကတော့ ဗိုလ်နော်ဆိုင်းတပ်နှင့် လိုက်ပါခဲ့ကြသည်။

မေမြို့ (ပြင်ဦးလွင်) သိမ်းပြီးနောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် KNU/ CPB တို့နှင့်ပူးပေါင်း၍ မန္တလေးနှင့်တောင်ငူ ပဲခူးမြို့များအား မတ်လအတွင်းတိုက်ခိုက်ခဲ့ကြသေးသည်ဟုဆိုပါသည်။ ထို့နောက် ဗိုလ်နော်ဆိုင်း၏တပ်များသည် ၁၉၄၉ သြဂုတ်အတွင်း၌ လားရှိုး ကွတ်ခိုင်တို့ကို တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။ ရှမ်းပြည်မြောက်ပိုင်းသို့တက်လာသော ဗိုလ်နော် ဆိုင်းသည် နိုင်ငံရေးရည်မှန်းချက်တခုပါ ပါလာသည်။ ၎င်းမှာ လွတ်လပ်သော ကချင်အစိုးရနှင့် ကချင်တပ်မတော် Pawng Yawng Asuya နှင့် Pawng YawngDefence Force ဖွဲ့စည်းရန်ဖြစ်သည်။( ယခုအခါ ကချင်မျိုးနွယ်စုအားလုံးအား ဝင်ပေါင် ဟုသုံးနှုံးသော်လည်း ထိုစဉ်က ပေါင်ယောင်ဟု သုံးစွဲသည်)

ထို့အတွက် နမ့်ခမ်းမြို့အားလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ဗန်းမော်မှတဆင့် ကချင်ပြည်နယ်မှ နိုင်ငံ ရေးခေါင်းဆောင်များအား ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဗိုလ်နော်ဆိုင်းတပ်ဖွဲ့အား နယ်မြေခံအချို့မှ ပူး ပေါင်းထောက်ခံခဲ့မှုရှိ သော်လည်း ကချင်ပြည်နယ်ခေါင်းဆောင်များက ထောက်ခံမှုမပေးခဲ့ပေ။ ထို့ပြင် ဗိုလ်နော်ဆိုင်းတပ်အားရင်ဆိုင်နိုင်ရန် က ချင်နိုင်ငံရေးခေါင်းဆောင်ပိုင်းက ကချင်စစ်သားဟောင်းများအား စုစည်း၍ အရေးပေါ်ကချင် ၁/၂ ( Eergency Kachin 1/2 ) အားဖွဲ့စည်းခြင်း ကချင်သနက တပ်ရင်း ၃ ရင်းအား ပြန်ခေါ်ယူခြင်းများပြုလုပ်ပြင်ဆင်ခဲ့ကြသည်။ သို့ဖြစ်ရာ ကချင်နိုင်ငံ ရေးခေါင်းဆောင်များ၏ ထောက်ခံမှုမရသည့်အပြင် အချင်းချင်းစစ်ခင်းရမည့်အခြေအနေသို့ဆိုက်ခဲ့သည်။ ဤသို့အကြပ် အတည်းထဲသို့ဆိုက်ရောက်သွားသည့် ဗိုလ်နော်ဆိုင်းသည် ၁၉၅၀ ဧပြီလအတွင်း အင်အား ၅၀၀ အားခေါင်းဆောင်၍ တရုတ်ပြည်ထဲသို့ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

မိုးမိတ်အထက်ဖက် လွယ်ရဒူဝါ လထော်ခွန်ထွန်းသည် အင်အား ၁၀၀ ခန့်စုစည်းပြီး ၁၉၄၉ နိုဝင်ဘာတွင် မန်တုန် ကိုးတောင် ရဲစခန်းနှင့် အမတ်ရုံးအားသိမ်းပိုက်ပြီး ဗိုလ်နော်ဆိုင်းအဖွဲ့နှင့်ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရဘဲ နောက်ဆုံးအစိုးရတပ်များ၏ အဖမ်းဆီးခံလိုက်ရသည်ဟုဆိုပါသည်။

လထော်ဇော်ဆိုင်းသည် လားရှိုးနယ်သားဖြစ်ပြီး ဗိုလ်နော်ဆိုင်းတပ်များ လားရှိုးနယ်ဘက်တက်လာသောအခါ ပါဝင်ပူးပေါင်းခဲ့ သည်။ လားရှိုးတိုက်ပွဲအပြီး ဒဏ်ရာရသူများ လုံခြုံသည့်နေရာတွင် စောင့်ရှောက်ရန်ကျန်နေခဲ့သော ဗိုလ်ဇော်ဆိုင်းနှင့် အင်အား ၆၀ ခန့်သည် ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့ တရုတ်ပြည်တွင်းဝင်ရောက်သွားသောအခါ လိုက်ပါမသွားဘဲ ကရင်ပြည်နယ် သို့ ထွက်ခွာပြီး သံတောင် ဘောဂလိနယ်ဘက်တွင် KNDO နှင့် ပူးပေါင်းနေထိုင်လှုပ်ရှားခဲ့သည်။

တရုတ်ပြည်တွင်း နိုင်ငံရေးခိုလှုံခွင့်ယူသွားသည့် ဗိုလ်နော်ဆိုင်းအဖွဲ့အား တရုတ်အစိုးရက မြန်မာနယ်စပ်နှင့်ဝေးကွာသည့် အတွင်းပိုင်းပြည်နယ်တခုဖြစ်သည့် ကွေ့ကျိုးပြည်နယ်တွင် နေရာချထားပေးခဲ့သည်။ ထိုစဉ်က တရုတ်ပြည်လွတ်မြောက် စကာလဖြစ်သည့်အတွက် တရုတ်ပြည်၏စီးပွါးရေးမှာလည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်ရာ ဗိုလ်နော်ဆိုင်းနှင့်သူ၏လူများ သည် ခက်ခဲပင်ပမ်းစွာ ဘဝကိုရုန်းကန်ရပ်တည်ခဲ့ရသည်ဟု ဆိုပါသည်။

တရုတ်ပြည်၏ ပြဒါးမိုင်းတွင်းများ၌ မိုင်းတွင်းလုပ်သားများအဖြစ်ပါ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရသော ဗိုလ်နော ဆိုင်းနှင့် သူ၏ကချင်စစ်သည်များသည် ဆယ်နှစ်ကျော် တရုတ်ပြည်တွင်းနေထိုင်ခဲ့ရာမှ မြန်မာပြည်စစ်မြေပြင်သို့ ပြန်လည် ရောက်ရှိရန် အကြောင်းဖန်ခဲ့ပြန်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။