ကာတွန်းဝင်းအောင် - နှုတ်ဆက်ကန်တော့လိုက်ပါတယ် ဆရာ

ဆရာ ဇော်ဇော်အောင် (၁၉၃၇-၂၀၁၆) ဓာတ်ပုံ - မိုးမခ

ကာတွန်းဝင်းအောင် - နှုတ်ဆက်ကန်တော့လိုက်ပါတယ် ဆရာ
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

၁၉၈၀ ကျော်တဝိုက်က ကျနော့်သူငယ်ချင်း မောင်သာချို ဇောင်းထက်တို့ရှိတဲ့ ရန်ကုန်တက္ကသိုလ်ကို အမြဲရောက်ဖြစ်တယ်။  ရောက်တိုင်း တောင်ငူဆောင် တောင်ပိန္နဲပင်အောက်က  လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်တယ်။ အဲဒီဝိုင်းမှာ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာဇော်ဇော်အောင်၊ ဆရာမင်းမော်တို့နဲ့ အမြဲဆုံ နေကြဆိုတော့ ဆရာတွေနဲ့ ရင်းနီးခင်မင်ခွင့်ရခဲ့တယ်။ အဲဒီထဲမှာ ဆရာဇော်က ကျနော့်အတွက်ထူးခြားတဲ့ဆရာပါ ။

 ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာဇော်ရဲ့စာပေအယူအဆကို
မကြိုက်ဘူး။ ဒါ့အပြင် သူ့ဝေဖန်ရေးဆောင်းပါးတွေက ကျနော်လေးစားချစ်ခင်တဲ့ ဆရာတွေ ကို အင်မတန်ပြောင်မြောက်တဲ့ စကားလုံးတွေနဲ့ နှိပ်ကွပ်ထားတာမို့ စိတ်ထဲမှာ မျက်မုန်းကြိုးနေမိတယ်။ 


လူချင်းရင်းနီးခွင့်ရတော့မှ အပြင်မှာလည်း စာထဲကအတိုင်း ဆရာတွေကို ဆက် ဆံပြောဆိုတာကိုတွေ့ရတယ်။ သူတို့က အင်မတန်ချစ်တဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေဆို
တာ နောက်မှ သိရတယ်။ ဒီတော့ စာနဲ့လူခွဲခြား မြင်ပြီး ဆရာ့ကို လေးစားချစ်ခင်သွားတယ်။
 

 ဆရာဇော်က လူငယ်တွကို အမြဲတန်ဖိုးထားဆက်ဆံတယ် ရင်းနီး ဖေါ်ရွေစွာဆက်ဆံတယ်။ လွန်ခဲ့တဲ့ ငါးနှစ် ၊ခြောက်နှစ်လောက်က ပွဲတခုမှာတွေ့တော့ ကျနော်က မော်ဒန်ကဗျာသီဝရီ မရေးတော့ဘူးလားလို့ မေးတော့ ဆရာက ငါ့အာရုံထဲ ဒါတွေမရှိတော့ဘူးကွာ ... တဲ့ ။

 ကျနော်က ဆရာကို ကလိချင်တာနဲ့ "ဆရာက ... ကွန်မြူနစ်ကို တလျောက်လုံး ဆန့်ကျင်လာပြီး ခုကြ ဘာဖြစ်လို့ ဒီဝါဒကို ပြန်တင်နေရတာလဲ" ။  ဆရာက တိုတိုပဲပြန်ဖြေတယ် ။ "ဖက်ဆစ်ကိုဆန့်ကျင်ဖို့ ပေါ်လာတဲ့စနစ်က ဖက်ဆစ်ကိုတိုက်ဖို့ အကောင်းဆုံးပဲကွ" တဲ့ ။ 

ဆရာကို နောက်ဆုံးတွေ့ခဲ့ရတာကတော့ ဆရာ မောင်စွမ်းရည် မြန်မာပြည်ခေတ္တပြန်လာတုန်း
ကပါပဲ။ ဆရာဟာ ကျောင်းသားနိုင်ငံရေးသမားဘဝနဲ့ စာပေလောကကို ဝင်ရောက်ခဲ့တယ်။
လူ့ဘဝက ထွက်ခွါခါနီးမှာလည်း ကျောင်းသား၊ နိုင်ငံရေးသမား လူငယ်တွေအတွက် စာတွေ အများကြီး ရေးခဲ့တယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ ရွာလူတွေ ဖတ်
ဖို့ အပါအဝင် တန်ဖိုးရှိတဲ့ စာတွေ ထားခဲ့တယ်။ 


ဆရာ့က တမလွန်ကနေ သူ့ဘဝသူ ကျေနပ်နေမှာပါ နှုတ်ဆက်ကန်တော့
လိုက်ပါတယ်ဆရာ ။


 ကာတွန်းဝင်းအောင်