ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် - ၉

Senior General Min Aung Hlaing - facebook

ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် - ၉

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆


၉၀။ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေခံပေါ် မူတည်ပြီး Sanction လုပ်တဲ့အခါ ဘယ်လောက်အတိုင်းအတာထိ လုပ်သင့်ပြီး အကျိုး ရှိ မရှိ စဉ်းစားရမဲ့ အပိုင်းတွေ၊ စစ်တပ် အရာရှိတွေအပြင် အရပ်ဘက်အရာရှိတွေ အနေနဲ့လည်း ဘယ်လို လေ့လာသင့်တယ် ဆိုတာတွေကို အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးရဲ့ ဆွေးနွေး သုံးသပ်ချက်များအား ဆက်လက် တင်ပြသွားပါမယ်။

အင်ဒိုဗိုလ်ချုပ်ကြီးရဲ့ သုံးသပ်ချက်မှာ “western နိုင်ငံတွေလည်း စဉ်းစားရမှာက ဒီမိုကရေစီ လူ့အခွင့်အရေး အခြေခံပေါ်မှာ မူတည်ပြီးတော့ Sanction တွေလုပ်တဲ့အခါ ဘယ်လောက် အတိုင်းအတာ လုပ်မလဲ၊ လုပ်လို့  အကျိုးသက်ရောက်မှု ကောင်းတာရှိသလို မကောင်းတာလဲရှိတယ်။ western နိုင်ငံ- နိုင်ငံခြားရေး ကော်မတီတွေဘက်က စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါတွေဟာလည်းဘဲ စွက်ဖက်တဲ့သဘောတော့ ရှိတာပေါ့။ တစိတ်တပိုင်းလည်း စွက်ဖက်ပတ်သက်လို့ ရတာပေါ့။ ပေါ်လစီပိုင်းဆိုင်ရာမှာ ညှိနှိုင်း သုံးသပ်ဖို့တော့ လိုပါတယ်လို့ ပြောကြား သွားပါတယ်။” ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်အား ကူညီပေးသင့်တဲ့အပိုင်း နိဂုံးချုပ်မှာထည့်ပါမယ်။

“အတွေးအခေါ်တွေ ပြုပြင်ပြောင်းလဲလာတဲ့ အရပ်ဒေသတွေမှာ ကိုယ်တိုင်ပူးပေါင်း ပါဝင် ဆောင်ရွက်မှုဆိုတာ အရေးကြီးတယ်။ မြန်မာပြည်က national defense college လိုမျိုး ထိပ်ပိုင်း တက္ကသိုလ် ကျောင်းကြီးတွေမှာ စစ်တပ်ရဲ့ ပညာရေးပိုင်းဆိုင်ရာ အတွေးအခေါ် အသစ်တွေ ထည့်ပေးဖို့ လိုတယ်လို့ ”ဆိုပါတယ်။

၉၁။ အရာရှိတစ်ဦးကပြန်တင်ပြရာမှာ“ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်မှာ တစိတ်တပိုင်း လုပ်နေတယ်လို့တော့ ခန့်မှန်းရပါတယ်။ စစ်ဦးစီး တက္ကသိုလ်ကနေပြီးတော့ ဦးကျော်ဝင်းတို့ကို ဖိတ်ပြီး lecture တွေပေးခိုင်းတာမျိုး၊ မောင်စူးစမ်းတို့ကို ဖိတ်ပြီးတော့ lecture တွေ ပေးခိုင်းတာမျိုးလည်း ရှိပါတယ်။အထူးသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိစ္စတွေ၊ နိုင်ငံခြားဆက်ဆံရေး ကိစ္စတွေ၊ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဟာ နိုင်ငံခြားဆက်ဆံရေးမှာ ဒေသတွင်းမှာရော အနောက်နိုင်ငံနဲ့ ဆက်ဆံရေးမှာရော ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲ ဆိုတာတွေပေါ့။ လက်ရှိကမ္ဘာကြီးရဲ့ အခြေအနေနဲ့ သွားနေတာလည်း ရှိပါတယ်။ ဒါတွေကို သူတို့ရဲ့လေ့လာမှူက ရှိတယ်လို့ သိရကြောင်း” ပြန်လည် ဆွေးနွေးခဲ့ပါတယ်။ ယခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီစဉ်ပေးမှူအရ ဗြိတိန်မှ တပ်မတော်အရာရှိကြီးတွေကို သင်တန်းလာရောက်ပို့ချနေတာ ပီတိဖြစ်ဝမ်းသာမိပါတယ်။

၉၂။ ဗိုလ်ချုပ်ကြီးက ဆွေးနွေးရာမှာ “ဒါလဲဘဲ ဘယ်လောက် အတိုင်းအတာ ဖြစ်နိုင်မလဲဆိုရင် အကန့်အသတ်တော့ ရှိမယ်။ ဒါပေမယ့်လို့ စဉ်းစားရမယ့်အပိုင်းက လက်လှမ်းမှီတဲ့ အရာရှိ level တွေမှာလည်း  သူတို့ရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ ဘယ်လောက် ပြောင်းလဲလာအောင် လုပ်မလဲ။ လုပ်နိုင်ဖို့ကော ဘယ်လိုမျိုး အသိပညာတွေ ပေးမလဲ။ ဒါတပိုင်တနိုင် လုပ်နိုင်မဲ့ အပိုင်းပေါ့။ အမြင့်ကြီးစဉ်းစားတဲ့အခါ တချို့ဟာ တချိန်တည်း မလုပ်နိုင်ဘူး။ ဆိုလိုချင်တာက အပေါ်ကလုပ်လို့ အောက်က လိုက်လုပ်နေရတာထက် စစ်တပ် အရာရှိကြီးငယ်တွေကို နားမျက်စေ့ မပိတ်ဖို့ အတွေးအခေါ် မှန်ကန်ဖို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင်သိရှိ နားလည်လက်ခံဖို့ ဒါအရေးကြီးတယ်လို့” ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

၉၃။ ဗိုလ်ချုပ်ကြီးက“အရပ်နဲ့တပ်နဲ့ ဆက်ဆံရေး၊ တပ်ပြုပြင်ပြောင်းလဲရေး ဒါတွေ အများကြီး လိုသေးတယ်။ တပ်ပြုပြင် ပြောင်းလဲရေးမှာလဲပဲ အဆင့်ဆင့်တွေရှိတယ်။ ချက်ချင်းဗြုန်းတိုင်းကြီး ဖြစ်လာတာတော့ မဟုတ်ဘူး။ ကြီးပြင်းလာရတဲ့ ပုံစံတွေကိုက အသားသေနေတာမျိုး ရှိနေတော့ ပြုပြင်ပြောင်းလဲရေးကို မလိုအပ်ဘူးလို့ ထင်နေတာမျိုးလည်းရှိမယ်။ ဥပမာ - တပ်က နိုင်ငံရေးကနေ လုံးဝ မပတ်သက်ဖို့ withdraw လုပ်မယ်၊ ဘယ်လိုမျိုးwithdraw လုပ်ကြမလဲ။ တဖြေးဖြေး လုပ်ရမယ်ဆိုပေမဲ့ တကယ်ကို လုပ်ချင်ရဲ့လား။ လုပ်မှာလား။ ဒါကိုလည်း မျက်ခြေမပြတ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ” ပြောခဲ့ပါတယ်။“နောက်တစ်ခု စစ်တပ်စီးပွားရေးနဲ့ ပတ်သက်ပြီး စီးပွားရေးမှာ စစ်တပ်မပတ်သက်ဖို့ အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ သူများနိုင်ငံတွေမှာဘယ်လို လုပ်ကြသလဲ။ ကိုယ့်နိုင်ငံမှာရော ဘယ်လိုလုပ်မလဲ။ ဘာကြောင့် လုပ်သင့်တာလဲ။ ဘာကြောင့် စစ်တပ်က အရပ်ဘက်မှာ မပါသင့်တာလဲ။ ဘာကြောင့် စစ်တပ်က စီးပွားရေးကို မလုပ်သင့်တာလဲ ဆိုတဲ့ကိစ္စမှာ အင်မတန် ကျယ်ပြန့်တယ်။ ဒါတွေကို အများကြီး လေ့လာဖို့လိုတယ်။ လေ့လာမှုဆိုတဲ့ ကိစ္စတွေကိုကော ဘယ်လိုလုပ်ကြမလဲ။ ရှေ့ဆက်ပြီး စစ်တပ်အရာရှိတွေရဲ့ အရည်အချင်းတွေကို မြင့်တင်ပေးပြီး သူတို့ရဲ့ Institute တွေက ဘယ်လောက် အတိုင်းအတာထိ လုပ်မှာလဲ။ အသိုင်းအ၀ိုင်းဘဲဖြစ်စေ သို့မဟုတ် အင်တာနက်ပေါ်မှာ အခြေခံပြီးတော့ ကွန်ယက်ကို ချဲ့ထွင်ပေးသင့်တယ်။ တချို့စစ်တပ်အရာရှိတွေက ဒါတွေကို သူတို့လုပ်ရမှန်းတော့ သိတာပေါ့။ လုပ်ရမှန်း သိပေမဲ့လို့ လုပ်ငန်းစဉ် တစ်ရပ်လို ခံယူချက်နဲ့ လုပ်ဖို့ အခွင့်အရေး မရတာလည်း ရှိပါတယ်။ စစ်တပ်အရာရှိတွေကို အင်တာနက်သုံးဖို့ ကန့်သတ်တာကရော ဖြစ်သင့်သလား။ ယခုတလော အရာရှိငယ်တွေ Facebook မသုံးရဘူး ဆိုပြီး ချုပ်ချယ်နေပြန်ပြီ။ နိုင်ငံနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေက စဉ်းစားပြီး ဒီမိုကရေစီလမ်းကို သွားနေပါပြီ ဆိုတဲ့ နေရာမှာ  ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လုပ်သင့်တယ်လို့ ဗိုလ်ချုပ်ကြီးက တိုက်တွန်းလိုက်ပါတယ်။”

၉၄။ ယခုတလော တပ်မှ အငြိမ်းစား/ ထွက်တဲ့သူ၊ မှီခိုမိသားစုတွေရဲ့ဖေ့ဘုတ်၊ အီးမေလ်အကောင့်တွေကို တောင်းတာတွေလည်းကြားရတာမို့စာရေးသူ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ဟာ တပ်ကို အပြင်ကနေ ဝိုင်းရံပေးထားကြပြီး လူထုကိုလည်း ထိတွေ့စည်းရုံးနေတဲ့အားကို ရိုက်ချိုးပစ်လိုက်သလို ခံစားရတယ်။ စာရေးသူဝေဖန်လိုတာက အဲဒီအမိန့်ပေးတဲ့ဗိုလ်ချုပ်ဟာ လုံခြုံရေးဆိုဒ်ကနေ ကြည့်နေတာဖြစ်ဟန်တူပြီး၊ ယနေ့ပွင့်လင်းမြင်သာတဲ့ခေတ်မှာ တစုံတရာ အတိုင်းအတာအထိ ဖွင့်မပေးခဲ့လို့ တပ်ရဲ့ပုံရိပ်ကျဆင်းနေတာကို မသိယောင်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော် ဂုဏ်မြှင့်အောင်၊ တဖက်က စွပ်စွဲနေတာ မဟုတ်ပါဖူးလို့ အမှန်ကိုပြန်ပြောရဲတဲ့ သတ္တိမွေးမယ်ဆိုခဲ့ရင် ကျန်တဲ့သူတွေက ကိုယ်ထမင်းကိုယ်စားပြီး ဧဧဆေးဆေး နေယုံသာ
ဖြစ်ပါတယ်။ နောက်တခုက တပ် ရဲ့Holding နဲ့MEC တို့စီးပွါးရေးလုပ်နေတာ အနိုင်ရပါတီအနေနဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့တွေကို တနေ့နေ့ အများပိုင်ကုမ္ပဏီများ အဖြစ် ပြောင်းမယ်လို့ တပ်ချုပ်က ရိပ်မိလို့ပြောလာတာတော့ ရှိပါတယ်။ တကယ်တော့ တပ်ရဲ့ထမင်းအိုး ကိုလက်ညှိးထိုးရင်၊ ထိုးတဲ့သူက တပ်ရဲ့ သက်သာချောင်ချိရေးကို ဖြေရှင်းနိုင်စွမ်းရှိသူ ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက ပိုလို့တောင် ခက်နေပါတယ်။ စာရေးသူ စီးပွါးရေး မကျွမ်းကျင်လို့ နိဂုံးအပိုင်းမှာ နားလည်သူနဲ့တိုင်ပင်ပြီး ကြိုးစားထည့်ပေးပါ့မယ်။

၉၄။ ဗိုလ်ချုပ်ကြီးရဲ့အထူးပြောတာကတော့ အရပ်ဖက်က ကိုင်ချင်နေတာ ပြောတာ အင်ဒိုနီးရှားမှာ ဒီနေ့ထိ စစ်တပ်အကြောင်း အရပ်ဖက်က ယောင်တိယောင်ဝါးဖြစ်နေတုံးဘဲ ဆိုတာ အံ့သြစွာ သိလိုက်ရပါတယ်။  အင်ဒိုဗိုလ်ချုပ်ကြီးက ဆက်လက်ဆွေးနွေးရာမှာ“ ဒီကိစ္စတွေကို စစ်တပ်အရာရှိကဘဲ လေ့လာရမှာ မဟုတ်ဘူး။  အရပ်ဘက်က အရာရှိတွေလည်း လေ့လာဖို့လိုတယ်။ စစ်တပ်ဆန့်ကျင်ရေး သက်သက်ဘဲလား၊ စစ်တပ်ရဲ့ အထာလဲမသိ၊ စစ်တပ်ရဲ့ သဘော သဘာဝလဲမသိ၊  စစ်တပ်ရဲ့အတွင်းမှာရှိတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ အမိန့် စီးဆင်းမှုတွေကိုလည်း နားမလည်ဘူးဆိုရင် တကယ်တမ်း အရပ်ဘက်အရာရှိတွေက အာဏာရလာမယ်ဆိုရင်  စစ်တပ်ကို ဘယ်လို ကိုင်တွယ်ရမလဲ။ မလေ့လာထားဘူးဆိုရင် လုံခြုံရေးနဲ့ စစ်ရေးကိစ္စတွေ ဘယ်လို ကိုင်တွယ်မလဲ။ မလေ့လာထားရင် သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး။ ယုံကြည်မှု မရှိတဲ့အခါ ဦးဆောင်မှု မပေးနိုင်ဘူး။ အင်ဒိုနီးရှားမှာလဲ ဒီလိုမျိုးတွေကို ဖြစ်နေတယ်။ အင်ဒိုနီးရှားရဲ့ ကာကွယ်ရေးဝန်ကြီးက အရပ်ဘက်က ဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို တကယ်တမ်းဦးဆောင်မှု မပေးနိုင်ဘူး။ မအုပ်ချုပ်နိုင်ဘူး။ မအုပ်ချုပ်နိုင်ဘူး ဆိုတာက (၁) သူကိုယ်တိုင်က အရပ်ဘက် ခေါင်းဆောင်ဖြစ်တယ်။ စစ်တပ်နဲ့ပတ်သက်ပြီး  အတွေ့အကြုံမရှိဘူး။ (၂) သူ့ဘေးမှာ အကြံပေးအဖွဲ့တွေ ကိုယ်တိုင်က ကနေ့အထိ စစ်တပ်က လူတွေကိုဘဲ ပြန်ခန့်ထားတာ။ အရပ်ဘက်ကနေပြီးတော့ ပုခုံးပြောင်းပြီးတော့ လုပ်နိုင်တဲ့လူ မရှိဘူး။ ဒါတွေက အရပ်ဘက်နိုင်ငံရေး သမားတွေဘက်က ပြင်ဆင်ရမဲ့ဟာတွေ ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။”

၉၅။ နောက် Issue တစ်ခုကတော့တပ်က ဘယ်နိုင်ငံရေး ပါတီကိုမှ ဘက်မလိုက်ပါဘူးဆိုတာ သက်သေပြဖို့  တိုက်တွန်းရမှာ ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးမှာ သတိထားပြီး နိုင်ငံအတွက် အကျိုးရှိမဲ့ ပြုပြင်တာမျိုးဆိုရင် ထောက်ခံသွားပေးဖို့ တိုက်တွန်း စည်းရုံးသွားရန် စသဖြင့် အပြန်အလှန် ဆွေးနွေးသွားခဲ့ပါတယ်။

အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးကဆွေးနွေးရာမှာ “ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုတည်း ပြောင်းလို့မရကြောင်း၊ ပြောင်းလဲလိုက်တဲ့ နိုင်ငံရေး အားနည်းချက်အပေါ် မူတည်ကာ တပ်က ပြန်လည်ကိုင်တွယ်သွားရတဲ့ ဖြစ်စဉ်မျိုး ရှိတတ်တာမို့ တပ်ကိုပါ ပြုပြင် ပြောင်းလဲဖို့လိုတယ်၊ဒါပေမဲ့ အဲဒီ ပြုပြင်ပြောင်းလဲရေး နှစ်ခုစလုံးက တပြိုင်နက် ပြောင်းလဲဖို့ လုံးဝမလွယ်ကူပါ။  အင်ဒိုစစ်တပ် ပြုပြင်ပြောင်းလဲရေးကို အဆင့်  နှစ်ဆင့်ထားပြီး သတိထား ကြိုးစား ပြောင်းလဲနေရကြောင်း အင်ဒိုဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ တချို့အဆင့်တွေဟာ ပြည့်စုံသွားတာ ရှိသလို တချို့အဆင့်တွေက ယနေ့ထိ မပြီးပြတ်သေးဘဲ အရှိန်ယူတုန်း ကြိုးစားတုန်းဘဲ ရှိနေတယ်။ တပ်တစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေးဟာ နေ့ချင်းညချင်း မဟုတ်ဘဲ အချိန်ကြာမယ်၊ တချို့ နိုင်ငံတွေမှာ ဒီမိုကရေစီ ရသွားတာတောင် (၁၀) နှစ်လောက်ထိ စစ်တပ်ကို တဖြေးဖြေးချင်း ပြောင်းလဲနေရလို့ အချိန်ကြာတယ်။ ဒါဟာလည်း တပ်ဘက်က မပြီးပြတ်သေးသလို အရပ်ဘက်ကလည်း အဆင်သင့် မဖြစ်သေးတာ တွေ့ရတယ်။

၉၆။ တပ်မတော်တရပ်လုံးရဲ့ စည်းရုံးရေးနှင့် တပ်ဘက်နဲ့ အရပ်ဘက် ဆက်ဆံရေးသဟဇာတ ဖြစ်ရေးကို
အကြောင်းပြုပြီး တချို့ကိစ္စတွေကို ချက်ချင်းကိုင်လို့ မရတာ တွေ့ရပါတယ်လို့ ဗိုလ်ချုပ်ကြီးက ဆက်လက် ရှင်းပြခဲ့ပါတယ်။ ဒါတောင် အင်ဒိုမှာ သမ္မတဆူဟာတိုဟာ ဆန့်ကျင်ဘက်အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထိတွေ့ ဆက်စပ်နိုင်ဖို့ စစ်တပ်ရဲ့ ထောက်လှမ်းရေးကို ဆက်သွယ်ပတ်သက်ခိုင်းထားတာမို့  စစ်တပ်ဟာ နိုင်ငံရေး ပါတီတွေရဲ့ “အား” ကို ယူပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်သွားတာ အများကြီး ရှိတယ်ဆိုတဲ့ အချက်ကို သတိပြု စေချင်ပါတယ်။” ဗိုလ်ချုပ်ကြီးက နယ်ဘက်နေ တပ်က ခွါစစ်ဆင်ပုံတွေ ရှင်းပြရာ “အင်ဒိုရဲ့ ပြုပြင်ပြောင်းလဲရေး ပထမဆုံးလုပ်ရပ်ကတော့ စစ်တပ်က အရပ်ဘက်ဌာနဆိုင်ရာ ရာထူးတွေကနေ ထွက်ပေးလိုက်တဲ့ ဖြစ်စဉ်ရှိတယ်၊ အဓိကကတော့ Uniform မချွတ်သေးတဲ့ အပွင့်တင်ထားတဲ့ ဗိုလ်ချုပ်နှင့် စစ်တပ်အရာရှိကြီးတွေက ထွက်ပေးလိုက်တာ ဖြစ်ပြီး ဆိုလိုတာက နိုင်ငံရဲ့ Key Player တွေ ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ အတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်မှူးတွေ နေရာကို အရပ်ဘက် ကျွမ်းကျင်တဲ့ ဝန်ထမ်း၊ ပညာရှင်၊ ပညာတတ်တွေနဲ့ အစားထိုးလိုက်တာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တပ်ကအရာရှိတွေ ထိပ်မှာ ပိတ်ထိုင်တာကြောင့် နယ်ဘက် အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းတွေဟာ တက်လမ်း မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းကာ စီမံကိန်းနှင့် စီမံခန့်ခွဲရေးကိစ္စတွေမှာ မအောင်မြင်ရတာ ဖြစ်တယ်လို့ မြင်ကြပါတယ်။

၉၇။ “နောက်တစ်ချက်က အင်ဒိုမှာ စစ်တပ်နှင့် ရဲဘက်ကို တိတိကျကျကဏ္ဍ သတ်မှတ်ပြီး ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ ရဲဘက်ကို တပ်မှအရာရှိတွေ မပို့တော့ပါ။ အမှန်မှာ ရဲတာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ တရားစွဲဆိုနိုင်ဖို့ အမှု ခိုင်မာအောင် တည်ဆောက်ရေး၊ သက်သေ အထောက်အထား ရယူရေး စတဲ့ ရဲလုပ်ထုံးလုပ်နည်း ကိစ္စတွေမှာ တပ်ကလူတွေ မကျွမ်းကျင်တာ တွေ့ရပါတယ်။”

မိမိတို့ကထောက်ခံကာမြန်မာနိုင်ငံဖြစ်စဉ်အချို့ နမူနာ ဗိုလ်ချုပ်ကြီးကိုတင်ပြပါတယ်။

“တပ်ပုံစံနှင့်လည်း ကိုင်တွယ်လို့ မရပါ၊ မတူညီပါ။ ဖြစ်စဉ်သာဓက ပြောရရင် တပ်က ပြောင်းလာတဲ့ ရဲတွေဟာ တပ်ပုံစံနဲ့ လက်ပံတောင်းတောင် အရေးအခင်းလို လက်ရဲဇက်ရဲ နှိမ်နင်းတာမျိုး၊ ဧရာဝတီတိုင်း မြို့နယ်တချို့  ဆန္ဒပြပွဲ ကိုင်တွယ်ရာမှာ အမျိုးသမီး တစ်ဦးကို ရဲက ကိုယ်ထိလက်ရောက် ကြမ်းတမ်းစွာ ကိုင်တွယ်ပုံတွေ၊  မိတ္ထီလာမြို့နယ်ကျတော့ အထက်အမိန့် စောင့်ဆိုတဲ့ ပုံစံမျိုးကျတော့ “ရပ်ကြည့်” အနေအထား ဖြစ်သွားပြီး လူထုက အားမလို အားမရ ဝေဖန် ပြစ်တင်သံတွေ ဖြစ်ပေါ်ခဲ့ပါတယ်။”

“ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အရေးအခင်းတွေကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်၊ ဖွဲ့စည်းပုံ အင်အား တောင့်တင်းဖို့ တိုးချဲ့ရန်၊ မူးယစ်ဆေးဝါးကိစ္စနှင့် အကြမ်းဖက်၊ ပြန်ပေးဆွဲ ကိစ္စလိုမျိုးတွေမှာ ရဲကွန်မန်ဒိုများ ဖွဲ့စည်း လေ့ကျင့်ထားဖို့ အထူး လိုအပ်ပြီး မကြာမှီ အမေရိကန်နိုင်ငံမှ ကုမ္ပဏီတစ်ခုကို ငှားရမ်း လေ့ကျင့်မယ်ဆိုတာ သိရကြောင်း” တင်ပြလိုက်ပါတယ်။ စာရေးသူထပ်ဖြည့်ချင်တာကတော့ ယနေ့မှာ အီးယူမှ ရဲလုပ်ငန်းအတွက် သင်တန်းလေ့ကျင့်မှုများ ဆောင်ရွက်နေပြီဖြစ်ပေမဲ့ မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲမှာ လူမိုက်များနဲ့ရဲ ရောထွေးပြီးသုံးတာမျိုး၊ လက်ပံတန်း ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နှင်းတာ ရုပ်ဆိုးလွန်းပါတယ်။

၉၈။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေးရာမှာ “နောက်တစ်ချက်က ဥပဒေဆိုင်ရာ ပြုပြင်
ပြောင်းလဲရေးနဲ့ တရားရုံးတွေကို ပိုမိုအားကောင်းအောင် ပြုလုပ်ရမယ်၊ တပ်က ဘယ်ပါတီကိုမှ ထောက်ခံ အားပေးတာမျိုး မလုပ်ဘဲ ရှောင်ရှားသင့်တယ်။ အင်ဒိုမှာ စစ်တပ်ဟာ ယခုဆိုရင် ဘယ်ပါတီရဲ့ သြဇာလောင်းရိပ်မှ မရှိဘဲ လွတ်ကင်းနေပြီ ဖြစ်တယ်။ စစ်တပ်ရဲ့ တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရားစီရင်မှုဟာ အပြီးပြတ် ဖြစ်တယ်ဆိုတဲ့ ဥပဒေမျိုး "မ" ဖြစ်သင့်ပါ။ နယ်ဘက်မှာ အမှုဖြစ်တဲ့ စစ်သည်၊  အရာရှိတွေရဲ့ အမှုအပေါ် တပ်က စီရင်ချက်တွေဟာ တရားမျှတမှု မရှိရင် တရားရုံးချုပ် အမြင့်ဆုံးက တောင်းဆို ပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့် ပေးသင့်တယ်။ တရားရုံးတွေကိုလည်း အားကောင်းဖို့ လုပ်သင့်တယ်။ လက်နက်ကိုင်တဲ့ တပ်ဖြစ်ဖြစ်၊ ရဲဖြစ်ဖြစ် လက်နက်ဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ရင် လူ့အခွင့်အရေး၊ တရားရုံးလိုမျိုး သီးသန့်ထားရှိပြီး တိုင်တန်းခွင့် ဖွင့်ပေးသင့်တယ်။ ”

“အလားတူ တပ်တွင်း စစ်တရားရုံးတွေဟာ တပ်ရင်းမှူး၊ တိုင်းမှူးကဲ့သို့ ခေါင်းဆောင်တွေရဲ့ လိုလားချက်၊ အာဃာတ တရားတွေကြောင့် ဥပဒေနဲ့ ညီ မညီ၊ ခိုင်မာမှု မရှိဘဲ လက်အောက်ငယ်သားများအား အရေးယူတဲ့ ဖြစ်စဉ်တွေကို ကကဥ (စစ်ဥပဒေချုပ်)၊ ကကစစ် (တပ်မတော်စစ်ဆေးရေး အရာရှိချုပ်) က ထောက်ပြသင့်ပါတယ်။ မတရား စွပ်စွဲခံရတဲ့ တရားခံ၏ ရှေ့နေရဲ့ တင်ပြချက်ကို အလေးထား သင့်ပါတယ်။ သက်သေ အထောက်အထား ရှာဖွေ မတွေ့ရင် စစ်စည်းကမ်း ဖေါက်ဖျက်မှု ၊ အမြင်ကပ်ပုဒ်မ (၆၅) နဲ့ နှိပ်ကွပ်ခံရတာမို့  အဲဒီပုဒ်မကို ပြန်လည်စဉ်းစား ပြင်သင့်ပါတယ်။”

၉၉။ “စစ်တပ် ပြုပြင်ပြောင်းလဲရေး နောက်တစ်ခုက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်း၊ တာဝန်ဝတ္တရားနဲ့  စပ်လျဉ်းပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လွှဲပြောင်းပေးရေး ဖြစ်ပါတယ်။ စစ်ဆင်ရေးနှင့် ကာကွယ်ရေးဘတ်ဂျက် အကောင်အထည်ဖေါ်ရေး အပိုင်းမှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလုပ်ရမှာ ဖြစ်ပေမဲ့ လွှတ်တော်မှာ ကာကွယ်ရေး ဘတ်ဂျက်ရေးဆွဲရေးနှင့် တောင်းခံရေး တာဝန်၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ မူဝါဒ ရေးဆွဲတဲ့ တာဝန်ကိုတော့ ကာကွယ်ရေး ဝန်ကြီး ဌာနက လုပ်ရမယ့်တာဝန် ရှိပါတယ်။ ယခု ကက-ဝယ် က ကိုင်တွယ်နေတဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပိုင်းကိုလည်း ဝန်ကြီးကဘဲ လုပ်ဆောင်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးချယ် ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်၊ အရပ်သားတွေက ကာကွယ်ရေး ဝန်ကြီး ဖြစ်တာ အများ သိထားပေမဲ့ ယနေ့ အင်ဒိုမှာလည်း စစ်တပ်ကလူတွေဘဲ အရပ်သား ဝန်ကြီးကို ပံ့ပိုးနေရတုန်း ဖြစ်ပါတယ်။ အရပ်သား ကာကွယ်ရေးဝန်ကြီးကို အထောက်အကူပေးမဲ့ စစ်တပ်က အရာရှိများပါတဲ့ ရုံးအဖွဲ့၊ အတွင်းရေးမှူး၊ ဒုဝန်ကြီး တစ်ဦးဦးက  ကျားကန်ပေးဖို့ လိုပါတယ်။ အချိန်တော်တော်ယူရမှာ ဖြစ်ပါတယ်”လို့ ဆွေးနွေးသွားပါတယ်။

၁၀၀။ “အရေးပါတဲ့ နောက်တပ်ပြုပြင် ပြောင်းလဲရေး တစ်ခုကတော့ လွှတ်တော်က တပ်ကို ထိန်းကျောင်းနိုင်တဲ့ အခန်းကဏ္ဍအား တိုးမြှင့်ပေးရမယ်လို့ ဆိုပါတယ်။ လွှတ်တော်တွေမှာ စစ်ဘက်နှင့် လုံခြုံရေး ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ရေး လုပ်ဆောင်မှုနှင့် စပ်လျဉ်းတဲ့ အစီရင်ခံစာ၊ အသုံးစရိတ်၊ ဘတ်ဂျက်၊ လှုပ်ရှား ဆောင်ရွက်မှုတွေအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်တပ် အရာရှိကြီးတွေက အဲဒီ ကော်မတီရုံးထဲမှာ လာရောက် ရှင်းလင်းခြင်း၊ ကြားနာပွဲ၊ ဖြေရှင်းခြင်းများ ပြုလုပ်ရပါတယ်။ ကော်မတီကလည်း စစ်ဆေးပိုင်ခွင့်၊ ဘတ်ဂျက်ကို တိုးမြှင့်မည်၊ ဖြတ်တောက်မည် စတာတွေ ပြုလုပ်နိုင်ပြီး လွှတ်တော်ကို ပြန်လည် တင်ပြရပါမယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ် ဘတ်ဂျက်ကိစ္စကို ဘယ်သူမှ မမေးရဲဘဲ ဖြစ်နေကာ၊  ပြည်သူလူထုအား တစုံတရာ အတိုင်းအတာအထိ ပွင့်လင်းမြင်သာမှု ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာဖို့  သိမ်မွေ့ ညင်သာပြီး အချိန်ယူရမယ်လို့ ဆွေးနွေးသွားပါတယ်။”

“ကာကွယ်ရေး ဝန်ကြီးက ဦးဆောင်နိုင်ဖို့၊ ကာကွယ်ရေး ဘတ်ဂျက်ကို သတ်မှတ်ပေးနိုင်ဖို့နဲ့ စစ်တပ်ကို  ကိုင်တွယ်နိုင်ဖို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် ပညာရှင်တွေကပါ ကြိုးစား လေ့လာရမယ်။ နို့မို့ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု မရှိဘဲ ပြဿနာတက်ကာ နှုတ်ထွက်ရတာမျိုး ရှိပါတယ်။ ရွေးကောက်ပွဲ ရှေ့ပိုင်းကာလတွေမှာတော့ လွှတ်တော်က ကာကွယ်ရေး ဘတ်ဂျက်ကို Review လုပ်တာမျိုးနှင့် Report လုပ်တာမျိုးလောက်ဘဲ ရမယ်။ နောက်တစ်ခုက တပ်ရဲ့ အသုံးစရိတ်ကို စာရင်းစစ်တာမျိုးဟာ တပ်တွေမှာ UA လို့ ခေါ်တဲ့ လက်ရှိ Audit အပြင် အရပ်ဖက် ကာကွယ်ရေး ဝန်ကြီးဌာနက ဝင်ရောက် စစ်ဆေးတာမျိုး၊ လွှတ်တော်က ကော်မတီဖွဲ့ပြီး စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။ ဒါမှ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရသွားမှာ ဖြစ်ပါတယ်။

၁၀၁။ နိုင်ငံတော် လုံခြုံရေး (ဝါ) ကာကွယ်ရေး မဟာဗျူဟာ၊ မူဝါဒ ချမှတ်ရာမှာ ဒီမိုကရေစီအနာဂါတ်တွင် ဦးတည်ရန်သူအား သတ်မှတ်လေ့ရှိရာ အရပ်ဘက်ပညာရှင်များက ဝင်ရောက် အကြံဥာဏ်ပေး သုံးသပ် ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ပေးသင့်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ စာတမ်း၊ သုတေသနပြုချက်များက တခါတရံ စစ်တပ်အတွက် အထောက်အကူ ပြုစေပါတယ်။ ဖြစ်နိုင်ရင် ကာကွယ်ရေးဆိုင်ရာ မူဝါဒ၊ ဖွဲ့စည်းပုံ၊ ဘတ်ဂျက်၊ ဝယ်ယူမှုတွေမှာ အဲဒီ အဖွဲ့အစည်းတွေက သူတို့ရဲ့ အတွေ့အကြုံအရ ဝေဖန် ထောက်ပြခွင့် ပေးရင် ပြုပြင်လိုက်ပါက ပိုမို ကောင်းမွန်သွားတာ ရှိပါတယ်။ ဒါတွေကလည်း အချိန်တော်တော်ယူရမယ်လို့ အသီးသီး အပြန်အလှန် ဆွေးနွေး ခဲ့ကြပါတယ်။ နောက်တစ်ခုက စစ်တပ်ဟာ ပြည်တွင်း ကိစ္စတွေထက် ပြည်ပကျူးကျော်မှု ၊နိုင်ငံခြားမှ ခြိမ်းခြောက်မှု အန္တရာယ်များမှ ကာကွယ်နိုင်ဖို့ လမ်းကြောင်းပေးသင့်ပါတယ်။ မြန်မာနိုင်ငံဟာ တချို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးနှင့် ပတ်သက်တာတွေ ရှိသလို၊တချို့ လက်နက်ကိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲဖြစ်နေတာတွေရှိလို့ တစုံတရာအတိုင်းအတာထိ ပြည်တွင်းကိစ္စတွင် စစ်တပ် အနေနဲ့ ပါဝင်ဦးမှာဖြစ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ငြိမ်းချမ်းရေးရအောင် တဖက်တလမ်းမှ ကူညီပေးသင့်ပါတယ်။ ရဲအဖွဲ့ကတော့ မူးယစ်ဆေးဝါး ကိစ္စမှာ တော်တော်နှင့် ဝင်ကိုင်လို့ မရဘဲ စစ်တပ်က ဦးဆောင်ရဦးမှာ ဖြစ်ပါတယ်။

၁၀၂။ “အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးနှင့် မြန်မာတပ်မတော်အရာရှိများတို့ ခြုံငုံ သုံးသပ် ဆွေးနွေးကြရာမှာ ယခု တင်ပြခဲ့တဲ့ နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နိုင်ရန် စဉ်းစားတွေးခေါ်မျှော်မြင်မှု များ၊ သုံးသပ်ဆွေးနွေးကြတဲ့ နည်းဗျူဟာ၊ မဟာဗျူဟာများဟာ ချက်ချင်း လက်ငင်း အကောင်အထည်ဖေါ်လို့  ရချင်မှရမယ်၊ အခြေအနေ အမျိုးမျိုး ရှိကြတယ်၊ အင်ဒိုနှင့် ဆက်စပ် နှိုင်းယှဉ်ကြရာမှာ အထူးသဖြင့်  မြန်မာနိုင်ငံနှင့် လူမျိုး၊ သဘာဝ၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ ဘာသာ၊ ဖွဲ့စည်း ဖြစ်ပေါ်လာမှု ကွဲလွဲချက်နှင့်  မတူညီမှု အခြေခံတွေ ရှိကောင်းရှိမယ်။ သို့သော် ဒီမိုကရေစီစနစ် ပြောင်းဖို့ နိုင်ငံရေး မဟာဗျူဟာ အစီအစဉ်  (Strategic Plan) ကို ချလာတဲ့ အခုလို အချိန်မှာ ဆွေးနွေးသွားခဲ့တဲ့ အချက်အလက်တွေဟာ အခြေခံ အုတ်မြစ်ကောင်းတွေ ဖြစ်ပြီး အနီးစပ်ဆုံး ဆက်စပ် တွေးတော ကြံဆနိုင်ဖို့ အခြေခံကောင်းများ ဖြစ်သလို  အထောက်အကူရဖို့ ယုံကြည် မျှော်လင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။”