ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - ဒိုးဒိုး ဒေါက်ဒေါက်

ကျော်မောင်(တိုင်းတာရေး) - ဒိုးဒိုး ဒေါက်ဒေါက်
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆
 
(၁)
ပြီးခဲ့တဲ့ တနင်္ဂနွေပိတ်ရက်တုန်းက သူငယ်ချင်းတယောက်ရဲ့အိမ်မှာ ပြုလုပ်တဲ့ ရည်စူးဆွမ်းကပ်အလှူကို မုန့်ဟင်းခါးစား သွားရင်း၊ တရားနာ သွားရင်း၊ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောဖြစ်ခဲ့ကြတယ်။ မျက်မှောက်ရေးရာတွေ၊ အင်ဂျင်နီ ယာ လောကအကြောင်းအရာတွေ၊ လုပ်ငန်းအတွေ့အကြုံတွေ ပြောကြဆိုကြ ဖလှယ်ကြရင်းနဲ့ နေ့လယ်စာကိုပါ အိမ်ရှင်ဇနီး မောင်နှံက ထပ်မံဧည့်ခံတဲ့အပြင်၊ သူငယ်ချင်းတွေ အလှူအိမ်မှပြန်တဲ့အခါ အိမ်တွေမှာ ကျန်ခဲ့တဲ့သူတွေ သုံးဆောင်နိုင်အောင်  စားစရာတွေတောင် ထည့်ပေးလိုက်ပါသေးတယ်။

အိမ်ရှင်မိတ်ဆွေက ကွန်ပျူတာနယ်ပယ်နဲ့ အင်ဂျင်နီယာနယ်ပယ်နှစ်ရပ်စလုံးကို လေ့လာခဲ့တဲ့သူ ဖြစ်တဲ့အတွက် အလှူလာ တဲ့ ဧည့်သည်တွေကလည်း ထိုပညာရပ်နှစ်ခုထဲက တခုမဟုတ်တခုကို လေ့လာခဲ့ကြတဲ့သူတွေ၊ တချို့တွေက နှစ်ခုစလုံးကို လေ့လာခဲ့ကြတဲ့သူတွေဖြစ်ပြီး အများအားဖြင့် ထိုထိုနောက်ခံပညာရပ်တွေနဲ့ပဲ ရေခြားမြေခြား တိုင်းတစ်ပါးမှာ အသက်မွေး ဝမ်းကျောင်း ပြုနေသူများဖြစ်ပါတယ်။ အဲဒီမှာ မိတ်ဟောင်းဆွေဟောင်းဖြစ်တဲ့ ၀ါရင့်အင်ဂျင်နီယာတယောက် ပြောတဲ့စကား ကို ပြန်အမှတ်ရခဲ့မိပါတယ်။

သူက “ကွန်ပျူတာနယ်ပယ်မှာ Hardware နဲ့ Software ဆိုတဲ့ စကားလုံးနှစ်လုံးကို အမာထည်နဲ့ အပျော့ထည်ဆိုပြီး ကနဦး က မြန်မာမှု ပြုခဲ့ကြတာ။ နောက်ပိုင်းကျတော့မှ ခေါ်ရ ဖတ်ရတာ အဆင်မပြေတာတွေ ရှိလာတာနဲ့ တိုက်ရိုက်မွေးစားတာပဲ ကောင်းပါတယ် ဖြစ်သွားပြီး တိုက်ရိုက်ပဲသုံးနှုန်းကြတာ” လို့ ပြောပြပါတယ်။

အဲဒါနဲ့ဆက်စပ်မိပြီး အဖြစ်အပျက်တခုကို သွားသတိရမိပါတယ်။ မြန်မာမှုပြုခဲ့တုန်းက အခေါ်အဝေါ်ကိုပဲ ပြန်လည် အသုံးပြု ခွင့်ပြုပါ။

အမာထည်အဓိကယူသူတွေနဲ့ အပျော့ထည်အဓိကယူသူတွေ  နောက်ဆုံးနှစ်တနှစ်မှာ ဘာသာရပ်တခုကို အတူတူသင်ယူ ရပါတယ်။ စာသင်ခန်းတခန်းတည်းမှာ မတူညီတဲ့ အဖွဲ့နှစ်ဖွဲ့ကို အတူတူထား သင်ယူစေတာဖြစ်ပါတယ်။ ဘုံဘာသာရပ်ဆိုပါစို့။

တရက်မှာ ဘုံဘာသာရပ်ထဲက အကြောင်းအရာတခုကို ဆရာက အာပေါင်အာရင်းသန်သန် ရှင်းပြပေးနေရင်း ကျောက်သင် ပုန်းကြီးပေါ် ပုံကြမ်းလေးတပုံဆွဲလိုက်တယ်။ ပြီးတဲ့အခါ အပျော့ထည်သမားတွေထဲက စာတော်တဲ့ ကျောင်းသူတယောက်ကို မေးလိုက်တယ်။ ဒါကို ဘာလို့ခေါ်သလဲတဲ့။ အမေးခံရတဲ့ကျောင်းသူက မတ်တပ် ချက်ချင်းထရပ်ပြီး အဲဒီပုံကို ဘယ်လို ခေါ်ကြောင်း  ဒိုးကနဲ ဒေါက်ကနဲ ဖြေလိုက်ပါတယ်။ အဖြေကို ကြားတဲ့အခါ အမာထည်သမားတွေရဲ့ ဦးခေါင်းတွေဆတ်ကနဲထောင်သွားကြတာကို သတိထားမိလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာက မေးတဲ့အခါမှာ ပုံဆွဲဆွဲပြီးချင်း မေး တယ်၊ ဖြေတဲ့သူကလည်း ပုံတန်းမြင်တာနဲ့ ဘာပုံလည်းဆိုတာ သွက်သွက်လက်လက် ထဖြေတယ်။ ပုံကလည်း အမာထည် သမားတွေနဲ့ အတော်လေးကို ရင်းနှီးတဲ့ပုံဖြစ်နေတယ်။ အမာထည်သမားတွေအတွက်က အဲဒီပုံရဲ့ အခေါ်အဝေါ်သာမက သူရဲ့ လုပ်ငန်းဆောင်တာကိုပါ အသေးစိတ်ကျကျ လေ့လာထားပြီးသားဖြစ်တဲ့အတွက် သူတို့အတွက်က အတော်ကို လွယ်တဲ့မေးခွန်းဖြစ်ပါတယ်။

အဲဒါကြောင့် ဒီလောက်လွယ်တဲ့မေးခွန်းကို ဘာကြောင့်မေးရသလည်းဆိုတာကို အတန်းချိန်ပြီးတဲ့အထိ မကျေလည်နိုင်သူ တွေက  အမာထည်သမားတွေပဲဖြစ်ပါတယ်။

(၂)
တခါမှာ နိုင်ငံတော်ရဲ့ ရာထူးကြီးကြီးကို ရယူထားတဲ့ ပုဂ္ဂိုလ်အကြီးကြီးတယောက်ဟာ စက်ရုံတရုံကို လှည့်လည်ကြည့်ရှု စစ်ဆေးဖို့ ကြွရောက်လာပါသတဲ့။ ရာထူးကြီးကြီးပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဌာနဆိုင်ရာ အကြီးအကဲတွေကလည်း တတပ် တအားနဲ့ လိုက်ပါလာတာပေါ့။
လှည့်ပတ်ကြည့်ကြရင်း စက်ရုံရဲ့ အဆောက်အဦတနေရာကိုရောက်တဲ့အခါ အနှီပုဂ္ဂိုလ်ကြီးက တနေရာကို လက်ညှိုးထိုးပြီး “ဟေ့ အဲဒီဟာ အမြင့်ဘယ်လောက်ရှိလည်း” လို့ အမှတ်မထင်မေးပါလေရော။ နောက်လိုက်နောက်ပါတွေကလည်း ဘယ် လိုဖြေရမှန်းမသိ၊ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး တယောက်မျက်နှာ တယောက်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီ မှာ ကယ်တင်ရှင်အင်ဂျင်နီယာတယောက်က အဲဒီအမြင့်ဟာ ရှစ်ပေနဲ့ နှစ်လက်မ ဖြစ်ပါတယ်ဆိုပြီး အတိအကျကို ပြောလိုက် ပါလေရော။

ပုဂ္ဂိုလ်ကြီးလည်း ဘာမှကို ထပ်မမေးတော့ဘဲ ဆက်လျှောက်သွားပါတော့တယ်။ ကျန်တဲ့သူတွေလည်း အဲဒီကျမှ သက်ပြင်း လေးတွေ သက်ပြင်းကြီးတွေ မသိမသာ ခိုးချကြရပါတယ်။ စက်ရုံကနေပြီး ထိုပုဂ္ဂိုလ်ကြီး ပြန်ကြွသွားတဲ့အခါမှာ ခုနက အင် ဂျင်နီယာကို ၀ိုင်းမေးကြပါတော့တယ်။

“ခင်ဗျားဗျာ အတော်တော်တဲ့လူ၊ အပေါ်ကိုတက်ပြီး တိုင်းထားသလား အောက်မေ့ရတယ်။ နေစမ်းပါဦး၊ ဒီလောက်အမြင့်ရှိ တယ်ဆိုတာ ခင်ဗျား ဘယ်လိုသိသလည်း ရှင်းပြပါဦး” ဆိုတဲ့အခါ

“ဘယ် .. ကျနော်လည်း အဲဒီလောက် တိတိကျကျ ဘယ်သိမလည်းဗျ၊ အတိုင်းအတာကို မှန်းပြီး ပြောလိုက်ရတာပေါ့။ ရှစ် ပေဆိုရင် နောက်ဆက်တွဲမေးခွန်းတွေက တက်လာဦးမှာ။ အဲဒါကြောင့် ရှစ်ပေ နှစ်လက်မဆိုပြီး ပြောလိုက်တာ။ မှန်းပြီးပြော တယ်ဆိုပေမယ့် ဒါမျိုးက တိကျတဲ့အဖြေပေးလိုက်မှ ရတာမျိုးလေဗျာ”

 ရှင်းပြတာကို ကြားတဲ့အခါမှာ ကြားရသူအပေါင်း ပြုံးစိပြုံးစိ ဖြစ်ကုန်ကြပါတော့တယ်။

(၃)
လုပ်ငန်းအတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာကြီးများကို တည်ဆောက်ဆဲ စီမံကိန်းကြီးတွေ ကြီးကြပ်ဖို့ စီမံကိန်းတွေရှိရာကို မကြာခဏ စေလွှတ်ပါတယ်။ စီမံကိန်းတခုကို သွားရောက်ကြီးကြပ်ခဲ့တဲ့ အင်ဂျင်နီယာအရာရှိကြီးတယောက်က သူတွေ့ကြုံ ရခဲ့ပုံကို အခုလို ပြန်ပြောင်းပြောပြပါတယ်။

“စီမံကိန်းက တဖက်နိုင်ငံက စက်ပစ္စည်းတွေ၊ အတတ်ပညာရှင်တွေနဲ့ ဒို့ဆီက အတတ်ပညာရှင်တွေ ပူးပေါင်းလုပ်တဲ့ စီမံ ကိန်းကွ။ အဲဒီတော့ စက်ပစ္စည်းတွေနဲ့အတူ သူတို့ဖက်က အင်ဂျင်နီယာတွေပါ ပါလာတယ်။ တရက်မှာ စက်အသစ်တလုံး အကြောင်းကို သူတို့ဆီက အင်ဂျင်နီယာဆိုတဲ့ပုဂ္ဂိုလ်က ရှင်းပြနေတာ တွေ့လိုက်ရလို့ အန်ကယ်လည်း စီမံကိန်းအင်ဂျင်နီယာလေးတွေကြားထဲ တိုးဝှေ့ပြီး မတ်တပ်ရပ်နားထောင်ဖြစ်တယ်။

အဲဒီအင်ဂျင်နီယာက ရှင်းပြတာ နည်းနည်း၊ ဒို့အင်ဂျင်နီယာတွေကို နှိမ်နှိမ်ပြီး ပြောတာက များများဆိုတော့ ကြာလာတဲ့အခါ နားကြားပြင်းကပ်လာပါရောကွာ။ သူရှင်းပြနေတဲ့စက်အကြောင်းကို သိဖို့မပြောနဲ့၊ မြင်တောင်မြင်ဖူးတဲ့သူ လုံးဝမရှိဘူးလို့ သူက ထင်နေတာ။ သူက စကားပြောတာမှာ ခပ်ကျယ်ကျယ်နဲ့ သူသိ သူတတ် ပုံစံပြောနေတာကွ။ ဒို့အင်ဂျင်နီယာတွေကို များကွာ ငတုံး ငအတွေများ ထင်နေလားမသိဘူး။ သူပြောနေတာတွေ သေသေချာချာနားထောင်ကြည့်တော့ အင်ဂျင်နီယာ ပညာအခြေခံလောက်ကို လာရှင်းပြနေတာ တွေ့ရတယ်။ အဲဒါနဲ့ အန်ကယ်လည်း ကိုယ့်ဒုက္ခကိုယ်ယူမှဖြစ်တော့မယ်ဆိုတဲ့ သဘောနဲ့ အဲဒီ ရှင်းပြနေတဲ့ပုဂ္ဂိုလ်ကို အင်္ဂလိပ်လိုပဲ ပြန်မေးလိုက်တယ်။

“မေးပါရစေဗျာ၊ ခင်ဗျား ဒီစက်ထက်ကောင်းတဲ့စက်မျိုး တွေ့ဖူးသလား” လို့ဆိုပြီး။ ရုတ်တရက် ကောက်ခါငင်ခါ အမေးခံရ တော့ သူလည်း ကြောင်သွားတယ်။ အဲဒီနောက် အန်ကယ်လည်း တခါတည်း ဆက်ပြောလိုက်တယ် “ကျနော်က ခင်ဗျားတို့ရဲ့ ဒီလိုစက်မျိုးမပြောနဲ့၊ ကောင်းပေ့ ခိုင်ပေ့ ကုန်ထုတ်လုပ်အား များပေ့ဆိုတဲ့ ဂျာမနီကထုတ်တဲ့စက်လိုမျိုးကို ခရေစေ့တွင်းကျ လေ့လာခဲ့တဲ့အင်ဂျင်နီယာပါ။ တွေ့ခဲ့တာကလည်း အဲဒီစက်တွေထုတ်တဲ့ ဂျာမနီမှာပါပဲ။ အခု ခင်ဗျားရဲ့စက်က ဟိုစက် နဲ့ယှဉ်ရင် ဒါတွေ ဒါတွေ မရှိဘူး၊ ဒါတွေ ဒါတွေအားနည်းတယ်။ နောက်ပြီး အခုနားထောင်နေတဲ့ အင်ဂျင်နီယာတွေက အခြေ ခံစနစ်တွေကို ကောင်းကောင်းသိတယ်၊ ခင်ဗျား ရှင်းပြ ပြောပြရမှာက ခင်ဗျားစက်ကို ဘယ်လိုသုံးရမလည်းဆိုတဲ့ အသုံးချ နည်းကိုပဲပြောရမှာ၊ အဲဒါဆို သူတို့အတွက် ပိုအသုံးဝင်မယ်” ဆိုပြီး ဒိုးဒိုးဒေါက်ဒေါက်ပြောလိုက်တဲ့အခါမှ အဲဒီသူကောင့် သားလည်း နှုတ်ပိတ်သွားတော့သကွ”

(၄)
အမေးရှိတဲ့အခါ အဖြေရှိရမှာပါပဲ။ ဘယ်လိုပဲဖြေဖြေ အဖြေက မှားနေစေဦးတော့ မြန်မြန်ဆန်ဆန် ဒိုးဒိုးဒေါက်ဒေါက်ဖြေတဲ့သူကို သဘောကျကြတာပါပဲ။ မှားလား၊ မှန်လား၊ ဖြီးချနေတာလား ဆိုတာကို မေးတဲ့သူကလည်း ဒိုးဒိုးဒေါက်ဒေါက် ဆုံးဖြတ် တတ်နိုင်စွမ်း ရှိရပါမယ်။ မှားနေရင် အမှန်ရောက်အောင် ချက်ချင်းပြင်ပေးနိုင်စွမ်းရှိရပါမယ်။ မှန်တဲ့သူကိုလည်း ချီးမွမ်းတတ်ရ ပါတယ်။ တခါတလေမှာ အဖြေကို သွက်သွက်လက်လက် ဖြေလိုက်နိုင်တဲ့ မေးခွန်းမျိုးဟာ တခြားသူတွေအတွက် အတော် လေးကို လွယ်ကူလွန်းတဲ့ မေးခွန်းမျိုး ဖြစ်နေနိုင်ပါတယ်။

အမေးမရှိပေမယ့် တခါတခါကျပြန်တော့ တလွဲတွေးမိ၊ တလွဲယူဆမိ၊ တလွဲလုပ်မိကြမှာစိုးတဲ့အတွက် တဖက်သားကို အသိ ပေးတဲ့သဘောအနေနဲ့ ချက်ကျလက်ကျ ရှင်းပြ၊ ပြောပြနိုင်တဲ့ အရည်အချင်းမျိုး ရှိဖို့လည်း အထူးလိုအပ်ပါတယ်။

အလယ်တန်းကျောင်းတက်ခဲ့တုန်းက ပထ၀ီဝင်ပြဆရာမကြီးကို အမှတ်ရမိပါတယ်။ ဆရာမကြီးက “ကဲ ထ စာဆို” ဆိုတာနဲ့ အချိန်မဆိုင်းဘဲ ဒိုးဒိုးဒေါက်ဒေါက် ထဆိုနိုင်က ဆို၊ မဆိုနိုင်ရင်တော့ အဲဒီကျောင်းသူ ကျောင်းသားရဲ့ ကျောပြင်ဟာ ဆရာမ ကြီးရဲ့ လက်ဖ၀ါးပြင်နဲ့ ဒိုးကနဲ ဒေါက်ကနဲ ဗြောတင်ခံရမှာပဲဖြစ်ပါတယ်။ စာမဆိုနိုင်လို့ ဗြောတင်ခံရသူများကို ပြုံးတုံ့ ပြုံးတုံ့နဲ့ အရသာခံကြည့်နေသူတွေလည်း သူတို့ မဒိုးနိုင် မဒေါက်နိုင်တဲ့အခါ ကျောပြင်ကို ဗြောတင်ခံကြရပါတော့တယ်။

စာဖတ်သူ မိတ်ဆွေအပေါင်း မှန်မှန်ကန်ကန် ဒိုးနိုင် ဒေါက်နိုင်ကြပါစေသောဝ်။

၂၁-၂-၂၀၁၆