ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၃


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၃)
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆
 
● KIA နှင့် CPB တို့၏ ပဋိပက
၁၉၆၇ နှစ်အတွင်း တရုတ်ပြည်အတွင်းသို့ဝင်ရောက်သွားသော မရန်ဘရန်ဆိုင်းအနေနှင့် တရုတ်တို့နှင့်တိုက်ရိုက်ဆက်ဆံ ဆွေးနွေးရန် ရည်ရွယ်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ စီစဉ်ပေးမှုကြောင့် တရုတ်ပြည်တွင်းသို့ ရောက်ရှိနေသော ဗမာပြည်ကွန်မြူနစ်ပါတီ CPB ဒုဥက္ကဌ သခင်ဗသိန်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ ထိုအချိန်က ဗကပတို့အနေနှင့် အရှေ့မြောက်ဒေသသို့ ဝင်ရောက်ရန်ပြင်ဆင်နေချိန်ဖြစ်ရာ KIA နှင့်ဆွေးနွေးပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့ရန် သဘော တူခဲ့ကြသည်။ ထိုသဘောတူညီချက်ရပြီးနောက်ဗကပတို့မှ KIA ကိုယ်စားလည်အဖွဲ့အား လက်နက်ငယ် ၈၀၀ ကျော်နှင့် ခဲယမ်းများ အကူအညီပေးခဲ့ကြသည်။

သို့သော် မရန်ဘရန်ဆိုင်းသဘောတူလာခဲ့သော ဗကပနှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့မှုအား လထော်ဇော်တူးနှင့် KIA ခေါင်း ဆောင်များက လက်မခံဘဲပယ်ချခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ၁၉၆၈ ခုနှစ် ဗကပ ဝင်ရောက်လာပြီးနောက် ရှမ်းမြောက်တွင် ဗကပနှင့် KIA တို့ကြား လက်နက်ကိုင်ပဋိပက္ခများ ၈ နှစ်ခန့် ဖြစ်ပွားလာခဲ့တော့သည်။

၁၉၆၈ ခုနှစ် တွင်စတင်ခဲ့သော ဗကပ ၃၀၃ စစ်ဒေသနယ်မြေဖြစ်သည့် မူစယ်အရှေ့မြောက်ဖက်နယ်များဖြစ်သည့် မုန်းကိုး၊ ဖေါင်းဆိုင်၊ မုန်းပေ၊ မုန်းယား၊ မုန်းဟောင်၊ မုန်းစီး၊ နမ့်ကျွမ်း ဒေသများသည်လည်းကောင်း၊ ၂၀၂ စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ခမ်းနှင့်မိုးမိတ်ကြားရှိ ရွှေလီချိုင့်ဝှမ်းဂွင်သည်လည်းကောင်း၊ KIA တို့စတင်အခြေစိုက်လှုပ်ရှားခဲ့သည့်ဒေသများဖြစ်ခဲ့ရာ ဗကပနှင့် KIA တို့နယ်မြေစိုးမိုးထိမ်းချုပ်ရန် အပြိုင်အားထုတ်ကြရင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားတော့သည်။

၁၉၆၈ နှစ် ဗကပများဝင်ရောက်လာသည်နှင့် KIA နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာ ၁၉၆၈ နိုဝင်ဘာလတွင် မုန်းယား၌ ဗကပတပ်မှူးလဖိုင်နော်ဆိုင်းနှင့် KIA တပ်မဟာ ၄ မှူး လထော်ဇော်ဒန် (လထော်ဇော်ဆိုင်း၏ညီ) တို့တွေ့ဆုံ ဆွေးနွေးပြီး အပစ်ရပ်ရန် သဘောတူခဲ့ကြသည်။

သို့သော် ၁၉၆၉ တွင် လက်နက်ကိုင်ပဋိပက္ခ များပြန်လည် ဖြစ်ပွားခဲ့ပြန်သည်။ ၁၉၇၁ နိုဝင်ဘာတွင် KIA အထူးကိုယ်စားလည် လမုန်တူးဂျိုင်နှင့် ဗကပတပ်မှူးကြီး လဖိုင်နော်ဆိုင်းတို့ မုန်းပေါ်တွင်ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးပြီး အပစ်ရပ်ရန်ပြန်လည်သဘောတူခဲ့ကြပြန်သည်။ သို့သော် ထိုအပစ်ရပ်သဘောတူညီချက်သည်လည်း သိပ်ကြာကြာမခံခဲ့ပေ။ ၁၉၇၂ နှစ် ဆန်းပိုင်းတွင် ပြန်လည်၍ လက်နက်ကိုင်ပဋိပက္ခပြန်လည်ဖြစ်ပွားခဲ့ပြန်ပါသည်။

ဤသို့ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရစစ်တပ် ဗကပနှင့် KIA တို့ စစ်မျက်နှာ ၂ ဖက်စီဖွင့်၍ သုံးဦး သုံးဖလှယ် တိုက်ခိုက် နေရတော့သည်။ ဤသို့ဗကပနှင့် KIA တို့ အပြင်းအထန်တိုက်ခိုက်လာချိန် ၁၉၇၂ နှစ်တွင် အစိုးရမှ KIA နှင့်အဆက်အသွယ် ပြု၍ ဗကပအားတိုက်ခိုက်ရန် KIA တပ်ဖွဲ့အား ကူညီမှုများပေးခဲ့သည်။ ၁၉၇၂ ဇွန်လမှစ၍ အစိုးရနှင့် KIA တို့ အဆက်အသွယ် ပြုကာ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်လာကြသည်။

သို့သော် ၁၉၇၂ အောက်တိုဘာ လကုန်ပိုင်းတွင် ထိုင်းနိုင်ငံနယ်စပ်မှ လက်နက်ခဲယမ်းမီး ကျောက်များသယ်လာသည့် KIA ရင်း ၈ တပ်ရင်းမှူး ဗိုလ်ကြီးမထုနော် (ယခု KDA ကောင်းခါး ပသစခေါင်းဆောင် ) ဦးစီး အင်အား ၃၀၀ လား မြင်း အကောင် ၂၅၀ ခန့်ပါသည့် စစ်ကြောင်းအား တန့်ယန်းမြို့နယ်အတွင်း အစိုးရစစ်တပ်မှ ခြေလျင်တပ်အပြင် လေကြောင်းပါအသုံးပြု၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ KIA စစ်ကြောင်းများစွာအထိနာခဲ့ရပြီး အစိုးရနှင့် KIA တို့၏ဆက်ဆံရေး ပြတ်တောက်သွားခဲ့တော့ သည်။

သို့သော်လည်း ဗကပနှင့် KIA တို့၏တိုက်ပွဲများလည်း ရပ်မသွားချေ။ ပို၍ပင်ပြင်းထန်လာသည်ဟု ဆိုရမည်။ ၁၉၇၅ မတ်လ တွင် KIA တပ်မဟာ ၄ မှူး လထော်ဇော်ဒန်သည် ရွှေလီချိုင့်ဝှမ်းဂွင် နန့်ဟိုင်းဒေသ၌ ဗကပနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

၁၉၇၆ KIO/KIA အတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ပြီးနောက် KIA နှင့် CPB တို့အပစ်ရပ်ရေး မဟာမိတ်တပ်ပေါင်း စုဖွဲ့ရေးတို့ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၁၉၇၆ မေလခန့်၌ မုန်းကိုးဒေသ ကောင်းဒပ်တွင် ပြုလုပ်သောဆွေးနွေးပွဲတွင် သဘောတူညီမှုရခဲ့သည်။ ဤအကြိမ်ဆွေးနွေးပွဲတွင် နှစ်ဖက်နယ်မြေစိုးမိုးမှုနှင့်ပတ်သက်၍ တိကျသော သတ်မှတ်ပိုင်းခြားမှု များပြုလုပ်ခဲ့သည်။ အလဲအလှယ်များလည်း ပြုလုပ်ခဲ့သည်။ ဥပမာ မိုးမိတ်အထက်ဖက် တုန်းကြီး လွယ်ရဒေသအား KIA က CPB အားပေးပြီး တာမိုးညဲအနီးရှိ မုန်းပေါ်လေးတဝိုက်အား CPB မှ KIA နယ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

KIA နှင့် CPB တို့၏လက်နက်ကိုင်ပဋိပက္ခမှာရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဓိကဖြစ်သည်။ ကချင်ပြည်နယ်တွင် ချီဗွေ ဆော့လော် ဆဒုံဘက်ခြမ်းတွင် ဆက်စပ်မှုရှိသော်လည်း ပြဿနာသိပ်မကြီးခဲ့ပေ။ အသစ်တက်လာသော KIO ဥက္ကဌ မရန် ဘရန်ဆိုင်းသည် ကွန်မြူနစ်ဝါဒကို မနှစ်သက်သော်လည်း KIA အတွက် လက်တွေ့ကျသောလမ်းကို ရွေးခဲ့သည်ဟုဆိုရမည်။ KIA နှင့် CPBသဘောတူညီချက်အရ CPB မှ KIA အားနိုင်ငံရေး စစ်ရေးသင်တန်းကျောင်းများဖွင့်လှစ်ပေးခြင်း အပြင် လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့ကူညီခြင်းလည်းပါသည်။ သို့ဖြစ်ရာ KIA ၏ လက်နက်ခဲယမ်းပြသနာဖြေရှင်းရန် လွယ်ကူသွားသည်ဟု ဆိုရမည်။

ဤအကြိမ် KIA နှင့် CPB တို့၏ သဘောတူညီချက်သည် ခိုင်မြဲသွားသည်။ ၁၉၇၆ မှ ၁၉၈၉ CPB ပြိုကွဲသည့်အချိန်ထိ KIA နှင့် CPB တို့ကြားတွင် လက်နက်ကိုင်ပဋိပက္ခမရှိတော့ဘဲ KIA နှင့်CPB တို့ပူးပေါင်း၍ အစိုးရစစ်တပ်အား တိုက်ခိုက်သည် သာ ရှိတော့သည်။

● KIO /KIC/ KIA
အများကတော့ အလွယ်တကူ KIA ဟုသုံးစွဲကြသော်လည်း ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွင် အဖွဲ့စည်း ၃ ခုခွဲ ၍ဖွဲ့ထားသည်။ KIO (Kachin Independence Organization) ကချင်လွတ်လပ်ရေးအဖွဲ့က နိုင်ငံရေးပါတီအဖြစ်လည်း ကောင်း၊ KIC (Kachin Independence Council) ကချင်လွတ်လပ်ရေးကောင်စီက အုပ်ချုပ်ရေးအဖွဲ့အဖြစ်လည်းကောင်း၊ KIA (Kachin Independence Army) ကချင်လွတ်လပ်ရေးတပ်မတော်က စစ်တပ်အဖြစ်လည်းကောင်း ခွဲခြားဖွဲ့စည်း ထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားစည်းရုံးခဲ့သော KIA အနေနှင့် သူတို့၏ နယ်မြေ စစ်တပ်လှုပ်ရှားမှုကို ၁၉၇၂ ခန့်တွင် အခြေခံအားဖြင့်ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုရမည်။ ကချင်ပြည်နယ် မြစ်ဆုံအထက်ဖက်အား မြောက်ပိုင်းတိုင်း အဖြစ်လည်းကောင်း၊ မြစ်ကြီးနားအောက်ဖက် ဧရာဝတီမြစ်အနောက်ခြမ်းအား အနောက်ပိုင်းတိုင်းဟူ၍လည်းကောင်း၊ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းအား အရှေ့ပိုင်းတိုင်းဟူ၍လည်းကောင်း၊  ရှမ်းပြည်မြောက်ပိုင်း ယခင် ကချင်ပြည်ခွဲ Substate သတ်မှတ်ခဲ့သည့်ဒေသအား တောင်ပိုင်းတိုင်းအဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။

မြောင်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၁၊ အနောက်ပိုင်းတိုင်းနယ်မြေတွင် တပ်မဟာ ၂၊ အရှေ့ပိုင်းတိုင်းနယ်မြေတွင် တပ် မဟာ ၃၊ တောင်ပိုင်တိုင်းနယ်မြေတွင် တပ်မဟာ ၄ ဟူ၍ တိုင်းတစ်ခုတွင် တပ်မဟာတစ်ခုဖွဲ့စည်းလိုက်သည်။

မြောက်ပိုင်းတိုင်းနယ်မြေတွင် အုပ်ချုပ်ရေးအရ ပူတာအိုခရိုင်အပါ ခရိုင် ၃ ခုဖွဲ့စည်းပြီး တပ်မဟာ ၁ အောက်တွင် ရင်း ၄/ ၇/ ၁၀ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။

အနောက်ပိုင်းတိုင်းနယ်မြေတွင် မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင်အပါ ခရိုင် ၃ ခုဖွဲ့စည်းပြီး တပ်မဟာ ၂ လက်အောက်တွင် တပ်ရင်း ၅/၆/၁၁ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။

အရှေ့ပိုင်းတိုင်းနယ်မြေတွင် ဗန်းမော်ခရိုင်နှင့်ဆဒုံးခရိုင်ဟူ၍ ခရိုင် ၂ ခုဖွဲ့စည်းသည်။ တပ်မဟာ၃ လက်အောက်တွင် ရင်း ၁/၃ ဟူ၍ တပ်ရင်း ၂ ရင်း ထားရှိသည်။

တောင်ပိုင်းတိုင်းနယ်မြေတွင် ကွတ်ခိုင်ခရိုင်၊ လားရှိုးခရိုင်၊ ကိုးတောင်ခရိုင်ဟူ၍ ခရိုင် ၃ ခုဖွဲ့စည်းသည်။ တပ်ဟာ ၄ အောက် တွင် ရင်း ၂/၈/၉ ဟူ၍ တပ်ရင်း ၃ ရင်းဖွဲ့စည်းသည်။

KIA တို့ ဖွဲ့စည်းထားပုံအရ တိုင်းတစ်ခုတွင် တပ်မဟာတစ်ခု ခရိုင်တစ်ခုတွင် တပ်ရင်းတစ်ရင်းမြို့နယ်တစ်ခုတွင် တပ်ခွဲ တစ်ခွဲဟူ၍ ထပ်မံဖြန့်ခွဲထားရှိသည်ကို တွေ့ရသည်။ ဥပမာဆိုရလျှင် KIA အရှေ့ပိုင်းတိုင်းနှင့် တပ်မဟာ ၃ ဌနတို့ တွဲ၍ရှိပြီး ဆဒုံးခရိုင်တွင် ရင်း ၃ ဗန်းမော်ခရိုင်တွင် ရင်း၁ တို့ ဖြန့်ခွဲပြီး မြို့နယ်အလိုက် တပ်ခွဲများထပ်မံဖြန့်ခွဲသည်။ ပုံမှန်အားဖြင့် ဒေသတွင် တပ်များဖြန့်ခွဲ၍ ပြောက်ကျားစစ်ဆင်လေ့ရှိသည်။ စစ်ဆင်ရေးအကြီးပြုလုပ်ရန်လိုအပ်မှ တပ်များကိုစုစည်းလေ့ ရှိသည်။

၁၉၇၂ ဖွဲ့စည်းမှုအရ KIO/KIA ၏ ဥက္ကဌ လထော်ဇော်ဆိုင်း၊ ဒုဥက္ကဌ လထော်ဇော်တူး၊ အတွင်းရေးမှူး ပုန်ရွှေဇော်ဆိုင်း၊ တွဲဘက်အတွင်းရေးမှူး လမုန်တူးဂျိုင်၊ ဗဟိုကော်မတီဝင်များအဖြစ် လားမားလရိန်၊ မရန်ဘရန်ဆိုင်း၊ လထော်ဇော်ဒန်၊ မရန် ဘရန်တောင်၊ ဇော်မိုင်၊ ဇော်ဖန် ဇော် ဘွန်၊ ဇော်အိမ်၊ ခွန်ချိုတို့ ဖြစ်ကြသည်။

မြောက်ပိုင်းတိုင်းတိုင်းမှူး ထွယ်ရှောင်၊ တပ်မဟာ ၁ မှူး တူးဂျိုင်၊ အနောက်ပိုင်းတိုင်းမှူး လားမားလရိန်၊ တပ်မဟာ ၂ မှူး ဇော်တူး၊ အရှေ့ပိုင်းတိုင်းမှူး ခွန်ချို၊ တပ်မဟာ ၃ မှူး ဇော်မိုင်၊ တောင်ပိုင်းတိုင်းမှူး ဇော်ဖန်၊ တပ်မဟာ ၄ မှူး ဇော်ဒန်တို့ တာဝန်ယူခဲ့ကြသည်ဟု ဆိုသည်။

၁၉၆၁ မှစတင်ဖွဲ့စည်းခဲ့သော KIO/KIA တို့အနေနှင့် ၁၀ နှစ်ခန့် ရုန်းကန်လှုပ်ရှားပြီးချိန်တွင် အခြေခံကျသည့်ဖွဲ့စည်းမှု တပ်ဖြန့်မှုကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်လက်ဖေါ်ပြပါမည်။

photo credit : Mungdunla Wawhkyung


အပိုင်း (၁)
အပိုင်း (၂)