ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - ငွေစက္ကူမဲ့ ငွေကြေးစနစ်



ကိုသန်းလွင် - ငွေစက္ကူမဲ့ ငွေကြေးစနစ်

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

(၁)

ကမ္ဘာပေါ်တွင် ငွေစက္ကူနှင့် အကြွေစေ့များ သုံးစွဲနေကြသည်မှာ နှစ်ပေါင်း ၃၀၀၀ တော့ အနည်းဆုံး ရှိပြီဟု ခန့်မှန်းကြပါသည်၊ လွန်ခဲ့သော နှစ်ပေါင်း ၂ရ၀၀ ခန့်က တာကီနိုင်ငံတွင်၎င်း၊ ၂၅၀၀ ခန့်က ဂရိနှင့် မရှေးမနှောင်း ရောမတွင်၎င်း၊ လူတို့သုံးစွဲခဲ့ကြသည့် ဒဂါင်္းပြားများ တွေ့ရှိကြရသည်ဟု ဆိုကြပါသည်၊ စက္ကူကို စဦးတီတွင်ခဲ့ကြသည့် တရုတ်ပြည်သို့ ခရီးသည် မာကိုပိုလို ရောက်ရှိသွားသည့် ၁၂ရ၁ ခုနှစ်တွင် ငွေစက္ကူများ၊ ဒင်္ဂါးပြားများ သုံးစွဲနေကြပြီဟု မှတ်တမ်းများတွေ့ကြရပါသည်။

ယခုအခါ ဆွီဒင် နိုင်ငံက ငွေစက္ကူ နှင့်အကြွေများ ကို သုံးစွဲသော ငွေကြေးလည်ပါတ်မူစနစ်ကို ၂၀ ရာစုနှင့် အတူ နောက်မှာ ထားခဲ့ပါပြီဟု ကြွေးကြော်နေကြသည်၊ ၂၁ ရာစုနှစ် ခေတ်သစ်တွင် ဆွီဒင်နိုင်ငံသူ နိုင်ငံသားတို့မှာ ငွေစက္ကူကို ကိုင်စရာမလိုတော့ပါ ဟုဆိုသည်၊ အီလက်ထရောနစ်နည်းဖြင့် စီမံထားသည့် ပလပ်စတစ်ကဒ်များကို အသုံးပြု၍ Cashless Society ကိုတည်ထောင်ကြမည်ဖြစ်၏။

(၂)

ဈေးဝယ်ရာတွင်၎င်း၊ မီးရထား၊ မော်တော်ကား စီးရာတွင်၎င်း၊ ရေဖိုးမီးဖိုး၊ ကျသင့်ငွေကို ပေးဆောင်ရာ တွင် ပလပ်စတစ် ကဒ်များကို အသုံးပြုနိုင်ကြသည်၊ ပလပ်စတစ်ကဒ်ဟုဆိုရာ၌ငွေစုဆောင်းကဒ် (cash card) စက်မှငွေထုတ်သည့် ကဒ် ( ATM Card ( Automated Teller Machines) သို့မဟုတ် ဘဏ်များမှ ထုတ်ပေး ထားသည့် ငွေချေးကဒ် ( Credit Card) များကို ဆိုလိုပါသည်၊ ထိုသို့ငွေပေးငွေယူ လုပ်ရာတွင် ငွေစက္ကူများ မပါဘဲ လုပ်ဆောင်နိုင်ခြင်းကို Cashless System ဟုလည်းခေါ်ကြပါသည်။

ငွေစက္ကူများကိုင်ဆောင်ရန် မလိုတော့သောကြောင့် ကျပျောက်ခြင်း၊ အလုအယက်ခံရခြင်း၊ နေရာ အထားမှားခြင်း၊ အခိုးခံရခြင်း၊အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရခြင်း စသည့် ပြဿနာများ မရှိနိုင်တော့ပေ။

ဆွီဒင်နိုင်ငံသည် မြူးဇစ် download လုပ်သော Spotify ဆော့ဖ၀ဲယား၊ မိုဗိုင်းဖုံးမှ ဂိမ်းဖြစ်သော Candy Crush စသည်တို့ကို တီထွင်ရာ နိုင်ငံဖြစ်သည်၊ ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုတွင် ရှေ့တန်းမှာရှိသည်၊ အကြီးဆုံးဘဏ်ကြီးများ ဖြစ်သော Swedbank, Nordea Bank ကြီးများမှ အစပြုပြီး အခြားဘဏ်ကြီး များမှာ ငွေသားထုတ်ခြင်း ငွေသားအပ်နှံခြင်းကို လက်မခံကြတော့ပေ၊ ပြတိုက်ကြီးများကပင် ငွေသားလှူခြင်းကို လက်သင့်မခံ၊ အလှူငွေများကို ငွေပေးကဒ် (သို့) ဟန်းဖုံးမှ App ဖြင့်သာ ပေးကြရတော့သည်။ ငွေစက္ကူများ မရှိ တော့သော ဘဏ်ကြီးများမှာ ဘဏ်ဓါးပြတိုက်ခံရမည့် အန္တရာယ် မရှိတော့ပေ၊ ထိုနည်းတူ သူခိုးများအတွက် ခိုးဝှက်ပြီးရလာသော ပစ္စည်းများကို ပြန်လည်ရောင်းချရန်မှာလည်း အခက်တွေ့ဘွယ်ရှိသည်။

ငွေစက္ကူနှင့် အကြွများမှာ ဆွီဒင် တနိုင်ငံလုံး စီးပွားရေး၏ ၂ ရာခိုင်နှုန်းသာ ရှိပါတော့သည်၊ တန်ဖိုး အားဖြင့် ဆွစ် ကရိုနာ ငွေသန်းထောင်ပေါင်း ၃.၆ သာရှိတော့သည်၊ ဤငွေကြေးကို ထားကြရခြင်းမှာ နိုင်ငံခြား နှင့် ကူးသန်းရောင်းဝယ်ရေး အတွက်ဖြစ်သည်၊ အမေရိကန်စီးပွားရေးစနစ်တွင် ငွေစက္ကူ တန်ဘိုး များ၏ ပါဝင်မှုမှာ ရ.ရ% သာရှိသည်၊ ယူရိုနိုင်ငံများတွင်မူ ၁၀ ရာခိုင်နှုန်းမျှရှိသည်၊ ၂၀၁၅ ခုနှစ်အတွက် ဆွီဒင် တနိုင်ငံ လုံး၏ ငွေစက္ကူ အသုံးပြုမှုမှာ ၂၀ ရာခိုင်နှုန်းသာ ရှိတော့သည်၊ အခြားတကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုသော် ငွေစက္ကူ အသုံးပြုမှုမှာ ၇၅ ရာခိုင်နှုန်းမျှ ရှိပါသည်။

ပလပ်စတစ်ကဒ် သုံးစွဲမှုမှာလည်း ဆွီဒင်နိုင်ငံမှာ စံတင်လောက်သည်၊ ၂၀၁၃ ခုနှစ်က ကဒ်ကို အသုံးချမှုပေါင်း သန်းထောင်ပေါင်း ၂.၄ ကြိမ်မျှရှိသည်၊ လွန်ခဲ့သော ၁၅နှစ်က အကြိမ်ပေါင်း ၂၁၃ သန်းသာ ရှိခဲ့ပါသည်၊ ယခုအခါ နေ့စဉ် ဈေးဝယ်မှုများတွင် မိုဘိုင်းဖုံး Application ကို သုံးစွဲသူများပြားလာနေပေရာ ကဒ်သုံးစွဲမှုမှာ လည်းလျော့ကျနေပေသည်။

ဆွီဒင်အစိုးရ အနေဖြင့်လည်းဤသို့ ငွေစက္ကူမဲ့ အရောင်းအ၀ယ်စနစ်ကို အဟန့်အတားပြုလိုဟန် မရှိပေ၊ အစိုးရသို့ အခွန်ပေးဆောင်ရာတွင် ဤစနစ်ကို သုံးရန်အားပေးသည်၊ ဤစနစ်က အီလက်ထရောနစ် နည်းဖြင့်မှတ်တမ်းမှတ်ရာ ကျန်ရှိခဲ့သဖြင့် အစိုးရသည် အလေအလွင့် မရှိဘဲ အခွန်ငွေကို စေ့စေ့စပ်စပ် ကောက်ယူနိုင်သည်၊

ဘဏ်များအနေဖြင့် ငွေပေးငွေယူပြုလုပ်တိုင်း အခကြေးငွေ ရနေခြင်းဖြစ်ရာ အရောင်းအ၀ယ် ကိစ္စ များပြားလေလေ ၀န်ဆောင်စားရိပ် ပိုပြီး ရရှိလေလေ ဖြစ်သည်၊ ငွေစက္ကူများ ဆိုပါက ၄င်းတို့အရွှေ့ အပြောင်း တွင်၎င်း၊ ထိမ်းသိမ်းရာတွင်၎င်း၊ ၀န်ထမ်းများ အတွက်အခ ကြေးငွေပေးရန် လိုအပ်ပေရာ ထိုစားရိပ်ကို လျော့ချ နိုင်ကြပေသည်။

တက္ကသိုလ် ကျောင်းသားများကမှု ငွေကို ကိုင်ရန်ထိမ်းသိမ်းရန်မလိုသော ဤစနစ်ကို သဘောကျ ကြသည်၊ အန္တရာယ်တခုရှိသည်မှာ ငွေစက္ကူ များကို မမြင်ရဘဲ ငွေကြေးသုံးစွဲနေကြခြင်း ကြောင့် အတိုင်း အဆမရှိ ဘဲ ငွေကို သုံးချင်သလို သုံးမိတတ်ကြသည်၊ ကရိုနာ ၅၀၀ တန်တရွတ် ကိုင်မိပြီ ဆိုလျင် အကုန်လုံး သုံးပြစ်ရန် ၀န်လေးကြသော်လည်း မိမိကွန်ပျူတာ မှတဆင့် Command ပေးရုံဖြင့် ဈေးဝယ်၍ ရနေကြသော ကြောင့် ငွေကိုအလွယ်တကူ သုံးမိတတ်ကြသည်။

ဆွီဒင်တွင် တစတစ ခေတ်စားလာနေသည်မှာမိမိသွားလေရာ သယ်ဆောင်သွားနိုင်သော မိုဗိုင်း ငွေလက်ခံစက် များဖြစ်သည်၊ လူတိုင်းက ငွေမကိုင်ကြသောအခါ အလှူငွေ ကောက်ခံရာတွင် ထိုစက်များမှာ လိုအပ်လာသည်၊ ယခင်က ကျွန်တော်မှာ အကြွေမရှိဘူးပာု အကြောင်းပြပြီး ငြင်းပယ် နိုင်ကြသော်လည်း ဤငွေလက်ခံစက်များ က ငွေပမာဏ မည်မျှကိုဖြစ်စေ လက်ခံ နိုင်သောကြောင့် ဤဆင်ခြေကို သုံး၍ ငြင်းပယ်ရန် မဖြစ်နိုင်တော့ပေ။


(၃)

ဆွီဒင်နိုင်ငံ၏ နောက်မှ လိုက်နေသည်မှာ စင်္ကာပူနိုင်ငံ ဖြစ်သည်၊ စင်္ကာပူနိုင်ငံတွင် အပြင်သို့ထွက်ပြီဆိုလျင် ငွေစက္ကူ ကိုင်စရာ မလိုတော့ပါ၊ ရထားစီးရန်၊ ကားစီးရန်၊ ဈေးဝယ်ရန်၊ ရေဖိုးမီးဖိုး စသည်ဖြင့် ငွေပေးဆောင်ရန် လိုအပ်သမျှကို ပလပ်စတစ် ငွေပေးကဒ်များကို သုံး၍ ရနိုင်ပါသည်၊ Giro ခေါ် ဘဏ်မှတဆင့် လိုအပ်သလို လစဉ် ပေးချေပေးသည့် စနစ်ကိုလည်း အသုံးပြုနိုင်သည်။ မိမိဘဏ်စာရင်းကို အင်တာနက်မှ ၀င်ရောက်ပြီး လိုအပ်သလို ငွေပေးနိုင်ကြသည်၊ တယ်လီဖုံးမှဘဏ်နှင့် ဆက်သွယ်ပြီး မိမိအကောင့်နှင့်ပါတ်သက်၍ အော်ပရေတာ မလိုဘဲ လိုအပ်သလို စီမံခန့်ခွဲနိုင် ကြသည်၊

မိမိ၏ တကိုယ်ရေ ပါတ်သက်သမျှ အကြောင်းအရာ များကို သက်ဆိုင်ရာဌာနများက ဒီဂျီတယ်နည်းဖြင့် နေရာအနှံ့ မှတ်တမ်းများ ရယူလျက်ရှိရာ Cash Less Society ဖြစ်ရန် အဆင့်များစွာ မလိုတော့ပေ၊ ဤမျှအဆင့်သို့ ရောက်လာ ရန်မှာလည်း အနည်းဆုံး အနှစ် ၂၀တော့ အချိန်ယူခဲ့ရပါသည်။ ၂၀၀၆ ခုနှစ်တွင် ကဒ်ပြားနှင့် ကဒ်ပြားဖတ်စက် များကို ဆက်သွယ်ရန် NFC Near Field Communication နှင့်ပါတ်သက်ပြီး လိုက်နာရန်အချက်များကို တာဝန်ရှိသူ များကGuide Line များ ချမှတ်ပေးခဲ့သည်၊ ကဒ်တခုတည်းကို သုံးပြီး ရထား၊ ကားစီးရန် ဈေးဝယ်နိုင်ရန် စီစဉ်ခဲ့ကြသည်၊၂၀၀၉ ခုနှစ်မှစပြီး ဈေးဆိုင်ငယ်များကအစ ငွေပေးကဒ် ကိုလက်ခံနိုင်စေရန် အစိုးရက တွန်းအားပေးခဲ့သည်၊ ၂၀၁၅ ဇွန်လကမူ ၅နှစ်အတွင်း A smart Financial Center တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၆၆ ဒေါ်လာ သန်းတန် ပရောဂျက်ကိုချပေးခဲ့သည်၊ FinTech & Innovation Group တခုကိုတည်ထောင်ပေးပြီး နည်းပညာနှင့် အသုံးချနည်း များနှင့်ပါတ်သက်ပြီး အကြံဥာဏ်ပေးစေခဲ့သည်၊

ဒိန်းမတ်နိုင်ငံကမူ e-paymnet ပရောဂျက်အဖြစ် ၂၀၁၆ ခုနှစ်အတွင်း ငွေစက္ကူသုံးစွဲရခြင်းမှလွတ်ကင်းအောင် ဆောင်ရွက်လျက်ရှိသည်၊

အိန္ဒိယနိုင်ငံတွင် ငွေစက္ကူများအပေါ်မှီခိုနေရမှုကို ပပျောက်စေလိုသော ပေါ်လစီများချမှတ်နေပါသည်၊ မိမိတို့၏ ငွေပေးငွေယူစနစ်ကို မိမိလည်ပါတ်ငွေ တ၀က်အထိ အီလက်ထရောနစ် နည်းများကို အသုံးပြုပါက ပေးအပ်ရန် အခွန်ငွေကိုသက်သာစေသည်၊ အစိုးရကိုပေးရန်ရှိငွေများကို အီလက်ထရောနစ် နည်းများဖြင့် ပေးသွင်းပါ က ၀န်ဆောင်မှုစားရိတ်ကို လျှော့ချပေးသည်၊

ဖိလိပိုင်အစိုးရတာဝန်ရှိသူများက အမေရိကန်အကူအညီနှင့် အီလက်ထရောနစ် ငွေပေးငွေယူ ပလက်ဖေါင်း (e-peso) တခုကို 2015 သြဂုတ်လက ဖွင့်လှစ်ခဲ့သည်၊အမေရိကန်ဒေါ်လာ ၂၅ သန်းတန် ပရောဂျက်မှာ အမေရိကန် ကုမ္ပဏီတခုကို တင်ဒါချပေးပြီး အနှစ်၂၀ အတွင်းတွင်း ဖိလိပိုင်နိုင်ငံကို Cash Lite နိုင်ငံဖြစ်စေရမည်ဟု ရည်ရွယ် ကြသည်၊

ဂျပန်နိုင်ငံမှာ စက်မှုသိပ္ပံပညာ ထွန်းကားသည့် နိုင်ငံဖြစ်သော်လည်း ငွေစက္ကူနှင့် အကြွေကို ခင်ခင်မင်မင် သုံးစွဲ နေကြတုန်းပင် ရှိပါသေးသည်၊ လခထုတ်လျင် စက်မှထုတ်လာသော ငွေစက္ကူများဖြင့် ၀န်ထမ်းများ၏ ဝေါလက် (wallet) များမှာဖေါင်းကား နေတက်သည၊် Credit Card ခေါ် အကြွေးဖြင့်ဝယ်ယူသည့် စနစ်ကို လူအများစုက မယုံ ကြည်ကြပေ၊ ထိုကဒ်များမှာလူကို အကြွေးထူအောင်လုပ်သော အရာတခုအဖြစ်သာ သဘောထားကြပါ သည်။

ရှေးရိုးရာကိုခင်တွယ်ကြသော ပုဂ္ဂိုလ်အများစုက ခရက်ဒစ်ကဒ်ကို Online မှာသုံးရန် စိုးရိမ်နေတတ်ကြသည်၊ နည်းပညာများ တိုးတက်လာသောအခါ မသမာမှုများမှာလည်း နည်းမျိုးစုံ တိုးပွားလာနေကြသည်၊ ဂျပန်နိုင်ငံ သား ၁၀ဦးတွင် ၉ ဦးမှာ Credit Card ကိုင်ဆောင်ကြပါသည်၊ တနိုင်ငံလုံးကဒ်အရေအတွက် ၃၂၀ သန်းမျှရှိရာ တဦးလျင် ပျမ်းမျှ ၃.၅ကဒ် ရှိသည်ပာု ဆိုနိုင်ပါသည်၊ တနိုင်ငံလုံးရောင်းဝယ် ပြုလုပ်ကြရာတွင် ရ၀.၄ ရာနှုံးမှာ အီလက်ထရောနစ်ကို အသုံးပြုကြသည်ပာု ဆိုနိုင်ပါသည်။

တရုတ်ပြည်ကြီးတွင်မူ ငွေပေးကဒ်ပေါင်း သန်း ၃.ရ ထောင်မျှ သုံးစွဲနေကြသည်၊ စားသုံးသူတို့က ကဒ်ကို အသုံးပြု၍ သုံးစွဲနေမှုမှာ ၆၀% မျှရှိပါသည်၊ အင်တာနက်မှ ဈေးဝယ်ရာတွင်မူ တရုတ်ပြည်တွင် အများဆုံး ဖြစ်သည်၊ အင်တာနက်သုံးစွဲသူပေါင်း သန်း ၅၃၁ မျှရှိသည်ပာု ခန့်မှန်းရာတွင် ၄င်းတို့၏ သုံးပုံ နှစ်ပုံမှာ အင်တာနက်ဖြင့် ဈေးဝယ်နေကြသည်၊ Boston Consulting Group က ခန့်မှန်းရာတွင် ၂၀၁၅ ခုနှစ်အတွင်း အင်တာနက်မှ ၀ယ်ယူမှု ပမာဏမှာ ကမ္ဘာတွင် အများဆုံး ယွမ်ငွေ ၂ ထွီလီယမ်မျှရှိရာ အမေရိကန်နိုင်ငံ ထက်ပင်သာလွန်နေပေသည်။

(၄)

အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်းငွေစက္ကူမဲ့ စနစ်၏ အားသာချက်များကို အလွယ်တကူ မြင်နိုင်ကြပါသည်၊ ကျွန်တော်တို့ နိုင်ငံတွင် ငွေကြေးကိုင်ဆောင်ရန် မလိုဘဲ ရောင်းဝယ် ဖောက်ကားနိုင်ရန် ကိစ္စမှာ အလှမ်းဝေး နေပါ သေးသည်၊ လိုအပ်သမျှ Infra structure ပရောဂျက်များ ပြီးမြောက်ရန်ပင် နှစ်ပေါင်းများစွာ အချိန်ယူရ ပါလိမ့်မည်၊ သို့ပါသော်လည်း ပန်းတိုင်ကိုလည်း မြင်နေပါပြီ၊ ထိုပန်းတိုင်သို့သွားရန် လုပ်ရမည့် အလုပ်အားလုံး မှာလည်း ကျွန်တော်တို့ အတုယူရမည့် အတွေ့အကြုံရှိပြီးသား နိုင်ငံ ပေါင်းများစွာ ရှေ့မှာ ရှိနေပါပြီ။

ထိုပန်းတိုင်သို့ ရောက်နိုင်ရန် လုပ်ဆောင်လိုသည့်စိတ် Political Will ရှိရန်သာ လိုသည်ဟု ကျွန်တော် ယူဆပါသည်။

ကိုသန်းလွင်