ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၄)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၄)
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆

● KIA ၏ အားသာချက်နှင့် အားနည်းချက်
ဤကဲ့သို့ KIA အနေနှင့်အင်အားစုဆောင်း၍ ကြီးထွားလာခြင်းနှင့်ပတ်သက်၍ KIA တို့အနေနှင့် တပ်သားသစ်များ အတင်း အကြပ်ဖမ်းဆီး၍KIA တပ်ထဲဝင်ခိုင်းသည်ဟူသည့် စွပ်စွဲချက်များရှိသည်။ အမှန်လည်း မဝင်မနေရ စစ်မှုထမ်းစနစ်ကို KIA တို့ကျင့်သုံးခဲ့ကြသည်။ အစောပိုင်းကာလတွင် ကချင်ပညာတတ်များ ဖမ်းဆီးခေါ်ဆောင်၍ KIA တွင် အမှုထမ်းခိုင်းသည် လည်းရှိသည်။ အံ့သြစရာကောင်းသည်ကတော့ ထိုသူအများစုသည် ထွက်ပြေးခြင်းမပြုဘဲ KIA တွင် တာဝန်ထမ်းဆောင် သွားသည်ကို တွေ့ရသည်။ မည်သို့ဆိုစေ KIA အတွက်တော့ အငြင်းပွားစရာအချက်ဖြစ်ခဲ့သည်။

ဤသို့ KIA တွင်းသို့ ကချင်လူငယ်အများအ ပြားဝင်ရောက်လာသည့်အတွက် KIA အတွက် အလိုအလျောက်ရလာသည့် အားသာချက်မှာ ကချင်လူထုက KIA အား မိမိဆွေမျိုးသားချင်းများ၏တပ်အဖြစ် အကာအကွယ်ပေးလာခြင်းဖြစ်ပေသည်။ KIA တပ်အတွင်းသို့ရောက်ရှိနေသည့် KIA စသ်သည်များမှာ သူတို့၏ သားသမီးများညီနောင်များ သားချင်းများ ဖြစ်နေကြ သည်မဟုတ်ပါလော။

CPB နှင့် KIA ပူးတွဲလှုပ်ရှားစဉ်ကာလက နမ့်ခမ်း မူစယ် နန့်ဖတ်ကာကြား ဂွင်ထဲရှိ တောင်ပေါ်ကချင်ရွာတစ်ရွာသို့ အင်အား ၇၀ ခန့်ရှိ ဗကပတပ်ခွဲ ၁ ခွဲ ဝင်ရောက်လာခဲ့သည်။ ရွာအတွင်း တပ်ဖြန့်နေရာယူပြီးနောက် ရွာစောင့်ကိုခေါ်ရသည်။ ၎င်း နယ်မြေသည် KIA စိုးမိုးဒေသဖြစ်၍ KIA နယ်မြေတာဝန်ခံကို ဆက်သွယ်ပေးရန် အကြောင်းကြားရသည်။ ရိက္ခာကိစ္စ လမ်း ကြောင်းကိစ္စများကို အကြောင်းကြားရမည်။ အစိုးရတပ် လှုပ်ရှားမှုသတင်းများကို ညှိနှိုင်းရမည်ဖြစ်သည်။ KIA စခန်းတွေက တောပုန်းစခန်းတွေမို့ ရွာနှင့်အတော်လှမ်းပုံရသည်။ တော်တော်နှင့်ပေါ်မလာ။ အိမ်ခြေ သုံးဆယ်ခန့်ရှိသော ရွာကလေးသည် တိတ်ဆိတ်နေသည်။ ရွာအတွင်းတွင် လူသူလှုပ် ရှားမှုမတွေ့ရ။ နေ့လည်ခင်းမို့ တောင်ယာအတွင်း အလုပ်ဆင်းနေပုံရသည်ဟု ယူဆရသည်။

အတန်ကြာမှ KIA နယ်ခံဒိုင်နယ်မှူးနှင့်တပ်စိတ်တစ်စိတ်ဝင်လာသည်။ ထိုသို့ KUA တပ်စိတ် ရွာထဲဝင်လာမှ တရွာလုံးလှုပ်လပ်ခတ်ခတ်ဖြစ်သည်ကို တွေ့ရသည်။အိမ်တိုင်းလိုလိုမှ ကချင်လုံမပျိုလေးများ ထွက်လာကြသည်။ ရေထည့်ထားသော ဝါးကျည်တောက် များဖြင့် KIA စစ်သည်များအား ရေထွက်တိုက်ကြသည်။ ထိုအခါ တရွာလုံးတိတ်ဆိတ်နေ၍ ပျင်းရိငြီး ငွေ့နေသော CPB ရဲဘော်များပြူးပြူးပြာပြာထ၍ ကချင်လုံမငယ်များကို ထ၍ ငေးမောကြရသည်။ သူတို့ဝင်လာစဉ် တဦး တလေမှ အရိပ်အယောင်တောင်မမြင်ရပေမဲ့ ယခု KIA စစ်သည်များ ဝင်လာမှ အခြေအနေကပြောင်းသွားသည်။ သူမတို့ အတွက် KIA စစ်သည်များသည် သူမတို့၏ သွေးချင်းများဖြစ်နေသည်မဟုတ်ပါလော။

ဤသည်မှာ နယ်မြေအပြားတွင် KIA စစ်သည်များ တပ်ဖြန့်နေနိုင်သည့် အားသာချက်ဖြစ်သည်။ KIA အနေနှင့် တပ်မဟာ တပ်ရင်းများဖွဲ့စည်းထားသည်ဆိုသော်လည်း ပုံမှန်အားဖြင့် အများဆုံးအချိန်များတွင် တပ်စိတ်အထိ တပ်ဖြန့်ခွဲထားလေ့ရှိ သည်။ ဤသို့တပ်ဖြန့်ခွဲထားခြင်း၏အားသာချက်မှာ ကျယ်ပြန့်သောမြေအားစိုးမိုးနိုင်ခြင်း၊ အစိုးရစစ်တပ်၏သတင်းအား အ လွယ်တကူရနိုင်ခြင်း၊ လူနည်း၍ ရိက္ခာပြဿနာကို အလွယ်တကူဖြေရှင်းနိုင်ခြင်း လူအင်အားအနည်းငယ်ဖြင့် ပြောက်ကျား တိုက်ခိုက်ခြင်းပစ်ပြေးခြင်းကို ပေါ့ပါးသွက်လက်စွာလုပ်နိုင်ခြင်းတို့ဖြစ်သည်။ ဤအချက်သည် ခဲယမ်းမီးကျောက်နည်းပါးသည့် ပြဿနာကိုလည်း ဖြေရှင်းပြီးဖြစ်သည်။ စစ်သည်တစ်ယောက်ကို ကျည်ဆယ်တောင့်လောက်သုံးပြီး နှောက်ယှက်ပစ်ခတ်ခြင်း အမှည့်ချွေခြင်းမျိုးပြုလုပ်နိုင်ပေသည်။

KIA တို့အနေနှင့် တိုက်ပွဲတခုဖေါ်မှ စစ်ဆင်ရေးတစ်ခုလုပ်မှသာ အင်အားစုစည်းလေ့ရှိသည်။ KIA တို့၏အစောပိုင်းကာလ များသည် ခဲယမ်းမီး ကျောက်ချွေတာရသည်ဖြစ်ရာ တပ်စုစည်း၍ တိုက်ပွဲကြီးများတိုက်သည်ထက် ဖြန့်ခွဲ၍ ပြောက်ကျားစနစ် လှုပ်ရှားသည်က ပိုများသည်ဟုဆိုရမည်။ တောတောင်ထူထပ်သည့် နေရာများတွင်တိုက်ပွဲကြီးတခု ဆင်နွှဲလိုသည့် သူပုန် လက်နက်ကိုင်တပ်ဖွဲ့များအဖို့ ခဲယမ်းမီးကျောက်စုဆောင်းရန်သာမက စုစည်းသည့်အင်အားပေါ်မူတည်၍ ရိက္ခာစုဆောင်း ရန်လည်း လိုအပ်ပေသည်။ တခါတရံ ရိက္ခာပေါ်မူတည်၍ အင်အားကိုစုစည်းရသည်များလည်းရှိပေသည်။

သို့ဖြစ်ရာ KIA ၏အစောပိုင်းကာလများသည် တပ်အင်အားစုစည်းတိုက်ခိုက်ခြင်းအတွက် အကန့်အသတ်ရှိနေရာ တိုက်ပွဲ ကြီး တိုက်နိုင်ခြင်း၊ ထိုမှတဆင့်နယ်မြေဒေသများကို လွတ်မြောက်ဒေသအဖြစ် ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်ရာတွင် အား နည်းချက်ရှိသည်ဟု ဆိုရမည်။ KIA လှုပ်ရှားစိုးမိုးရာဒေသအများစုသည် အစိုးရတပ်ရော KIA ပါရောထွေးယှက်တင် လှုပ်ရှားသည့် ပြောက်ကျားဒေသကပိုများသည်ဟု ဆိုရပေမည်။ ဤသို့ အားနည်းချက် အားသာချက်များကြားတွင် KIA တို့ ရုန်းကန် ဖြတ်သန်းလာရသည်ဟုဆိုရမည်။

KIA အနေနှင့် တပ်အင်အားစုပြီး တိုက်ပွဲကြီးများတိုက်ကာ အခြေခံဒေသများမတည်ဆောက်နိုင်ခဲ့သော်လည်း နယ်မြေအခြေ အနေ တောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးညံ့ဖျင်းသည့်အပေါ်အခြေခံ၍ သူတို၏အခြေခံဒေသများတည်ဆောက်နိုင်ခဲ့သည်ဟုဆိုရမည်။ သူတို့တည် ဆောက်ပုံမှာ တောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်နေရာများတွင် ရွာပုန်းများ တည်ဆောက်စည်းရုံးထားခြင်းဖြစ်သည်။ အစိုးရတပ်များကလည်း တောင်ပေါ်ရှိ ကချင်ရွာများအား သူတို့ လက်လှမ်းမှီသည့် နေရာများတွင် စုစည်းရွာများအဖြစ်စုစည်းကာ KIA နှင့် အဆက်၏ဖြတ်ရန် ကြိုးစာလာသည့်အချိန်တွင် KIA ကလည်း အစိုးရစစ်တပ်များ လက်လှမ်းမမှီသည့်တောင်တန်းများပေါ်တွင် သူတို့၏ အခြေခံရွာများကိုတည်ဆောက် ခဲ့သည်။

KIA ၏ ဤသို့ဆောင်ရွက်ခြင်းသည် မြစ်ဆုံအပေါ်ပိုင်း မေခ မလိခ မြစ်ရိုးတလျောက် ဆွမ်ပရာဘွမ်ဒေသများတွင် ထိရောက် သည်ဟု ဆိုနိုင်ပါသည်။ ၎င်းဒေသများသည် အစိုးရတပ်များလှုပ်ရှားသွားလာရန်ခက်ခဲသည့်အားလျော်စွာ KIA တို့၏ အစိုးရ စစ်တပ်လက်လှမ်းမမှီသည့် ရွာပုန်းများတည်ဆောက်ခြင်းသည် အလုပ်ဖြစ်ခဲ့သည်ဟုဆိုရပေမည်။

သို့သော် KIA တို့ အခက်ကြုံရသည့် ကာလတခုရှိခဲ့သည်။ ၎င်းကာလမှာ အစိုးရစစ်တပ်၏ ထိုးစစ်ကြောင့်မဟုတ်ဘဲ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်သည်။ ၁၉၇၇ သို့မဟုတ် ၁၉၇၈ ကာလလောက်ကဖြစ်သည်။ မြစ်ဆုံအထက် မြစ်ဖျားဒေသတွင် ကြွက်ဘေးကျသည်။ ကြွက်ဘေးကျသည်ဆိုသည်မှာ နှစ်ပေါင်းများစွာအတွင်း တခါတရံမှမှ ကျတတ်သောကပ်ဘေးဖြစ် သည်။

ဒေသခံများ၏အဆိုအရ ဝါးများအသီးသီးကာ ဝါးတောများသုန်းသည့်နှစ်တွင် ပေါ်တတ်သည်ဟု ဆိုသည်။ နှစ်ပေါင်း ၄၀ မှ ၆၀ အတွင်း တကြိမ်ကျတတ်သည်ဟုဆိုသည်။ ထိုအချိန်တွင် အစာရေစာငတ်ပြတ်နေသော အရေအတွက်ဖေါ်ပြခြင်းငှာ မစွမ်းနိုင်သော ကြွက်အုပ်ကြီးသည် လှိုင်းလုံးကြီးလိုပေါ်ထွက်လာပြီး စားသောက်၍ရသော တောတောင်တွင်းအလေ့ကျပေါက် သောအပင်များဖြစ်စေ၊ လူတို့စိုက်ထားသောအပင်များဖြစ်စေ အားလုံးစားသောက်ကြပေတော့သည်။ လှိုင်းလုံးလို အ မြောက်အများ တရစပ်ဝင်လာသော ကြွက်အုပ်ကြီး ကိုက်ဖြတ်စားသောက်သွားပြီးနောက် လူတို့ စားစရာ အသီးအနှံ ဘာမျှ မကျန်သည်အထိ ဖြစ်ခဲ့ရသည်ဟုဆိုပါသည်။

ထိုကာလက အဆိုပါကြွက်ဘေးသည် KIA အခြေစိုက်ရာ မြစ်ဆုံအထက် မြစ်ဖျားဒေသတွင်လည်းကောင်း၊ ဗကပတို့ အခြေစိုက်ရာ ဝ နယ်မြောက်ပိုင်းတွင်လည်းကောင်း မရှေးမနှောင်းဖြစ်ခဲ့သည်။ ဗကပတို့အဖို့ တရုတ်တို့၏ အကူအညီရသဖြင့် အဖတ်ဆယ်နိုင်ခဲ့သော်လည်း KIA တို့အဖို့ ဒေသခံရွာပုန်းများမှ လူထု၏ အငတ်ဘေးကို ဖြေရှင်းရန် ခက်ခဲပေရာ ထိုဒေသ ရွာပုန်းများရှိ လူထုအား မြစ်ကြီးနားဘက်ဆီသို့ ဆင်းခွင့်ပေးခဲ့ရသည်ဟု ဆိုပါသည်။သို့သော် အချို့ရွာများကိုတော့ ယခုတိုင် ထိန်းသိမ်းထားနိုင်ပုံရသေးသည်ဟုဆိုပါသည်။

● KIA ခေါင်းဆောင်ပိုင်းအပြောင်းအလဲ
၁၉၇၅ သြဂုတ်လတွင် KIA ဥက္ကဌ လထော်ဇော်ဆိုင်း ဒုဥက္ကဌ လထော်ဇော်တူးနှင့် အတွင်းရေးမှူး ပုန်ရွှေဇော်ဆိုင်းတို့သည် ထိုင်းနိုင်ငံနယ်စပ် ထန်ငေါ့တွင်ရှိနေစဉ် လက်အောက်အရာရှိတစ်ဦးဖြစ်သူ မရန်ဆိုင်းတူနှင့်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရသည်။ လထော်ဇော်ဆိုင်း၏ ညီအငယ်ဖြစ်သည့် KIA တပ်မဟာ ၄ မှူး လထော်ဇော်ဒန်မှာလည်း CPB နှင့်တိုက် ပွဲတွင် ကျဆုံးခဲ့ပေရာ လထော်ဇော်ဆိုင်းတို့ညီအကိုများ ကံဆိုးမိုးမှောင်ကျခဲ့သောနှစ်ဟုဆိုရပေမည်။

ဤသို့ဖြင့် ၁၉၇၆ နှစ်ဆန်းတွင် မရန်ဘရန်ဆိုင်း ဥက္ကဌအဖြစ်ဆောင်ရွက်သည့် KIO/KIC/KIA ခေါင်းဆောင်ပိုင်းကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ပြန်လည်ဖွဲ့စည်းသော ခေါင်းဆောင်ပိုင်းတွင် မရန်ဘရန်ဆိုင်းနှင့်အတူ လယော်ဇောင်းဟရာ လမုန်တူးဂျိုင် နှင့် ဇော်မိုင်တို့ပါဝင်ကြသည်။ လယော်ဇောင်းဟရာက KIO အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး လမုန်တူးဂျိုင်နှင့် ဗိုလ်ဇော်မိုင်တို့က တပ်ကိုတာဝန်ယူခဲ့သည်။

မရန်ဘရန်ဆိုင်း ဥက္ကဌဖြစ်လာပြီးနောက် ပထမဦးဆုံးဖြေရှင်းသည့်ပြဿနာမှာ CPB ခေါ် ဗကပနှင့်ပြဿနာဖြစ်သည်။ ပထ မအချက်က CPB နှင့် အပစ်ခတ်ရပ်ရေးဖြစ်ပြီး ဒုတိယအချက်က CPB နှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့ရေးဖြစ်သည်။ တတိယ အချက်ကတော့ CPB မှ လက်နက်ခဲယမ်းအကူအညီ ရရှိရေးဖြစ်သည်။ ဤအချက်များကို အလေးထား ကိုင်တွယ်ခဲ့သည့် အတွက် KIA အနေနှင့်စစ်မျက်နှာ ၂ ဖက်ဖွင့်တိုက်နေရာမှ စစ်မျက်နှာတဖက်ထဲ ဖြစ်သွားသည်။ ထိုစဉ် အရှေ့မြောက်တွင် အင်အားအကောင်းဆုံးဖြစ်နေသည့် CPB နှင့်လက်တွဲလိုက်၍ ကျောထောက်နောက်ခံတခုရသွားသည်။ ထို့ပြင် CPB ထံမှ လက်နက်ခဲယမ်းရုပ်ဝတ္ထုအကူအညီရခဲ့သည်။

တစ်ချက်ခုတ်သုံးချက်ပြတ်ဖြစ်သည်။ KIA တည်ထောင်လာခဲ့သူ ထိပ်ပိုင်းခေါင်းဆောင်များကျဆုံးချိန်တွင် ဖြစ်ပေါ်လာနိုင် သည့် အကြပ်အတည်းများကိုကျော်လွှားခဲ့သည်ဟုဆိုနိုင်သည်။ ခရစ်ယန်ဘာသာဝင်ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသည့် မရန်ဘရန်ဆိုင်းသည် ကွန်မြူနစ် ဝါဒအားသက်ဝင် ယုံကြည်ရန်မဖြစ်နိုင်ပေ။ သို့သော် သူဦးဆောင်ရ မည့်အဖွဲ့အစည်းအတွက် အသက်ရှူချောင်မည့် သင့်တော်သည့်လမ်းကို ဆုံးဖြတ်ရွေးချယ်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

ဤသို့ဖြင့် KIA စတင်တည်ထောင်သောခေါင်းဆောင်များ ကျဆုံးသွားသော်လည်း ဥက္ကဌဘရန်ဆိုင်း၏ ခေါင်းဆောင်မှု အောက်တွင် KIA သည် တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်ရပ်တည်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်။

photo.credit Mungdanla Wawhkyung

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)