မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၆)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၆)
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
 
နောက်ဆက်တွဲ ၂
KIA နှင့် ပလောင် ရခိုင် ရှမ်းလက်နက်ကိုင်အဖွဲ့များ

KIA  နှင့်အဆင်ပြေဆုံးအဖွဲ့မှာ ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ယခင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော PSLO/PSLA ရှိစဉ်ကာလကလည်း KIA နှင့် ရင်းနှီးသောမဟာမိတ်များဖြစ်သည်။ ထိုစဉ်ကထဲက KIA သည် PSLA အား စစ်ရေးအကူအညီပေးခြင်း လက်နက်အကူအညီပေးခြင်း ပူးတွဲစစ်ရေးလှုပ်ရှားမှုများပြုလုပ်များပြုလုပ်ခဲ့သည်။

၂၀၀၅ နောက်ပိုင်း PSLO/PSLA လက်နက်အပ်ပြီးသောအခါ ကျန်သောပလောင်အင်အားစုများကပလောင်လက်နက်ကိုင်အင်အားစုအဖြစ် PSLF/TNLA ကိုထူထောင်ရန်ကြိုးပမ်းကြသည့်အခါ ၂၀၁၁ မှစ၍ KIA မှ စစ်သင်တန်းပေးခြင်း၊ လက်နက်အကူအညီပေးခြင်းများပြုလုပ်ခဲ့ပြီး TNLA ထူထောင်ရန် အကူအညီပေးခဲ့သည်။ KIA အတွက် ယခင်ကထဲက ယခုအချိန်ထိ အခိုင်မာဆုံးသော မဟာမိတ်မှာ ပလောင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

အလားတူပင် KIA သည် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အားလည်း ၂၀၀၉ မှစ၍ လိုင်ဇာတွင်အခြေပြု၍ စစ်သင်ပေးခြင်း တပ်ဖွဲ့စည်းခြင်းများ အားအကူအညီပေးခဲ့သည်။ ထို့ကြောင့် KIA နှင့် AA သည်လည်း ဆက်ဆံရေးခိုင်မာသည်ဟုဆိုနိုင် သည်။

KIA ၁၉၈၈ နောက်ပိုင်း ABSDF မြောက်ပိုင်းကျောင်းသားအဖွဲ့ကို ၎င်းတို့နယ်မြေအတွင်း ရပ်တည်ဖွဲ့စည်းခွင့်ပေးပြီး အကူ အညီပေးခဲ့သည်။ ၂၀၁၁ လိုင်ဇာထိုးစစ်ကာလက ABSDF မြောက်ပိုင်းမှတပ်ဖွဲ့ဝင်အချို့ KIA ဘက်မှ ပါဝင်တိုက်ခိုက် သည်ကို တွေ့ရသည်။ သို့သော် ယခုအချိန်တွင် ABSDF မြောက်ပိုင်း၏ နောက်ဆက်တွဲသတင်းမကြားရတော့ပါ။

SSPP/SSA ကတော့ KIA နှင့် လက်နက်ကိုင်ပဋိပက္ခအတန်ငယ်ဖြစ်ဖူးသည်ဟု ဆိုရမည်။ အချို့တိုက်ပွဲများမှာ ပလောင် လက်နက်ကိုင်တပ်ဖွဲ့နှင့် SSA တို့နယ်မြေပြဿနာဖြစ်ပွားရာတွင် KIA တို့ ပလောင်လက်နက်ကိုင်အဖွဲ့ဖက်မှ ပါဝင်ကူညီ တိုက်ခိုက်ပေးခြင်းဖြစ်သည်။ ၁၉၇၄ နောက်ပိုင်းတွင် မိုးမိတ်အထက် ကျောက်ဖြူချောင်းဂွင်အတွင်း နောက်ဆုံးဖြစ်ပွားခဲ့သည်။

ထိုင်းမှ လက်နက်ခဲယမ်းသယ်သည့်အဖွဲ့များ SSA နယ်မြေအတွင်းဖြတ်သန်းစဉ် လက်နက်ဖြုတ်သိမ်းခံရခြင်း သုံးကြိမ်ခန့်ဖြစ် ပွားခဲ့သည်။ ၁၉၇၆ ဖေဖဝါရီအတွင် KIA အင်အား ၃၀ ခန့်အား တကြိမ်၊ ၁၉၇၈ မေလတွင် အင်အား ၂၀ ကျော်ခန့်အားတကြိမ်၊ ၁၉၉၀ ဇန္နဝါရီလတွင် KIA အင်အား ၆၀ ခန့်အား တကြိမ်၊ SSA မှလက်နက်ဖြုတ်သိမ်းဆည်းမှုပြုလုပ်ခဲ့ခြင်းရှိခဲ့သည်။ ပထမ ၂ ကြိမ်တွင် လက်နက်သိမ်းပြီး လူများအားပြန်လွှတ်ပေးခဲ့သော်လည်း နောက်ဆုံးအကြိမ်၌ ပြန်လွှတ်မပေးဘဲ နဝတအစိုးရထံ အပ်နှံခဲ့၍ KIA တပ်ဖွဲ့ဝင်များ ထောင်ကျခဲ့သည်။

နောက်ပိုင်းတွင်တော့ KIA နှင့် SSA တပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားခြင်းမရှိတော့ဘဲ တပ်ပေါင်းစုမဟာမိတ်အဖြစ် လက်တွဲနိုင်ခဲ့ကြ သည်။ လက်နက်ကိုင်တပ်ဖွဲ့ချင်း ပဋိပက္ခအနည်းငယ်စီဖြစ်ဖူးသည်မှာ ထူးဆန်းလှသည်တော့မဟုတ်ပေ။

● နောက်ဆက်တွဲ ၃
အစိုးရ၏ ကချင်ပြည်သူ့စစ်များ
ဖေါင်းဆိုင် သကဆဖ

ဖေါင်းဆိုင် သကဆဖ ခေါ်ဖေါင်းဆိုင်သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့သည် ၁၉၆၈ နောက်ပိုင်းပေါ်လာသောအဖွဲ့ဖြစ် သည်။ ၁၉၆၈ ခုနှစ် မုန်းကိုးဖေါင်းဆိုင်ဒေသသို့ CPB ဝင်ရောက်လာသောအခါ ဖေါင်းဆိုင်ဒူဝါနှင့် သူ၏လက်နက်ကိုင်အဖွဲ့သည် အစိုးရနှင့် သွားရောက်ပူးပေါင်းကြသည်။ ထို့နောက် ဖေါင်းဆိုင် သကဆဖဟုဖွဲ့စည်း၍ သိန္နီနှင့်ကွတ်ခိုင်ကြားရှိ မန်ပင်းတွင် အခြေစိုက်သည်။ ၁၉၈၇ ခုနှစ်အစိုးရတပ်များ ကြူကုတ်ပန်ဆိုင်းကိုသိမ်းပြီးနောက် ကြူကုတ်ပန်ဆိုင်းသို့ ပြောင်းရွှေ့အခြေ ချသည်။ ကွတ်ခိုင် မူစယ်ကားလမ်းပေါ်ရှိ ဂါလန် နားချန်မန်ပိန်းစသည့် နေရာလေးငါးနေရာတွင် စခန်းချထားသည်။

ဖေါင်းဆိုင် သကဆဖအဖွဲ့အား မူလက ဖေါင်းဆိုင်ဖုတ်ကျောင်ဒူဝါဦးဆောင်ပြီးနောင်တွင် သူ၏သားဖြစ်သူ တီခွန်မြတ်ခေါင်း ဆောင်သည်။ ပြည်သူ့စစ်အဖြစ်တာဝန်ယူစဉ် ရဲစွမ်းရည်ဆုတံဆိပ်ချီးမြှင့်ခံရသူ တီခွန်မြတ်သည် နောက်ပိုင်းတွင် အစိုးဥပဒေ အရာရှိ (ယခု အစိုးရရှေ့နေချုပ်ရုံး) အဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ ယခု ကြံ့ခိုင်ရေးပါတီ ကွတ်ခိုင်ပြည်သူ့လွှတ်တော်အ မတ်အဖြစ် ၂၀၁၀ ရော ၂၀၁၅ ပါအရွေးချယ်ခံရပြီး ယခု ဒုတိယပြည်သူလွှတ်တော် ဒုဥက္ကဌအဖြစ် အရွေးခံရသည်။

● ကောင်းခါးဌာနေပြည်သူ့စစ်
မထုနော်အဖွဲ့ဖြစ်သည်။ (ဖေါ်ပြပြီး )

လက်ရှိ မထုနော်ဦးစီး ကောင်းခါးဌာနေ ပသစ ခေါ် KDA ဌာနချုပ်မှာ ကောင်းခါးတွင် အခြေစိုက်သည်။ KDA အောက်၌
တပ်မဟာ ၁ လွယ်ခွန်
ရင်း ၁ ယိမ်းမော
ရင်း ၃ ဂါလန်
ရင်း ၅ ဟိုဖျက်
တပ်မဟာ ၂ ဟိုခိုလွယ်ခန်း
ရင်း ၂ မန်မတ်
ရင်း ၄ မန်လွန် ဟူ၍ ဖွဲ့စည်းထားသည်။

● မုန်းပေါ်ပြည်သူ့စစ်
ခေါင်းဆောင်သူမှာ မုန်းပေါ်ဒေသခံ မာမွန်းဖြစ်သည်။ မာမွန်းသည် မူလက CPB အရှေ့မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင် ရင်း ၆၀၁ မှ တပ်စိတ်မှူးဖြစ်သည်။ ၁၉၇၇ မုံလုံသုံးဆင့် ကေဒါသင်တန်းကျောင်းသို့ပြောင်းရွှေ့တာဝန်ယူစဉ် မုန်လုံကျေးရွာ၌ အရပ်သားတစ်ဦးနှင့် အချင်းများပြီး သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွား၍ CPB မန်ကောင်းထောင်တွင် ထောင်ကျခဲ့ရသည်။ ထောင်ကျစဉ် အပြစ်ကိုကောင်းမွန်စွာလက်ခံခဲ့၍ ပြစ်ဒဏ်စေ့သောအခါ CPB တပ်မှ ပြန်လက်ခံပြီး မန်ကောင်းထောင်မှူးအ ဖြစ် ပြန်တာဝန်ပေးခံရသူဖြစ်သည်။

၁၉၈၉ ကိုးကန့်အဖွဲ့ခွဲထွက်သောအခါ ကိုးကန့်အဖွဲ့တွင် ဆက်လက်ပါဝင်ခဲ့သည်။ ၁၉၉၅ မှ ကိုးကန့်အဖွဲ့မှ မုန်ဆာလ အဖွဲ့ ခွဲထွက်သောအခါ MDA ခေါ်မုန်းကိုးကာကွယ်ရေး တပ်ဖြစ်သောမုန်ဆာလအဖွဲ့တွင် ဆက်လက်ပါဝင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလ၏ MDA ပြိုကွဲသောအခါအစိုးရနှင့် ပူးပေါင်း၍ မုန်းပေါ်ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းရပ်တည်ခဲ့သည်။

● ဝှေ့ထူပြည်သူ့စစ်
လဆန်အောင်ဝါဦးဆောင်သည်။ (ဖေါ်ပြပြီး)
တန်ကူးတန် ပြည်သူ့စစ်

ရဝမ်အမျိုးသား တန်ကူးတန်ခေါင်းဆောင်သည့် ပသစ အဖွဲ့ဖြစ်သည်။ ၂၀၀၅ မတိုင်မှီက တန်ကူးတန်သည် ရဝမ်လူငယ်များ ကို ပန်ဝါ NDAK သို့စေလွှတ်ခဲ့သည်။ အယောက် ၇၀ ခန့်ထိ စေလွှတ်ခဲ့သည်ဟုဆိုသည်။ ၂၀၀၅ ပန်ဝါဒေသ၌ အချင်းချင်း အာဏာသိမ်းပွဲများနှင့် ရှုတ်ထွေးနေစဉ် စက်တင်ဘာလအတွင်း၌ ရဝမ်လူငယ်များသည် ပန်ဝါမြောက်ဖက် ခေါင်လန်ဖူးမြို့ နယ် ရဝမ်ဒေသသို့ထွက်ပြေးလာခဲ့ပြီး အစိုးရနှင့် ပူးပေါင်းကာသောင်းကျန်းသူဆန့်ရေးအဖွဲ့အနေနှင့် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်တွင် အခြေစိုက်ခဲ့သည်။

တန်ကူးတန်နှင့်အတူ ရခဝီးဖုန်တို့ ဦးဆောင်သည်။ နောင်တွင် ရခဝီးဖုန်မှာအဖွဲ့မှ နှုတ်ထွက်သွားသည်။ အစပိုင်းတွင် တန် ကူးတန်အဖွဲ့သည် သစ်ထုတ်လုပ်ငန်းများလုပ်ကိုင်သဖြင့် လူ ၄၀၀ ခန့်ထိရှိပြီး နောက်ပိုင်းတွင် အင်အားလျော့ကျခဲ့သည်ဟု ဆိုသည်။ ခေါင်လန်ဖူးနှင့် နယ်စပ်မှတ်တိုင် ၃၀ ရှိ ရှိန်းခေါင်ကြားတွင် လှုပ်ရှားကြသည်။ ၎င်း ပသစများသည် ရှိန်းခေါင်  နယ်စပ်မှတ်တိုင် ၃၀ နှင့် အထက်အောက် နယ်စပ်တလျောက် စခန်းထိုင်ကြသည်ဟုဆိုပါသည်။ နယ်စပ်မှတ်တိုင် 29/30/31/35/40 စသဖြင့် စခန်း ၆ ခုခန့်ခွဲ၍ ထိုင်သည်ဟုသိရသည်။ ၂၀၀၈ ခန့်ထိ ပသစ တပ်ရင်း ၂ ရင်းထိဖွဲ့စည်းခဲ့သည် ဟုဆိုသည်။ ရှိန်းခေါင်၏ တဖက်နယ်ခြားတွင် တရုတ်ရွာကြီးများရှိပြီး တရုတ်ပြည်အတွင်းပိုင်းအထိ ကားလမ်းပေါက်သဖြင့် ကူးသန်းကုန်သွယ်ခြင်းအတွက် အဆင်ပြေသည်ဟုဆိုကြပါသည်။

၂၀၀၉ တွင် ပူတာအိုဌာနေ ပသစ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပသစအဖွဲ့ဝင် ရဝမ်လူငယ် ၁၀၀ ခန့်အား စစ်သင်တန်း တက်ရန် အောက်ပိုင်းသို့ ပို့လိုက်ရာ ပသစ အဖွဲ့သို့ပြန် ရောက်မလာဘဲ အစိုးရစစ်တပ်အတွင်း အမှုထမ်းခိုင်းခြင်းခံရပြီးနောက် တန်ကူးတန် ပသစအဖွဲ့အပေါ် ရဝမ်လူငယ်များ ယုံကြည်မှုကျဆင်းခဲ့သည်ဟုဆိုသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပူတာအို ဒေသ၌ တန်ကူးတန် ပသစအဖွဲ့သည် ကြံ့ခိုင်ရေးဖက်မှ ရပ်ခံလှုံ့ဆော်ခဲ့သော်လည်း NLD ရဝမ်များက အနိုင်ရရှိခဲ့သည်။

သို့ဖြစ်ရာ အစိုးရနှင့်ပူးပေါင်းရပ်ခံသော ကချင် ပသစ အဖွဲ့များအနေနှင့် ရှမ်းမြောက်တွင် ၄ ဖွဲ့ ကချင်ပြည်နယ်တွင် ၂ ဖွဲ့ တွေ့ ရပါသည်။

● နောက်ဆက်တွဲ ၎
KIA နှင့် ရှမ်းနီ

ကချင်ပြည်နယ်အတွင်း ဒုတိယအများဆုံးဟုဆိုနိုင်သောလူမျိုးမှာ ရှမ်းနီ ခေါ် ရှမ်းဗမာ ခေါ် တိုင်းလျံဖြစ်သည်။ KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ရှမ်းနီလူမျိုးများနှင့် ဆက်ဆံရေးပြဿနာသည် အရေးကြီးသောပြဿနာဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ပြည်နယ်တခုအတွင်း အတူရှိနေသောလူမျိုးဖြစ်သည့်ပြင် ရှမ်းနီနှင့် KIA ကြားတွင်လူမျိုးရေးအကြိတ်အခဲရှိ သောကြောင့်ဖြစ်သည်။

၎င်းတို့မှာ ၁၉၇၅/၇၆ အတွင်းက ပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့သော လူမျိုးရေးပြဿနာများကြောင့်ဖြစ်သည်။ ထိုစဉ်က မိုးညှင်း မြို့အား KIA ဝင်ရောက်စီးနင်းစဉ်က KIA တို့က ရှမ်းနီအရပ်သားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ကာ မိုးညှင်းရှိ အောင်သပြေစုစည်းရွာ (တောင်ပေါ်မှ ကချင်ရွာများအားစုစည်းထားသည့်ရွာ) အား ရှမ်းနီများက ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်သည့် အရေးအခင်းတခုပေါ်ခဲ့သည်။ ထို့မတိုင်မီ အင်တော်ကြီး လုံးစန့်တွင် ကချင်အရပ်သား များ အသတ်ခံရသည့်အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ လူမျိုးရေးအဓိကရုန်းများဖြစ်သည့်အားလျော်စွာ သတင်းမှန်သည် မမှန်သည်ထက် လူမျိုးရေးအရ မုန်းတီးမှုများလှုံ့ဆော်ကာ သွေးထိုးမှုများနှင့်အတူ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက်ပိုင်း နှစ်ဖက်လူကြီးများ၏ ထိမ်းသိမ်းမှုအရ ပြဿနာများ ငြိမ်သက်သွားသော်လည်း အမုန်းမီးစများကျန်နေခဲ့ရာ အထူးသတိထားသင့်သည့်ပြဿနာဖြစ်သည်။ လက်ရှိအချိန်တွင် ထိုအမုန်းမီးများ ဆက်လက်မီးမပွါးစေဖို့က ပိုအရေးကြီး သည်ဟု ယူဆရပေသည်။

ထိုအမုန်းမီးစပေါ်အခြေခံ၍ ရှမ်းနီအချို့ အစိုးရ ပသစ အဖြစ်ဆောင်ရွက်ခြင်း KIA တပ်သားစုဆောင်းရာတွင် ရှမ်းနီလူမျိုး များခေါ်ယူခြင်းအား ကန့်ကွက်ကြခြင်းများကိုတွေ့ရသည်။ ရှမ်းနီ အခွင့်အရေးအတွက်တောင်းဆိုခြင်းများတွေ့ရသည်။ သို့ဖြစ်ရာ KIA အနေနှင့် ရှမ်းနီပြဿနာသည် ထိလွယ်ရှလွယ် အကဲဆတ်သည့်ပြဿနာ ဖြစ်နေသည်ဟု ဆိုရပေမည်။

● နိဂုံး
ဤစာစုသည် KIA အား ချီးကျူးထောပနာပြုထားသောစာစုမဟုတ်သကဲ့သို့ KIA အား ပစ်တင်ရရှုံ့ချထားသောစာစုလည်း မဟုတ်ပါ။ လက်လှမ်းမှီသမျှ ထိတွေ့ရသမျှအတိုင်း အကြမ်းဖျဉ်းဖေါ်ပြခြင်းသာဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးနည်းအရ ပြဿနာဖြေရှင်းနိုင်ရန်ကြိုးစားနေသည့်ကာလတွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဖြတ်သန်းခဲ့သည့် သမိုင်းကောက်ကြောင်းတခုကို ဖေါ်ပြခြင်းမျှသာ ဖြစ်ပါသည်။ သူတို့၏အကြောင်း သူတို့ခံစားမှုကို နားလည်နိုင်ခြင်းသည် ပြဿနာဖြေရှင်းနိုင်ရန် အထောက်အကူပြုပေလိမ့် မည်။

လက်ရှိ KIA သည် စထူထောင်စအချိန်နှင့်ယခု လက်ရှိအချိန် နိုင်ငံရေးသဘောထား ကွာခြားခဲ့ပြီဖြစ်သည်။ KIA စတည် ထောင်ချိန်က တရုတ်အိန္ဒိယ နယ်နမိတ်အတွင်းရှိ ကချင်တိုင်းရင်းသားများနေထိုင်ရာဒေသများပါ စုစည်းပြီး ကချင်သမ တနိုင်ငံ ထူထောင်ရန်ဖြစ်သည်။ ယနေ့ KIA ၏နိုင်ငံရေးရည်မှန်းချက်မှာ မြန်မာ့နိုင်ငံတွင်းရှိ ကချင်များ၏ အခွင့်ရေးအတွက် နိုင်ငံရေးအရဖြေရှင်းနိုင်ရေးဖြစ်သည်ဟုဆိုပါသည်။ ထို့ပြင် လက်ရှိ KIA ၏ခေါင်းဆောင်ပိုင်းသည် မျိုးဆက်သစ်အများစုဖြင့် အားဖြည့်ထားသည်ကိုတွေ့ရသည်။ ဤကားလက်ရှိအခြေအနေဖြစ်ပေသည်။

နိုင်ငံရေးအရဖြေရှင်းနိုင်လျှင် စစ်ပွဲလိုအပ်မည်မဟုတ်ပါ။ ညှိနှိုင်းဆွေးနွေးသည်ဆိုရာ တဖက်နှင့်တဖက် နားလည်မှုရှိကြဖို့ လိုပါသည်။ နားလည်မှု ရှိနိုင်ရန် တစ်ယောက်အကြောင်းလည်း တစ်ယောက်သိကြဖို့လိုပါသည်။

ပြီးပါပြီ THE END ပြီးပါပြီ

မှတ်ချက်
၁။ ဤစာစုရေးသားရာတွင် မိမိမှတ်မိသမျှပြောကြားပေးကြသောမိတ်ဆွေဟောင်း ရဲဘော်ဟောင်းများဖြစ်ကြသည့် ကိုအေး မောင်ကျော် ကိုအိုက်အေး (မြစ်ကြီးနား)၊ ကိုနေထွန်း (ဟိုပင်)၊ ကိုသိန်းဆွေ (ဗန်းမော်) တို့အားလည်းကောင်း၊ လူချင်း မမြင်ဖူးသော်လည်း online တွင်ခင်မင်၍ ကူညီပေးကြသော Ken Ram / Uma Hkum / Mungdungla Wawhkyung / Ah Lung Nhkum တို့အားလည်းကောင်း ကျေးဇူးတင်ရှိပါသည်။

photo credit Mungdungla Wawhkyung