ဖိုးထက် - ကိုသောင်းမြင့်နှင့် မြန်မာ စတီဗင် ဆေးဂဲလ်

ဖိုးထက် - ကိုသောင်းမြင့်နှင့် မြန်မာ စတီဗင် ဆေးဂဲလ်
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆

တရုတ်သိုင်းဇာတ်လမ်းတွေ အကုန်လုံးနီးပါးထဲမှာ လူတရာလောက်နှင့် မင်းသားတယောက်တည်း ခံချသော်လည်း မင်း သားက ဘာမှမဖြစ်။ လူတရာသာ ကိစ္စရှောလေသည်။ သို့သော် အပြင်မှာလဲ ကွန်ဖူး ကိုယ်ခံပညာကို အမှန်တကယ် တတ်ကျွမ်းသော ဘရုစလီသော်မှ အနည်းအကျင်း ခံရသေးသည်။ ခြစ်ရာ၊ ပွန်းရာတော့ ရသေးသည်။ နောက် တယောက်က ဂျက်လီ။ လူက ခွေးပစ်သော ဒုတ်သာသာ အရပ်နှင့်။ သူကချည်း တွယ်သည်။ အုပ်သည်။ ဒါပေမယ့် သူလည်း အနည်း အကျင်းတော့ အထိုး၊ အကန် ခံရသေးသည်။
  
အဆိုးဆုံး နောက်ထပ် ရုပ်ရှင် ဇာတ်ဆောင်တယောက် ရှိသေးသည်။ စတီဗင် ဆေးဂဲလ်။ ခြစ်ရာ ပွန်းရာ မဆိုထားနှင့် ၀တ် ထားသော အ၀တ်အစားပင် မတွန့်မကြေ။ လက်တွေ လိမ်ချိုး။ လည်လိမ်ချိုး။ ဂစ်လို့တောင် အသံမထွက်ဘဲ ရန်သူများ အတုံးအရုံးကျသည်။
  
အပြင်လောကမှာလဲ စတီဗင် ဆေးဂဲလ်လိုလူများ ရှိတတ်သည်။ သူကချည်း တွယ်သည်။ သူ့ကို ပြန်အုပ်လို့မရ။ ပြန်တွယ် လို့မရ။ ဇာတ်လမ်းထဲမှာ ဒါရိုက်တာက “မင်းကွာ မင်းသားလုပ်သမျှ ခံလိုက်ပါ” ဟု ဆိုသော်ကြောင့် ငုံ့ခံလိုက်ရသည်။ အပြင်လောကမှာလည်း ထိုသူ၏ ဂုဏ်သတင်း၊ အရှိန်အ၀ါ၊ ဖြောင့်မတ် မှန်ကန်သော ကိုယ်ကျင့်သီလကို သိသောကြောင့် ခွန်းတုံ့ပြန်ဖို့ မဆိုထားဘိ။ အများကြီး ငြိမ်ခံလိုက်ရတာ ရှိတတ်ကြသည် မဟုတ်လော။ အချစ်သော်လည်း အောင့်ကာ နမ်း ကြရသည် မဟုတ်တုံ့လော။
  
ရပ်ကွက်ထိပ်ရှိ ကိုမောင်တူး၏ လ္ဘက်ရည်ဆိုင်ထဲတွင် ဦးထင်ဖတ်၊ ချွန်ကြီးခေါ် ဇော်ထွန်း၊ ကိုသောင်းမြင့်တို့ ထိုင်နေကြသည်။ ရုံးအားရက်၊ အလုပ်အားရက် နေ့လည် နေ့ခင်းတွေမှာ လ္ဘက်ရည်သောက်ရင်း၊ လေပေါရင်း ဆွေးနွေးငြင်းခုံနေကြဖြစ်သည်။ ဆိုင်ရှင် ကိုမောင်တူးကို အားနာဖို့ နည်းနည်းမှမလို။ ကိုမောင်တူး ကိုယ်တိုင်ကလည်း သူတို့စကားဝိုင်းတွေကို လိုလိုလားလား လက်ခံနှစ်သက်သည်။ ရီရသည်။ ပျော်ရသည် မဟုတ်လား။
  
ဦးထင်ဖတ်က အငြိမ်းစား ကျောင်းအုပ်ဆရာကြီး။ စကားပြောရင် အရှင်း။ အပြတ်။ မဟုတ်တာ မမှန်တာ မလုပ်။ လူငယ်တွေ အပေါ်မှာ စေတနာရှိသည်။ ပြီးတော့ ဆရာကြီးက လူကြီးဆိုပေမယ့် ခေတ်ကြီးကို မျက်ခြေမပြတ်အောင် နေသောသူလည်း ဖြစ်သည်။ ချွန်ကြီးကတော့ အတို့အထောင်။ တို့ရ၊ ထောင်ရမည်ဆိုလျှင် သူ့ကို နားရင်းအုပ်သွားလည်း သွားဖြဲလေးနှင့် ငြိမ် ခံသောသူဖြစ်သည်။ ကိုသောင်းမြင့်ကတော့ ဟိုစပ်စပ်၊ ဒီစပ်စပ်။ ဆရာကြီး လုပ်ချင်သည်။ ဆရာကြီး စတိုင်လ်ဖြင့် နေသည်။ သို့သော် ပြောသမျှ၊ ဆိုသမျှ၊ လုပ်သမျှ တလွဲချည်းဟုဆိုသော် ရကောင်း၏။
  
ဒီနေ့လည်း ဘယ်ကနေ ဘယ်လို စကားရောက်သွားသည် မသိ။ အွန်လိုင်းပေါ်မှာ ဆရာမြင့်သန်း၏ ပွဲဆူစေသော ဆောင်းပါး အကြောင်းကို စကားရောက်သွားသည်။ စတင်သူက ချွန်ကြီး။ ချွန်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ပရိသတ်ဖြစ်သည်။ ဆရာမြင့်သန်းဆောင်းပါးထဲမှာ ဒေါ်စုကို ပေါ်ပေါ်တင်တင် ဝေဖန်ထားသဖြင့် သူက မကြိုက်။ ထို့ကြောင့်

“ဆရာမြင့်သန်း ဆောင်းပါးက မစွံပါဘူး ဆရာကြီးရာ (ဦးထင်ဖတ်ကို ရပ်ကွက်က ဆရာကြီးလို့ခေါ်သည်။)။ အလကားနေရင်း အဘွားကြီးကို လာတိုက်ခိုက်နေတယ်”
  
“မင်းက အဲဒီဆောင်းပါး ဖတ်ပြီးလို့လား”

ရေနွေးကြမ်းကို တငုံ ကောက်ငုံလိုက်ရင်း မေးပုံ၊ ကြည့်ပုံက ချောင်ပိတ်ရိုက်တော့မည့်ပုံစံ။ ချွန်ကြီးက လူပါး။ ဒါကို သိသည်။
  
“ဖတ်ပြီးပါပြီ ဆရာကြီး။ အခေါ်အဝေါ်က အစ ရင့်သီးတယ်။ ဆရာကြီးလည်း ဖတ်ပြီးပြီမို့လား”
  
“အေး ဖတ်ပြီးပြီ။ မင်းပြောတာ ဟုတ်တယ်။ ကိုမြင့်သန်းဆောင်းပါးက နည်းနည်းတော့ လွန်တယ်”
  
“နည်းနည်းဘဲလား ဆရာကြီးရယ်။ ဒီလိုအချိန်မှာ အများလိုလားတဲ့ ဒေါ်စုကို သူဝေဖန်တာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူဘဲပေါ့”

ကိုသောင်းမြင့်က စကားဝင်ထောက်လိုက်သည်။

“မင်းတို့ နှစ်ယောက် ကိုမြင့်သန်းရဲ့ စာတွေ ဖတ်ဘူးလား”
  
“ကျွန်တော် ဖတ်ကြည့်တယ်။ နားမလည်တာတွေများလို့ ဦးစားပေးဖတ်တဲ့အထဲတော့ မပါဘူး” ချွန်ကြီးက ဖြေသည်။

ကိုသောင်းမြင့်က
  
“ကျွန်တော်ကတော့ သူ့စာတွေ ကောင်းကောင်းဖတ်ဘူးတယ်။ အတွေးအခေါ်၊ အယူအဆတွေ ကြိုက်တယ်။ ဒါပေမယ့် အင်္ဂလိပ်စာအုပ်တွေကို အင်္ဂလိပ်လိုတွေးပြီး မြန်မာလိုရေးတယ်လို့ ထင်တယ်”
  
“မောင်ချွန်ကြီး..နားမလည်တဲ့ စာအုပ်တွေ၊ စာတွေ မဖတ်နဲ့။ သူများဖတ်လို့ သူများက ကောင်းတယ် ပြောလို့။ ကိုယ်လေးစား အားကျတဲ့ သူတွေ ဖတ်လို့။ သူတို့က ညွှန်းလို့။ သူတို့ ကြိုက်တာနဲ့ လိုက်ပြီး မြင့်သန်း၊ မြင့်သန်း လုပ်စရာမလိုဘူး။ မင်း မှန် တယ်။ နားမလည်တဲ့စာတွေ အချိန်ကုန်ခံမဖတ်နဲ့။ မောင်သောင်းမြင့်ကတော့ ဖတ်ဘူးတယ်ဆိုလို့ မေးရအုံးမယ်။ မြင့်သန်းကို အခုနက မင်းပြောတဲ့မှတ်ချက်တွေထက် ပိုပြီး ဘာမှတ်ချက်တွေ ပေးချင်သေးသလဲ”
  
“ရေပေါ်ဆီ စာရေးဆရာလို့မြင်တယ်။ မွေးကတည်းက ချမ်းချမ်းသာသာ၊ ရွှေပေါ်မြတင် မွေးလာခဲ့သူဆိုတော့ အခြေခံ လူ တန်းစားကို နားမလည်ဘူး။ နောက်ပြီး အရက်သမား စာရေးဆရာလို့ မြင်တယ်”

ဦးထင်ဖတ်က သူတို့စကားဝိုင်းနားမှာ ရောင်လည်လည် လာရပ်နေသော ကိုမောင်တူးကို ရေနွေးအိုး ထပ်ဖြည့်ခိုင်းလိုက်သည်။ ပြီးမှ..
  
“အဲဒါဘဲ မောင်သောင်းမြင့်..ငါပြောချင်တာ အဲဒါဘဲ။ မင်းတို့တွေ သိပ်ခက်တယ်။ သူ့ဘာသာ ရွှေပေါ် မြတင်ဘဲ မွေးမွေး၊ နတ်ပြည်မှာမွေး၊ လူ့ပြည်မှာဘဲကြီးကြီး..မလိုအပ်တဲ့ စကားတွေနဲ့ သိပ်အပုပ်ချချင်တယ်။ အရက်သောက်သူတိုင်းက စာမ ရေး ရတော့ဘူးတဲ့လား။ အရက်သောက်သူတိုင်းက စာရေးဆရာကောင်းမဟုတ်ဘူးဆိုတဲ့ သဘောလား။ ပီမိုးနင်းဆိုရင် ဘိန်းတောင်ချသေးဗျာ။ ကိုင်း ဘယ့်နှယ့်ပြောမလဲ။ သူရေးခဲ့တဲ့စာတွေက အလကားပါလို့ မင်းတို့ ပြောနိုင်လား”
    
ကိုသောင်းမြင့်နှင့် ကိုသောင်းမြင့်စကားကို လက်ခံချင်သလိုလိုရှိနေသည့် ချွန်ကြီးပါ ဇက်ပုသွားသည်။ သို့သော် ဗီဇဆိုတာ ဖျောက်ရခက်သည့် သဘောအရ ချွန်ကြီးက..
  
“ကိုသောင်းမြင့်က ဆရာမြင့်သန်းကို အရက်သမား စာရေးဆရာ၊ လူချမ်းသာ စာရေးဆရာ၊ လက်ကြောမတင်းတဲ့ စာရေးဆ ရာလို့ ပြောချင်တာ ထင်တယ်..ဟဲ ..ဟဲ..”

ကိုသောင်းမြင့်လက်က စားပွဲအောက်မှနေ ချွန်ကြီးကို ဆွဲဆိတ်လိုက်သည်။ ဘယ်သူမှ သူ့ကို ပြန်ပြောလို့မရ၊ အရပ်က လေး စားရသည့် ဆရာကြီး ဦးထင်ဖတ်အရှေ့မှာမှ သက်သက်မယ့် အချွန်ဖြင့်မသည့် ချွန်ကြီးကို ဖြစ်နိုင်ရင် နားရင်းတောင် ထ အုပ်ချင်သည်။
  
“သူ ဘာပြောချင်သလဲ ငါမသိဘူးကွ။ စာရေးဆရာ၊ ကဗျာဆရာဆိုတာနဲ့ ဘိုသီဖတ်သီနေ။ စည်းမရှိ ကမ်းမရှိနေ။ တွေ့ကရာ နေရာဝင်အိပ်။ ဒီလိုနေနိုင်မှ ဘ၀နာတဲ့စာရေးဆရာ၊ အနုပညာရှိတဲ့ စာရေးဆရာ စာရေးဆရာကောင်းလို့ ငါတို့ မြန်မာစာဖတ် သူတွေ တချို့က ထင်ကြတာလဲ ငါမကြိုက်ဘူး။ ရှိတ်စပီးယားဆိုရင် လူဂုဏ်တန်။ မင်းသား။ ဆွေကြီး မျိုးကြီး။ ရေးခဲ့တဲ့ စာတွေ ကြည့်စမ်း။ လူ့သဘော၊ လူ့မနောတွေကို သူ့စာတွေနဲ့ ဖွဲ့နွဲ့သွားတာ ဘယ်လောက် အနုပညာဂုဏ်မြောက်သလဲ။ မင်းတို့ဟာက အခု ဆရာကိုတာကိုလည်း သူဌေးမို့လို့ သူစာတွေက မကောင်းဘူးလို့ ပြောလိုပြောရဲ့။ ဟော..ကိုမြင့်သန်း စာတွေကိုလည်း အရက်သမားစာတွေလို့ ဆိုလား ဆိုရဲ့။ အတော်ကို သောက်သုံးမကျတဲ့ တွေးခေါ် ယူဆမှုတွေပါကွာ”
  
ကိုသောင်းမြင့် ဖုသွားသည်။ သူပြောတာ နည်းနည်း။ ချွန်ကြီး ၀င်ဖွတာက များများ။ အခုတော့ သောက်နဲ့နှိုင်းပြီး အဆဲခံရပြီ။ ဒေါသလေး မဆိုသလောက် ထွက်လာသောကြောင့်..
  
“ဒါဖြင့် ဆရာကြီးရဲ့ ဆရာမြင့်သန်းအပေါ် အမြင်လေး ပြောပါအုံး”
  
“ငါကတော့ သူ့စာတွေ ဖတ်ရတာ ကောင်းတာလဲ ရှိသလို။ မစွံတာတွေလဲ ရှိတာဘဲ။ သူလို ကမ္ဘာ့စာပေ၊ အတွေးအခေါ်ပိုင်း၊ ဒသနိက ပညာရပ်မှာ နှံနှံစပ်စပ် ရှိသူရဲ့ စာတွေက ဖတ်မယ်ဆိုရင် အနှစ်ချည်းဘဲ။ အေး..ဒါပေမယ့် သူက လူဆိုတာ မမေ့နဲ့။ သူ့စာတွေ အကုန်ကောင်းရမယ်လို့ သူကအာမခံမထားဘူး။ ကြိုက်ရင်ဖတ်။ မကြိုက်ရင် မဖတ်နဲ့။ တခုရှိတာက အခုနက ငါ မောင်ချွန်ကြီးကို ပြောသလို ဂိုက်၊ ဟန် ထုတ်ချင်လို့ မြင့်သန်းစာတွေ အရမ်းကြိုက်တာဘဲဆိုရင်တော့ အလကားဘဲ။ အခု ဒီဆောင်းပါးမှာ သူ့ကို ငါလည်း မကြိုက်ဘူး။ ဒါပေမယ့် ဒီတပုဒ်မကြိုက်တာနဲ့ သူ့စာတွေ မဖတ်တော့ဘူး။ သပိတ်မှောက်ကြ မယ်ဆိုတဲ့အဆိုကတော့ ၀က်တွေက ဂူကြီးကို ပွတ်သလိုဖြစ်မှာဘဲကွ။ မြန်မာစာပေမှာ မြင့်သန်းဆိုတဲ့ မှတ်တိုင်ကြီး တခု ရှိကို ရှိတယ်”

မြင့်သန်းစာတွေ သိပ်မကြိုက်ဘူး။ မဖတ်တတ်ဘူး ပြောထားသူက ချွန်ကြီး။ အများကြီး ဖတ်ဘူးပါတယ်လို့ ပြောထားသူက ကိုသောင်းမြင့်။ အခုလို ဆရာမြင့်သန်းဝေဖန်သူများကို ပြန်လှန်နှိပ်ကွပ်သည့် စကားတွေက သူ့ကို တိုက်ရိုက်ပြောသလို ကို သောင်းမြင့် ခံစားရသည်။ ထို့ကြောင့်..
  
“ဒါတော့ ဒါပေါ့ ဆရာကြီးရယ်။ စာရေးသူဆိုတာ ပြည်သူလူထုဘက်ကို ရပ်ရမယ်မို့လား”
  
“အဲဒီ အဆိုက ဘုရားဟောလား။ ဘယ်သူက ပြောခဲ့တာလဲ။ လုပ်ကို လုပ်ရမယ့် Must လား။ ပြည်သူလူထု ဘက်ကမရပ်ရင် လူဆိုးတဲ့လား။ အာဏာရှင် အုပ်ချုပ်သူအစိုးရတွေကို ကာကွယ်တဲ့စာတွေမရေးရင် ငါကတော့ ရပြီ။ ငါက ဒီလိုပြောလို့ ကိုမြင့်သန်းဆောင်းပါးက ကောင်းတယ်လို့ ဆိုချင်တာ မဟုတ်ဘူး မောင်သောင်းမြင့်ရဲ့။ ငါ အဓိကပြောချင်တဲ့အချက်က ငါတို့ မြန်မာလူမျိုးများဟာ ချော်လဲ ရောထိုင်တဲ့ အကျင့်ကြီးက အတော်ကြီးတယ်။ ကိုယ် သေသေချာချာ မသိဘဲနဲ့ ဝေဖန် လေကန်ရမယ်ဆိုရင် ရှေ့ဆုံးက။ အဆိုးဆုံးက ငယ်ကျိုး ငယ်နာတွေဖော်ပြီး တိုက်ခိုက်တာ အဆိုးဆုံးဘဲ။ အခု ကိုမြင့်သန်း ဆောင်းပါး မကြိုက်ဘူး။ ဟုတ်တယ်။ ကြိုက်စရာ တကွက်မှလဲ မရှိဘူး။ ဒါပေမယ့် ဒီဆောင်းပါး တပုဒ်အတွက်နဲ့ သူ့စာတွေ မဖတ်ကြနဲ့။ ဒီလူဟာ အရက်သမား။ လူ့ပေါ်ကျော့ဆိုတဲ့ မှတ်ချက်တွေဟာ စစ်အစိုးရခေတ်က ပေါက်စ ကလောင်တို့လို က လောင်ရှင်တွေနဲ့ ဘာထူးသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ကျိုးငယ်နာတွေဖော်ပြီး တိုက်ခိုက်ကြတဲ့ အရေးအသားနဲ့ အတူတူဘဲ။ မဟုတ်ဘူးလား မောင်ချွန်ကြီးရယ်”
  
ဆရာကြီးက မောသွားသလော၊ သူ့ဘက်ကို စစ်ကူတောင်းသလော။ ချွန်ကြီးကတော့..
  
“ဟုတ်တယ် ဆရာကြီး..ကျွန်တော်လည်း ဒါတော့ မကြိုက်ဘူး။ လူတယောက်ကိုမကြိုက်တာနဲ့ သူ့ရဲ့ နောက်ကြောင်း ရာဇ ၀င်တွေကို အကုန်လိုက်ပြီး အပုပ်ချတိုက်ခိုက်တာ ကျွန်တော်လဲ မကြိုက်ဘူး။ ဒါပေမယ့် အခု ဆရာမြင့်သန်းရဲ့စာတွေကို မကြိုက်တာကို မကြိုက်ကြောင်းတော့ ပြောခွင့်ရ ရမယ် မဟုတ်လား ခင်ဗျ။ ကိုသောင်းမြင့်တို့လို ဆရာမြင့်သန်းကို အရက် သမားလေး ဘာလေး ပြောတာတော့ မကောင်းဘူးပေါ့ဗျာနော့်..”
  
ကိုသောင်းမြင့်က ဖြစ်နိုင်ရင် ခုနကမှ ကိုမောင်တူး လာချပေးထားသည့် ရေနွေးအိုးနှင့် ချွန်ကြီးကို ကောက်ထုချင်သည်။ ထို့ကြောင့်..
  
“သူ အရက်သမားမို့ အရက်သမား ပြောတာဘဲကွ။ ဘာဖြစ်သလဲ။ မပြောစေချင်ရင် မသောက်နဲ့ပေါ့ကွ”
  
“ဟိုး..ဟိုးထား မောင်သောင်းမြင့်…လူဆိုတာ ဘယ်သူမဆို အပြစ်မကင်းဘူး။ ဘယ်သူမဆို အနာအဆာတော့ ရှိကြတာ ချည်းဘဲ။ ကိုမြင့်သန်းလည်း လူဆိုတော့ အပြစ်အနာအဆာရှိတာဘဲ။ သူရေးတဲ့စာကို မင်းတို့ ဝေဖန်လို့ရတယ်။ နှစ်ပြားမတန် အောင် ပြောပိုင်ခွင့် မင်းမှာ အပြည့်ရှိတယ်။ ဒါပေမယ့် အောက်တန်းကျတဲ့ ဝေဖန်မှုမျိုးကို ဘယ်လိုမှ မလုပ်သင့်ဘူး။ ငါက အဓိက ဒါကိုပြောချင်တာ”
  
“ဒါကတော့ ဆရာကြီးရယ်..အပြောမခံရအောင် နေလေ။ အခုလိုမျိုးဆောင်းပါး မရေးနဲ့လေ။ အနောက်က ဒီမိုကရေစီ နိုင်ငံ ကြီးတွေမှာတောင် တဖက်နဲ့တဖက် ဝေဖတ်ကြ၊ ငြင်းခုံကြ ဖြစ်ကြသေးတာဘဲ။ ကျွန်တော်တို့ ဝေဖန်တာ အထူးအဆန်း မဟုတ်ပါဘူး” ကိုသောင်းမြင့်က လျှာရှည်လိုက်သည်။
  
“ဘာတဲ့ အနောက်နိုင်ငံ..ဟုတ်လား..မင်းပြောတာ လက်ခံတယ်။ အနောက်နိုင်ငံတွေမှာ ငါတို့လိုဘဲ ရန်ဖြစ်ကြ၊ ဝေဖန်ကြ ဖြစ်တာဘဲ။ ဒါပေမယ့် ငါတို့လို ငယ်ကျိုးငယ်နာ ဖော်တာတော့ မရှိဘူးလို့ ပြောလို့ရလောက်အောင် အဲဒီ အလေ့အကျင့် မရှိ ဘူး။ အွန်လိုင်းပေါ်က သတင်းဝက်ဘ်ဆိုဒ်တွေ မင်းသွားဖတ်ကြည့်စမ်း။ ဒေါ်နယ်လ်ထရန့်ကို ဝေဖန်တာတွေ သွားဖတ်ကြည့် စမ်း။ ကိုယ် ဘယ်သူဆိုတာ ဘယ်သူမှ မသိတာတောင် ဘယ်သူမှ သူ့ကို အောက်တန်းကျကျ မှတ်ချက်တွေနဲ့ မဝေဖန်ဘူး။ ဟာသအဖြစ် ပြောတယ်။ ဝေဖန်တယ်။ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ အလွန်ဆုံး ရှိလှမှ တယောက် နှစ်ယောက်ဘဲ။ အခု မင်းတို့ဟာက ဆရာမြင့်သန်းနဲ့ပတ်သက်တဲ့ ဘယ်သတင်း ဖတ်လိုက် ဖတ်လိုက် ဝေဖန်လိုက်ကြတာများ..ရစရာ တောင် မရှိဘူး။”
  
ဆရာကြီး မောစပြုပြီ။ သို့သော် မင်းသားဆိုတာ ဘယ်လောက် မောမော၊ ဘယ်လောက်ဘဲ ရန်သူတွေ တိုက်ခိုက်ပါစေ နောက်ဆုံးမှာသူဘဲ နိုင်သည်မဟုတ်လား။ အခုလဲ ကိုသောင်းမြင့်တယောက် ဆရာကြီးကို ဘယ်အပိုင်းက စပြီး တိုက်ခိုက်ရ မလဲဟု တွေးနေစဉ်..
  
“ဒီမှာ မောင်သောင်းမြင့်..လူဆိုတာ ဘ၀နှစ်မျိုး။ မျက်နှာနှစ်မျိုးနဲ့ ဘယ်သူ့ကိုမှ ဆက်ဆံလို့မရဘူး။ အေး ဆက်ဆံချင်တယ် ဆိုရင်ဘဲ ဘယ်လိုမှ အဆင်မပြေဘူး။ ကိုမြင့်သန်းရဲ့ ဆောင်းပါးကို ငါမကြိုက်ပေမယ့် သူဟာ မျက်နှာ နှစ်မျိုးနဲ့ နေတဲ့ စာရေး သူမဟုတ်ဘူး။ သူ့ယုံကြည်ချက်အပေါ်မှာ သူက ခပ်တင်းတင်း ရပ်တဲ့သူ ဖြစ်တယ်။ ဒါကိုတော့ ငါလေးစားတယ်။ မြန်မာ စာပေ၊ စာရေးသူတွေဟာ ကျီးကို ဘုတ်မြှောက်၊ ဘုတ်ကို ကျီးမြှောက်နဲ့ အပြန်အလှန် မြှောက်ပေးကြတာနဲ့ အချိန်ကုန်နေ တယ်ဆိုတဲ့ ဝေဖန်ချက် အကောင်းကြီးကို သူဘဲ ခပ်ရဲရဲ ပြောခဲ့တာ။ အမှန်ဘဲ။ လူဆိုတာ ကိုယ့်ကို လူတွေက တော်တယ်၊ တတ်တယ်၊ ဟုတ်လှချည်ရဲ့လို့ ၀ိုင်းပြောကြရင် ဘ၀င်လေဟပ်ကြတာ သဘာဝဘဲ။ ကိုမြင့်သန်းဟာ မြန်မာစာပေနယ်ပါယ်မှာ အဲဒီလိုဖြစ်နေတဲ့ အားနည်းချက်ကြီးကို ဝေဖန်သွားတာ နည်းတဲ့သတ္တိလား။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဒီလို ခပ်တင်းတင်း နေတဲ့ သူ့ကို ငါကတော့ လေးစားတယ်။ သူ့ရဲ့ ဒီသုံးစားမရတဲ့ ဆောင်းပါးတပုဒ်ထဲနဲ့ အရက်သမားလို့လဲ မဆဲနိုင်ဘူး။ သူ့စာတွေ မဖတ်တော့ဘူးလို့လဲ သပိတ်မမှောက်နိုင်ဘူး။ မင်းတို့ဘာသာ သူ့စာလဲ ကောင်းကောင်းမဖတ်ဘူးဘဲ လေဖမ်းဒန်း စီးနေတဲ့ အကျင့်တွေသာ အရင်ပြင်ကြ။ မောင်ချွန်ကြီး..မင်းရဲ့ စာဖတ်တဲ့ အပေါ်ထားတဲ့ ရိုးဂုဏ်ကို ငါသဘောကျတယ်။ မြှောက်ကားကြီး ဖြစ်ချင်လို့ ကိုယ်နားမလည်တဲ့ စာအုပ်တွေ၊ စာတွေ ဖတ်တယ်ဆိုပြီး ဂုဏ်ယူချင်တဲ့ စိတ်မရှိတာကို ငါက သာဓုခေါ်သဟေ့..လာ ..မင်းငါ့ကို အိမ်လိုက်ပို့ …အိမ်မှာ ထမင်းလိုက်စားကွာ” ဟု ပြောလည်း ပြော။ ထလည်း ထ။ ပိုက်ဆံ လည်း ရှင်းသွားသော ဆရာဦးထင်ဖတ်နှင့် ပြောင်ချော်ချော် မျက်နှာပေးဖြင့် လိုက်သွားသော ချွန်ကြီးအား ကိုမြင့်သောင်းက မကျေမနပ် လှမ်းကြည့်မိသည်။ စိတ်ပေါက်ပေါက်နှင့် အရှေ့က ရေနွမ်းကြမ်းအိုးကြီးကို အားရပါးရ ယူမပြီး ငှဲ့သည်တွင် သိုင်းမတတ်သော သူ့ခမြာ ရေနွေးပူ လောင်ပြန်လေတော့သည်။

ဖိုးထက်