ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၉)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၉)
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၆
 
● ရွှေရာအောင်ရဲ့ မိုင်ရာချီခရီးရှည်
KIA/CPB ပူးတွဲတပ်၏ ရွှေရာအောင်စစ်ဆင်ရေးကား အစမကောင်းဟု ဆိုရမည်။ တပ်ဖွဲ့များလည်းမုန်းပေါ် မုန်းကိုးဒေသတွင် ပြန်လည်အနားယူစုဖွဲ့ရတော့သည်။ မြောက်ပိုင်းဗျူရို ခေါင်းဆောင်ပိုင်းကတော့ စစ်မြေပြင်ကွပ်ကဲသည့်တပ်မှူးတစ်ဦး ထပ်မံ အားဖြည့်ခဲ့ပြီး နောက်တကြိမ်ပြန်လည်ထွက်ခွါနိုင်ရန်စီစဉ်ခဲ့သည်။ ထပ်မံအားဖြည့်သည် CPB ဖက်မှ တပ်မှူးမှာ ဝ နယ် တပ်မဟာ ၁၂ မှ နိုင်ငံရေးမှူးအဖြစ်တာဝန်ယူခဲ့ဘူးသူ ရဲဘော်အိုက်လွန်းဖြစ်သည်။ ၎င်းမှာ ယခုအခါ UWSA စစ်ဦးစီးမှူး အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။

ဤသို့ဖြင့် ရွှေရာအောင်စစ်ဆင်ရေးဒုတိယမိ ပြန်လည်ချီတက်မှုကို ၁၉၈၅ နှစ်ဆန်းပိုင်းတွင်ပြုလုပ်ခဲ့သည်။ တပ်အင်အားကား အပြောင်းအလဲမရှိပေ။ သို့သော် KIA တပ်မဟာ ၄ မှူးကားမပါတော့ ဒုတပ်မဟာမှူး BM ဗိုလ်မှူးမထုနော်သာKIA တပ်မဟာ ၄ မှ တပ်များကို ဦးစီးလိုက်ပါသည်။

ဤတကြိမ်တွင်တော့ တပ်မှူးပြောင်းသွား၍ တွန့်ဆုတ်ဆုတ် သိပ်မရှိတော့ပေ။ မုန်းပေါ်မှ ထွက်လာပြီးနောက် တက္ကနိုင်းပါ မှတဆင့် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတားအနီး လမ်းလုံခြုံ ရေးယူထားသောတပ်အား ညအချိန် အင်အားသုံး တိုက်ပြီးကားလမ်းအားကူးလိုက်သည်။ ထို့နောက် နမ့်ခိုင်ချောင်းအတိုင်းအောက်ဖက်သို့ဆင်း၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းသို့ချီတက်သည်။ ညဖက်အမှောင်ထုအောက် နမ့်ခိုင်ချောင်းဘေးတလျှောက် စိုးရိမ်စရာကား ချောင်းဘေးတလျောက်ရံ့နွံအိုင် များ ဖြစ်သည်။ ထိုနွံအိုင်များသည် သာမန်နွံအိုင်များနှင့်မတူ ထိုရွံ့နွံအိုင်များအတွင်း လူမြင်းတို့ ချော်ကျလျှင် ပြန်ရုန်းထွက်ရန် မလွယ်ပေ။ လမ်းကျွမ်းကျင်သော KIA လမ်းပြများရှေ့ဆောင်သည့်နောက် တပ်ဖွဲ့တခုလုံး ခြေလှမ်းမချော်ရဲခဲ့ကြပေ။ လက်နှိပ်ဓါတ်မီးလည်းထိုးခွင့်မရသောညအမှောင်ဝယ် အားလုံးအတွက် ရင်သိမ့်တုန်ညဟု ဆိုရပေမည်။

ထို့နောက် မတ်စောက်သော ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိ တောတောင်များကို ဖြတ်ကာ ရွှေလီမြစ်ကို အမြန်ဖြတ်ကူးရန် နေ့ရောညပါချီတက်ရသည်။ အစိုးရတပ်လှုပ်ရှားစစ်ကြောင်းများနှင့်တိုက်ခိုက်၍ အချိန်မလင့်ရန် လိုအပ်နေသည်။ ရွှေလီမြစ် အား ဖြတ်ကူးရန်ရွေးချယ်ထားသောနေရာမှာ ပြင်လုံရွာတောင်ခြေတွင်တွင်ဖြစ်သည်။ ပြင်လုံရွာသည် ပလောင်ရွာကြီး တရွာဖြစ်ပြီး နဝတခေတ်ဦးက ပြင်လုံရတနာမြေဟု ခေတ္တရေပမ်းစားလိုက်သေးသည်။ ထိုစဉ်ကတော့ တောထူထပ်၍ ဂျီ ဆတ် အစရှိသည့်တောကောင်များပေါများရာ အမဲလိုက်ကောင်းသည့်နေရာဖြစ်သည်။

မူစယ်အရှေ့မြောက်ဖက်ရှိ မုန်းပေါ်ဒေသတွင်စုဖွဲ့ထားသော KIA/CPB ပူးတွဲတပ်ဖွဲ့သည် ကွတ်ခိုင်နှင့် နန့်ဖတ်ကာကြားမှ ကားလမ်းကိုဖြတ်၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိတောင်ကြောများကိုဖြတ်ကာ နမ့်ခမ်းအောက်ရှိ ပြင်လုံကူးတို့သို့ နေ့နေ့ညည ချီတက်ရင်းရောက်ရှိသွားပြီဖြစ်သည်။

ပြင်လုံတောင်ခြေရှိ ရွှေလီမြစ်သည် ရေစီးသန်သည်။ ရေက ဝါးလုံးထိုး တဝေါဝေါစီးဆင်းနေသည်။ တဖက်ကမ်းကို ကူးဖြတ် ရန် ဝါးဖေါင်ငယ်လေးများပြုလုပ်၍ ကူးရသည်။ ဝါးဖေါင်ငယ်လေးများသည် တခါကူးလျှင် လူနှစ်ယောက် သုံး ယောက်ထက် မပိုနိုင်။ ဤဝါးဖေါင်ငယ်များနှင့်သာကူးရလျှင် ဤမျှများပြားသော လူအင်အားသည် ၂ ရက် ၃ ရက်ကြာနိုင်ပြီး မြစ်ကမ်းဘေး ဂျောက်ထဲတွင် ပူးတွဲတပ်ဖွဲ့ပိတ်မိသွားနိုင်သည်။

သို့ဖြင့် ရွှေလီမြစ်အားကူးရန် ဝါးဖေါင်တံတားထိုးရသည်။ ဝါးများကတော့ လွန်ခဲ့လများထဲကြိုတင်ခုတ်ထားရန် ညွှန်ကြားပြင်ဆင်ပြီးဖြစ်သည်။ပထမဆုံး ရွှေလီမြစ်ဖြတ်သည့် ဝါးဖေါင်ငယ် ကြိုတင်ပြင်ဆင်သယ်ယူလာသည့် နိုင်လွန်ကြိုး ကျပ်လုံးခန့် ကိုဆွဲယူသွားပြီး မြစ်တဖက်ကမ်းစီတွင်ရှိသည့် သစ်ပင်ကြီးများတွင် ခိုင်မြဲအောင်တုတ်နှောင်ချည်ယူလိုက်ပြီး နိုင်လွန်ကြိုး အား ပေ ၂၀၀ ခန့်ကျယ်သော မြစ်အားကန့်လန့်ဖြတ်၍ မြစ်ပြင်အထက် လူတရပ်အမြင့်လောက်မှ သွယ်တန်းလိုက်သည်။

ထို့နောက် တစီးလျှင် ဝါးလုံးဆယ်လုံးခန့်စုစည်းပြီး ဝါးဖေါင်ငယ် များများပြုလုပ်ပြီး ဝါးဖေါင်တခုစီအား ဆယ်ပေခန့်ခြားပြီး မြစ်အားကန့်လန့်ဖြတ်သွားထားသော နိုင်လွန်းကြိုးတွင် ချိတ်ဆက်ချည်နှောင်သည်။ ထိုအခါ ဝါးဖေါင်ငယ်များသည် ရွှေလီမြစ်ကြောအတိုင်း အလျားလိုက်မျှော၍ မြစ်အတွင်း ကန့်လန့်တတန်းထဲစီပြီးသားဖြစ်သွားသည်။ ထိုဝါးဖေါင်ငယ်များ ပေါ်မှ ဝါးလုံးများ ကန့်လန့်ပြန်တန်းပြီး တဖက်ကမ်းဆီသို့ တံတားထိုးရသည်။ ဤသို့ဖြင့် ရေစီးကြမ်းသော ရွှေလီမြစ်အား ညအမှောင် လရောင်အောက်တွင်ဖြတ်သန်းကြသည်။

တံတားဖြစ်သွားသည်ဆို၍ စိတ်ချလက်ချဖြတ်သန်း၍ရသည်တော့ တံတားတာဝန်ယူသည့် ရဲဘော်များမှ မပြတ်စောင့်နေရ သည်။ တံတားသည် ပြင်းထန်သောရေစီးအောက်တွင် ခပ်လှုပ်လှုပ်။ လူတက်နင်းသည်နှင့် ဝါးတံတားကရေတွင်နစ်သည်။ရဲဘော်တစ်ယောက်လျင် ဆယ်ပေခန့်ခြား၍ ဝါးတံတားကို ခပ်ဖြေးဖြေးဖြတ်ကြရသည်။ ဝန်တင်လားမြင်းတွေက ထိုဝါးတံ တားပေါ်ဖြတ်မရ။ မြင်းပေါ်မှ ဝန်များကိုချ၍ မြင်းကို အလွတ်အတိုင်း မြစ်တွင်းမောင်းချကာ ဖြတ်ကူးစေရသည်။ လားမြင်းများ ပေါ်မှဝန်များကို ရဲဘော်များထမ်းဖြတ်ရသည်။ လက်နက်အပြည့်အစုံ ကျောပိုးအိတ်အပါ ချပ်ဝတ်အပြည့်အစုံနှင့် စစ်သည် များ မြစ်တွင်းပြုတ်ကျသည်ဖြစ်စေ နိုင်လွန်ကြိုးပြတ်၍ ဝါးတံတားပြတ်သည်ဖြစ်စေ အဆိုပါဝါးတံတားပေါ်မှသူများ ပြန်ပေါ် လာဖို့အကြောင်းမမြင်ချေ။

သို့သော် ညလုံးပေါက်နီးပါး ဖြတ်သန်းပြီးအဆုံးအရှုံးမရှိကျော်လွှားနိုင်ခဲ့ကြသည်။ အားလုံးဖြတ်သန်းပြီးတော့ ဝါးတံတားကိုဖျက်ဆီးကာမြစ်အတွင်းမျှောပစ်လိုက်ပြီး နောက်ကြောင်းရှင်းလိုက်ကြသည်။ မနက်မိုးလင်းတော့ ပူးတွဲတပ်ဖွဲ့ဝင်အားလုံး လန်းဆန်းနေသည်။ ကွတ်ခိုင် နန့်ခိုင်အနီးကားလမ်းအား၎င်း ရွှေလီမြစ်အား၎င်း ဖြတ်သန်းခဲ့ပြီးနောက် နေ့ရောညပါ ချီတက် ခဲ့ရသည့် ပင်ပမ်းမှုများ မေ့ပျောက်သွားကြသည်။ စိတ်လွတ်လပ် ပေါ့ပါးသွားကြသည်။ မနက်မိုးလင်းတော့ ကချင် ပြည်နယ် တောင်တန်းများပေါ်ရှိ တောင်ကမ်းပါးရံတခုပေါ်မှ မျောက်အုပ်ကြီးက ဆူညံစွာအော်ဟစ်ကြိုဆိုနေသည်ကို တွေ့ရသည်။ တောင်တောရယ်သာ မျောက်အုပ်ကမြူးဟု ဆိုရပေမည်။

● ယောယုံမြင်တိုင်း မျက်ရည်ဝိုင်းသည်
ထို့နောက် KIA/CPB ပူးတွဲတပ်ဖွဲသည် နမ့်ခမ်း ဗန်းမော်ကားလမ်းအား အနှောင့်အယှက်မရှိ ဖြတ်သန်းကာ တရုတ်နယ်စပ် နမ့်ဝမ်ချောင်းအတိုင်း မြောက်ဖက် လွယ်ဂျယ်အနီးသို့ချီတက်သွားကာ အသင့်စောင့်နေသော KIA ဗဟိုမှတပ်များနှင့် ၁၉၈၅ မတ်လဆန်းတွင်ပူးပေါင်းလိုက်သည်။

လွယ်ဂျယ်မရောက်မှီတနေရာတွင် CPB မြောက်ပိုင်းဗျူရိုမှ စစ်ဦးစီးမှူး စောထွန်းတင် လာရောက်ပူးပေါင်းသည်။ အလားတူ ပင် KIA ဗဟိုမှခေါင်းဆောင် လမုန်တူးဂျိုင် စစ်မြေပြင်တပ်မှူးအဖြစ် ဗိုလ်မှူးဆန်လီနှင့် KIA ဗဟိုမှ တပ်ရင်းတို့ပါ ရောက်ရှိ လာသည်။ ဤတွင် ပူးတွဲတပ်၏ရည်မှန်းချက်ကို အကောင်ထည်ဖေါ်ရန်ပြင်ဆင်ကြသည်။ ပူးတွဲတပ်၏ရည်မှန်းချက်မှာ ယောယုံ စခန်းအားတိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။

ယောယုံသည် တရုတ်နယ်စပ်အနီး လွယ်ဂျယ်ဒေသ အနောက်ဖက်ရှိ လွယ်ဂျယ်ဒေသကိုစိုးမိုးနေသော တောင်ကျောကြီး အစွန်မှ တောင်၏အမည်သညာဖြစ်သည်။ ဗန်းမော်မှ မိုးမောက်သို့လာပြီး အရှေ့ဖက်သို့တက်လျင် စိန်လုံကမ္ဘာတောင်ပေါ်သို့ရောက်သည်။ ထိုတောင်ကြောအတိုင်း အရှေ့ဖက်သို့လာလျင် ယောယုံတောင်အထိတဆက်စပ်ထဲရှိသည့် တောင်ကြော ဖြစ်သည်။ ယောယုံမှဆင်းလျှင် လွယ်ဂျယ်ကွင်းအတွင်းသို့ရောက်သည်။ ယောယုံသည် လွယ်ဂျယ်ကွင်းအား စိုးမိုးထားသည်။ သို့ဖြစ်ရာ ယောယုံတောင်ကုန်းပေါ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် လက်အောက်ခံ ခလရ ၄၇ မှတပ်ခွဲတစ်ခွဲ စခန်းထိုင် သည်။ ထိုယောယုံစခန်းအား တိုက်ခိုက်သိမ်းပိုက်ထိမ်းချုပ်နိုင်လျှင် လွယ်ဂျယ်ကွင်းအား ထိမ်းချုပ်၍ အခြေခံဒေသအဖြစ် တည်ဆောက်နိုင် ပြီဖြစ်သည်။

မြောက်ပိုင်းတိုင်း ဗန်းမော်စစ်ဗျူဟာအောက်ရှိအစိုးရတပ်များသည် ထိုစဉ်ကတပ်ခွဲအလိုက်စခန်းထိုင်ကြသည်။ ယောယုံ သည် ထိုအထဲမှစခန်းတခုဖြစ်သည်။ တောကြောပေါ်တွင် တပ်ခွဲမှူးဦးစီးပင်မတပ်ခွဲစခန်းထိုင်ပြီး တောင်ကြောဘေးရှိ တောင် ကုန်းငယ်ပေါ်တွင် တပ်ကြပ်ကြီး တစ်ဦးဦးစီး၍ တပ်စိတ်တစိတ် ကာကင်းအဖြစ် စခန်းထိုင်သည်။

ထိုအချိန်တွင် KIA/CPB ပူးတွဲတပ်အင်အားထောင်ချီ၍ ဗန်းမော်ကားလမ်းပေါ်ရှိ ကိုက်ထိပ်အနီးမှ ဖြတ်သန်းသွားပြီး အင်အားစုဖွဲ့နေသည်ကိုမပခ မှသိပြီး အာရုံစိုက်စစ်ရေးသတိရှိနေပြီဖြစ်သည်။ တပ်စခန်းအားလုံးအားလည်း တပ်လှန့် ထားသည်။ ညဘက် တဝက်အိပ် တဝက်နိုး စနစ်ကျင့်သုံးသည့်အပြင် စခန်းတွင်းရှိရဲဘော်အားလုံး မနက် ၄ နာရီတွင် အသင့်အနေအထားရှိစေသည်။ စခန်းတခုခုကို တိုက်မည်ကို တွက်ဆ၍ရနေပြီဖြစ်ပြီး မည်သည့်စခန်းဖြစ်မည်ကို တွက်ဆ နေကြသည်။ အရန်လှုပ်ရှားစစ်ကြောင်းများကိုလည်း စစ်ကူပေးနိုင်ရန် အသင့်ပြင်ဆင်ထားသည်။ ထိုစဉ် အစိုးရတပ်ရင်း တပ်ဖွဲ့အားလုံးလိုလိုသည် အင်အားဖွဲ့စည်းပုံပြည့်သည်။ တစ်ခွဲလျှင် စစ်သည် ၈၀ ခန့်ရှိသည်။

ပူးတွဲတပ်ဖွဲ့ကလည်း အင်အားပြည့်စုစည်းပြီးဖြစ်ရာ ယောယုံစခန်းအားတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ၁၉၈၅ မတ် လ ၂၁ ရက်ညတွင် ယောယုံစခန်းအားချဉ်းကပ်၍ မတ်လ ၂၂ ရက်အာရုံဦးတွင် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြသည်။ အစိုး ရ တပ်စစ်ကူများအားတားဆီးရန် စိန်လုံကဘာနှင့် ယောယုံကြား တောင်ကြောပေါ်တွင် ဒေသကျွမ်းကျင်သော KIA တပ်ဖွဲ့ များက တာဝန်ယူပြီး ရှမ်းပြည်မှလာသော ပူးတွဲတပ်ဖွဲ့က စခန်းအား တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဆက်လက်ဖေါ်ပြပါမည်။

photo credit Mungdungla Wawhkyung