မောင်မောင်စိုး - ကချင်တိုင်းရင်းသား လက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း ( ၆ )
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၆
ဖြည့်စွက်ချက် - လမုန်တူးဂျိုင် ( နောင် KIO ဥက္ကဌ ကွယ်လွန် ) သည် မုန်လုံသုံးဆင့် ကေဒါကျောင်း ပထမပတ်မှဟု ပြင်ဆင်အပ်ပါသည်။ အဆိုပါသုံးဆင့်ကေဒါ ပထမပတ်တွင် ဗိုလ်မှူးဇော်အိမ်လည်း ပါဝင်သည်။ ဗိုလ်မှူးဇော်အိမ်သည်ထိုစဉ်က KIA တပ်မဟာ ၃ မှူးဖြစ်ပြီး နောင်တွင် KIA ဒုစစ်ဦးစီးချုပ် VCS တာဝန်ယူခဲ့ပါသည်။
CPB ၏ KIA သို့ လက်နက်အကူအညီ
KIA တို့ ကောက်ကွတ်သင်တန်းကျောင်းအား အလေးထားခြင်းမှာ အကြောင်းမဲ့တော့မဟုတ်ပေ။ မုန်လုံသင်တန်းကျောင်းမှ အရာရှိများအား CPB သင်တန်း ၅ လပြီးလျင် တရုတ်ပြည်သို့ ၁ လလှည့်လည် ကြည့်ရှုရေးသွားရသော်လည်း၊ ကောက်ကွတ် ကျောင်းသင်တန်းဆင်းများအတွက် ထိုကဲ့သို့သော အစီအစဉ်မရှိ။ သို့သော် ထူးခြားသည့် အစီအစဉ်ရှိသည်။ ၎င်းမှာ သင်တန်းဆင်းပွဲပြီး၍ နောက်တနေ့တွင် လက်နက်တပ်ဆင်ပေးခြင်းဖြစ်သည်။
သင်တန်းလေးပတ်စလုံး တပတ်လျင် တပ်ခွဲ ၂ ခွဲစာ လက်နက်တပ်ဆင်ပေးသည်။ သို့သော် တပ်ခွဲဖွဲ့စည်းပုံမှာ တရုတ်တပ်ခွဲ ဖွဲ့စည်းပုံအတိုင်း တခွဲစာဆိုလျင် လက်နက်ငယ်မျိုးစုံ ၁၂၀ ကျော်ရှိရာ သင်တန်း တစ်ပတ်လျင် လက်နက်ငယ်မျိုးစုံ ၂၅၀ ခန့်တပ်ဆင်ပေးခဲ့သည်။
တပ်ဆင်ပေးသော လက်နက်ငယ်များမှာ M20 ပစ္စတို M21 semi auto မောင်းပြန်ရိုင်ဖယ် M22 fully auto မောင်းပြန်ရိုင်ဖယ် M14 fully auto မောင်းပြန်ရိုင်ဖယ် M23 စက်ကလေး M 40 ပုခုံးထမ်းလောင်ချာ( ဘဇူကာ ) 60 mm မော်တာ တို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ကျည်ဆံ၊ ကျည်ကပ်၊ ချပ်ဝတ်တန်ဆာ (equipment) တပ်ခွဲသုံး ဆေးအိတ် အစရှိသည်တို့ပါ တပါတည်း တပ်ဆင်ပေးခဲ့သည်။
သို့ဖြစ်ရာ ကောက်ကွတ်သင်တန်း လေးပတ်အတွင်း KIA သင်တန်းဆင်းများ မှတဆင့် လက်နက်ငယ်မျိုးစုံ ၁၀၀၀ ခန့်တပ်ဆင်ပေးခဲ့သည်။ ထို့ပြင် ထိုစဉ် KIA ဌာနချုပ်ရှိရာ ပါကျောက်၊ နားဖေါ့သို့ လက်နက်ငယ် တပ်မဟာတစ်ခုစာနှင့် လက်နက်ကြီး တပ်ရင်းတစ်ရင်းစာ ထပ်မံပို့ ပေးခဲ့သေးသည် ဟု ဆိုပါသည်။ လက်နက်ကြီးများမှာ 57 mm၊ 75mm နောက်ပွင့်အမြောက်များနှင့် 82 mm မော်တာများဖြစ်သည်။ ဤသို့ဖြင့် KIA သည်လည်း ထိုင်းနယ်စပ်ထိလည်း ပင်ပမ်းတကြီး သွားသယ်စရာမလို ငွေကြေးပေးဝယ်စရာလည်း မလိုဘဲ
CPB ထံမှ လက်နက်အမြောက်အများရခဲ့သည်ဟု ဆိုရမည်။သို့သော် KIA တို့အနေနှင့် ထိုင်းနယ်စပ်လမ်းကြောင်းအား ဖြတ်တောက်မပစ်ပေ။ ဆက်လက်၍ ရတတ်သမျှ သုံးနေဆဲဖြစ်သည်။
KIA တို့အနေနှင့် ထိုသင်တန်းကျောင်း ၂ ခု အပြင် ၁၉၇၉ CPB ပန်ဆန်း ဗဟို၌ ဒေါက်တာလှကျော်ဇောဦးစီးဖွင့်လှစ်သည့် ဆေးကျောင်းသို့ လည်း သင်တန်းသားများစေလွှတ်ခဲ့သည်။
ထိုပြင် သုံးဆင့်ကေဒါ သင်တန်းကျောင်းပြီးသွားသောအခါ နောက်ဆုံးသင်တန်းကျောင်းအုပ် အဖြစ်တာဝန်ယူခဲ့သူ CPB အရန်ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်သည် KIA ဗဟိုဌာနချုပ်တွင် CPB ကိုယ်စားလည်အဖြစ်သွားရောက် တာဝန်ယူခဲ့ပြီး KIA ဌာနချုပ်တွင်ပင် ရောဂါနှင့် ကွယ်လွန်ခဲ့သည်။
KIA ဗဟိုဌာနချုပ်နှင့် ဗဟိုတပ်များ
ထိုစဉ်က KIA ဗဟိုဌာချုပ်အား ပါကျောက်၊ နားဖေါ့ဒေသတွင် ဖွင့်လှစ်ထားသည်။ ၁၉၇၆ ထိ KIAသည် တပ်မဟာ ၄ ခုနှင့် တပ်ရင်း ၁၁ ရင်း ဖွဲ့စည်းထားသော်လည်း ဗဟိုမှ တိုက်ရိုက် ကိုင်သော သီးသန့်တပ်ရင်းဟူ၍ မရှိပေ။ သက်ဆိုင်ရာနယ်မြေအလိုက် ဖွဲ့စည်းထားသော တပ်ရင်းများကို စစ်ဆင်ရေးလိုအပ်ချက်အရ စုစည်း
ခြင်းမျိုးသာရှိခဲ့သည်။
၁၉၇၇ မှစ၍ ကောက်ကွတ်သင်တန်းဆင်း တပ်ရင်းများနှင့် လက်နက်များကို အခြေပြု၍ ဗဟိုတပ်
များကို ဖွဲ့စည်းခဲ့သည်။ ကောက်ကွတ် သင်တန်းဆင်း ၄ ပတ်အား အခြေပြု၍ ရင်း 251/ 252/ 253/
254 တို့ကို ဖွဲ့စည်းခဲ့သည်။ ထို့အတူ ထိုစဉ် KIA စစ်ဦးစီးချုပ် တာဝန်ယူထားသူ ဗိုလ်ဇော်မိုင်း ဦးစီး
၍ ထိုဗဟိုတပ်များကိုကိုင်ပြီး တိုက်ပွဲများဖေါ်ခဲ့သည်။ နားလုံ စခန်းသိမ်းတိုက်ပွဲ ၊ ဖါးကန့်ကားလမ်းတွင်
စစ်ကြောင်းတခုအား လမ်းဖြတ်ခြုံခိုတိုက်ခိုက်ခြင်း တို့မှာ ထင်ရှားသည်။
နားလုံစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီးနှင့် ခြေလျင်ပေါင်းစပ်ပြီး တိုက်သောတိုက်ပွဲဖြစ်ပြီး KIA ၏ သမရိုးကျ ပြောက်ကျားစစ်မှ သွေဖီလာ သည့် ပုံမှန်စစ်ဆင်ခြင်းဖြစ်သည်။ သို့သော် ထိုတိုက်ပွဲသည် အောင်မြင်မှု မရခဲ့ပေ။ စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ ။ အတွေ့ကြုံကောင်းသာ ရခဲ့သည်ဟုဆိုရမည်။ ဖါးကန့်ကားလမ်း လမ်းဖြတ်တိုက်ပွဲကတော့ စိတ်ရှည်စွာ စောင့်စား အပင်ပမ်းခံနိုင်မှုကြောင့် အစိုးရစစ်ကြောင်းတစ်ကြောင်းလုံးအား အောင်မြင်စွာ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ထိုကာလက တပ်မဟာ ၂ မှဗိုလ်မှူး လခန်ပန်းအောင် ဦးစီးသည့် ခန္တီးမြို့သိမ်း တိုက်ပွဲကတော့ အောင်မြင်ခဲ့သည်။
တိကျသော ခုနှစ်သက္ကရာဇ်များဖေါ်ပြရန်အတွက် ပုံရိပ်များသည် ဝေဝါးခဲ့ပြီဖြစ်သည်။ သို့သော် ဤအဖြစ်အပျက်များသည် အိပ်ရာဝင် ပုံပြင်များ၊ ယုံတမ်းပုံပြင်များ လုပ်ဇတ်များတော့မဟုတ်ခဲ့ပါပေ။
KIA မှ CPB သို့ပေးသောအကူအညီ
CPB မှ KIA သို့အကူအညီပေးသည့်နည်းတူ KIA မှ CPB သို့ အကူအညီ ပြန်ပေးသည့် အကြောင်းအချင်းအရာများလည်း ရှိခဲ့သည်။ ၁၉၇၉ ခုနှစ် ပန်ဆန်း၌ပြုလုပ်သော CPB ဗဟိုကော်မတီ ဆွေးနွေးပွဲပြီးနောက် CPB သည် နောက်ခြေလှမ်းများအတွက် CPB အလယ်ပိုင်းဗျူရိုနှင့် မြောက်ပိုင်းဗျူရို ပါတီပေါလစ်ဗျူရိုဝင်များဦးဆောင်ဖွဲ့စည်းခဲ့သည်။
CPB မြောက်ပိုင်းဗျူရိုအား ရဲဘော်အောင်ခေါ် ဗိုလ်မျိုးမြင့် ၊ အသားမဲ ( ကွယ်လွန်) က ဦးဆောင်ကာ ဗဟိုကော်မတီဝင် ရဲဘော်ဖေသောင်း၊ ရဲဘော် စိုင်းအောင်ဝင်း( ရှမ်းကျောင်းသား) တို့နှင့်ဖွဲ့စည်းခဲ့သည်။ ဗိုလ်မျိုးမြင့်နှင့် ရဲဘော်ဖေသောင်းတို့မှာ မူလက CPB မြစ်ဖျားတိုင်းမှ လူဟောင်းများဖြစ်ကာ မြောက်ပိုင်းတိုင်း၏ နိုင်ငံရေး စစ်ရေးရည်မှန်းချက်အဖြစ် CPB မြစ်ဖျားတိုင်းအား ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားရှိ၍ ၎င်းတို့အား ရွေး ချယ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ CPB မြောက်ပိုင်းဗျူရိုအား သံလွင်အနောက်ခြမ်းရှိ မုန်းကိုးတွင် အခြေစိုက်ခဲ့ပြီး မြောက်ပိုင်းဗျူရိုလက်အောက်တွင် ယခင်အရှေ့မြောက်စစ်ဒေသမှ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်နှင့် ခရိုင်တပ်များ၊ မုန်းပေါ်ဒေသတွင် အခြေစိုက်သည့် တပ်မဟာ ၂ နှင့် သူ၏ လက်အောက်ခံတပ်များဖြစ်သည့် ရင်း ၃၀၃၁/ ၃၀၃၅/ ၃၀၃၇/ ၁၀၇ တပ်ရင်းများ နှင့် ရွှေလီချိုင့်ဝှမ်းဂွင်တွင် လှုပ်ရှားသည့် ၂၀၂ စစ်ဒေသတို့အား ထည့် သွင်းဖွဲ့စည်းခဲ့သည်။ မြောက်ပိုင်းဗျူရိုအနေနှင့် မူလရှိပြီးဒေသများအပြင် မြစ်ဖျားတိုင်းကိုပါ တိုးချဲ့ရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။
မြစ်ဖျားတိုင်းဆိုသည်မှာ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ မော်လိုက်ဒေသကို ဆိုလိုခြင်းဖြစ်သည်။ ထိုဒေသကို ကိုယ်တိုင်သွားရောက် အကောင်အထည်ဖေါ်နီုင်မည့် မြစ်ဖျားတိုင်းမှ တပ်မှူးဟောင်း ဗိုလ်ကျော်မိုး ခေါ် ဗိုလ်အောင်ကျော်မိုးနှင့် ဗိုလ်အိုက်အောင် ခေါ် ရဲဘော်ယုအောင် တို့သည်လည်း အရှေ့မြောက်နယ်စပ်သို့ ပြန်လည်ရောက်ရှိ ပြန်လည်ရောက်ရှိနေသည်ဖြစ်ရာ ရေကန်အသင့် ကြာအသင့်ဟု ဆိုရမည်။
သို့ဖြင့် CPB မြောက်ပိုင်းဗျူရိုသည် နိုင်ငံရေးမှူး ဗိုလ်ကျော်မိုး၊ တပ်မှူး ဗိုလ်အိုက်အောင်တို့ ဦးစီးသည့် ၁၈၀ တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထို ၁၈၀ တပ်ဖွဲ့ ဖွဲ့စည်းရာတွင် ၁၉၇၇ အောက်တိုဘာ၌ CPB သို့ ရောက်ရှိလာသည့် ၇၇၁၀ တပ်ဖွဲ့ဝင်၊ ၃၀ ခန့်အား အခြေပြု ဖွဲ့စည်းခဲ့သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် CPB ၏ တပ်သားအများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများသာဖြစ်ပြီး မိုးကောင်းမှ ကျောင်းဆရာတစ်ဦးလည်းဖြစ် ရှမ်းနီ တစ်ဦးလည်းဖြစ်သူ စိုင်းခမ်းလွယ် ဦးစီးသည့် ၇၇၁၀ တပ်ဖွဲ့မှာ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် စသည့် သံလမ်းရိုးတလျောက်မှ ရှမ်းနီရဲဘော်များနှင့် ဖွဲ့စည်းထားသည် ဖြစ်ရာ မြစ်ဖျားတိုင်းသို့ ထိုးဖေါက်မည့် တပ်ဖွဲ့အတွက် လိုက်ဖက်သည့် ရဲဘော်များ ဖြစ်သည်ဟု ဆိုရမည်။
မြစ်ဖျားတိုင်းအား နယ်မြေကျွမ်းကျင်သည့် တပ်မှူးတပ်သားများရှိသော်လည်း CPB အတွက် အခက်ခဲမှာ မူစယ် အရှေ့မြောက်ဖက်ရှိ မုန်းကိုးဒေသမှ အင်းတော်၊ ဗန်းမောက်ဒေသထိ သွားရမည့် ခရီးကွာဝေးလှသည့်အပြင် သတင်းမပေါက်ကြားစေရန်လည်း လိုအပ်သည်။ လမ်းခရီးတွင် KIA လှုပ်ရှားစိုးမိုးသည့် ဒေသများကိုဖြတ်သန်းရမည်ဖြစ်ရာ KIA ၏အကူအညီ အထူးလိုအပ်ခဲ့သည်။
၁၈၀ တပ်ဖွဲ့သွားမည့်လမ်းကြောင်းမှာ မူစယ် အရှေ့မြောက်ရှိ မုန်းကိုးမှ ကွတ်ခိုင် နန့်ဖတ်ကာ ကြားကားလမ်းအားဖြတ်၍ KIA နှင့် CPB တို့ ဆက်စပ်လှုပ်ရှားရာ ရွှေလီချိုင့်ဝှမ်းသို့၎င်း ထိုမှတဆင့် ရွှေလီမြစ်အား ဖြတ်၍ နမ့်ခမ်းနှင့် ဗန်းမော်ကြားသို့၎င်း ထိုမှတဆင့် မိုးမောက် မြို့သစ် ဘက်သို့ ထောင်တက်၍၎င်း၊ ထိုမှတဆင့် ဆင်ဘိုအောက်ဖက်မှ ဧရာဝီမြစ်အနောက်ဖက်သို့ ဖြတ်၍ ကောက်ကွေ့၊ ချောင်းဂွင်သို့၎င်း၊ ထိုမှ မိုးညှင်း၊ မိုးကောင်း၊ မီးရထားလမ်းအားဖြတ်၍ သံလမ်းရိုးအနောက်ခြမ်းသို့၎င်း၊ ထိုမှ အင်းတော် ဗန်းမောက်နယ်သို့၎င်း ထိုးဆင်းရန် လမ်းကြောင်း ရွေးချယ်ခဲ့သည်။ မုန်းကိုးမှ ထွက်ပြီး မိုးညှင်း၊ မိုးကောင်း သံလမ်းရိုး အနောက်ခြမ်းအထိ KIA ၏ဒေသများ ဖြစ်ရာ ၁၈၀ တပ်ဖွဲ့ ထိုးဖေါက်သွားလာရေးအတွက် KIA ၏ အကူအညီက အရေးပါခဲ့၏။

ရှည်လျားသော လမ်းခရီးတွင် သတင်းလုံခြုံရေးအတွက်ပါ CPB ၁၈၀ တပ်ဖွဲ့သည် မုန်းကိုးမှထွက်ပြီး မကြာခင်ပင် KIA ယူနီဖေါင်း ပြောင်းဝတ်၍ ၁၉၈၁ အတွင်း ထွက်ခွါခဲ့ကြသည်။ ၎င်းတပ်ဖွဲ့သည် ကွတ်ခိုင်/ မူစယ်ကားလမ်း ရွှေလီမြစ် ဗန်းမော်/ နမ့်ခမ်း ကားလမ်း၊ ဗန်းမော်၊ မြစ်ကြီးနား ကားလမ်း၊ ဧရာဝတီမြစ် မြစ်ကြီးနား - မန္တလေးရထားလမ်း၊ စသည်တို့ကို KIA အကူအညီဖြင့် သတင်းမထွက်ဘဲ သေနတ်သံတချက်မထွက်ဘဲ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ KIA တို့၏ နယ်မြေ ကျွမ်းကျင်ပိုင်နိုင်မှု သတင်းလုံခြုံစိတ်ချမှု အတွက် အသိမှတ် ပြုလောက်ပါပေသည်။
သို့သော် CPB ၁၈၀ တပ်ဖွဲ့ ကံမကောင်းခဲ့ဟု ဆိုရမည်။ မီးရထားလမ်းကူး၍ မိုးကောင်းအနောက်ခြမ်းသို့ရောက်ပြီး မကြာမီ ရဲဘော်ကျော်မိုး၏ဆက်သားဖြစ်သူမှာ အစိုးရထံ လက်နက်ချသွားသည်။ သူနှင့်အတူ ရဲဘော်ကျော်မိုး၏ စာရွက်စာတမ်းများ ပါသွားရာ အစိုးရထံ သတင်းပေါက်သွားတော့သည်။ တကယ်တော့ ၁၉၈၀ ခုနှစ် ၁၈၀ တပ်ဖွဲ့ စဖွဲ့ကထဲက မြစ်ဖျားတိုင်းသို့ CPB တို့ထိုးဖေါက်လာမည်ကို သိထားသော အစိုးရတပ်များကလည်း ပြင်ဆင်မှုရှိပြီး ဖြစ်သည်။ သတင်းရသည့် ညတွင်းချင်းပင် တပ်မမှူး ဗိုလ်မှူးကြီးဖုန်းမြင့် (နောင် နဝတ ပြည်ထဲရေးဝန်ကြီး) ဒုတပ်မမှူး ဗိုလ်မှူးကြီး တင်ဦး(နောင် နဝတ တွင်း ၂) တို့ ဦးစီးသည် တပ် မ ၅၅ ဖြင့် ဝိုင်းပတ် ချေမှုံးရေး လုပ်တော့သည်။ မပခ - တိုင်းတပ်များက အပေါ်က ပိတ်၊ နမခ တိုင်းတပ်များ
က အောက်ဘက် ပိတ်ပြီး၊ တပ်မ ၅၅ က ထိုးစစ်ဝင်သည်။ ပင်လယ်ဘူး၊ ဗန်းမောက် နယ်ထဲရှိ ယခင် မြစ်ဖျားတိုင်း CPB လူဟောင်းများကို စုစည်း ထိမ်းသိမ်းလိုက်ပြီး နယ်ခံ ထောက်ခံအားပေးမည့်သူများနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီး တပ်မ ၅၅က ထိုးစစ်ဝင်သည်။ တပ်မ ၅၅ အောင်မြင်မှုရခဲ့သည်။ ထို စစ်ဆင်ရေးတွင် ပါဝင်သူများ ချီးမြှောက်ခံရသည်။ ထိုစစ်ဆင်ရေးတွင်ပါဝင်သော ခမရ ၁၈ ရင်းမှူး ဗိုလ်မှူးဝင်းမြင့် သည် နောင် နဝတ S 3 အထိ တက်လှမ်းခဲ့သည်။
CPB ၁၈၀ အတွက်တော့ အထိနာသည်။ လပိုင်းအတွင်း နိုင်ငံရေးမှူး ရဲဘော်ကျော်မိုး၊ တပ်မှူး ရဲဘော်ယုအောင် အပါ အများအပြား ကျဆုံးသည်။ ကျန်တပ်ဖွဲ့ဝင်များ အကွဲကွဲအပြား ဆုတ်ခွါ ရသည်။ အောင်မြင်စွာ ဆုတ်ခွါနိုင်ခြင်းမျိုးတော့ မဟုတ်။ အကွဲအပြားပြား ဆုတ်ခွါလာသူများ မြောက်ဖက်သို့ ဆုတ်ခွါရင်း KIAနယ်ထဲသို့ ရောက်ရှိရာ KIA ရိက္ခာ၊ ယူနီဖေါင်း၊ နေစရာမှအစ အစစအရာရာ စီစဉ်၍ ပြန်လည်ကူညီပေး
ရသည်။ ထိုရဲဘော်များအား ပြန်လည်စုစည်းပေးပြီး CPB မြောက်ပိုင်းဗျူရိုသို့ ပြန်ပို့ပေးရသည်။ CPB ၁၈၀ တပ်ဖွဲ့အား အစ အဆုံး KIA တို့ ကူညီလိုက်ရသည်ဟု ဆိုရမည်။ ထိုစဉ် KIA တပ်မဟာ ၂ ၌ ဒု တပ်မဟာမှူး BM အဖြစ်တာဝန်ယူနေသူ ဗိုလ်မှူး လခန်ပန်းအောင်မှ အတော်လေး အလေးထား ကူညီပေးခဲ့သည်။
ထိုမျှနှင့်မပြီးသေး။ CPB အနေနှင့် အဆုံးအရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မြစ်ဖျားတိုင်းတိုးချဲ့ရေးအား လက်မလျော့ခဲ့။ ၁၈၀ တပ်ဖွဲ့ ဒုတပ်မှူး တာဝန်ယူခဲ့သူ ရဲဘော်အောင်နိုင်မှ ဆက်လက်ဦးစီး၍ ၁၀၂ တပ်ဖွဲ့ငယ်ဖြင့် မိုးညှင်းအနောက် နန့်စီမှော် ဒေသအား အခြေပြု၍ ပြန်လည်ထိုးဖေါက်ရန် ၁၉၈၂/ ၈၃ မှ စ၍ ပြန်လည်ကြိုးပမ်းရာ KIA တို့ ဆက်လက်ကူညီပေးခဲ့ရသည်။ သွားလာရေး၊ ရိက္ခာတို့အပြင် ဖျားနာသူများအား ဆေးဝါးကုသပေးခြင်းတို့ပါ တာဝန်ယူပေးခဲ့သည်။
CPB ရဲဘော်တစ်ဦးမှ KIA နာဖေါ့ဌာနချုပ်ရှိ KIA ဆေးဆရာမလေးများထံ B 6 သွားတောင်းရာ B 6 မရှိဟု ဆရာမလေးများက ဆို၍ ဒါဆိုလဲ B 1 ခြောက်လုံးပေးပါဟုဆိုခဲ့သဖြင့် KIA ဆေးဆရာမလေးများ အာရုံနောက်ခဲ့ရဘူးသည်။
(ဆက်လက်ဖေါ်ပြပါမည်)
photo credit Mungdungla Wawhkyung