မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၃)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၃)
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
 
● မရန်ဘရန်ဆိုင်း
KIA အတွင်းစောစွာကပင် နိုင်ငံတကာဆက်ဆံရေးကို တာဝန်ယူခဲ့သူ မရန်ဘရန်ဆိုင်းသည် ၁၉၇၆ မှစ၍ KIO ဥက္ကဌ တာဝန်ယူခဲ့သည်။ KIO အတွက် အရေးကြီးသည့်နိုင်ငံရေးအလှည့်အပြောင်းကာလများတွင် လိမ္မာပါးနပ်စွာ ခေါင်း ဆောင် နိုင်သူဟုဆိုရမည်။ CPB နှင့်တပ်ပေါင်းစုဖွဲ့နေစဉ်ကာလအတွင်း ထိုင်းနယ်စပ်ရှိ KNU ဦးစီး၍ ဖွဲ့စည်းနေသော အမျိုးဒီမို ကရေစီတပ်ပေါင်းစုခေါ် မဒတတွင်ပါဝင်ခဲ့ပြီး မဒတမြောက်ပိုင်း၏ခေါင်းဆောင်နေရာကို ရယူနိုင်ခဲ့သည်။

ထို့ပြင် ထိုင်းနယ်စပ်မှတဆင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကိုတိုးချဲ့ပြီး နိုင်ငံတကာတွင် မဟာမိတ်များထောက်ခံသူ များရှာဖွေခဲ့သကဲ့သို့ KIA ၏အနေအထားကို ရှင်းပြနိုင်ရန်ကြိုးစားခဲ့သည်။ ၁၉၉၀/၉၁ များက ဥရောပနိုင်ငံများသို့ သွား ရောက်နိုင်ခဲ့သည်ဟုဆိုပါသည်။ သူ၏နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းများအား ဒေါက်တာတူးဂျာ ဒေါက်တာလဂျာတို့အား ဆက် လက်တာဝန်ယူခဲ့စေသူဖြစ်သည်။

၁၉၈၂ လောက်မှစ၍ KIO ကုန်သွယ်ရေးဌာနဖွင့်ကာ ဖါးကန့်ဒေသမှ ကျောက်စိမ်းများအား တရုတ်ပြည်သို့ပို့ဆောင်ရောင်းဝယ်ရေးကို ကိုယ်တိုင်ဦးဆောင်ခဲ့ကာ KIA ဘဏ္ဌာရေးပြဿနာကိုဖြေရှင်းနိုင်ရန်ကြိုးစားခဲ့သူလည်းဖြစ်သည်။ KIOအတွင်း ရိုသေလေးစားမှုခံရသူလည်းဖြစ် သြဇာရှိသူလည်းဖြစ်သည့် ဥက္ကဌ မရန်ဘရန်ဆိုင်းသည် နဝတအစိုးရနှင့်အပစ်ရပ်ပြီး မကြာမှီ ၁၉၉၄ ခုနှစ် သြဂုတ်လ ၈ နေ့တွင် ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။

ယခင်အခါက လက်နက်ကိုင်သူပုန်ဗိုလ်များအား ကာတွန်းရုပ်ပြောင်ဆွဲ၍ သရော်လျှင် ရုပ်ရည်ခပ်ကြမ်းကြမ်းမျက်နှာတွေ ဒဏ်ရာဒဏ်ချက်နှင့် ပလာစတာကို ကြက်ခြေခတ် ကပ်ထားလိုက်သေးသည်။ ခါးတွင် ကျည်ဆံများပတ်ချာလည်ချိတ်ထား သောခါးပတ်ကိုပတ်၍ ခြောက်လုံးပြူးချိတ်ထားသည့်ပုံမျိုးဖြင့် သရုပ်ဖေါ်လေ့ရှိကြသည်။

တကယ်တော့ မရန်ဘရန်ဆိုင်း လမုန်တူးဂျိုင်လယော်ဇောင်းဟရာ မရန်ဘရန်တောင် စသည့် KIA ခေါင်းဆောင်များကို KIA ယူနီဖေါင်းနှင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့်သာတွေ့ကြပါက မည်သူမျှ သူတို့အား သူပုန်ခေါင်းဆောင် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု၏ခေါင်းဆောင်ဟု ထင်မည်မဟုတ်ပေ။ ဘာသာရေးကိုင်းရှိုင်းသော ဆက်ဆံရေးသိမ်မွေ့နူးညံ့သော လူကြီးလူ ကောင်းဆန်သော ကချင်လူကြီးများဟုသာ ယူဆပေလိမ့်မည်။ ထိုသူတို့ ကား KIA အတွင်း လူကြီးလူကောင်းဆန်သော သူများဖြစ်ကြသည်။

ထိုစဉ်ကာလက KIA အတွင်း smart ကျသူဟုဆို၍ရသည့် KIA ခေါင်းဆောင်တစ်ဦးမှာ လခန်ပန်းအောင်ဖြစ်သည်။ သူသည် KIA အတွင်းတပ်ရင်းမှူး တပ်မဟာမှူး ခံစစ်ဗျူဟာမှူးစစ်ဦးစီး ပထမတန်း ဂျီဝမ်းတာဝန်ယူခဲ့သူဖြစ်သည်။ သူသည်ပေါ့ပါး ဖျတ်လတ်စွာ နေထိုင်လှုပ်ရှားတတ်သူ ကိန်းကြီးခန်းကြီး မဆန်သူဖြစ်သည်။ တပ်သားထု လူထုအတွင်းသာမက မဟာမိတ်တပ်ဖွဲ့များနှင့်ဆက်ဆံရာတွင်မှာ ဝင်ဆန့်သူ ဆက်ဆံရေးကောင်းသူ နွေးထွေးသူ ရင်းနှီးဖေါ်ရွေသူဖြစ်သည်။ ထို့ကြောင့် တပ်ထု လူထု၏ ချစ်ခင်လေးစားမှုသာမက မဟာမိတ်တပ်များ၏လေးစားမှုပါရသူဖြစ်သည်။ သို့သော် သူ့တွင် ပုဂ္ဂိုလ်ရေး အားနည်းချက်တခုရှိရာ KIA ထိပ်တန်းခေါင်းဆောင်အဖြစ် တက်လှမ်းရာတွင် အကန့်အသတ်ဖြစ်ခဲ့ပုံရသည်။ သူ၏ပုဂ္ဂိုလ်ရေး အားနည်းချက်သည် အခြားသူများအား ထိခိုက်မှုမရှိသော်လည်း သူတက်လမ်းကိုထိခိုက်စေသည်သာမက စောစီးစွာ ကွယ် လွန်သွားခဲ့သည်။

၁၉၉၇ နိုဝင်ဘာ ၁၀ ရက်နေ့တွင်ကွယ်လွန်သွားသည်ဟု ကြားသိရသည်။ နောက်ပိုင်းKIA မျိုးဆက်သစ်ခေါင်းဆောင်ပိုင်း တွင် လခန်ပန်းအောင်ကဲ့သို့ smart ကျသော ခေါင်ဆောင်များစွာထွက်ပေါ်လာသည်ကိုတွေ့ရပါသည်။

KIA ၌ ခပ်ကြမ်းကြမ်းခေါင်ဆောင်သူများ မရှိ၍မဟုတ်။ အင်ခွန်ဇော်မိုင် ဂျေဆန်လီ လဇိန်ဘောက်ဝါ စသူများသည် ခန္ဓာ ကိုယ်တောင့်တင်း၍ သန်စွမ်းသူများဖြစ်သကဲ့သို့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းဝုန်းဒိုင်းကျဲ လုပ်ဆောင်တတ်သူများ ဟုဆိုရ မည်။ KIA ၏ လူကြမ်းမင်းသားများဖြစ်ကြသည်။ ထိုလူကြမ်းမင်းသားများသည်ပင် အနီးကပ်ကြည့်လျှင် နူးညံ့သော စိတ်ခံ စားချက်များကိုတွေ့ရနိုင်ပါသည်။ အချို့ KIA ဗိုလ်တို့ကတော့ ဂိုက်ဆိုက်များလွန်းသည်။ ယနေ့ခေတ်စကားနှင့်ဆိုလျှင် ပဲများလွန်းလှသည်။ သို့သော် ထိုသူတို့ကား အနည်းစုသာဖြစ်ပေသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည်မဟုတ်ပါလော။

● KIA ( 1994-2011 )
၁၉၉၄ မှ ၂၀၁၁ အထိ ၁၇ နှစ်တာကာလသည် KIA နှင့် အစိုးရအပစ်ရပ်ထားသည့်ကာဖြစ်သည်။ နိုင်ငံရေးပြဿနာများကို နောင်တက်သည့်အရပ်သားအစိုးရလက်ထက်တွင် ဆွေးနွေးရန်သဘောတူထားကြသည်။ ဤသို့နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၇ တာမျှ သေနတ်သံတိတ်ခဲ့ပေတော့သည်။

၁၉၉၄ မှ ၂၀၀၅ အထိကား KIA ခေါင်းဆောင်ပိုင်းမတည်ငြိမ်ခဲ့ပေ။ မရန်ဘရန်ဆိုင်း ကွယ်လွန်ပြီးနောက် အင်ခွန်ဇော်မိုင်က KIO/KIC/KIA တခုလုံးကိုချုပ်ကိုင်ခဲ့သည်။ အပစ်ရပ်ကာလအစောပိုင်းဖြစ်သည့် အားလျော်စွာ အခြေအနေက မတည် ငြိမ်သေး။ ဗိုလ်ချုပ်အင်ခွန်ဇော်မိုင်၏ ခပ်ကြမ်းကြမ်းအုပ်ချုပ်မှုကို ကြိုက်သူရှိသလို မကြိုက်သူလည်းရှိသည်။ အချို့ကိစ္စများ တွင် လွန်သည်ဟု ယူဆသူများလည်းရှိသည်။ ၁၉၈၀ မတိုင်မှီက KIOတည်ထောင်ရာတွင်ပါခဲ့သူ လားမားလရိန်ကို အ ရေး ယူရာတွင်လည်း ဗိုလ်ဇော်မိုင်၏ အရေးယူချက် ပြင်းထန်လွန်းသည်ဟုယူဆသူများရှိသည်။ လာမားလရိန်အား နောင်တွင် ပြန်လည်သူကောင်းပြု အသိမှတ်ပြုခဲ့ကြသည်။

ထို့ပြင် အပစ်ရပ်ကာလအတွင်း စီးပွါးရေးလုပ်ဆောင်မှုများ မြစ်ဆုံအထက် ရွှေတူးဖေါ်မှုများနှင့်ပတ်သက်ပြီး မကျေလည်မှု များပြားခဲ့သည်ဟုဆိုကြသည်။ ဤသို့နှင့် ၂၀၀၀ ပြည့်နှစ်တွင် KIA အတွင်း ခေါင်းဆောင်အပြောင်းအလဲဖြစ်သည်။ ဗိုလ် ဇော်မိုင်အား အင်အားသုံးဖယ်ရှားခဲ့ကြသည်။ ဤအဖြစ်အပျက်အားဦးဆောင်သူမှာ ဗိုလ်အင်ဘန်လဖြစ်သည်ဟု အများက သတ်မှတ်သည်။ ဗိုလ်အင်ဘန်လသည် အများစုထောက်ခံမှုရလိုက်ပုံရသည်။ သွေးထွက်သံယိုမရှိဘဲ ဗိုလ်ဇော်မိုင်ကို ဖယ် ရှားနိုင်ခဲ့ကြသည်။ KIO ဥက္ကဌအဖြစ် လမုန်တူးဂျိုင်ဖြစ်လာပြီး အင်ဘန်လက စစ်ဦးစီးချုပ် CS နှင့် နောင်တွင် KIC ဒုဥက္ကဌ တာဝန်ယူသည်။

သို့သော် တည်ငြိမ်မှုကားမရသေးပေ။ ၂၀၀၄ နှစ်ဆန်းပိုင်းတွင် KIA စစ်ဦးစီး ပထမတန်း ဂျီဝမ်းအဖြစ်တာဝန်ယူသူ လဇိန် ဘောက်ဝါသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင်ပင် ဗုံးခွဲလုပ်ကြံခံရသည်။ လက်သည်မပေါ်ခဲ့ပေ။ ထို့နောက် KIA ထောက် လှမ်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးအဆင့်ရှိ လဆန်အောင်ဝါဦးစီး၍ အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခု ၂၀၀၅ တွင် ပေါ်ပေါက် ခဲ့သည်။ သို့သော် အင်ဘန်လအားထောက်ခံသူများ လက်ဦးမှုရ၍လဆန်အောင်ဝါတို့လည်း လိုင်ဇာမှထွက်ပြေးခဲ့ရသည်။ ထို့နောက်တွင်မတော့ KIA ခေါင်းဆောင်ပိုင်းသည် တည်ငြိမ်မှုရသွားခဲ့သည်ဟုဆိုရမည်။

KIO ဥက္ကဌ လမုန်တူးဂျိုင်သည် ၂၀၀၆ ဇွန်လ၁၆ ရက်တွင်ကွယ်လွန်သည်။ သူပြီးနောက် ဥက္ကဌ လယော်ဇောင်းဟရာ က ဆက်လက်တာဝန်ယူခဲ့သည်။ လမုန်တူးဂျိုင် မကွယ်လွန်မှီကပင် ကျန်းမာရေးမကောင်း၍ ဥက္ကဌတာဝန်များကို လယော် ဇောင်းဟရာသို့ လွှဲအပ်ခဲ့သည်ဟု ဆိုပါသည်။

အပစ်ရပ်ကာလအတွင်း အချို့အပစ်ရပ်ဖွဲ့များသူများသည် လက်နက်ကိုင်ဆောင်၍ မြို့ပေါ်တွင်စီးပွါးရေးလုပ်ငန်းများလုပ် ခြင်း လက်နက်ကိုင်ရမ်းကားခြင်းတို့ကြောင့် နံမည်ပျက်များခဲ့သော်လည်း KIA အနေနှင့် နံမည်ပျက်အနည်းဆုံးဟုဆိုရမည်။တပ်တွင်းစည်းကမ်းထိမ်းသိမ်းကိုင်တွယ်မှု ကောင်းသည်ဟု ဆိုရပေမည်။

အပစ်ရပ်ကာလတွင်း၌ KIA သည်တပ်တည်ဖွဲ့တည်ဆောက်ရေးကို အလေးထားတည်ဆောက်ခဲ့ပုံရသည်။ မူလစစ်သင် တန်းကျောင်းများအပြင်ဗိုလ်သင်တန်း ဆရာဝန်သင်တန်း စသည့်သင်တန်းကျောင်းများအပြင် အထက်တန်းကျောင်းများ ကောလိပ်များပါဖွင့်လှစ်လာနိုင်ခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် ရန်ကုန် မန္တလေး မြစ်ကြီးနားတက္ကသိုလ်များမှ ဘွဲ့ရ ပညာ တတ်ကချင်လူငယ်အများအပြားကို KIA တပ်ဖွဲ့တွင်းသို့ စည်းရုံးသိမ်းသွင်းခြင်း အချို့အား နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်ခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တဖန် လိုင်ဇာမှ မြစ်ကြီးနား ဗန်းမော်ကားလမ်းသို့ ကားလမ်းဖေါက်လုပ်ခဲ့ပြီး လိုင်ဇာ မြစ်ကြီးနားကုန်သွယ်ရေးလမ်းဖွင့်ခဲ့ကာ လိုင်ဇာသည် စည်ကားသည့်နယ်စပ်ကုန်သွယ်ရေးမြို့လေးဖြစ်လာခဲ့သည်။ ၂၀၀၅ ပတ်ဝန်းကျင်နောက်ပိုင်းသည် အစည်ကားဆုံးဖြစ်ပုံရသည်။ မြန်မာပြည်တွင်းမှသစ်ကားများ ရာနှင့်ချီ၍ နေ့စဉ်တရုတ်ပြည်သို့ဝင်နေသည့်ကာလဖြစ်သည်။ထိုစဉ်ကာလကKIA ဘူးဂါးကုမ္ပဏီ၏ မလိရေအားလျှပ်စစ်နှင့် ဒဘတ်ရေအားလျပ်စစ်အတွက် သစ်ထုတ်လုပ် ရောင်းချ ခွင့်ပြုထားရာ တရားဝင်သစ်များလည်းပါသည်ဟု ဆိုရမည်။ သို့သော် သစ်ကုန်သည်များကခိုးထုတ်သောသစ်များလည်း ပါဘွယ်ရှိသည်ဟု ဆိုရမည်။ KIA ထိမ်းချုပ်ရာ လိုင်ဇာမှ တရုတ်လိုင်ဇာဘက်သို့ကူးပြီး တရုတ်လိုင်ဇာအထွက် ကား လမ်း တလျှောက် ပုံထားသောသစ်လုံးပုံများမှာ မျက်စေ့တဆုံးမကဟု ဆိုရမည့်ကာလဖြစ်သည်။

အလားတူပင် ထိုအချိန်က တရုတ်မှ ဆိုင်ကယ်များ ကားများအလျံပယ်တင်သွင်းနေသည့်ကာလဖြစ်သည်။ ၂၀၀၅ ခုနှစ် တရုတ်ပြည် ယူနန်ပြည်နယ်၏စာရင်းများအရ မြန်မာပြည်သို့ ရောင်းချနိုင်သည့် ဆိုင်ကယ်စီးရေမှ ဆယ်သိန်းကျော်ရှိသည်။ ၅ သိန်းကျော်ခန့်မှာ KIA ထိမ်းချုပ်ရာ လိုင်ဇာနှင့် အခြားနယ်စပ်ပေါက်များမှဖြစ်သည်။ KIAတို့ သတ်မှတ်ထားသော အခွန် ဆောင်ပြီး ဖြတ်သန်းခွင့်ပြုသည်ဖြစ်ရာ KIA အနေနှင့်နယ်စပ်ကုန်သွယ်ရေးမှ ဝင်ငွေများစွာရခဲ့သည်ဟုဆိုရမည်။

ထို့ပြင် KIA မှ မလိရေအားလျပ်စစ်နှင့် ဒဘတ်ရေအားလျပ်စစ်ကို အောင်မြင်စွာထူ ထောင်နိုင်ခဲ့ပြီး မြစ်ကြီးနားမြို့ မီးပေးရေး ကို စီးပွါးရေးလုပ်ငန်းတခုအနေနှင့် ဆောင်ရွက်လုပ်ကိုင်နိုင်ခဲ့သည်။ ၂၀၁၁ မှစ၍ KIA နှင့်အစိုးရတပ်များ ပြန်လည်တိုက်ခဲ့ကြ သော်လည်း ထိုမီးပေးရေးလုပ်ငန်းမှာမူ မထိခိုက် မပြတ်တောက်ခဲ့သည်မှာ အံ့ဖွယ်ဟုဆိုရမည်။ KIA တို့ နံမည်ပျက်စရာ စီးပွါးရေးလုပ်ငန်းတခုတော့ရှိခဲ့သည်။ ယင်းမှာ မိုင်ဂျာယန်ရှိ လောင်းကစားဝိုင်းများဖြစ်သည်။ လာကစားသူအများစုမှာ တရုတ် ပြည်မှဖြစ်ကြသော် နောက်ပိုင်းပြဿနာဖြစ်ပြီး ပိတ်သွားသည်ဟုကြားရသည်။

အပစ်ရပ်ကာလအတွင်း KIA တို့အလေးထားလုပ်ဆောင်ခဲ့သည့် အကြောင်းအရာတခုမှ ဒေသခံကချင်အရပ်ဖက် အဖွဲ့အ စည်းများ ဘာသာရေးအဖွဲ့အစည်းများ လူထုအဖွဲ့အစည်းများအား မပြတ်တွေ့ဆုံခဲ့ပြီး KIA သဘောထားများချပြခြင်း ကချင် လူထုအမြင်တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီးလူထုနှင့်ဆက်ဆံရေး စည်းရုံးရေးကို အလေးထားလုပ်ဆောင်ခဲ့သည်ဟုဆိုရမည်။ ကချင်လူထုသာမက ရှမ်းနီလူထုကိုယ်စားလည်များကိုပါ လိုင်ဇာသို့ဖိတ်၍ KIA နှင့်ရှမ်းနီကြား ပဋိပက္ခကိုလျှော့ချပြီး ပြေလည်မှုရအောင်ကြိုးစားခဲ့သည်ကို တွေ့ရသည်။

အပစ်ရပ်ထားစဉ်ကာလအတွင်း KIO ဗဟိုဆက်ဆံရေးရုံးတခုအား မြစ်ကြီးနား စီတာပူရပ်ကွက် မနောကွင်းရှေ့၌ ဖွင့်လှစ် ထားခဲ့သည်။ ထိုရုံး၌ တာဝန်ခံများအဖြစ်ထမ်းဆောင်ဖူးသူများတွင် လက်ရှိ KIA စစ်ဦးချုပ် CS တာဝန်ယူနေသူ ဂွမ်ထန် ဂမ်ရှောင်သည် ဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ယူဘူးသည်။ ၂၀၀၉ ခုနှစ် KIA နှင့်အစိုးရကြား ပြန်လည်တင်းမာမှုများ စသောအချိန်တွင် တာဝန်ခံမှာ ဗိုလ်မှူးကြီးလဇိန်ဂျေးနောင်ဖြစ်သည်။

၂၀၀၉ သည် KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နအဖ အစိုးရကြား အပစ်ရပ်ထားသည့်အခြေအနေမှ အချိုးအကွေ့တခုစသည့်ကာလဖြစ်သည်။ တင်းမာမှုများပြန်လည်စတင်သည့်ကာလဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးနောက် နအဖအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား BGF နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များအဖြစ်ပြောင်းလဲဖွဲ့စည်းရန် အကြောင်းကြားလာတော့သည်။

အင်အားသေးသော နအဖ နှင့်နီးစပ်သောအဖွဲ့ငယ်များက ထိုအစီအစဉ်ကိုလက်ခံလိုက်ကြသည်။သို့သော် အင်အားတောင့် တင်းသော အဖွဲ့များ နိုင်ငံရေးပြဿနာကိုဖြေရှင်းရန်တောင်းဆိုသော အဖွဲ့များက လက်ခံရန်ငြင်းပယ်ခဲ့ကြသည်။ ဤသို့ငြင်း ပယ်ခဲ့သောအဖွဲ့များတွင် KIA လည်းပါဝင်ရာ နအဖနှင့် KIA တို့ကြားတင်းမာမှုများသည် ၂၀၀၉ ခုနှစ်မှပြန် လည်စတင်တော့သည်။

BGF ဖွဲ့စည်းခြင်းကိုလက်ခံရန် နအဖနှင့် KIA တို့အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြသော်လည်း ပြေလည်မှုမရခဲ့ကြပေ။ တချိန်တွင် နအဖကလည်း KIA အား BGF တပ်ဖွဲ့စည်းရေးလက်ခံရန် အကြိမ်ကြိမ် နောက်ဆုံးနေ့ရက်သတ်မှတ်ပြီး ရာဇသံပေးလာခဲ့ သည်။ သို့နှင့် KIA နှင့်အစိုးရကြား တင်းမာမှုများတစတစ တိုးပွါးလာပေတော့သည်။သို့သော် ပြင်းထန်သောတိုက်ပွဲများကား ဦးသိန်းစိန် သမတသက်တမ်းတွင်မှ ဖြစ်ပွါးလာတော့သည်ဟု ဆိုရမည်။

ဆက်လက်ဖေါ်ပြပါမည်
photo credit Mungdungla Wawhkyung