ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံး နေ့ရက်များ ( ၆ )

အင်းစိန် ဂျီတီအိုင်၊ အတွင်းက လှေကားထစ်များ

ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံး နေ့ရက်များ ( ၆ )
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၆

မိမိတို့အား တိရိစ္ဆာန်များပမာ လှောင်ပိတ်ထားသည့် အခန်းရှေ့အရောက် တံခါးဖွင့် လိုက်သည်နှင့် ပြင်းထန်စူးရှသောအနံ့များကို သယ်ဆောင်လာသည့် အပူလှိုင်းသည် မျက်နှာကို တည့်တည့်ဝင်ဆောင့်လိုက်သည်။ အခန်းထဲပြန်ချင်မိတာ မှားပြီဟု ထင်လိုက်မိသည်။ စစ်ကြောရေးအဆောင်ပေါ်တွင် အသားနာရုံသာရှိပြီး ယခုလို တစ်နေ့ လုံး တစ်ညလုံး အနံ့ဆိုးနှင့် နေရမည်မဟုတ်ချေ။ အခန်းတွင်းသို့ အားတင်းပြီး ပြန်ဝင်လိုက်သည်။ အခန်းတွင်းရှိ သေးအိုင်ကြီးအား သဲများထပ်ဖို့ပြီး သေးကာတာလုပ်ထားသည်မှာ အခန်းလေးပုံတစ်ပုံမျှပင် နေရာယူထားပေပြီ။ ခေါင်းရင်းတွင် သံဃာအပါး (၅၀) ခန့်နှင့် အသက်ကြီးသူများ၊ နာမကျန်းသူများကို ထားပြီး ကျန်သောသူများမှာအ လှည့်ကျ အိပ်ကြရသည်။ တောင်ကိုးရီးယားနိုင်ငံသား လူငယ်လေးမှာမူ ဘာမှ မစားရေ လည်း မသောက်ရဲသဖြင့် ရေသန့် ဝယ်တိုက် လိုက်ကြရသေးသည်။ နိုင်ငံခြားသားတစ်ယောက်ပါလာသည်ကို သတင်းပို့ထားသော်လည်း သံရုံးမှ အကြောင်းမပြန်သေးသဖြင့် ဘာမှဆောင်ရွက်မပေးချေ။ တစ်ပတ်ကျော်မှ လာခေါ်ထုတ်သွားကြ၏။ အများ အားဖြင့် ဆီးချုပ်ဝမ်းချုပ်ဖြစ်ကာ နေမကောင်းကြချေ။ အထူးသဖြင့် အသက်ကြီးသူ များမှာ ဝမ်းနှင့် ဆီးမထိမ်းနိုင်သဖြင့် ခနခန ထသွားကြရသည်။

သာသနာ့သိပ္ပံဆရာတော်ကြီး၊ ငွေကြာယံ တိုက်အုပ်ဆရာတော်နှင့် မိမိတို့ မဂ္ဂင်ကျောင်းမှာ ဆရာတော်ဦး ဣန္ဒက၏ ခမည်းတော်၊ ဘဘုန်းကြီး(ဦးနန္ဒိယ) တို့ဆိုလျှင် ဝိနည်းသိက္ခာပုဒ်တွေ၊ အရှက်တွေဘေးချိတ်ပြီး ကြွပ်ကြွပ်အိပ်ကလေးများဖြင့် အပေါ့၊ အလေး သွားကြရသည်။ နောက်တစ်ကြိမ်အတွက် အိတ် ရှာရသည်ကလည်း တစ်ဒုက္ခပါပေ။ အနံ့အသက်ဆိုး များကြောင့်ပေလော မသိ၊ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားကြသည်ကို သတိထား မိသည်။ နောက်တစ်နေ့ မနက်(၆)နာရီမှ ၁၀ ယောက်တစ်တွဲ မျက်နှာသစ်ထွက်၊ အပေါ့သွားရသည်။ ဘဝတွင်ပထမဆုံးအကြိမ် သဲနှင့် သွားတိုက်ကြရသည်။ မတိုက်၍ လည်း မဖြစ်တော့ ကိုယ့်ပါးစပ်ကအနံ့ကို ကိုယ်မခံနိုင်တော့ ဘဝရောက်နေကြပြီ။ အလေးသွားချိန်မှာ - မျက်နှာသစ်ကိစ္စ အားလုံးပြီးမှ ပြန်စသည်။ အခန်းတွင်းမှ မအောင့်အီး နိုင်တော့သောသူများကို နားလည်မှုနှင့် ဦးစားပေးထားကြသည်။ အသက်အရွယ်၊ ဂုဏ်ပုဒ်နှင့် မဆုံးဖြတ်နိုင်တော့ပေ။

အထက်လူကြီးက အဆူခံရသည်ဆိုကာ ကွမ်းနှင့် ဆေးလိပ် ဝယ် မပေးတော့သဖြင့် ဈေး ခုန်တက်သွားသည်။ သနပ်ဖက်တစ်လိပ် တစ်ထောင်နှင့် ကွမ်းတစ်ရာ တစ်ထောင်ဖြစ်သွားသည်။

မနက် (၇) နာရီ ထိုးသည်နှင့် မျက်နှာသုတ်စောင် ပုခုံးပေါ်တင်ထားသော လူက လာခေါ် သည်။ စစ်ကြောရေးခေါ်တိုင်း ထိုသူ အမြဲလာခေါ်သည်။ ဦးသန်းစိန်ဟု နာမည်သိသော်လည်း ဘယ်အဖွဲ့အစည်းကမှန်း မသိရချေ။ မိမိနှင့်အတူ ဘဘုန်းကြီးဦးနန္ဒိယ၊ ဦး ဇင်းကုလားမ(ငွေကြာယံ)၊ ဦးဣဿရိယ(ငွေကြာယံ)နှင့် မိုးကောင်းကျောင်းမှ ဦးဇင်းတစ်ပါးတို့ ဈေးဦးပေါက် ထွက်ကြရသည်။

မိမိအား စစ်တပ်ပေါ်ထားသည့် သဘောထားများ မေးနေစဉ် နောက်မှ “ခွပ်” “ အောင်မလေးဗျ” ဆိုသည့် အသံများ ထွက်လာတော့သည်။ မိမိ၏ ဘယ်လက်ဘေးစားပွဲတွင်ရှိသော မဂ္ဂင်ဘုန်းကြီး ခမည်းတော် ဘဘုန်း ကြီးက ရေနွေးကြမ်းနှင့် ဘာတွေဘုန်းပေးနေသည်မသိ။ မေးသမျှကို အမှန်အတိုင်း ဖြေနေပါတော့သည်။ ဖြေသည် ဆိုချင်းထက် ဖော်ကောင်လုပ်နေသည်ဆိုက ပိုမှန်မယ် ထင်ပါသည်။ သူစိမ်းကို ဖော်သည်မဟုတ်၊ သားအရင်း ဦးဇင်း ဦးဣန္ဒက ကို ကောင်း ကောင်း ဖော်ပါတော့သည်။ သူ့သားမှာ ဇရှိကြောင်း၊ နိုင်ငံရေး ဝါသနာပါကြောင်း၊ အရင် ကလည်းနိုင်ငံရေးမှုဖြင့် ထောင်ကျဘူးကြောင်း ပြုံးပြုံးကြီးနှင့် ဖြေနေပါတော့သည်။ ကျောင်းတွင် ရှစ်ပူးကျောင်းသားများ အစည်းဝေးလာလုပ်ကြောင်း ၊ ဖြူဖြူသင်းက လည်း အမြဲဝင်ထွက်နေကြောင်း၊ နောက်တစ်ပါးမှာ နတ်ဇော ခေါ် ဦးပညာဇောတဖြစ်ကြောင်း၊ သူကလည်း နိုင်ငံရေးသမားများနှင့် အဆက်အသွယ် ပိုများကြောင်း၊ မီဒီယာ များနှင့် ဘယ်သူတွေ အမေးအဖြေလုပ်လည်းဆိုတော့ အားလုံးလုပ်ကြောင်း။ မိမိဘက် လက်ညှိုးထိုးကာ ချောင်းချောင်းကြီးလည်း လုပ်ကြောင်း ဖြေပါတော့သည်။ တော်သေးသည်၊ စရဖ က ဂျောင်းဂျောင်းဆိုသော နာမည်ကို မသိသဖြင့် ချောင်းကြီးဆရာတော်ဟု မှတ်တမ်းယူထားလိုက်ကြသည်။ ထမင်းစားနားခိုင်းပြီး အဆောင် ခနပြန်ကြရသည်။ ဆရာတော်ဦးဣန္ဒက (ပနားမား) ကို ပြန်လျှောက်ရာ ပါးစပ်ပြင်ထားပြီး တော်တော်နှင့် အသံထွက်မလာဘဲ အတန်ငယ်ကြာမှ 'ဘယ်တတ်နိုင်မလဲ၊ ဦးဇင်းရာ ... ခံလိုက်ကြရုံပေါ့' ဟု ပြောပါသည်။

နေ့လည် ၁ နာရီထိုးခန့်မှာ ဘဘုန်းကြီးနှင့် မဂ္ဂင်ကျောင်းမှပင် ဦးကဝိတို့ကို ပစ္စည်းများ သိမ်းခိုင်းပြီး လာထုတ်သွားသည်။ အားလုံးက အသက် ၇၀ အရွယ်တွေမို့ ပြန်လွှတ်ကြပြီဟု ထင်ကြသည်။ မိမိနှင့် ဦးဣန္ဒကတို့ကတော့ ကောင်းကောင်း သိလိုက်ပါပြီ။ ဘဘုန်းတို့ကို ကောင်းကောင်းထားပြီး အားလုံး အစ်ထုတ်တော့မည်ဟု။

မကြာပါချေ။ မိမိ အပါအဝင် ၅ ပါးကို လာထုတ်ပါတော့သည်။ အခန်းထဲရောက်သည်နှင့် ဘဘုန်းကြီးက အားလုံးပြောသဖြင့် အကုန်လုံးသိကြောင်း၊ ဝန်ခံလိုက်လျှင် အကျိုးရှိမည်ဖြစ်ကြောင်း၊ ပူးပေါင်းစေလိုကြောင်း၊ ဖြူဖြူသင်းနှင့် NLD က ခိုင်းသည်ကို ဝန်ခံလျှင် စုတ်ရော လာဘ်ပါ ဝင်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။ မိမိကလည်း ရှောင်ထွက်ဘို့ ကျိုးစားရတော့သည်။ မတတ်နိုင်သည့်အဆုံး ဘဘုန်းကြီးပေါ် ပုံချရတော့သည်။ ဘဘုန်းမှာ အသက်ကြီး၍ စိတ်မမှန်တော့ကြောင်း၊ စိတ်မှန်လျှင် ကိုယ့်သား ထောင်ကျ အောင် ဖော်ပါမည်လာဟု မေးခွန်း ပြန်ထုတ်လိုက်သည်။ နောက်ထပ် မိမိမှာ အစသန်သူ ဖြစ်သဖြင့် ဘဘုန်းအား အမြဲစိတ်ဆိုးသည်အထိ စ တတ်ကြောင်း၊ ထိုမကျေနပ်ချက်များ ကြောင့်ကြုံတုန်း ချောက်ပြန်တွန်းတာ ဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားလိုက်သည်။

 မေးနေသူမှာ အတန်ငယ် စဉ်းစားဟန်ဖြင့် ခနဆိုကာ အပြင်ထွက်သွားပါသည်။ ပြန်ဝင် လာတော့ ဟယ်လီကော်ပတာ စီးဘူးလားဟု မေးပါသည်။ ခေါင်းရမ်းပြလိုက်တော့ စီးစေ ရမယ်၊ ခနလေးပြင်တုန်းမို့ပါဟု နောက်က တစ်ယောက်က ပြောပါသည်။ ထို့နောက် ပုဆိုး ခါးတောင်မြှောင်အောင် ကျိုက်ခိုင်းလိုက်ပြီး စွပ်ကျယ်ပါ ချွတ်လိုက်ကြသည်။ အခန်းအလည်တွင် ပုံထားသော ဇီးစေ့ ၂ ပုံပေါ်သို့ ဒူးထောက်ခိုင်းထားလိုက်ပြီး လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ထားခိုင်းသည်။ ကာယလေ့ကျင့်ခန်း လုပ်သလို ခါးအထက်ပိုင်းအား ဘယ်ညာ လှည့်ခိုင်းလိုက်ပြီး။ အချိန်ရသေးတယ် ဝန်ခံမှာလားဟု မေးပါသည်။ ဘယ်သူ ကမှ ခိုင်းထားတာမဟုတ်ဘဲ နိုင်ငံသားတစ်ယောက်၏ အသိစိတ်ဖြင့် လုပ်ကြသည်ဖြစ်ရာ ဘယ်သူကမှ ခိုင်းထားခြင်း မရှိကြောင်းသာ ပြန်ဖြေလိုက်သည်။ နောက်မှ တင်ပါးကို အသာလေးတွန်းလိုက်ရာ ဇီးစေ့များသည် ဂုံညှင်းအောက်က အခွက်ကလေးထဲဝင် သွားသည်ဟုပင် ထင်မှတ်လိုက်ပါသည်။ နာလွန်းသဖြင့် ကြိတ်ထားသောအံ့မှာလည်း ညောင်းပြီး နာလာသည်။ တစ်ကိုယ်လုံးလည်းချွေးတွေနစ်နေပြီး လက်မောင်းသားများ ကစပြီး တဆတ်ဆန်တုန်လာသည်။

စာပွဲထိုင်နေသောသူက ဘာလို့ အသားအနာခံနေလဲ၊ ဝန်ခံလိုက်ပြီးရောဟု လွယ်လွယ်ပြောနေသော်လည်း သိန်းနှင့် ချီ ဆန္ဒထုတ်၊ မေတ္တာပို့ကြသော သံဃာများ၏ ဂုဏ်သိက္ခာကို မိမိ၏ သက်သာရာ သက်သာကြောင်းဖြင့် အညှိုးနွမ်း မခံနိုင်ပါချေ။ နောက်ထပ် ဝင်လာသူများထံမှ သိရသည်မှာ တစ်ကမ္ဘာလုံးက ထောက်ခံကြကြောင်း၊ အပြင်တွင်ကျန်ခဲ့သည့် ဦးဂမ္ဘီရမှလည်း မိမိတို့တောင်းဆိုချက်ကို မလိုက်လျောပါက ဗီယက်နမ် ၊တိဘက်က သံဃာများလို မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့ ကာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်းလည်း ကြားရသည်။ မွန်ဂိုးလီးယားသံဃာတော်များကလည်း အားပေးထောက်ခံကြကြောင်း ကြားရသဖြင့်၊ ရှိသမျှခွန်အားများဖြင့် ခေါင်းခါလိုက်သည်။

ဝန်ခံမည့်ပုံ မပေါ်တော့သဖြင့် လူနှစ်ယောက်က ဂျိုင်းမှ မကာ ထူလိုက်သည်။ ထိုအချိန်တွင် သူတို့အား ပြန်လည်တိုက်ခိုက်ဘို့ ဝေးစွ၊ လက်ကိုမမြှောက်ချင်တော့ပေ။  အသာမယူလာပြီး ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်တော့မှ ဒူးတွင်မြုတ်နေသော ဇီးစေ့ကလေးများ ပြန်ထွက်သွားသည်။ ထိုမြုတ်နေသောနေရာမှ သွေးစလေးများ ထွက်လာရာ ချွေးနှင့်ထိပြီး စပ်နေတော့သည်။ မိမိ တစ်ပါးတည်းများ နှိပ်စက်ခံနေရသလားဟု အသာခေါင်းငဲ့ကြည့်လိုက်တော့ သံမံတလင်းပေါ်မှာ ဦးဇင်း ၂ ပါး လဲနေသည်။ ထူ၍ပင် မရသဖြင့် လဲနေပုံ ပေါ်သည်။ မျက်လုံးများ ဝေဝါးနေ၍ မည်သူမည်ဝါ သဲသဲ ကွဲကွဲမသိသော်လည်း မိမိတို့အခန်းတွင်းမှ ဦးဇင်းများဖြစ်ပါသည်။ တစ်ပါးလျှင် နှစ်ယောက်ကျစီ တွဲကာ အခန်းသို့ပြန်ပို့ကြသည်။ အခန်းထောင့်တွင် နေရာပေးထားပြီး၊ မည်သူမျှ စကားမပြောရဟု အမိန့်ထုတ်ထားကာ စစ်သားအစောင့်တစ်ယောက်က ပြူ တင်းပေါက်က စောင့်ကြည့်နေသည်။

အားလုံး တုန်းလုန်းလေးတွေ လဲနေတာမြင်တော့ မခံစားနိုင်ကြသဖြင့် မျက်ရည်ကျသူ ကျကြသည်။ မခံမရပ်နိုင်ဖြစ်ကာ တောက်ခေါက် ကြသည်။ ထိုတောက်ခေါက်သူကို စစ်သားနှစ်ယောက်က နံပါတ်တုတ်ကဲ့သို့ ခါးတွင် ချိတ်ထားသော ဝါးဆစ်ပိတ်တုတ်များဖြင့် ဝင်ရိုက်လိုက်သေးသည်။ ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်နေသော တပ်မတော်ကြီး ပီသ ပါပေတော့သည်။

(ဆက်ရန်)
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်)