ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် - ၈

နိုင်ငံ့စွမ်းဆောင်ရည်ဆုအား လက်ခံရယူခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၀၁၆ ဖေဖော်ဝါရီ)


ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေးမဟာဗျုဟာ နည်းဗျူဟာ အစီအစဉ်တိုက်တွန်းချက် - ၈

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

၈၀။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးက ဆက်ပြောပါတယ်။ ဗိုလ်ချုပ်ကြီးက “စစ်တပ်အနေနဲ့ သဘောကောင်းပြီး  ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်မှာတော့ မဟုတ်ကြောင်း၊ စစ်တပ်ပြုပြင်ပြောင်းလဲရေးမှာ ပါရှိလာအောင် စစ်တပ်အတွင်း တွေးခေါ်မျှော်မြင်မှုစက်ဝိုင်း ချဲ့ထွင်မြင့်မားလာစေရေးနဲ့ မကျေနပ်သူတွေအား ပြုပြင်ပြောင်းလဲလိုစိတ်များ ပေါက်ဖွားလာအောင် စည်းရုံးလှုပ်ရှားမှု ရေချိန်မြင့်မားလာအောင် ဆောင်ရွက်ရေး အကျယ်တဝင့် ဆွေးနွေးသွားပါတယ်။

“အာဏာရှင်တွေရဲ့ဘ၀ အာမခံချက်ရှိအောင် လုပ်ပေးဖို့လိုတယ်။ အတွင်းအင်အားစုက ဖြစ်စေ အပြင်အင်အားစုက ဖြစ်စေ ၀င်ညှိပြီး ချောမွေ့မှု ဖြောင့်ဖြူးမှုရှိအောင် တွန်းပို့ပေးရမယ်။နောက် မော်ဒယ်တစ်ခုကတော့ ကမ္ဘောဒီးယားပေါ့။ အပြင်ကနေ ဖိအားပေးတယ်။ တွန်းအားပေးတယ် ဆိုပေမယ့်လို့ တကယ်တမ်း ကမ္ဘောဒီးယားရဲ့ အသွင်ကူးပြောင်းမှုက အတွင်းမှာရှိတဲ့ ကာယကံရှင်လက်ထဲမှာဘဲ ရှိတယ်။ အပြင်ကတော့ အပြောင်းအလဲလုပ်အောင် ဖိအားပေးမှုတွေလုပ်တာ၊ ဒါပေမယ့်လို့ အပြင်က ၀င်ပြီးတော့ ကိုယ်ထိလက်ရောက် စီမံခန့်ခွဲတာ မဟုတ်ဘူး။ သူတို့ လမ်းကြောင်းကို ပေးပြီးတော့ ပြည်တွင်းမှာရှိတဲ့ အင်အားစုကို လုပ်ခိုင်းတဲ့သဘောပေါ့။ အပြင်ကနေ ပတ်သက်မှုအနေနဲ့ ကမ္ဘောဒီယားမှာတော့ လူ့အခွင့်အရေးကိစ္စ၊ နိုင်ငံတကာ တရားဥပဒေတွေ၊ နိုင်ငံတကာ တရားရုံးတွေမှာတော့ ၀င်ပြီးပတ်သက်တာ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့ ပြည်တွင်းက အဓိကအင်အားစုတွေကဘဲ အသွင်ကူးပြောင်းရေးကို လုပ်တာဘဲရှိတယ်။” ဗိုလ်ချုပ်ကြီးက ဆက်ပြောပါတယ်။

၈၁။ “တပ်မှာရှိတဲ့အရာရှိတွေ ယုံကြည်လာအောင်လုပ်ဖို့ဟာ သူတို့ရဲ့ တိုင်းပြည်နဲ့ ပတ်သက်လို့ မျှော်မှန်းချက်တွေဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက် လိုလားချက်တွေနဲ့ အမှန်မှာ အတူတူပဲ။ ဘာမှ သိပ်ကွဲပြားတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့ကိုယ်တိုင်ကိုယ်က အပြောင်းအလဲဟာကို ပိတ်ဆို့နေမဲ့အစား ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အများကြီး စည်းရုံးဆွေးနွေး ကြိုးစားရမယ်။ ဒါပေမယ့် အဲလို လုပ်တဲ့နေရာမှာ ယုံကြည်အောင် လုပ်တာဘဲဖြစ်ဖြစ် ဖိအားပေးတာပဲဖြစ်ဖြစ် အဓိက Player တွေက ပြည်ပက မဟုတ်ပါဘူး။ အတွင်းက အင်အားစုတွေဖြစ်တဲ့ တပ်တွင်းက အင်အားစု၊ ပြည်တွင်းက နိုင်ငံရေးအင်အားစု၊ ဒီလူတွေကလည်း လိုအပ်တဲ့ဖိအားတွေကို ပေးနိုင်တယ်။ အဲဒီအတွင်းက တပ်တွင်းနဲ့ ပြည်တွင်းက အင်အားစုတွေကဘဲ အပြောင်းအလဲတွေကို မပိတ်ဆို့ပဲနဲ့ ပူးပေါင်း ဆောင်ရွက်လာအောင် စည်းရုံးနိုင်ပါတယ်။”

၈၂။ ဆက်လက်ပြီး မြန်မာ့တပ်မတော် အရာရှိဗိုလ်မှူးတစ်ဦးက ဆွေးနွေးတင်ပြလာပါတယ်။

“အခု ဗိုလ်ချုပ်ကြီးရဲ့ အတွေ့အကြုံတွေကို ဆွေးနွေး ရှင်းပြချက်တွေဟာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အင်အားစုတွေအတွက် အထောက်အကူ အများကြီး ရပါတယ်။ မြန်မာ့နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု အခန်းကဏ္ဍမှာ ကျွန်တော်တို့ဟာ စစ်တပ်ကို စည်းရုံးတိုက်တွန်း ဆောင်ရွက်နေတာကြောင့် ဘယ်လိုလုပ်ရင် ရနိုင်တယ်ဆိုတာကို သုံးသပ်ဆွေးနွေး လမ်းညွှန်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။”

ဗိုလ်ချုပ်ကြီးက  - “စစ်တပ်က ပြုပြင်ပြောင်းလဲရေးအတွက် လမ်းစလုပ်လာတာ မြင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင်တော့ တပ်တွင်းကနေ အပြောင်းအလဲတွေကို စတင်ဖန်တီးရမယ်။ နံပါတ် (၁) က တပ်တွင်းမှာရှိတဲ့ အရာရှိတွေရဲ့ တွေးခေါ် မျော်မြင်မှု စက်ပိုင်းကို ချဲ့ထွင်ပေးရမယ်။ နံပါတ် (၂ ) က လှုပ်ရှားမှုကနေ ရေချိန်မြင့်လာအောင် လှုပ်ရှားမှုရဲ့ ရေချိန်မြင့်လာတဲ့အခါ သူတို့အတွက် တပ်က နုတ်ထွက်လာတာတို့ သံတမန်အပိုင်းကရော၊ အရာရှိပိုင်းကရော နုတ်ထွက်လာတဲ့ အခြေအနေမျိုးတွေပေါ့။

နံပါတ် (၁) ရဲ့ တွေးခေါ်မြော်မြင်မှု စက်ဝိုင်းကို ချဲ့ပေးဖို့ မြင့်မားလာအောင်ဆိုတာ လက်ရှိ စစ်တပ်အတွင်းမှာ သိပ်မတွေ့ရဘူး။ ဒါပေမယ့်လို့ ကျွန်တော် ကြားရနေတဲ့ အနေအထားအရ မြန်မာပြည်မှာ တပ်တွင်း မကျေနပ်မှုတွေက အရာရှိတွေကြားမှာ မြင့်မားလာတယ် ဆိုတဲ့ဟာတွေကိုတော့ ကြားရတယ်။ မကျေနပ်မှုတွေ မြင့်မားလာတယ် ဆိုတဲ့ဟာကတော့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းကို စတင်ဖန်တီးလာသလို အလားအလာကောင်းတွေတော့ ရှိတယ်။ ဒါပေမယ့်လို့ သေချာ လက်ဆုပ်လက်ကိုင်နဲ့ ဒီလူတွေကို လုပ်တော့မှာဘဲလို့ ပြော မရသေးပါဘူး။ ပြဿနာက သူတို့မှာလည်းပဲ ပြုပြင်ပြောင်းလဲမှုတွေကို စွန့်စွန့်စားစား စပြီးလုပ်ဖို့အတွက် လွတ်လပ်မှုဆိုတဲ့အပိုင်းက ကန့်သတ်မှု အများကြီးရှိပါတယ်။ တကယ့်ပေါက်ကွဲမှု အချိန်တစ်ခု စောင့်ရမယ်။ အမှန်မှာတော့ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ အရာရှိတွေကတော့ တပ်ကနေ ထွက်ပြီး ပြည်သူနဲ့ ပူးပေါင်းလာနိုင်တဲ့ အကြောင်း အခွင့်အလမ်းကို ရှာရမယ်။ ဒါပေမယ့်လို့ သူတို့မှာက ရွေးချယ်မှု ရှိလာမယ် ဆိုရင်တော့ ရွေးချယ်လာမှာပေါ့။ ဒါက ကျနော်တို့အပိုင်းကကော ဘယ်လောက် ဖန်တီးပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ သေချာတာကတော့ တပ်က သူ့ဖာသာသူ အပြောင်းအလဲ လုပ်လာမှာတော့မဟုတ်ဘူး။ ဒါပေမယ့် တပ်ထဲက အပြောင်းအလဲလုပ်ဖို့ လိုလားတဲ့သူ ရှိလာမယ်။ မကျေနပ်မှုတွေ ရှိလာမယ်။ အဲဒီမကျေနပ်မှု ရှိလာတဲ့သူတွေကို ပြောင်းလဲမှုမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ဖန်တီးပေးရမယ်။

ဥပမာ- အီဂျစ်မှာ လူထုလှုပ်ရှားမှု ဖြစ်လာတဲ့အခါမှာ အရာရှိတွေက တပ်ကနေထွက်ပြီး လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းလိုက်တဲ့ ကိစ္စမျိုး ဖြစ်လာတယ်။ နိုင်ငံခြားမှာရှိတဲ့ သံတမန်ကလည်းပဲ သံတမန်ကနေ နုတ်ထွက်ကြောင်း လူသိရှင်ကြား ကြေညာပြီး ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပူးပေါင်းလာတာရှိတယ်။ အဲဒီအနေအထားမျိုးဖန်တီပေးရတယ်။ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အတွေးအခေါ် အသိအမြင်များ မြင့်မားလာအောင် လုပ်ယူတဲ့အပိုင်း၊ နောက်တစ်ခုက လှုပ်ရှားမှုကနေ ရေချိန်မြင့်လာအောင်၊ လှုပ်ရှားမှုရဲ့ အရှိန်မြင့်လာတဲ့အခါ သူတို့အတွက် တပ်က နုတ်ထွက်လာတာတို့ သံတမန်အပိုင်းကရော၊ အရာရှိပိုင်းကရော နုတ်ထွက်လာတဲ့ အခြေအနေမျိုးတွေပေါ့ ။ ဒီမိုကရေစီလှုပ်ရှားမှုဘက် ပူးပေါင်းလာတဲ့ အခြေအနေမျိုးကို ဖန်တီးရမှာက ဒီမိုကရေစီလှုပ်ရှားသူ အင်အားစုတို့မှာ တာဝန်ရှိတယ်။ အဓိကကတော့ အားပြိုင်မှုတွေမှာရှိတဲ့ ဘက်နှစ်ဘက်တွေမှာ အာဏာကို ထိန်းထားနိုင်လောက်တဲ့ soft power/ hard power တွေကို အာဏာပြိုင်ဆိုင်နေတဲ့ ဘက်နှစ်ဘက်ကနေ ဘယ်သူကနေ အားကောင်းလာလဲ။ ဘယ်သူကနေ လုပ်နိုင်လဲ ဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်တယ်။

ကျနော်တို့အတွက် အားရှိတာကတော့ ဒီနေ့ တကမ္ဘာလုံးမှာဖြစ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင် ပြောင်းလဲမှု အခင်းအကျင်းက ကျနော်တို့အတွက် အားသာတဲ့ထဲမှာရှိတယ်။ အဓိကတော့ soft power ကို နိုင်ငံတကာ ထောက်ခံမှုရှိတယ်။ ဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ ၂ နည်းစလုံး ထပ်ကြိုးစားဖို့တော့ လိုတယ်။”

၈၃။ အင်ဒိုနီးရှားတပ်မတော်မှာ ပြုပြင်ပြောင်းလဲရေးအပိုင်းအား ထိပ်ပိုင်းက ဗိုလ်ချုပ်တွေက စတင်လိုက်ပြီ ဆိုတာနဲ့ အရာရှိငယ် အခြားအဆင့် စစ်သည်များက ဘယ်လိုများ တုန့်ပြန် ကြသလဲဆိုတာ ဗိုလ်ကြီးတစ်ဦးမှ သိချင်ပါတယ် လို့မေးမြန်းခဲ့ရာ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးက သမိုင်းချီပြီးရှင်းပြပါတယ်။

“အင်ဒိုနီးရှား စစ်တပ်ကို သုံးသပ်မယ်ဆိုရင် အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးမှာ ပတ်သက်နေသလား။ တကယ်တမ်းကျတော့ ပြန်ကြည့်မယ်ဆိုရင် ၁၉၄၅ လွတ်လပ်ရေးလုပ်ခဲ့တဲ့ မျိုးဆက်တွေ မြန်မာနိုင်ငံ လိုဆိုရင် ရဲဘော်သုံးကျိပ်နဲ့ စထောင်ခဲ့တဲ့ ပထမပတ်ဗိုလ်သင်တန်းကျောင်းဆင်း ၊ ဒုတိယ ဗိုလ်သင်တန်းကျောင်းဆင်း စတဲ့ old  generation လိုမျိုးပေါ့။ ဒီလူတွေကပဲ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်တယ်။ ကျန်တဲ့နောက်ပေါက်တွေက ဒီလောက်ကြီး နိုင်ငံရေး မဟုတ်တော့ဘူး။ သူတို့က တကယ့် professional soldier ဆိုတဲ့ စစ်ရေးအမြင်ပိုဆန်တဲ့ ပုံစံမျိုးတွေဘဲရှိတယ်။အင်ဒိုနီးရှားမှာဆိုရင် သုံးလွှာရှိတယ်။ ပထမအလွှာကတော့ old generation ဖြစ်ပြီး၊ နောက်တစ်လွှာကတော့ ကိုလိုနီလုပ်ခဲ့တဲ့ နယ်သာလန်နိုင်ငံ (ဒတ်ခ်ျ) တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  စစ်ဗိုလ်ချုပ်တွေနဲ့၊ ကျန်တဲ့အလွှာကတော့ နိုင်ငံရေးပါတီတွေကလာတဲ့ စစ်ဗိုလ်ချုပ်တွေ ရှိတယ်။ အဲဒီနိုင်ငံရေးက လာတဲ့ ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးပါတီတွေက လာတာရှိသလို socialism တို့ communism တို့လို သူတို့ပါတီထဲက လာတာ။ ပါတီထဲက လာတဲ့အခါကျတော့ အဲဒီပါတီရဲ့ နောက်ခံနဲ့ အဲဒီပါတီတွေအပေါ်မှာ သိမ်းသွင်းမှုတွေ ရှိတယ်။ဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေးရာမှာ ဆူကာနိုအကြောင်း ပြောမယ်ဆိုလို့ရှိရင်  ဆူကာနိုကတော့ Nationalism ပေါ့။ တကယ့် အမျိုးသားရေးစိတ်ဓါတ် ရှိတဲ့သူ။ ဒါပေမယ့်လို့ အာရ်မီဝင်းဆိုတဲ့ တပ်မတော်တောင်ပံက နောက်ပိုင်းတွေမှာ အင်ဒိုနီးရှားရဲ့ သဘောတရားတွေ ပြောရရင် အင်ဒိုနီးရှား တပ်မတော်မှာက National Family ပေါ့။ အားလုံးက Family တစ်ခုထဲကိုပဲ။ ဒီ် family ထဲမှာ အားလုံးသဘောတူတဲ့ဟာနဲ့ လုပ်ကြတယ်။ western ဒီမိုကရေစီဆိုတဲ့ဟာနဲ့ မဲနဲ့ ဆုံးဖြတ်ပြီးတော့ ပါလီမန်စနစ်ပုံစံနဲ့ concept ကို အကုန်လုံးညှိယူပြီးတော့ လုပ်ကြတယ်။ အဲလို concept နဲ့သွားတော့ အင်ဒိုနီးရှား စစ်တပ်မှာ ဆူဟာတိုကတော့ အာဏာရှင်ဆိုပေမယ့်လို့ သူက တစိတ်တပိုင်းအားဖြင့် ဆန့်ကျင်ဘက်ပါတီတွေကို သူက ရပ်တည်မှု ပေးထားတယ်။ ကွန်မြူနစ်ကိုဘဲ အမြစ်ဖြုတ်တယ်။ ဆူဟာတို လက်ထက်မှာ တပ်မတော်ကို ထောက်ခံတဲ့  ဂိုလ်ကာပါတီလို၊ PDI တို့ ဘာသာရေးကို အခြေခံ အစွန်းမရောက်တဲ့ အစ္စလာမ်မစ် ပါတီမျိုးကို ရပ်တည်ခွင့် ပေးတယ်။ စစ်တပ်က အထူးသဖြင့် ထောက်လှမ်းရေးကိုင်တဲ့ ဗိုလ်ချုပ်တွေက အလုပ်သဘောအရ အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှုရှိတယ်။ အဲလိုနဲ့ စစ်တပ်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အပြန်အလှန်ဆက်စပ်မှုက ပျောက်မသွားဘူး။ ဒါကြောင့်နောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံရေးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ စစ်တပ်က နိုင်ငံရေးသမားတွေရဲ့ အားကိုယူပြီးတော့ လုပ်သွားရတာ အများကြီးရှိတယ်လို့ ရှင်းပြသွားပါတယ်။”

စာရေးသူတို့တပ်မတော်အရာရှိတွေအားလုံး ကောက်ချက်ဆွဲတာတော့ အင်ဒိုနီးရှားတပ်မတော်ဟာ ထိပ်ပိုင်းက မပြောင်းဘဲ အနောက်နိုင်ငံတွေဆီ  ပညာသင်ကြားခဲ့တဲ့ အရာရှိများနဲ့ နိုင်ငံရေးပါတီတွေနဲ့အလုပ်သဘောအရ ဆက်ဆံမှုရှိတဲ့ အရာရှိတွေ (ပါတီတွေက စည်းရုံးတာထက် မိမိကိုယ်တိုင်က ပြောင်းချင်စိတ်) စုပေါင်းညှိ မဲ နဲ့ဆုံးဖြတ်ကာ အောက်ကနေစပြီး ပြောင်းလဲတာတွေ့ရတာမို့ချီးကျုးမိပါတယ်။

၈၄။ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေး ရှင်းလင်းရာမှာ“ အဓိက စစ်တပ်ထဲမှာ အပြောင်းအလဲဆိုတာကို ဖန်တီးခဲ့တာဟာ တကယ့် strategy ကိုင်တဲ့ အပေါ်ဘက်ကနေ အဓိကလိုတယ်။ commanding general ကဲ့သို့ အမိန့်ပေးနိုင်တဲ့ စစ်ဌာနချုပ်လိုမျိုးကို ဆိုလိုတာပါ။ အင်ဒိုနီးရှားကိစ္စမှာ  commanding general ရယ် commanding general ဘေးနားမှာရှိတဲ့ Staffs စစ်ဦးစီးအရာရှိတွေ P.A ကိုယ်ရေးအရာရှိတွေ၊ ဆက်သွယ်ရေးအရာရှိတွေ၊ အမြောက်တပ်ဖွဲ့ကဲ့သို့ ပညာသည်လက်ရုံးတပ်ဖွဲ့ အရာရှိတွေ၊ လုံခြုံရေးတပ်ခွဲမှူး ၊ တပ်စုမှူး စတဲ့ အရာရှိတွေ ဒါတွေဟာ အဓိကဘဲလို့ ဆိုပါတယ်။ သာမန်အရာရှိတွေကတော့  အထက်က ပေးလာတဲ့အမိန့် order ကို အကောင်အထည် ဖေါ်ရတာဘဲ ဖြစ်တယ်။ အပေါ်က ပေးလိုက်တဲ့ order က ဒီမိုကရေစီဘက်ယိုင်တဲ့ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေးဘက်ကို ယိုင်တဲ့ ပေါ်လစီကို အပေါ်က လာရင် အောက်က လိုက်လုပ်ရတာဘဲ ဖြစ်တယ်။ တချို့က အောက်ခြေ အရာရှိ စစ်သည်တွေကို စည်းရုံးရမယ်လို့ ပြောတာ မဖြစ်နိုင်ပါဘူး။ စစ်သားတွေ ၁၀၀ ရမယ်၊ ၂၀၀ ရမယ်ဆိုတဲ့ target မျိုးတွေ သွားလုပ်ပေမဲ့ သာမန် စစ်သားတွေ၁၀၀ ထွက်လာထွက်လာ ၂၀၀ ထွက်လာ ထွက်လာ သိပ်အရာမရောက်ဘူး။ ဘာလို့လဲ ဆိုတော့  အစိုးရက ထပ်ဖြည့်မယ်။ နောက်တစ်ရာ ထွက်လာရင် နောက်တစ်ရာ ထပ်ဖြည့်လာမယ်ဆိုတာ သိထားရမယ်။  ဒါကြောင့် ကောက်ချက်ချရမယ်ဆိုရင် အရာရှိကြီးကြီးတော့ ရချင်မှရမယ်။ ဒါပေမယ့်လို့ စစ်ဌာနချုပ် general commanding တွေမှာ စစ်ဦးစီးအရာရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးလောက်ဘဲ ဖြစ်ချင်ဖြစ်မယ်၊ ဗိုလ်မှူး လောက်ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် အဲဒါမျိုးက သိပ်အရေးပါတယ်။ သူတို့ဟာ လူကြီးဘေးနားမှာ ရှိနေတဲ့အခါကျတော့ အတွင်းရေးကိစ္စတွေကိုသိပြီး ပေါ်လစီအပြောင်းအလဲတွေ သိသလို လူကြီးနဲ့ဆက်ဆံနေရတော့ ဖြစ်လာတဲ့ အခြေအနေ ရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီး လူကြီးရဲ့ စိတ်နေသဘောထားတွေ ဘယ်လို ယိုင်လာသလဲ ဆိုတာတွေ သူတို့ လူကြီးတွေရဲ့ အသွင်လက္ခဏာကို ခန့်မှန်းတတ်တာမို့ သူတို့သိတယ်။ သူတို့ သိတဲ့ အခါကျတော့ အဲဒီအနေအထားမှာ သူတို့က မသိမသာ သဘောတရား ထည့်ပေးလိုက်တယ်။ ဥပမာ ကျနော်ရတဲ့ Information က target က ဒီလိုဖြစ်တယ်လို့ ထည့်ပေးလိုက်ရုံဘဲ။” ရှင်းပြပါတယ်။

၈၅။ စစ်တပ် အတွေးအခေါ် မြင့်မားအောင် ဘယ်လို ဖွင့်ပေးမလဲ ဆိုတာတွေကို ဗိုလ်ချုပ်ကြီးက  ဆွေးနွေးလမ်းညွှန်ရာမှာ“ မြန်မာနိုင်ငံမှာ အားနည်းချက်တွေ ဘာတွေရှိလဲ ဆိုတာကတော့ စစ်တပ်နဲ့  အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ လုံးဝကို ဆက်ဆံရေးပြတ်သွားတာ၊ အပြန်အလှန် ဆွေးနွေးမှု၊ တိုင်ပင်မှု၊ ယုံကြည်မှု လုံးဝ ပြတ်သွားတယ်လို့ ဆိုပါတယ်။ NLD ပါတီထဲမှာ ပါဝင်တဲ့  ဗိုလ်ချုပ်ကြီး ဦးတင်ဦးတို့ ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ စသဖြင့် သူတို့ဟာ စစ်တပ်က လာတဲ့သူတွေ ဖြစ်ပေမယ့်လို့ အဲဒီ စစ်အရာရှိ ဟောင်းကြီးတွေတောင်မှ တပ်တွေနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အဲဒါက လှုပ်ရှားမှုအတွက် အားနည်းချက် ဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

၈၆။ ဗိုလ်ချုပ်ကြီးက စစ်တပ်က အရာရှိတွေရဲ့ အတွေးအခေါ်တွေကို ဘယ်လို ဖွင့်ပေးရမလဲဆိုတာ  အရေးကြီးတယ်။ တကယ့် အပြောင်းအလဲကို ဖန်တီးပေးဖို့ဆိုတာ အဲဒါ အရေးကြီးတယ်။ အဲဒီမှာ ကွာခြားချက်က ဘာလဲဆိုတော့ အင်ဒိုနီးရှားမှာက နိုင်ငံတကာနဲ့ အဆက်အသွယ်က မပြတ်ဘူး။ ဆူဟာတိုက တဘက်မှာ တိုင်းပြည်ကို opening လုပ်ရမယ်ဆိုတဲ့ သဘောတရား ရှိနေတဲ့ အခါကျတော့ စစ်တပ်က အရာရှိတွေရော၊ အရပ်ဘက်က အရာရှိတွေရော အကုန်လုံး နိုင်ငံခြား ပညာတော်သင် လွှတ်တာတွေရှိတယ်။ အဓိက အင်ဒိုနီးရှားမှာ အပြောင်းအလဲကိစ္စကို လုပ်သွားတဲ့ နေရာမှာ western train ပညာတတ်တွေရဲ့အခန်းကဏ္ဍက တော်တော်ကောင်းတယ်။ သူတို့ကိုယ်တိုင် နိုင်ငံခြား ကျောင်းပေါင်းစုံမှာ ပညာတွေကို သင်ကြားခဲ့ရသလို အရပ်ဘက် ခေါင်းဆောင်တွေလည်း စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားခွင့်ရှိတယ်။ ဒါတွေဟာ  မြန်မာနိုင်ငံနဲ့ မတူတဲ့ဟာတွေ ဖြစ်တယ်လို့ နှိုင်းယှဉ်ပြသွားပါတယ်။

၈၇။ ဗိုလ်ချုပ်ကြီးက ဆွေးနွေးရာမှာ စဉ်းစားရမှာက စစ်တပ်အရာရှိတွေ အနေနဲ့ နိုင်ငံခြားမှ ပညာ ရရှိရေးအတွက် western law တွေနဲ့ ထိတွေ့နိုင်အောင် ဖွင့်ပေးမလားဆိုတဲ့ စဉ်းစားချက်မျိုး ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားမှာဘဲ training ရရင် မြန်မာပြည်ရဲ့ အနာဂါတ်ဟာ ဘယ်လိုဖြစ်သွားမလဲ။ training က  ကောင်းမလား၊ training က မကောင်းရင် ဘယ်လို လုပ်မလဲ။ ဒါတွေကို တကယ့်နိုင်ငံချစ်စိတ်နဲ့ နိုင်ငံအကျိုးစီးပွားအတွက် စဉ်းစားဖို့ လိုပါတယ်လို့ ပြောပါတယ်။”
ဗိုလ်ချုပ်ကြီးအားနေ့လည်စာကျွေးဖို့ခဏနားပါတယ်။

၈၈။ နားနေစဉ် အချင်းချင်း အလွတ်သဘောပြောဆိုကြရာမှာ စာရေးသူ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမေရိကန်နိုင်ငံရဲ့ ခြေလျင်တပ်ခွဲမှူးသင်တန်းကို တက်ဖို့ ရွေးချယ် ခံခဲ့ရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့ အဖြစ်အပျက်ကို တင်ပြလိုပါတယ်။ အဲဒီဗိုလ်မှူးဟာ OTS – 36 က ဖြစ်ပြီး တပ်မတော်မှာရှိတဲ့ ဗိုလ်မှူးများစွာထဲက အဆင့်ဆင့် ဇကာတင် ရွေးချယ်ခံရကာ တပ်မတော်တရပ်လုံးမှ ဗိုလ်မှူး ၂ ဦးတည်းကိုသာ ရွေးချယ်စေလွှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီဗိုလ်မှူး ရွေးချယ်ခံရစဉ်မှာ သူဟာ ကရင်ပြည်နယ်က မမောင်းဒေသစစ်ဆင်ရေးမှာ စစ်ကြောင်းမှူး တာဝန် ထမ်းဆောင်နေရချိန် ဖြစ်ပါတယ်။ သူ့ကို သင်တန်းသွားဖို့ နောက်တန်းကို ပြန်ရာမှာ လုံခြုံရေး တကူးတက မလုပ်ပေးနိုင်ကြောင်း တိုင်းစစ်ဌာနချုပ်က ကြေးနန်းဝင်လာပါတယ်။ အဲဒီအခါ ဗိုလ်မှူးလည်း ဒေါသထွက်ပြီး သူတစုံတခုဖြစ်ရင် သူခံမယ်ဆိုကာ သူ့ရဲ့ ဘ၀တက်လမ်းအတွက် စွန့်စားရပါတော့တယ်။ စက်လှေတစ်စင်းနဲ့ သူရယ်၊ သူ့တပည့်တစ်ဦးရယ်ဟာ ကမမောင်းကို အရပ်ဝတ် ဝတ်ပြီး စွန့်စွန့်စားစား စုန်ဆင်း လာပါတော့တယ်။ တကယ်တော့ အဲဒီလို အမေရိကန်သင်တန်းကို အရာရှိတိုင်းက တက်ချင်ကြတဲံ့ သင်တန်း ဖြစ်ပါတယ်။ အဲဒီလိုသင်တန်းကို အရောက်သွားဖို့ နောက်တန်းသို့ မဖြစ်မနေ ပြန်ရန် အစီအစဉ် လုပ်ပေးသင့်ပေမဲ့ ၀န်လေးနေတဲ့ အထက်စစ်ဌာနချုပ်များမှ အရာရှိကြီးတွေရဲ့ တာဝန်မဲ့တဲ့ စိတ်နေသဘောထားက တရားကျဖို့ ကောင်းလှပါတယ်။ သူပြန်လာတော့ သင်တန်းအတွေ့အကြုံ ရှင်းပြရာမှာ တောသား မြို့တက်တာထက် ဆိုးကြောင်း၊ လျှပ်စစ်ဓါတ်လှေကားနဲ့ Auto Power Windows များကို မသိကြောင်း၊ သင်တန်းမှာ အာရပ်နိုင်ငံက အရာရှိများ ကိုယ်ပိုင်ကားနဲ့ သုံးဖြုန်းနေချိန်မှာ ငါတို့ မြန်မာ့တပ်မတော်ရဲ့ အရာရှိတွေကတော့ ငပိကျော်နဲ့ ထမင်းစားပြီး ပိုက်ဆံစု ခြိုးခြံချွေတာနေ ရကြောင်း၊ သိမ်ငယ်သလို ခံစားရကြောင်း၊ ဒါပေမဲ့ နိုင်ငံချစ်တဲ့စိတ်နဲ့ ကြိုးစားလို့ ထူးချွန်တာကြောင့် အမေရိကန်အရာရှိများက နှစ်သိမ့်အားပေး ကူညီကြကြောင်း စသဖြင့် ရင်ဖွင့်သွားတာကို တင်ပြပေးလိုက်ပါတယ်။

၈၉။ နောက်အရာရှိတစ်ဦးကတော့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းပွဲတခုမှာ ယခု ထိပ်တန်းဝန်ကြီး ဗိုလ်ချုပ်တစ်ဦး (အမေရိကန်သင်တန်းပြန်၊ တနပ်စားဘွဲ့ရသူ) က ဦးသန်းရွှေကို ကျွန်တော်တို့ တပ်မတော်က သုံးနေတဲ့ တရုတ်လုပ် လက်နက်တွေယာဉ်တွေဟာ ညံ့ဖျင်းတာကြောင့် ခေတ်မှီတပ်မတော်ဖြစ်ဖို့အမေရိကန်ထံ နည်းလမ်းတခုခုနဲ့ရအောင် ချဉ်းကပ်ပေးဖို့သတင်းပို့လိုက်တာ အားလုံးကအံ့သြကုန်ကြတဲ့ ဖြစ်စဉ်ပြောပါတယ်။

တပ်မတော် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်လျဉ်းပြီး ပြည်တွင်းပြည်ပ တပ်မတော်အရာရှိတချို့နဲ့  အပြန်အလှန် ဆွေးနွေးခဲ့ပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။ ယခင်စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်မှစပြီး တပ်မတော်အတွင်း စိတ်ဓါတ်စစ်ဆင်ရေးကို စနစ်တကျ ရိုက်သွင်းထားမှုကြောင့် တပ်မတော်ပြုပြင် ပြောင်းလဲရေးဆိုတာနဲ့ တပ်ဖြိုခွဲရေးလို့ စွပ်စွဲကာ အရာရှိများ တွန့်ဆုတ်ကြောက်ရွံ့သွားအောင် ၀ါဒဖြန့်ထားကြောင်း၊ အမှန်တကယ် စွမ်းရည်ရှိကာ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုနဲ့ ကျစ်လစ်ခိုင်မာပြီး သက်သာချောင်ချိရေး ကောင်းမွန်သော Professional Army အဖြစ် ဦးတည်တာကို တပ်မတော်သားများ နားလည်သိရှိဖို့ လိုအပ်ကြောင်း၊ တပ်တစ်ခု ပြုပြင်ပြောင်းလဲရေး ဆိုရာမှာလည်း ချက်ချင်းပြောင်းလဲဖို့ မလွယ်ကူကြောင်း၊ နှစ်နဲ့ ချီ တဖြေးဖြေး ပြောင်းလဲရကြောင်း၊ တန်ပြန် စိတ်ဓါတ် စစ်ဆင်ရေးလုပ်ပြီး စည်းရုံး တိုက်တွန်းရမှာဖြစ်ကြောင်း၊ တပ်မတော်အတွင်း ထိုးဖေါက်စည်းရုံးရာမှာ တချို့အရာရှိများ အနေနဲ့ စစ်အာဏာရှင်များ ရိုက်သွင်းထားသလို ပြောင်းလဲမှုလုပ်ရင် အရေးယူခံရမှာကို အရိုးစွဲ စိုးရိမ်နေကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ တပ်ဖြိုခွဲသလို နိုင်ငံတော် ပုန်ကန်မှုလို အရေးယူခံရမှာ ကြောက်ရွံ့ နေခြင်းကိုလည်း သတိပြုရမှာဖြစ်ကြောင်း၊ သစ္စာလေးချက်ကို တလွဲအဓိပ္ပါယ် ကောက်ဆွဲပြီး အထက်အမိန့်နဲ့ အထက်အရာရှိအပေါ် သစ္စာရှိရမယ်ဆိုတဲ့ အချက်ကို နိုင်ငံတော် သစ္စာဖေါက်မှုဖြင့် စွဲချက်တင်နိုင်ကြောင်း၊ တချို့တပ်မတော် အရာရှိများဟာ စည်းစိမ်ဥစ္စာနဲ့  ပြည့်စုံနေပြီး သူတို့ရဲ့အာဏာအနေအထား ပျက်ယွင်းသွားမှာကို မလိုလားကြောင်း၊ ဆွေးနွေးသွားကြပါတယ်။

အဆိုပါ ဆွေးနွေးချက်များကို နည်းလမ်းရှာကြံ စဉ်းစားသုံးသပ်ကြကာ အသေးစိတ် အပြန်အလှန် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ တပ်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ target အမျိုးမျိုးရှိကြောင်း၊ အောက်ခြေ ၊ အခြားအဆင့် တချို့စစ်သည်များကို စည်းရုံးရာမှာ မူလတန်းအဆင့်ကို မူလတန်းအဆင့်နဲ့ ကိုက်ညီတဲ့ လက်ကမ်းစာစောင်လိုမျိုး၊ လိုရင်းတိုရှင်း စာသားနဲ့ ရုပ်ပုံကားချပ်လိုမျိုးတွေကို ချပြရန် လိုကြောင်း၊ စိတ်ဝင်စားဖွယ် သဘောကျဖွယ် ရုပ်ပြောင် ကာတွန်းများနဲ့လည်း စည်းရုံးနိုင်ကြောင်း၊ သူတို့ကို နိုင်ငံရေး အဘိဓါန်နဲ့ပြောရင် မကိုက်ညီကြောင်း၊ နောက်နည်းဗျူဟာတစ်ခုက စိတ်ဓါတ်စစ်ဆင်ရေး ပုံစံမျိုးမဟုတ်ဘဲ တပ်မတော်အတွင်း ဖြစ်ပျက်နေတဲ့ အမှန်အတိုင်း ဖြစ်စဉ်များကို ရိုးရိုးလေးနှင့် ထည့်ပေးလိုက်မယ်ဆိုရင် ထိချက်ကောင်းမှာ ဖြစ်ကြောင်း၊ ဥပမာ ရာထူး တိုးမြှင့်ရေးမှာ တော်လေးတော် အရ အဖားတော်လို၊ အမျိုးတော်လို၊ အရည်အချင်း မရှိဘဲ ရာထူးတက်သွားတဲ့ တပ်တွင်း ဖြစ်စဉ်မျိုးကို အမှန်အတိုင်း ထောက်ပြရန် လိုကြောင်း၊ သက်သာချောင်ချိရေး မကောင်းမွန်တဲ့ ဖြစ်စဉ်မျိုးနဲ့ အဂတိ လိုက်စားမှု ကိစ္စတွေ၊ နီးစပ်ရာ မျက်နှာသာပေးမှုတွေ၊ ဖိနှိပ်ခံရတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ ဘယ်တပ်ရင်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဖြစ်စဉ်အမှန်အတိုင်း ပြန်ထည့်ပေးလိုက်တာဟာ ထိချက်ကောင်းကြောင်း၊ တချို့ သိသလိုလိုနဲ့ မသိသေးတာရှိကြောင်း၊ နိုင်ငံရေး သဘောတရားအရ စည်းရုံးမှု လုပ်နိုင်တာမျိုးလည်း ခက်ခဲမည်ဆိုတာ မဟုတ်ဘဲ လွှတ်တော်မျိုးမှာကျတော့ စည်းရုံးနိုင်ကြောင်း၊ Issue မျိုးစုံ ထောင့်မျိုးစုံက နည်းလမ်းရှိရင် လုပ်နိုင်ကြောင်း၊ ပုံသေကားချပ် တွက်လို့မရဘဲ  အခြေအနေနဲ့ အချိန်အခါပေးရင် လုပ်သွားနိုင်ကြောင်း၊ ဥပမာ မေမြို့နဲ့ဗထူး၊ သံတောင်တို့မှာ အရာရှိကြီးငယ်များ သင်တန်းပေါင်းစုံ တက်နေရလို့ ဧရိယာ Target ကြီးမားကြောင်း၊ စစ်အာဏာရှင်တွေက စစ်တပ်မရှိရင် အနောက်နိုင်ငံက ကျွန်လုပ်တာကို ခံရမယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးမျိုး လုပ်ထားကြောင်း၊ မျိုးချစ်စိတ်နှင့် ရိုက်သွင်း ထားကြောင်း၊ ဒီနေရာမှာ တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေး အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ကိုလိုနီ ကျွန်ဇာတ်သွင်းထားကြောင်း၊ မျိုးချစ်စိတ်ကို တန်ပြန် မျိုးချစ်စိတ်နဲ့ ပြန်တိုက်ရမှာ ဖြစ်ကြောင်း၊  စစ်အာဏာရှင်တွေက တရုတ်ကို ဆွေမျိုးပေါက်ဖေါ်ဆိုပြီး အလွမ်းသင့်နေတာ ဖြစ်ကြောင်း၊ တကယ်တမ်းတော့ တရုတ်နိုင်ငံမှ ခပ်ညံ့ညံ့စစ်လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများကို ဂျင်းထည့်တာ ခံနေရကြောင်း၊ ဖြစ်စဉ်အရ  မိတ္ထီလာမြို့ လေတပ်စခန်းမှ ပျံတက်လေ့ကျင့်နေတဲ့ တရုတ်လုပ် F – 7 ဂျက်တိုက်လေယာဉ် ပျက်ကျပြီး လေသူရဲကျဆုံးခဲ့တဲ့ ဖြစ်စဉ်အမှန်ကို မီးမောင်း ထိုးပြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာ လူသားဖြစ်တဲ့လေသူရဲကို တန်ဖိုးထားပြီး လေယာဉ်ကို စွန့်လွှတ် ခိုင်းကြောင်း၊ မြန်မာနိုင်ငံမှာတော့ လေသူရဲတွေဟာ လေယာဉ်တွေ မပျက်စီးအောင် မဆုံးရှုံးအောင် အသက်ပေးပြီး ကာကွယ်နေရကြောင်း၊ အသက်ရှင်ရင်လည်း နောက်မှာ စစ်ခုံရုံးက တွယ်ဖို့ စောင့်နေကြောင်း စသဖြင့် အပြန်အလှန် ပြောဆို ဆွေးနွေးကြပါတယ်။

(ဆက်လက် ဖော်ပြပါမည်)