ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထင်အောင် - တရားမဝင်လိုင်စင်မဲ့ယာဉ်များနဲ့ မြန်မာနိုင်ငံ

ထင်အောင် - တရားမဝင်လိုင်စင်မဲ့ယာဉ်များနဲ့ မြန်မာနိုင်ငံ
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆

ရှေးဦးတည်ထွင်သူများကြောင့် လူသားများအတွက် အသုံးပြုစရာပစ္စည်းများ အမျိုးမျိုးပေါ်ပေါက်လာပါတယ်။ အိမ်ရှင်မများအသုံးပြုရန်ပစ္စည်းများ၊ လူသားများ၏လုပ်အားကိုသက်သာလာစေရန် လျှပ်စစ်ပစ္စည်းများတည်ထွင်လာကြပါတယ်။ လူ တွေကလည်း သဘောကျကာ ဝယ်ယူသုံးစွဲကြပါတယ်။ အထူးသဖြင့် အသက်သာဆုံးဖြစ်အောင်တည်ထွင်ထားတာက တော့ လူစီးယာဉ်များပဲဖြစ်ပါတယ်။ ကျောက်ခေတ်လူသားတွေကစ၍ အဝိုင်းပုံသဏ္ဌာန်ဘီးကိုအသုံးပြုရာကစပြီး ယာဉ် အမျိုးမျိုးကို နှောင်းခေတ်လူတွေက ကြံစည်လုပ်ကိုင်ခဲ့ကြပါတော့တယ်။

ပထမတော့ ပစ္စည်းကိုတင်ကာ လူက တွန်းသွား ဆွဲသွားရသောလှည်းများ၊ ထိုနောက် လူပါတက်စီးလို့ရသောယာဉ်များ၊ တဖြည်းဖြည်းနဲ့ လူတွေသက်သက်သာသာဇိမ်ကျကျစီးနိုင်သော တိရိစ္ဆာန်ဆွဲယာဉ်များကိုပြုလုပ်လာကြပါတယ်။ ယာဉ်၏ ပုံသဏ္ဌာန်ကိုမြင်တာနဲ့ သူဋ္ဌေးများသာစီးနိုင်သောယာဉ်၊ ခရီးဝေးသွားသောယာဉ်ဟု ခွဲခြားသိသာလာစေရန် ပုံစံ အရောင် အသွေးနှင့် အသုံးပြုထားသောပစ္စည်းများကိုကြည့်လိုက်ခြင်းဖြင့် သိသာစေခဲ့ပါတယ်။

စက်မှုတော်လှန်ရေးပေါ်ပေါက်လာ ပြီးနောက်ပိုင်း အင်ဂျင်စက်များကိုအသုံးပြုကာ တိရိစ္ဆာန်များကိုမသုံးရတော့တဲ့ မော် တော်ကားများပေါ်ပေါက်လာပါတယ်။ သူဋ္ဌေးကြီးဖို့ကထုတ်လုပ်ထားသော ဖို့်ခ်ကားများက နိုင်ငံတကာဈေးကွက်မှာ အမည် ရလာပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဖွတ်ကားလို့ခေါ်ကြပါတယ်။ ဗြိတိသျှတွေက ကျွန်တော်တို့ကိုလက်အောက်ခံ ကိုလိုနီအဖြစ်သတ်မှတ်ပြီးနောက်ပိုင်းမှာ ကားတွေရောက်လာပါတော့တယ်။ ဖွတ်ကား၊ ဝက်စလီကား၊ အော်စတင်စတာတွေ ကို လမ်းတွေပေါ်က လှည်းတွေ လံချားတွေကိုကျော်ဖြတ်မောင်းနေတာတွေ့လာရပါတယ်။

ပထမတော့ အုပ်ချုပ်သူ ဘိုတွေ သာစီးပေမဲ့နောက်ပိုင်းမှာ ပိုက်ဆံရှိတဲ့မြန်မာတွေကလည်း ဝယ်ယူစီးလာပါတော့တယ်။ ယာဉ်တွေများလာတော့ ထိမ်းသိမ်းရလွယ်အောင် ယာဉ်နံပါတ်တွေကိုပေးထားပါတယ်။ ဥပဒေကိုကျူးလွန်ခဲ့ရင်လည်း အ လွယ်တကူအရေးယူနိုင်အောင်ပါ။ လွတ်လပ်ရေးရပြီး ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတကာကကားတွေကို အရောင်းကုမ္ပဏီ များဖွင့်ကာ ပြခန်းများဖြင့်ရောင်းချလာကြပါတယ်။ စက်မှုဖွံဖြိုးမှု အလွန်တိုးတက်လာသော ဂျပန်နိုင်ငံမှကားများလည်း ဈေးသက်သက်သာသာနဲ့ ဈေးကွက်ထဲကို ထိုးဖေါက်ဝင်ရောက်လာပါတယ်။ နောက်ပိုင်းမှာ ဓါတ်ဆီအကုန်အကျများတဲ့ အင်္ဂလိပ်၊ အမေရိကန်က ကားတွေအစား ဆီစားသက်သာတဲ့ ဂျပန်ကားတွေကို လူကြိုက်များလာပါတော့တယ်။ ဟိုမှာ အသုံးပြုပြီးသားကားအဟောင်းတွေကိုတောင် အသစ်ဆက်ဆက်လိုသဘောထားပြီး ဂုဏ်ယူစွာဝယ်စီးနေကြပါသေးတယ်။စီးပွါးရေးစနစ်သစ်အရ ကားတွေကို ပေါပေါများများသွင်းခွင့်ရလို့သွင်းလာပါတော့တယ်။ ကားအရောင်းပြခန်းတွေလည်း မှိုလို အလျှိုအလျှိုပေါ်လာပါတယ်။ ဈေးနှုန်းကလည်း ချက်ချင်းပြောင်းလဲလာပါတော့တယ်။ ကားဝယ်စီးသောဦးရေက ချက်ချင်းတိုးတက်လာပါတော့တယ်။

ဒီမှာပဲ ကားအမျိုးအစားတမျိုးပေါ်လာပါတော့တယ်။ တကယ်က အရင်ကတည်းက ရှိတာပါ။ တရားဝင် ပါမစ်နဲ့ဝင်လာတာ မဟုတ်ပဲ အောက်လမ်းကနေမောင်းပြီးရောက်လာတဲ့ကားတွေပါ။ ဈေးအင်မတန် သက်သာစွာနဲ့ရောင်းချပေးနိုင်တဲ့ကား တွေပါ။ လိုင်စင်မဲ့ကားလို့ အမည်ပေးထားပါတယ်။ သူတို့က တွေ့ရာနံပါတ်ကိုကောက်တတ်ထားတော့ မူရင်းကားပိုင်ရှင် အစစ်နဲ့တွေ့တော့ ပြဿနာဖြစ်ကြပါတယ်။ တချို့ကလည်း မူရင်းအစစ်နဲ့တူတဲ့ကားတွေဝယ်ပြီး နံပါတ်တခုတည်းနဲ့ ကား လေးငါးစီးဖြစ်အောင် လုပ်ထားတတ်ပါသေးတယ်။ တဘက်နိုင်ငံကကားတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး ပြည်တွင်းကိုမောင်း ဝင်လာကာ အောက်ကားအဖြစ်ရောင်းနေကြတာဖြစ်ပါတယ်။ ရောင်းတဲ့သူကလည်း အမြတ်ကျန်လို့ ရောင်းတယ်၊ ဝယ်တဲ့ သူကလည်း ဈေးသက်သက်သာသာနဲ့ ကားကောင်းစီးရလို့ ဝယ်တယ်။ ကြားထဲက ရောင်းသူဆီကကားကို ဝယ်သူဆီ သယ်ပို့ပေးရသူလည်း မြတ်လို့ပို့ပေးတာပေါ့။ ဒီလိုကားတွေကို မော်လမြိုင်ဒေသတဝိုက်၊ သထုံဒေသတဝိုက်မှာစီးနေကြတာကြာပါပြီ။ ရန်ကုန်မှာတောင်ခေတ်စားလာလို့ အခွန်ဆောင်ကာ တရားဝင်အဖြစ်ပြုလုပ်ပေးခဲ့ပါသေးတယ်။ တခါတလေ တရားမဝင်ယာဉ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အရေးယူဖမ်းဆီးနေတာတွေ့မိပါတယ်။ အရေးယူမယ်ဆိုလို့ သက်ဆိုင်ရာကသတ်မှတ်ထားတဲ့နေရာတွေမှာ သွားအပ်သူတွေ၊ လမ်းဘေးမှာစွန့်ပစ်သွားသူတွေရဲ့ကား တွေလည်းရှိပါ သေးတယ်။ ရန်ကုန်မြို့မှာတော့ တခါတရံလိုင်စင်မဲ့ကားတွေကို စစ်ဆေးနေတာတွေ့ပါတယ်။ တရားဝင်ကားနဲ့ လိုင်စင်မဲ့ကားက ကြည့်လိုက်တာနဲ့ သိတယ်လို့ပြောကြပါတယ်။ ယာဉ်ထိန်းရဲတွေက ပိုပြီးကျွမ်းကျွမ်းကျင်ကျင်ကို သိနေကြ တာပါ။ နယ်ကယာဉ်ထိန်းတွေကတော့ သိပ်မကျွမ်းကျင်သေးဘူးလို့ ထင်ပါတယ်။ နယ်တွေမှာ လိုင်စင်မဲ့ကားတွေက ပေါခြင်း သောခြင်းတွေ့ နေရလို့ပါ။

နောက်ဆုံးပေါ်ကားတွေကို နောက်ဆုံးပေါ်နံပါတ်တွေနဲ့ တရားဝင်စီးနေကြတာပါ။ ဈေးကလည်း အလွန်ကွာတာပါ။ သာ မာန် ပြည်သူတွေ စီးနိုင်တဲ့ဈေးအမှန်ပါ။ နိုင်ငံတော်က တယ်လီဖုံးကိုတောင် တထောင့်ငါးရာကျပ်နဲ့ရောင်းပေးနိုင်သေးရင်ကားတွေကိုလည်း သိန်းနှစ်ဆယ်လောက်နဲ့ ရောင်းပေးနိုင်မှာသေချာပါတယ်။  အခွန်ကလည်း လူတိုင်းကျေကျေနပ်နပ်နဲ့ ပေးနိုင်လောက်တဲ့ပမာဏကိုသတ်မှတ်လိုက်ရင် နိုင်ငံအတွက် အခွန်ငွေအများကြီးဝင်လာမှာပါ။ စက်သုံးဆီဆိုင်က ဆီ ရောင်းရငွေတွေ၊ ခရီးဝေးအပျော်ခရီးတွေထွက်ကြလို့ လမ်းမပေါ်သွားလာခွင့်အခွန်တွေ အများကြီးဝင်လာမှာပါ။ ယာဉ်တွေ များလာတာနဲ့အမျှ ယာဉ်စည်းကမ်းဖေါက်ဖျက်တာတွေလည်းများလာမှာပါ။ တရားဝင်သာ အမှန်ကောက်ခံခဲ့ရင် ပေးသွင်း ခဲ့ရင် အခွန်ဝင်ငွေအများကြီးတိုးလာမှာပါ။ မီးပ္ပိုင့်များကို ရုတ်တရက်စိမ်းရာမှနီသွားအောင်လုပ်ပေးခြင်းဖြင့်၎င်း၊ သစ်ပင် အကွယ်ကနေ ရုတ်တရက်ထွက်လာပြီး ပြစ်မှု အမျိုးမျိုးပြကာ အခွန်တိုးအောင်လုပ်စရာမလိုတော့ပါ။ ကားတွေများလာ တော့ နှစ်ထပ်လမ်းတွေတိုး ချဲ့ဘို့လိုလာမလို ထိမ်းသိမ်းရန်ယာဉ်ထိမ်းရဲဦးရေတိုးခန့်ရန်လည်း လိုလာတော့မှာပါ။ အခု လည်း ဒီကားတွေဟာ နိုင်ငံအနှံအပြားမှာ တရားဝင်လိုမောင်းနေတော့ ထိမ်းပေးနေရတာပါပဲ။

တခုတွေးမိတာ ကကားသမားက အခွန်တော့ပေးနေရမှာပါ။ ဘယ်ဋ္ဌာနကိုက ဝန်ထမ်းတွေက တာဝန်ယူခွင့်ပြုကောက်ခံနေသလဲဆိုတာ သိဘို့ပါပဲ။ ဒါကြောင့် စနစ်လေးနဲနဲပြင်လိုက်တာနဲ့ လူတိုင်းဈေးသက်သက်သာသာပေးပြီး ကားလှလှလေးတွေ ကို တရားဝင်စီးနိုင်ကာ နိုင်ငံတော်မှာလည်း တရားဝင်အခွန်တော်တွေ အများကြီးတိုးလာတော့မှာသေချာပါတယ်။ ကျွန် တော်လည်း ကားသစ်ပုံစံကားကို စီးခွင့်စောင့်နေပါတယ်။

ထင်အောင်
စာမူပြီးသောနေ့  ၂၂  / ၄  / ၂၀၁၃