နေပြည်တော်ကို အလည်သွားရရင် ကောင်းမလား နှင့် ဘကြီးမိုး


နေပြည်တော်ကို အလည်သွားရရင် ကောင်းမလား နှင့် ဘကြီးမိုး
ဘကြီးမိုး ၊ ကုမုဒြာသတင်းဂျာနယ် (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆


၂၃ ရက်နေ့ မနက် မောနင်းစတားဝိုင်းမှာ ပြုံးပြုံး(ကလောကိုယ်စားလှယ်) တို့ လင်မယားလည်း ရောက်လာကြပါတယ်။ ပြုံးပြုံးက ဘကြီးမိုးကို အတော် သံယောဇဉ်ကြီးပါတယ်။ ဘကြီးမိုးတို့မြေးအဘိုး မိုးသူ နှင့် မိုးသောက် ပန်းချီပြပွဲလုပ်တော့ ပြုံးပြုံးက သူ့သားလေးခေါ်ပြီး လာပါတယ်။ ပြုံးပြုံးသားလေးက ပန်းချီဝါသနာပါလို့ပါ။ ပြုံးပြုံးနဲ့ မိုးသောက်တို့အမေ နီဝါနဲ့လည်း အင်္ဂလိပ်စာသင်တန်းမှာ ဆုံကြခင်ကြလို့လည်း ပါမှာပေါ့လေ။ အဲသည်နောက် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘကြီးမိုးရဲ့တူတွေ၊ တူမတွေ၊ ညီတွေ အများကြီး အများကြီး အင်န်အယ်လ်ဒီကိုယ်စားလှယ်အဖြစ် ပါကြ၊ ဝင်ကြ၊ အရွေးခံကြပါတယ်။ မောနင်းစတားမှာ အမြဲဆုံနေကျ ကိုစိုးရဲ့ဇနီး မိကွန်ချမ်းကလည်း ဝေါကိုယ်စားလှယ်အဖြစ် အရွေးခံပါတယ်။ ကိုဇော်သိန်းက ဝါးခယ်မ၊ မိုးကုတ်အဖွဲ့ဝင်များ ဖြစ်တဲ့ သက်သက်ခိုင်က ဒဂုံက၊ ပြုံးပြုံးက ကလောက၊ နိုင်ငံကျော်တို့က မိုးကုတ်က အရွေးခံကြသလို မန္တလေးမှာ မောင်တင်သစ်တို့ ငြိမ်းသစ်တို့ အရွေးခံကြပါတယ်။ အဲ ငြိမ်းသစ်ဆိုလို့ ဒီလှိုင်းအယ်ဒီတာအဖွဲ့ကလည်း အကုန် ပါတော့တာပဲလေ။ ငြိမ်းသစ်ရယ်၊ နေဘုန်းလတ်ရယ်၊ ပပရယ်၊ နောက် မောင်တင့်လွင်တို့ ၊ဝင်းထွဋ်ဇော်တို့ လည်းပါရဲ့။ လင်းထွတ်တင် လားရှိုးက ပါသေး။ အဲသည်လို အဲသည်လို အများကြီး လွှတ်တော်ကိုယ်စားလှယ်တွေ အင်န်အယ်လ်ဒီက အရွေးခံကြတော့ အားလုံး အားလုံး အရွေးခံကြရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်သစ်များဟာ နေပြည်တော်မှာ ၂၅ရက်နေ့မှာ ရောက်ရှိကြောင်း စာရင်းသွင်းရမှာ ဖြစ်လေတော့ ၂၄ ရက်နေ့ ရန်ကုန်က ထွက်ကြရမှာ ဖြစ်ပါတယ်။

၂၃ ရက်နေ့ မနက်မှာတော့ ဘကြီးမိုးတို့ မောနင်းစတားဝိုင်းမှာ ကိုဇော်သိန်း လာနှုတ်ဆက်ပြီး သူ့အဖွဲ့နဲ့ သွား ထိုင်ပါတယ်။ငြိမ်းသစ်ကလည်း လာနှုတ်ဆက်ပြီး တခြားဝိုင်းထိုင် ၊ပြုံးပြုံးနဲ့ မိကွန်ချမ်းတို့ကတော့ မိန်းမချင်းဖြစ်လေတော့ ဘယ်သူ ဘယ်အခန်းရတယ်၊ ဘာတွေယူသွားကြရမယ်ဆိုတာ တိုင်ပင်ကြပေါ့။ သူတို့ နှစ်ယောက် တစ်ဖက်ခြမ်းမှာ တွတ်ထိုးပြောမဆုံးနိုင်ကြသလို သည်ဘက်ခြမ်းမှာ ဘကြီးမိုးနံဘေးမှာ ထိုင်ရတဲ့ မိကွန်ချမ်းရဲ့ အမျိုးသား ကိုစိုးနဲ့ ပြုံးပြုံးရဲ့ အမျိုးသားကိုသားကြီးတို့ကလည်း ဆံထုံးနောက် ဘိုကေတွေ လိုက်ပို့ကြရမှာပေါ့လေ။ အကြမ်းဖျင်းသိရတာကတော့ လွှတ်တော်ကိုယ်စားလှယ် အဟောင်းနဲ့အသစ် ၂၇၊၂၈၊၂၉ အတူတက်ကြရမယ်။ အသစ်တွေကတော့ ဖေဖေါ်ဝါရီ ၁ရက်နဲ့ ၈ ရက်နေ့တွေမှာ စကြမယ်ဆိုပဲ။ ဖေဖေါ်ဝါရီ ၈ ရက်မှာ လွှတ်တော်ကိုယ်စားလှယ် အသစ်များ တက်ကြပြီး အင်န်အယ်လ်ဒီရဲ့ အစိုးရသစ်ကို ဖေဖေါ်ဝါရီလထဲမှာပဲ ကြေညာ၊အင်န်အယ်လ်ဒီအစိုးရသစ်က မတ်လမှာ တာဝန်ယူရမှာဆိုပဲ။

အားလုံး အားလုံး ဒေါ်စုတို့၊ ဦးဝင်းထိန်တို့လည်း ၂၄ ရက်နေ့ နေပြည်တော်သွားကြမှာပဲလေ။

သည်မှာရှိတဲ့ ဝိုင်းတော်သားတွေကလည်း နေပြည်တော်ကို တညအိပ်လောက် လိုက်ကြရအောင်လို့ ဆိုပါတယ်။ ဘကြီးမိုးက ပြုံးပြီးပဲ နေလိုက်ပါတယ်။

ဘကြီးမိုး နေပြည်တော်ရောက်ဖူးလားဆိုတော့ မရောက်ဖူးဘူး။ တခေါက် ဖြတ်သွားပြီး နေပြည်တော် YKKO မှာ နေ့လယ်စာစား၊ ဘီယာသောက်ဖူးပါတယ်လို့ ပြောရတာပေါ့။ နေပြည်တော်မှာ ပထမဆုံး လွှတ်တော်အစည်းအဝေး တွေ လုပ်ကြမယ်ဆိုတော့ မော်ဒန်၊ ကုမုဒြာက သတင်းထောက်များ လွှတ်ရပါတယ်။ မော်ဒန်က ဝီလျံလည်း တခေါက်လိုက်ရသလို မန္တလေးက ကျော်ရင်မြင့်ကလည်း တခေါက်နေပြည်တော်ကို လာရသတဲ့။ ဝီလျံက ဘကြီးမိုးကို လိုက်ဖို့ခေါ်ပေမဲ့ ဘကြီးမိုးကလည်း ခပ်ကြောင်ကြောင်လူခင်ဗျ။ သည်စစ်အစိုးရ စစ်သားတပိုင်းအစိုးရ လုပ်တဲ့ပွဲတွေဆိုရင် မတက်ချင်ဘူး။ မသွားချင်ဘူးခင်ဗျ။ သုတစွယ်စုံက ဘကြီးမိုးကို စာပေဆုပေးပါတယ်။ ဝန်ကြီးလာမယ်လို့ ဆိုပါတယ်။ဘကြီးမိုး သမီးလွှတ်လိုက်ပြီး ကိုယ်တိုင်ဆု တက်မယူဖြစ်ခဲ့ပါ။ MRTV တို့ ၊စကိုင်းနက်တို့ရဲ့ အင်တာဗျူးတွေလည်း တတ်နိုင်သမျှ ငြင်းခဲ့ပါတယ်။ MRTV မှာ ကြည်စိုးထွန်းက ဘကြီးမိုးသေသွားရင် ဘယ်နှယ့်လုပ်မလဲဆိုပြီး ဘကြီးမိုးရိုက်ခဲ့တဲ့ ရုပ်ရှင်တွေအကြောင်း နှစ်ပတ်စာလောက် ပြောလိုက်ဖူးပါတယ်။ ပြည်သူ့ရင်ပြင်ဆိုသဟာလည်း ဖြစ်နိုင်သမျှ မသွားဘဲ နေခဲ့ပါတယ်။ မနိုင်ရင်ကန်ဖြစ်တဲ့ မာလာတင်ရဲ့သားနဲ့ မောင်တင်ဦးသမီး မင်္ဂလာဆောင်တာမို့ ပြည်သူ့ရင်ပြင်ကို တခေါက်ပဲ ရောက်ဖူးခဲ့ပါတယ်။

နေပြည်တော်လည်း သွားဖို့ရောက်ဖို့ စိတ်ကူးမရှိပါ။ အမြန်လမ်းက မော်တော်ကားနဲ့အပြန် နေ့လယ် ဖြတ်သွားဖူးတာပဲ ရှိပါတယ်။ နေပြည်တော်ထဲသွားဖို့ စိတ်မဝင်စားပါ။ ဘကြီးမိုးရဲ့ မြေး ဘုံဘုံတို့ လင်မယားက နေပြည်တော်မှာနေတာ။ သူတို့ရဲ့ သားဦး ဘကြီးမိုးရဲ့ မြေးနံပါတ်(၃) ရတော့ အိမ်က သမီးနဲ့သားတို့က သမီးကားနဲ့ နေပြည်တော်သွားပါတယ်။ ဖေဖေလိုက်မလားဆိုတော့ မလိုက်ဘူးလို့ ငြင်းခဲ့ဖူးပါတယ်။

နေပြည်တော်ဆိုတာ စစ်တပ်အစိုးရက တည်ခဲ့တဲ့မြို့၊ လွှတ်တော်အစိုးရ ကျင်းပခဲ့တဲ့မြို့လေ။ ဘကြီးမိုးမသွားချင်ပါဘူး။မရောက်ဖူးချင်ပါဘူး။

အဲ အခုတော့ သည်တခါလုပ်မယ့် လွှတ်တော်ဟာ အင်န်အယ်လ်ဒီတွေ အနိုင်ရတဲ့ လွှတ်တော်၊ အင်န်အယ်လ်ဒီတွေ အစိုးရဖွဲ့မယ့် လွှတ်တော် နေပြည်တော်ဖြစ်လေတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်အပါအဝင် ကိုယ့်လူတွေ တက်ကြမယ့် လွှတ်တော်၊ ကိုယ့်လူတွေ သွားကြမယ့် နေပြည်တော်ဆိုတော့ စိတ်ထဲမှာ လိုက်ရကောင်းနိုးနိုး ဖြစ်မိပါတယ်။

နေပြည်တော်ကို အလည်သွားရရင် ကောင်းမလား နှင့် ဘကြီးမိုးပါ။