မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၀)


မောင်မောင်စိုး - ကချင်တိုင်းရင်းသားလက်နက်ကိုင်စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၁၀)
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
 
● ယောယုံမြင်တိုင်း မျက်ရည်ဝိုင်းသည်
သို့နှင့် မတ်လ ၂၁ ရက်ညမှောင်သည်နှင့် ယောယုံစခန်းကုန်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ကြတော့သည်။ သို့သော် အစိုးရ၏ မပခတပ်များက ပူးတွဲတပ်များ ယောယုံစခန်းကို တိုက်မည်ဆိုသည်ကို ထိုညမှာ ကောက်ချက်ချ၍ရသွားသည်။ ထောက် လှမ်းရေးသတင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ စစ်ကူလှုပ်ရှားစစ်ကြောင်းကို ညတွင်းချင်း ယောယုံသို့စေလွှတ်လိုက် တော့သည်။ ထို့ကြောင့် ယောယုံစခန်း၌ သေနတ်သံ စမမြည်မှီ သန်းခေါင်ယံကျော်တွင် လမ်းဖြတ်တားသည့် KIA တပ်ဖွဲ့နှင့် တိုက်ပွဲစဖြစ်သည်။ တော်သေးသည်မှာ လမ်းဖြတ်ဟန့်တားသည့် KIA တပ်ဖွဲ့မှ ၎င်းစစ်ကူကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ ခြင်းဖြစ်သည်။

သို့သော် ယောယုံစခန်းတွင်းက ခလရ ၄၇ တပ်ခွဲကတော့ စခန်းအား လာတိုက်တော့မည်မှာ သေချာသလောက်ရှိပြီဖြစ်၍ အသင့်ပြင်၍ စောင့်နေတော့သည်။ မနက်အာရုဏ်တက်တွင် ကာကင်းဖြစ်သည့် စခန်းမကြီးပေါ်ရှိ တောင်ကုန်းငယ်အား ဦးစွာတိုက်ခိုက်သည်။ ထိုစခန်းငယ်အားသိမ်းပိုက်ပြီးနောက် ထိုတောင်ကုန်းငယ်တွင် လက်နက်ကြီးများတင်၍ ပင်မစခန်း အားပစ်ခတ်ရန် ပြင်ဆင်ထားသည်။ သို့သော် တောင်ကုန်းငယ်က တော်တော်နှင့်မကျ။ ပင်မစခန်းကိုတိုက်မည့်တပ်ဖွဲ့များကတော့ ပင်မစခန်းနီးကပ်သွားနေပြီ။ ဤအချိန်တွင်မှ ၈၁ မမ များဖြင့် သူတို့စခန်းနား ကပ်လာနိုင်သည့် မှတ်ပုံတင်ထားသော ပစ်မှတ်များကို တရစပ် ပစ်ခတ်တော့သည်။

သို့ဖြစ်ရာ ကာကင်းစခန်းအားထိုးနေသည့် တပ်သာမ ပင်မစခန်းသို့ ထိုးနေသည့်တပ်ဖွဲ့များပါ စခန်းအား မထိုးရသေးမှီ ကျဆုံးဒဏ်ရမှုများ စတင်တော့သည်။ ယောယုံတောင်ကုန်း တဖက်ကြောရှိ ပူးတွဲစစ်ဦးစီးအဖွဲ့ ရှေ့တန်းရုံးရှိရာ စစ်မြေပြင် ဆေးအဖွဲ့သို့ အစောဆုံး ရောက်လာသူထဲတွင် KIA ရင်း ၉ ဒုရင်းမှူး ဗိုလ်ဂမ်ဆိုင်းပါသည်။ တုတ်တုတ်ခိုင်ခိုင် ပျော်ပျော် ပါးနေတတ်သူ ဗိုလ်ဂမ်ဆိုင်းတစ်ယောက် ညည်းငြူသံပင်မထွက်နိုင်တော့။ လူနာထမ်းစင်ပေါ်တွင် ပက်လက် ပါလာသော သူသည် အခြားသူများကဲ့သို့ သွေးသံရဲရဲတော့မဟုတ်။ ရင်ဘတ်တွင် ၈၁ မမ မော်တာဆံ အစလေးများဝင်သွားပုံရသည့် အပေါက်ငယ်၂ ခုသာတွေ့ရသည်။ ခန္ဓာကိုယ်အတွင်းပိုင်းတွင် သွေးယိုစိမ့်နေပုံရသည်။ နှလုံးအား ထိခိုက်သွားပုံရသည်။ ခဏတာအတွင်း ကျဆုံးသွားတော့သည်။

ကာကင်းစခန်းရှိသည့်တောင်ကုန်းကို အလွယ်တကူ ထိုးမရသည့်အတွက် ထိုစခန်းငယ်အား တဖက်ကထိုး တဖက်ကဝိုင်း ထားပြီး ထိုတောင်ကုန်းနှင့် ပင်မစခန်းကြား လက်နက်ကြီးဆင်၍ ပစ်ကူပေးရသည်။ လက်နက်ကြီးဆင်သည့်နေရာနှင့် ပင်မ စခန်း မီတာ ၇၀၀ ခန့်သာဝေးသည်။ အပေါ်စီးကပစ်သည်မို့ သိပ်ပင်ချိန်စရာမလို ၅၇ မမ ၇၅ မမ နောက်ပွင့်အမြောက်များကို ပြောင်းထိုးပစ်ကြတော့သည်။ ဤသို့နှင့် ယောယုံပင်မစခန်းကို စတင်ထိုးစစ်ဆင်တော့သည်။သို့သော် စခန်းတွင်း ခလရ ၄၇ တပ်ခွဲမှလည်း အသင့်ပြင်ထား၍ မျှော်သလင့်လိုတော့ ဖြစ်မလာခဲ့ပေ။

တိုက်ပွဲကားပြင်းထန်သည်။ လက်နက်ကြီးငယ်သံများ ဝုန်းဒိုင်းကျဲနေသည်။ စခန်းတွင်းမှလည်း ပြင်းပြင်းထန်ထန်ခုခံသည်။ ကာကင်းစခန်းငယ်မှလည်း ခုခံနေဆဲ။ ယောယုံနှင့်စိန်လုံကဘာကြားလမ်းဖြတ်တိုက်ပွဲကလည်း ဖြစ်နေဆဲ။ ဤသို့ဖြင့်နေ့ လည်ခင်းသို့ ရောက်လာသည်။ တောင်ကုန်းငယ်ပေါ်က တပ်ကြပ်ကြီး ဦးစီးတပ်စိတ်ကတော့ လျှိုထဲသို့ဆင်းပြေးပြီး ပင်မ စခန်းရှိ တပ်ခွဲနှင့် သွားပေါင်းသည်။ ပူးတွဲတပ်က တောင်ကုန်းငယ်ကို ရလိုက်၍ တပူတော့လျော့သွားသည်။ သို့သော် ပင်မ စခန်းကား ခက်ခဲနေဆဲ။ ပင်မစခန်း၏ အစွန်ဆုံး ကတုတ်ထဲသို့ ပူးတွဲတပ်မှ အင်အားအချို့ဝင်ရောက်နိုင်သော်လည်း ကျန် ကတုတ်များမှ ပြင်းပြင်းထန်ထန် ခုခံနေဆဲ။ နေ့လည်အလင်းရောင် ထင်ထင်ရှားရှားအောက်တွင် ကတုတ်တွင်းမှနေ၍ တက်လာသမျှကို ဆီးပစ်နေ၍ ဆက်မတိုးနိုင်ကြပေ။

တဖက်တောင်ကြောပေါ်ရှိ စစ်မြေပြင်ဆေးရုံသို့ ကျဆုံးဒဏ်ရာရတပ်ဖွဲ့ဝင်များ တဖွဲဖွဲထပ်ရောက် လာသည်။ မတ်လ၏ပူပြင်း သော နေအပူရှိန်အောက်တွင် သွေးညှီနံ့တို့ လှိုင်နေသည်။ ပြင်းထန်သောသွေးညှီနံ့တို့နှင့်အတူ ဒဏ်ရာရစစ်သည်များ၏ အော်ဟစ်ညည်းငြူသံများပေါ်ထွက်နေသည်မှာ စိတ်မချမ်းမြေ့ဘွယ်ရာဖြစ်သည်။ ဒဏ်ရာပြင်းထန်သူများ စစ်မြေပြင်တွင် အရေးပေါ်ကုသမှုပေး၍ထိုစဉ် လွယ်ဂျယ်အထက် လွယ်ရင်ဟိုင်းတွင် အခြေပြုထားသော KIA တပ်မဟာ ၃ ဆေးရုံသို့ ပို့ရ သည်။ အရပ်သား အထမ်းသမားများစွာ၏ အကူအညီရယူရတော့သည်။ စစ်ဒဏ်သည် အရပ်သားများအပေါ် သက်ရောက် တော့သည်။

အစိုးရစစ်တပ်ကွပ်ကဲသူများအဖို့ ပင်မစခန်းမကျသေးသော်လည်း စေလွှတ်လိုက်သော စစ်ကူစစ်ကြောင်းက လမ်းဖြတ်တား ဆီးခံထားရပြီး ပင်မစခန်းသို့သွားရောက်ပူးပေါင်းနိုင်ခြင်းမရှိ။ ထို့ပြင် CPB /KIA ပူးတွဲတပ်ဖွဲ့ကလည်း နေလည်ခင်းအထိ စခန်းအားသိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲဖြစ်ရာ လေကြောင်းအကူအညီပေးရန် နေ့လည်ပိုင်း၌ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုစဉ်က အစိုးရလေတပ်မှာ ယခုအချိန်လောက် အားမကောင်းသေး။ စေလွှတ်လိုက်သော T 33 တိုက်လေယာဉ် ၄ စီး သည် ညနေ ၄ နာရီခန့်မှ ယောယုံစခန်းပေါ်သို့ရောက်လာတော့သည်။

မနက်မိုးလင်းကထဲမှ ယောယုံပင်မစခန်းအားသဲကြီးမဲကြီးတိုက်နေသော ပူးတွဲတပ်ဖွဲ့များမှာ ညနေစောင်းသည်အထိ ပစ် ခတ်တိုက်ခိုက်နေဆဲဖြစ်သည်။ လေယာဉ်များရောက်လာသောအခါ စခန်းပေါ်၌ ပတ်ချာလည်ဝိုင်းပတ်ပျံသန်း၍ တစ်စီး တစ်စီး တည့်တည့် ဒေါင်လိုက် စိုက်ဆင်းကာ စခန်းပတ်ချာလည်အား တစ်နာရီနီးပါး အပြင်းအထန်တိုက်ခိုက်တော့သည်။ထို အခါ စခန်းအနီးကပ်နေသော ပူးတွဲတပ်များ နောက်ဆုတ်ပေးရတော့သည်။

လေယာဉ်မှ ဗုံးကျဲပြီးသည့်နောက် ညနေ ၅ နာရီခန့်ရှိပြီဖြစ်ရာ ပူးတွဲစစ်ဦးစီးအဖွဲ့ တပ်ဆုတ်ရန် ဆုံးဖြတ်ချက်ချလိုက်ရ တော့သည်။ သို့နှင့် ယောယုံတောင်ကျောအနှံ့ တပ်ဖြန့်ထားသောတပ်ဖွဲ့များအား ပြန်လည်လည်စုစည်းပြီး ည ၆ နာရီခန့် အမှောင်ထုအစပျိုးလာသည်နှင့် စတင်ဆုတ်ခွာရတော့သည်။ ပူးတွဲတပ်ဖွဲ့လည်း ယောယုံတောင်တန်းဆီမှ လွယ်ဂျယ်ကွင်း ဆီသို့ ပြန်လည်ဆုတ်ခွါသည်။

နေ့အလင်းရေင်အောက်တွင် မသိသာလှသော်လည်း ညအမှောင်ထုအောက်တွင်တော့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ ယောယုံတောင် ကျော တကြောလုံး မီးဟုန်းဟုန်းတောက်လောင်နေသည်ကို အဝေးမှ ရှင်းလင်းစွာမြင်နေရသည်။ တနေ့လုံး အမြောက်သံ ဗုံးသံ သေနတ်သံတို့ ဆူညံပေါက်ကွဲနေသည့် ယောယုံတောင်ကုန်းကြီးသည် ညအမှောင်ထုအောက်တွင် တိတ်ဆိငြိမ်သက်လျက်မီးတောက်တို့ဝါးမျိုခြင်းကို ခံနေရသည်။

တောင်ကြောအတိုင်းပြန်ဆင်းလာသော ပူးတွဲတပ်ဖွဲ့ဝင်များ၏ခြေလှမ်းများကား လေးကန်လေးကန်၍နေပေတော့သည်။ တညလုံးချီတက် တနေကုန်တိုက်ခိုက်ထားရ၍ ပင်ပန်းသည်လည်း ပါသည်။ တိုက်ပွဲရည်မှန်းချက်မအောင်မြင်ခဲ့၍ မရွှင်ပြနိုင် သည်လည်းပါသည်။ ပူးတွဲတပ်ဖွဲ့ဝင် အများအပြားထိခိုက်ကျဆုံး၍ ဒဏ်ရာရ၍ စိတ်ထိခိုက်နေကြသည်လည်းပါသည်။ သွေး ညှီနံ့တို့ဖြင့် နှလုံးနောက်ကျိနေသည်လည်းပါသည်။ သို့သော် ပူးတွဲတပ်ဖွဲ့ဝင်များသည် လေးလံသော ခြေလှမ်းများနှင့် တိတ်ဆိတ်ငြိမ်သက်စွာ ဆုတ်ခွာလာခဲ့ကြသည်။ စစ်ကူလာနေသည့်အစိုးရစစ်ကြောင်းကို တားထားနိုင်သေးသည့်အတွက် အေးအေးလူလူတော့ ဆုတ်ခွာခွင့်ရသည်။

ညအတော်မိုးချုပ်တော့ လွယ်ဂျယ်ကွင်းအတွင်းရှိရွာများတွင် တပ်ဖြန့်ခွဲအနားယူသည်။ ထိုတွင်တနေရာမှ ရှိုက်ကြီးတ ငင်ငိုသံကြားရသည်။ ငိုကြွေးနေသူက CPB ရင်း ၅၀၁ ရင်းမှူး အိုက်ငင်းဖြစ်သည်။ ရင်းမှူး အိုက်ငင်းတွင် ဆက်သား ရဲဘော် လေးတစ်ယောက်ရှိသည်။ အသက် ၂၀ မပြည့်တတ်သေးသော ဝ ရဲဘော်လေးဖြစ်သည်။ အနေအထိုင်အေးဆေး၍ လူချစ် လူခင်များသူဖြစ်သည်။ ရင်းမှူး အိုက်ငင်းအတွက်တော့ သားတစ်ယောက်လိုလဲဖြစ်သည်။ ထိုရဲဘော်လေးသည် ယောယုံစ ခန်းတိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ပြင်းထန်သောပစ်ခတ်မှုများကြာတွင် ယောယုံစခန်း၏ အပြင်ဖက်ဆုံး ကတုတ်ကျင်းတွင်း ရောက်ရှိပြီးမှ ကျဆုံးသွားခြင်းဖြစ်သည်။ တဝေါဝေါပစ်ခတ်နေသော တိုက်ပွဲများကြားမှ သူရုပ်အလောင်းအားပြန်သယ်မထုတ် နိုင်ခဲ့ပေ။ ထို့ကြောင့် သန်သန်မာမာ တုတ်တုတ်ခိုင် ဗလတောင့်တောင့် ယောက်ျားရင့်မကြီးတစ်ယောက် တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ဘူးသည့် ဝ စစ်သည်တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်။ ရင်းမှူး အိုက်ငင်းသည် ဝ နယ်မြောက်ပိုင်း ပန်ဆန်း နမ့်ခမ်းဦးဒေသမြောက်ဖက်ရှိ အိုက်ချင်းဒေသမှဖြစ်ပြီး ဝ တို့၏ပုန်ကန်ထကြွမှုအစောဆုံးပါဝင်ခဲ့သူတစ်ဦးဖြစ်ကာ တိုက်ပွဲအတွေ့အကြုံများသည့် စစ်သည်တစ်ဦးဖြစ်သည်။ နောင်တွင် UWSA ၏ ဒုစစ်ဦးစီးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၀ ခုနှစ်စွန်းစွန်းတွင် ရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။

ယောယုံစခန်းသို့ကူညီရန်လာသည့် စစ်ကြောင်းအားတားဆီးသည့် KIA တပ်ဖွဲ့များလည်း ညသန်းခေါင်ယံခန့်တွင် ဆုတ်ခွါ ပေးလိုက်သဖြင့် အဆိုပါစစ်ကူစစ်ကြောင်းလည်း နောက်နေ့နံနက်တွင် ယောယုံစခန်းသို့ လာရောက်ပူးပေါင်းနိုင်ခဲ့ကြ သည်။ သို့သော် ပူးတွဲတပ်ဖွဲ့ အင်အားအများအပြားရှိနေသည့် လွယ်ဂျယ်ကွင်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းခြင်းမပြုနိုင်ဘဲ စခန်း လုံခြုံရေးကိုသာ အခိုင်အမာပြုနေပေတော့သည်။

KIA/CPB ပူးတွဲတပ်ဖွဲ့အတွက်တော့ထိခိုက်ဆုံးရှုံးမှုကြီးမားသည့် တိုက်ပွဲဖြစ်သည်။ နှစ်တပ်ပေါင်း ၁၄၇ ယောက်ခန့် ကျဆုံး ဒဏ်ရာရခဲ့သည့်အပြင်  စခန်းကိုလည်းသိမ်းပိုက်နိုင်ခြင်းမရှိသည့်အတွက် ပူးတွဲတပ်ဖွဲ့စစ်ဆင်ရေးထဲတွင် အကြီးမားဆုံး သော အရှုံးဟုဆိုရမည်။

ခလရ ၄၇ တပ်ခွဲမှ ခွဲမှူး ဗိုလ်မှူး ဗိုလ်ကြီးအောင်ထွန်းကတော့ မတ်လ ၂၇ ရက်နေ့တွင် သူရဘွဲ့ရပြီး ဗိုလ်မှူးရာထူးပါ တခါ တည်း တိုးသွားတော့သည်။ တိုက်ပွဲအပြီး ၅ ရက်အတွင်း သူရဘွဲ့ရော ရာထူးတိုးပါ အမြန်ဆုံးရသွားသည်ဟုဆိုပေမည်။အပေါ်တောင်ကုန်းငယ်မှ တပ်ကြပ်ကြီးကတော့ သီဟသူရဘွဲ့ရသွားသည်ဟုဆိုသည်။ ဗိုလ်မှူးအောင်ထွန်းသည် ခလရ ၉၀ သံလျင်တွင် တပ်ရင်းမှူးဖြစ်လာခဲ့ပြီး နောင်တွင် အရပ်ဖက်ပြောင်း၍ မြန်မာနိုင်စာစစ်အဖွဲ့ဥက္ကဌ ဖြစ်လာသည်ကို တွေ့ ရသည်။

စိတ်ဓါတ်ရေးရာထိခိုက်နေသော KIA/CPB ပူးတွဲတပ်ဖွဲ့အား လွယ်ဂျယ်အထက်ရှိ KIA တပ်မဟာ ၃ ဌာနချုပ်ရှိရာ လွယ်ရင်း ဟိုင်းတွင်ပြန်လည်စုဖွဲ့သည်။ ထို့နောက် မြောက်ဖက် ခိုင်ဘန် ခင်ဒစ်ရွာများ (ဗန်းမော်အထက်ရှိ မြို့သစ် အရှေ့ဖက် တောင်ကြောပေါ်သို့) သွားရောက် လှုပ်ရှားကာနောင်ထပ်တိုက်ပွဲဖေါ်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ယောယုံတိုက်ပွဲ ဆုံးရှုံး မှုဒဏ်ကြောင့် ပူးတွဲတပ်ဖွဲ့ကား မတက်ကြွတော့။

တကယ်တော့ ရွှေလီမြစ်ကူးချိန်က ပူးတွဲတပ်ဖွဲ့သည် စိတ်ဓါတ်တက်ကြွနေသည်။ ပူးတွဲတပ်ဖွဲ့၏ လှုပ်ရှားမှုကို အာရုံစိုက် နေခိုက် စီစီဝမ်တာပန်ဒေသရှိ CPB တပ်မဟာ ၂ မှ တပ်အချို့နှင့် ဒေသခံ KIA တပ်ဖွဲ့ငယ်တို့တွဲ၍ ကွန်လုံ သိန္နီကြားရှိနန့်ဆ လပ်နှင့် နားတီးတဝိုက်တွင် အစိုးရစစ်တပ်ယဉ်တန်းတခုကိုတိုက်ခိုက်ခဲ့ရာ တပ်မ ၆၆ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရကျော် ကျော်ချိုအပါ ကျဆုံးဒဏ်ရာရမှုများရှိခဲ့သည့် တိုက်ပွဲသတင်းကြောင့် ပူးတွဲတပ်ဖွဲ့စိတ်ဓါတ်တက်ကြွနေခဲ့သည်။

သို့သော် ယောယုံတိုက်အရှုံးကြောင့် ပူးတွဲတပ်ဖွဲ့၏စိတ်ဓါတ်မှာ ပြောင်းပြန်ဖြစ်သွားသည်။ စိတ်ဓါတ်ကျဆင်းနေသောတပ်ဖွဲ့ အဖို့ နောက်ထပ် စစ်ပွဲတပွဲချက်ခြင်းပြန်လည်ဆင်နွှဲရန် မလွယ်ကူပေ။ တဖက်ကလည်း အစိုးရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်စစ်ဗျူဟာ လက်အောက်ခံတပ်များမှာလည်း လှုပ်ရှားစစ်ကြောင်းထွက်ခြင်းမရှိဘဲ မြို့ရွာစခန်းများတွင် လုံခြုံရေးယူ၍ ခံစစ်ကိုသာ အလေးထားဆောင်ရွက်လျက်ရှိရာ ပူးတွဲတပ်ဖွဲ့စိတ်ဓါတ်အနေအ ထားနှင့် နောက်ထပ်စခန်းတစ်ခုအားတိုက်ခိုက် ရန် မဖြစ်နိုင်တော့ပေ။ သို့ဖြစ်ရာ ဧပြီ လဆန်းတွင် KIA/CBP တို့၏ ရွှေရာအောင်ပူးတွဲစစ်ရေးလှုပ်ရှားကို ရပ်ဆိုင်းလိုက်ရတော့
သည်။

ယောယုံတောင်ကြီးကား ယနေတိုင် မားမားရပ်လျက်ရှိနေသေးသည်။ ထိုတောင်ပေါ်တွင် များစွာအညတြစစ်သည်များ၏ ရုပ်အလောင်းများ လှဲလျောင်းခဲ့ရသည်။ သူတို့၏အသွေးအသားတို့သည် ယောယုံတောင်ကြော၌ ကိန်းအောင်းနေပေ လိမ့် မည်။ သူတို့အတွက် အုတ်ဂူမရှိခဲ့။ အထိမ်းအမှတ်ကျောက်တိုင်မရှိခဲ့။ အညတြထဲမှ အညတြများဖြစ်ခဲ့ကြသည်။ ယောယုံ တောင်ကြီးမြင်တိုင်း မျက်ရည်ဝိုင်းမိသည်။

ဆက်လက်ဖေါ်ပြပါမည်

photo credit Mungdungla Wawhkyung