မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၇)


ဝ ရိုးရာ ကောက်သစ်စားပွဲတော် မြင်ကွင်းတခု (photo credit: www.news.cn)

မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၇)
(မိုးမခ) မတ် ၁၂၊ ၂၀၁၆

● ပန်ဆန်းနှင့် အချုပ်အခြာအာဏာ
ဝ နယ်နှင့်ပတ်သက်၍အချို့က မြန်မာအစိုးရအချုပ်အခြာအာဏာအောက်တွင်မရှိဟု ဆိုသည်။ မြန်မာပိုင်ဖြစ်၍ မြန်မာအစိုး ရ၏ အချုပ်အခြာအာဏာအောက်တွင် ရှိရမည်ဟုဆိုကြသည်။ ယေဘုယျအားဖြင့် မှန်သည်ဟုဆိုနိုင်သည်။ သို့သော် အစိုးရ တော်လှန်တိုက်ခိုက်နေသော အဖွဲ့အစည်းတခုနှင့် ၎င်းတို့ချုပ်ကိုင်ထားရာဒေသတို့ အစိုးရအုပ်ချုပ်မှုအောက်တွင် မရှိသည် မှာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်ပေ။

အနီးခေတ်ကိုကြည့်လျှင်ပင် CPB စတင်ဝင်ရောက်သည့် ၁၉၆၉ မှစ၍ UWSA ခွဲထွက်သည့် ၁၉၈၉ အထိ အနှစ် ၂၀ သည် လည်းကောင်း၊ ငြိမ်းချမ်းရေးယူသည့် ၁၉၈၉ မှ ယနေ့အထိ ၂၇ နှစ်သည်လည်းကောင်း၊ စုစုပေါင်း ၄၇ နှစ်လုံးလုံး ဝ နယ် သည် ပြည်မအစိုးရအာဏာစက်အောက်တွင် မရှိပေ။ ထိုအခြေအနေကို အသိအမှတ်ပြုရန်လိုသည်။ ၎င်းအခြေအနေမှာ ငြင်းပယ်၍မရသော ပကတိအခြေအနေဖြစ်သည်။ ထို့ပြင် ထိုအရင်က ပြည်မအစိုးရအုပ်ချုပ်ရေးလက်လှမ်းမမှီသည့်ဒေသ များ ဖြစ်ခဲ့ကြသည်။

ထိုပကတိအခြေအနေမှန်ကို အသိမှတ်ပြုပြီးမှသာ ဝ ဒေသကို ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အ တွင်း မည်သို့ မည်ပုံ ထည့်သွင်းထားရှိမည်ကို မှန်ကန်စွာ စဉ်းစားရရှိနိုင်ပေမည်။

● တရုတ်ဆန်သော ပန်ဆန်း
ယခုနောက်ပိုင်း UWSA ဌာနချုပ် ပန်ဆန်းသို့ရောက်ရှိသူများ၏ စိတ်ခံစားချက်များအရ ပန်ဆန်းသည် မြန်မာအငွေ့အသက်မရှိ တရုတ်ဆန်သည်ဟု ဆိုကြသည်။ တရုတ်စကား ပြောကြသည်။ တရုတ်ဖုန်း သုံးကြသည်။ တရုတ်ငွေကြေး သုံးကြသည်။ မြန်မာအငွေ့အသက်မတွေ့ရ။ နိုင်ငံခြားရောက်သွားသကဲ့သို့ ခံစားရသည်ဟုဆိုကြသည်။ ၎င်းအချက်များသည် ငြင်းပယ်ရန် မရှိ။ ပကတိအချက်အလက်များဖြစ်ကြသည်။ သို့သော် ယင်းသို့သော အခြေအနေများ မည်သို့ဖြစ်လာသည်ဆိုသည်ကိုတော့ ဆန်းစစ်ရန်လိုပေသည်။

အဆိုပါဒေသသည် ပြီးခဲ့သော အနှစ် ၅၀ နီးပါးသည် မြန်မာအစိုးရနှင့် ရန်ဘက်အဖြစ်စစ်ပြိုင်ခဲ့သောဒေသဖြစ်ခဲ့သည်။ ငြိမ်းချမ်းရေးရပြီးသည့်နောက်ပိုင်းတွင်လည်း အစိုးရနှင့်ဆက်ဆံရေးကား ယနေ့အထိ မတည်ငြိမ်နိုင်သေးပေ။ သို့ဖြစ်ရာ ဝ နယ်အတွက် အဓိက စီးပွါးကူးသန်းကုန်သွယ်သည်မှာ တရုတ်ပြည်ဖက်ကမ်းနှင့်သာဖြစ်တော့သည်။

ဝ ရိုးရာ ကောက်သစ်စားပွဲတော် မြင်ကွင်းတခု (photo credit: www.news.cn)

သို့ဖြစ်ရာ နေ့စဉ် ကုန်သွယ်ကူးသန်းဆက်ဆံရသည့် လူမှုဘဝအရ တရုတ်ဘာသာစကားသည် ဝ လူမျိုးများအတွက် ဒုတိယ ဘာသာစကားဖြစ်လာတော့သည်။ ဤသို့နေ့စဉ်လူမှုဘဝတွင် ဒုတိယဘာသာစကားတတ်မြောက်ခြင်းသည် လူမှုဆက်ဆံ ရေးနယ်ပယ်တွင် နေ့စဉ်အပြန်အလှန်ပြောဆိုကြပြီး တတ်မြောက်လာကြခြင်းဖြစ်သည်။ဘာသာစကားသင်တန်းကျောင်းတခုတွင် တက်ရောက်တတ်မြောက်လာခြင်းမျိုးဟုတ်ပေ။ ထိုဒေသတွင်ဗမာလူမျိုးသွားရောက်ကူးသန်းရောင်းဝယ်ခြင်း အ ဆက်အဆံနည်းခြင်းကြောင့် ဗမာစကားတတ်မြောက်ရန်ခက်ခဲသည်။  အဆက်အဆံများသူအချို့သာ  ဗမာစကားတတ်ကြ သည်။ ဗမာစကားတတ်သူ အနည်းစုသာရှိသည်။

ထို့အတူစာပေသင်ကြားကြရာတွင်လည်း အစိုးရနှင့် ဆက်ဆံရေးမတည်ငြိမ်၍ အစိုးရစာသင်ကျောင်းများ မတည်ငြိမ်၍လည်း ကောင်း၊ ဗမာစကားမတတ်သူအများစု ဖြစ်နေကြ၍လည်းကောင်း၊ ဗမာစာသင်ကြားရေးတွင် အခက်ခဲရှိသည်။ စာပေတခု သင်ကြားရာတွင် စကားအရင်တတ်ပြီးမှ စာသင်ကြားလျှင် လွယ်ကူပေသည်။ ဗမာစကားမတတ်ဘဲ ဗမာစာသင်ယူရန် ခက်ခဲနေသည်။ သူတို့အဖိ့ ဒုတိယဘာသာစကားအဖြစ် တရုတ်စကားတတ်ပြီးဖြစ်၍ တရုတ်စာသင်ရသည်က ပို၍ လွယ်ကူ နေပေတော့သည်။ ထိုပြင် မြန်မာပြည်မနှင့်ဆက်ဆံမှုကင်းကွားနေသည့်ကာလတလျှောက်လုံး ဝ နယ်နှင့်ကပ်ရက်ရှိ တရုတ် ပြည် ချန်ယင် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ ကလေးများစေလွှတ်စာသင်ကြားစေရာ တရုတ်စာတတ်များရှိလာခဲ့ပြီဖြစ်သည်။

ဝ နယ်တွင် ဗြိတိသျှခေတ်ငွေဒင်္ဂါးနှင့် ကြေးပြားများကို ၁၉၈၀ ထိအသုံးပြုနေဆဲဖြစ်သည်။ ဝလူမျိုးစုအားလုံး အသိမှတ်ပြုသုံး နေသည့် ငွေကြေးဖြစ်၍ မည်သူမျှ တရားမဝင် မကြေငြာ အသိမှတ်ပြု၍သုံးကြသည်။ ၁၉၈၀ ပတ်ဝန်းကျင်က ငွေဒင်္ဂါးတပြား လျှင် ဗမာကျပ်ငွေ ၁၀၀ ဝန်းကျင်ရှိသည်။ ငွေဒင်္ဂါတပြားလျှင် ကြေးပြား ၁၀၀ ဟု သတ်မှတ်သုံးစွဲကြသည်။ ၁၉၈၀ အထိ ဂျော့ ဘုရင်မင်းမြတ်၏ငွေကြေးအင်ပါယာ ဝ နယ်တွင် နေမဝင်သေးဟုဆိုရမည်။

လက်ဖက်ခူးနေသည့် ၀ အမျိုးသမီးများ (photo credit: www.news.cn)

သို့သော်ကူးသန်းရောင်းဝယ်ဆက်ဆံမှုများ များပြားလာသည်နှင့်အညီ မြန်မာကျပ်ငွေနှင့် တရုတ်ငွေပါ ရောနှောသုံးကြသည်။ ဗြိတိသျှခေတ်ဒင်္ဂါးများကတော့ ဈေးကွက်မှ တဖြေးဖြေးပျောက်ကွယ်သွားသည်။ ငွေကြေးစုဆောင်းသူများလက်သို့ ရောက် ရှိသွားပုံရသည်။

ထို့နောက် ငြိမ်းချမ်းရေးရပြီးနောက် မြန်မာကျပ်ငွေရော တရုတ်ယွမ်ငွေပါ ဆက်လက်သုံးစွဲကြသည်။ နောက်ပိုင်းတွင်တော့ တရုတ်ငွေကြေးသုံးစွဲမှုက ပို၍အားကောင်းလာသည်။ ထိုသို့အားကောင်းရသည့်အကောင်း ၂ ချက်ရှိသည်။ ထမအချက်က တော့ တရုတ်နှင့်ကုန်သွယ်ဆက်ဆံမှုပိုများ၍ဖြစ်သည်။ ဒုတိယအချက်ကတော့ မြန်မာကျပ်ငွေ တန်ဖိုးအလွန်အမင်းကျ ဆင်းလာ၍ ဖြစ်သည်။

အထူးသဖြင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကို ၂၀၀၀ ခုနှစ်တွင် ဝ တို့ ထင်ထင်ရှားရှား သတိထားမိသွားသည်။ ၁၉၉၄ UWSA ငြိမ်းချမ်းရေးစယူခါစက US ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၀ အောက်၌သာရှိသည်။ ၂၀၀၀ ခုနှစ်တွင် US ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၀ ခန့်ဖြစ်သွားသည်။ မြန်မာကျပ်ငွေတန်ဖိုး ၁ ဆကျသွားသည်။ ၁၀၀ ရာခိုင်နှုန်းကျဆင်းသည်။ တရုတ်ငွေရော မြန်မာငွေပါကိုင်သုံးနေသော ဝ တို့အဖို့ အထူးသိသာသည်။ တရုတ်ယွမ်ငွေသည်လည်း တည်ငြိမ်သည်။ US ၁ ဒေါ်လာလျှင် ၇ ယွမ်ကျော်ကျော်တွင် တောက်လျှောက်တည်ငြိမ်သည်ဖြစ်ရာ မြန်မာငွေမှ တရုတ်ငွေသို့ပြန်လဲလျှင် များ စွာသိသာတော့သည်။

တန်ဘိုး တဆကျသွားရာ ယခင် တရုတ်ငွေ ၂ သိန်းရသော မြန်မာငွေသည် ၂၀၀၀ ခုနှစ်တွင် တရုတ်ယွမ်ငွေ ၁ သိန်းသာ ရတော့သည်။ ဘာမှမလုပ်ရ မသုံးရ မစွဲရဘဲ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ဝ နယ်တွင် မြန်မာ ကျပ်ငွေကိုင်ခြင်းကို စတင်ရှောင်ကြသည်။ တည်ငြိမ်သည့် တရုတ်ငွေကိုကိုင်၍ သုံးစွဲခြင်းဖြင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ဝလူမျိုးတို့မခံရတော့ပေ။

၁၉၉၅ နှင့် ၂၀၁၅ အနှစ် ၂၀ ကိုနှိုင်းယှဉ်လျှင် ၁၉၉၅ က တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၁၅ ကျပ်ဖြစ်သည်။ အနှစ် ၂၀ ကြာ၍ ၂၀၁၅ ရောက်သော် တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၀၀ ရှိသည်။ အနှစ် ၂၀ အတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၂ ဆခန့် ရာခိုင်နှုန်းအားဖြင့် ၁၂၀၀  ရာခိုင်နှုန်းခန့် ကျဆင်းဖောင်းပွသည်။ တရုတ်ယွမ်ငွေပြောင်းကိုင်သော ဝ ဒေသသည် မြန်မာအစိုးရ၏ငွေကြေးဖောင်းပွမှုဒဏ်မှ ကင်းလွတ်သွားသည်။ဤသည်မှာ ဝ နယ်၍၌ တရုတ်ယွမ်ငွေ တွင်ကျယ်သွားသည့်အကြောင်းရင်းဖြစ်တော့သည်။

ဤအချင်းအရာမျိုးသည်ထူးဆန်းလှသည် တော့မဟုတ်ပေ။ ကမ္ဘာနိုင်ငံအချို့တွင် တည်ငြိမ်သည့် အမေရိကန်ဒေါ်လာကို သုံးစွဲနေကြသည် မ ဟုတ်ပါလော။

ထို့ပြင် UWSA တို့သည့် တရုတ်ကုမ္ပဏီများနှင့်ဆက်သွယ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ခဲ့ရာဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု များကိုတွေ့ရသည်။ ပန်ဆန်းအထက်တွင် နမ့်ပန်ချောင်းအားပိတ်၍ ရေအားလျှပ်စစ်စက်ရုံတခုတည်ခဲ့သည်။ ထိုစက်ရုံမှ လျှပ်စစ်ပေးဝေမှုကြောင့် ပန်ဆန်းဒေသ၌ ၂၄ နာရီ မီးရရှိခဲ့သည်။ ပိုလျှံသောလျှပ်စစ်မီးကို တရုတ်ဖက်ကမ်းသို့ ရောင်းချနိုင် ခဲ့သေးသည်ဟု ဆိုသည်။

တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီနှင့်ချိတ်ဆက်၍ ပန်ဆန်းဒေသတွင် မိုးဘိုင်းဖုန်းကွန်ယက်ကို တည်ဆောက်နိုင်ခဲ့သည်။ ပန်ဆန်း ဒေသတွင် အလွန်ဈေးပေါသော ဖုန်းကဒ်များကိုရောင်းချနိုင်ခဲ့သည်။ ပန်ဆန်းဒေသရှိ မုန်ညှင်းရောင်းသူ တောင်သူများပါ မိုဘိုင်းဖုန်းကိုင်နိုင်ခဲ့သည်။ ဤသို့ ဝ နယ် ပန်ဆန်းဒေသ၌ ၂၄ နာရီ မီးရ၍ လူတိုင်း မိုဘိုင်းဖုန်းကိုင်နိုင်သည့်အချိန်သည် ၂၀၀၅ ခုနှစ်ကတည်းကဖြစ်သည်။ ထိုအချိန်က ရန်ကုန်မြို့တော်မှာပင် အလှည့်ကျ မီးပေးနေရသည်။ မိုဘိုင်းဆင်းကဒ် ၁ ခု လျှင် အစိုးရထုတ်ဈေးပင်လျင် ၁၅ သိန်းပေးရသည်။ အပြင်ဈေးက ဒီထက်မက ပိုသေးသည်။

ထိုသို့သောအခြေအနေများအရ UWSA အနေနှင့် မြန်မာအစိုးရနှင့်ပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်သည်ထက် တရုတ်ကုမ္ပဏီ တို့နှင့် ပူးပေါင်းလုပ်ကိုင်သည်က့ပို၍အဆင်ပြေသည်ဟု ယူဆကြပုံရသည်။

မည်သို့ဆိုစေ UWSA ထိမ်းချုပ်နယ်မြေအတွင်း တိုးတက်မှုများရှိလာသည်ကိုတော့ ငြင်းမရပေ။ ပန်ဆန်းတွင် ၂၀၀၅ က တည်းက ကိုယ်ပိုင်ရုပ်သံလွှင့်ဌာနရှိနေပြီဖြစ်သည်။ ထို့ပြင်ဒေသအတွင်းဆက်သွယ်ရေးအတွက် ကားလမ်းများဖောက်လုပ်ထားနိုင်သည်ကို တွေ့ရသည်။ လက်ရှိတွင် ဝ နယ်မြာက်ပိုင်း ကိုးကန့် ချင်ရွှေဟော်အနီး နန့်တိန်းချောင်းမှသည် ဝ နယ် တကြောအား နယ်စပ်အတိုင်းဖြတ်၍ မိုင်းလားဒေသအဆုံး မဲခေါင်မြစ်ကမ်းပါးရှိ ဆွတ်လွေဂိတ်အထိ တောက်လျောက်ကားလမ်းပေါက်နေပြီဟုဆိုသည်။ ကူးသန်းသွားလာရေးအတွက်သာမက စစ်ရေးအတွက်ပါ တပ်ပြောင်းတပ်ရွှေ့အတွက်ပါ အ ရေးပါပုံရသည်။

ဤသို့ တရုတ်တို့နှင့်ပူးပေါင်း၍ ဝ နယ်ဖွံ့ဖြိုးရေးလုပ်ဆောင်ကြခြင်း စီးပွားကူးသန်းမှုများလုပ်ခြငိးု့ကြောင့် တရုတ်စကား တ ရုတ်စာအပြင် တရုတ်ယဉ်ကျေးမှုလည်း လွှမ်းမိုးလာသည်ကတော့ ရှောင်လွှဲ၍ မရပေ။ ထိုသို့သောအခြေအနေ အောက်တွင် အဘယ်ကြောင့် ပန်ဆန်ဒေသ တရုတ်ဆန်သည့် အကြောင်းရင်းများကို ရှာတွေ့နိုင်မည်ဖြစ်သည်။ ပကတိအခြေအနေများ ကိုမျက်မှောက်ပြုမှသာ လက်တွေ့ကျကျဖြေရှင်းမည့်နည်းလမ်းကို ရှာဖွေတွေ့ရှိနိုင်ပေမည်။

ဆက်လက်ဖေါ်ပြပါမည်