မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသားစစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၈)


မောင်မောင်စိုး - မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီမှ ဝ တိုင်းရင်းသား စစ်သည်များ၏ ပုံရိပ်များ - အပိုင်း (၈)
(မိုးမခ) မတ် ၁၃၊ ၂၀၁၆
● ဝ နယ်ပြဿနာ
လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာများထဲတွင် ဝ ပြဿနာသည် အကြီးဆုံးဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော် ဝ တို့အနေနှင့် လက်နက်တပ်ဖွဲ့အင်အားအကြီးဆုံးရှိနေပြီး ၎င်းတပ်ဖွဲ့က ထိမ်းချုပ်ထားရာနယ်ပယ်မှာလည်း အကျယ်ဆုံးဖြစ်နေ၍ ဖြစ်သည်။ ထို့ကြောင့်လည်း ပီးခဲ့သောကာလတလျှောက်လုံးတွင် မြန်မာစစ်ဖက်ခေါင်းဆောင်များ ဂရုတစိုက်ကိုင်တွယ်ခဲ့သောပြဿနာဖြစ်သည်။ လွယ်လင့်တကူ စစ်ရေးအရဖြေရှင်းရန် ဆုံးဖြတ်ချက်မချနိုင်သည့် ပြဿနာ လည်း ဖြစ်သည်။

ပြီးခဲ့သောဖြစ်စဉ်များတွင်ကြည့်ပါက MNDAA/KIA/TNLA/AA/DKBA/SSPP-SSA စသည့်အဖွဲ့များနှင့်ပတ်သက်လျှင် ဆတ်ဆတ်ထိမခံ တုန့်ပြန်လေ့ရှိသော လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူများပါသုံး၍ အင်အားသုံးတိုက်ခိုက်လေ့ရှိသော မြန်မာစစ်ဖက်သည် UWSA နှင့်ပတ်သက်လျှင် သေနတ်တစ်ချက်မဖေါက်ဘဲ ဖြေရှင်းရန် ကြိုးစားလေ့ရှိသည်ကိုတွေ့ရသည်။ ဤသည်မှာ လက်ရှိမြန်မာစစ်ဖက်၏ UWSA နှင့် NDAA ပေါ်ထားသည့်သဘောထားဖြစ်သည်။ တိုင်းပြည်တပြည်၏ စစ် တပ်တခုလည်းဖြစ်၊ တိုင်းပြည်၏ဘဏ္ဏာနှင့် သာလွန်သောစစ်မက်အင်အားကို ပိုင်ဆိုင်ထားသော မြန်မာစစ်ဖက်အနေနှင့် စစ်ပွဲမဆင်နွှဲနိုင်စရာအကြောင်းတော့ မရှိပေ။ ဖြစ်လာမည့်အကျိုးဆက်များကို ထည့်သွင်းတွက်ချက်နေခြင်းသာဖြစ်လိမ့် မည်။

UWSA အား စစ်အင်အားသုံး၍ မြန်မာ့အချုပ်အခြာအာဏာအောက်တွင် ထည့်သွင်းရန်စဉ်းစားမှုများအားလည်း တွေ့ရ သည်။ စစ်အင်အားသုံး၍ စစ်ရေးအရ ဖြေရှင်းရန်ကြိုးစားလို သူများအတွက် ထည့်သွင်းစဉ်းစားစရာလိုသည့်အချက်များစွာ ရှိသည်။

ပထမအချက်မှာ စစ်မျက်နှာများစွာပေါ်လာမည့်အချက်ဖြစ်သည်။ ကွန်လုံ ဟိုပန်ဒေသမန်မန်းဆိုင် မော်ဖါဒေသ မိုင်းယောင်း မိုင်းယန်းဒေသ မိုင်းဆတ်ခရိုင်တို့တွင် စစ်မျက်နှာဖြစ်သွားပေလိမ့်မည်။ မိုင်းယောင်း မိုင်းယန်းဘက်တွင်UWSA ရော NDAA ရော တပ်ဖွဲ့ ၂ ခု စစ်မျက်နှာ၂ ခု ရင်ဆိုင်ရမည်။

ဒုတိယအချက်အနေနှင့် စစ်မျက်နှာတခုခုသည် အဓိကစစ်မျက်နှာဖြစ်နိုင်သော်လည်း ကျန်သောစစ်မျက်နှာများကို လက် လွှတ်မရ၍ စစ်မျက်နှာတိုင်းတွင်း တပ်အင်အားအလုံအလောက်ချထားရန် လိုအပ်လိမ့်မည်။ သို့ဖြစ်၍ တပ်အင်အား အများ အပြားလိုအပ်သည်။ သို့မဟုတ်ပါက တပ်အင်အားနည့်သည့်နေရာမှ ထိုးဖေါက်ခံရမည့်အန္တရာယ်ရှိသည်။

တတိယအချက်အနေနှင့် အချို့စဉ်းစားသကဲ့သို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူအပြည့်အဝသုံးပြီး UWSA စစ်စခန်း များအား တိုက်ခိုက်မည်ဆိုလျှင်လည်း အချိန်တိုအတွင်း သိမ်းပိုက်ရနိုင်မည်ဟု စိတ်ကူးမယဉ်သင့်ပေ။ ကိုးကန့်ကဲ့သို့ယခုမှ တပ်စွဲသည့် တောင်ကုန်းစခန်းများပင်အချိန်ယူတိုက်ရပေရာ UWSA ကဲ့သို့ အချိန်ယူပြင်ဆင်ထားသည့် တောင်ကုန်းများကို လွယ်လင့်တကူ လျင်မြန်စွာ သိမ်းပိုက်ရရှိရန်မလွယ်ကူပေ။

စတုတ္ထအချက်အနေနှင့် လက်ရှိ UWSA စစ်အင်အားနှင့်ဆိုလျှင် တိုက်ပွဲများသည် ပြောက်ကျားတိုက်ပွဲများ ဖြစ်မည်မဟုတ်ဘဲ ပုံမှန်စစ်တိုက်ပွဲကြီးများဖြစ်လိမ့်မည်။ ထို့ပြင် မြန်မာစစ်ဖက်မှထိုးစစ်ဆင်ဆင်သည်ကို ခံစစ်သက်သက်ဖြင့်သာ ခုခံဖွယ်မရှိဘဲ မြန်မာစစ်ဖက်ထိမ်းချုပ်ရာ မြို့များစခန်းများအား တိုက်ခိုက်နိုင်သကဲ့သို့ အချို့နယ်မြေများသို့ ထိုးဖေါက်ဝင်ရောက်လှုပ်ရှားလာနိုင်သည်။

ပဉ္စမအချက်အနေနှင့် စစ်ပွဲတွင် UWSA ၏ မဟာမိတ်များ ပါဝင်လာနိုင်သကဲ့သို့ မြန်မာစစ်ဖက်အင်အားဟာနေသည့် နေရာများတွင် ထကြွလာနိုင်သည်များကိုပါ ထည့်သွင်းတွက်ချက်ပါက စစ်ပွဲသည် တိုင်းရင်းသားပြည်နယ်အားလုံးသို့ပျံ့နှံ့သွားပြီး ၁၉၈၉ မတိုင်မှီအခြေအနေသို့ ပြန်ရောက်သွားနိုင်သည်။

ဆဌမအချက်အနေနှင့် နှစ်ဖက်အကျအဆုံးသည် လိုင်ဇာထိုးစစ် ကိုးကန့်စစ်ပွဲများထက် များစွာပိုလာတော့မည်ကို ထည့် သွင်းတွက်ချက်ရန်လိုသည်။

သတ္တမအချက်အနေနှင့် တရုတ်နယ်စပ်တွင်ဖြစ်ပွားသည့်စစ်မည်ဖြစ်ရာ တရုတ်နှင့် သံတမန်ရေး အချေအတင်ဖြစ်ဖွယ်ရာ များပေလိမ့်မည်။

အဌမအချက်အနေနှင့် ကိုးကန့်စစ်ပွဲအသုံးစားရိတ်ပင် ဒေါ်လာ သန်း ၁၅၀၀ ခန့်ကုန်သည်ဟု တွက်ချက်နေကြရာ UWSA နှင့်စစ်ဆင်လျှင် ထို့ထက်အဆများစွာကုန်ကျလိမ့်မည်။ သို့ဖြစ်ရာတိုင်းပြည်ဖွံ့ဖြိုးရေးတိုးတက်ရေးကိုထိခိုက်ပြီး နလံမထူနိုင်သည့်တိုင်းပြည်ဖြစ်သွားနိုင်သည်။

နဝမအချက်အနေနှင့် စစ်ဘေးဒုက္ခသည် သိန်းနှင့်ချီ၍ပေါ်လာမည်ဖြစ်ရာ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုများ ဆုံးရှုံးမည့် အပြင် ဆင်းရဲသောတိုင်းပြည်တွင် ဝန်ထုပ်ဝန်ပိုးများပိုလာမည်။ ပြေပျောက်ရန် အချိန်များစွာယူရမည့် အမုန်းရန်ငြိုး သံသယ များပေါ်ပေါက်လာပြီး တဖက်နှင့်တဖက် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလိမ့်မည်။


စစ်ပွဲတွင် အနိုင်အရှုံးဆုံးဖြတ်သည်မှာသာ လွန်သောစစ်လက်နက်အင်အားဟု အချို့က ယုဆကြသည်။ အာဖဂန်စစ်ပွဲ အီ ရတ်စစ်ပွဲများတွင် ကမ္ဘာ့လက်နက်အင်အားအကောင်းဆုံး အမေရိကန်သည် သာလွန်သည့် စစ်လက်နက်ဆန်းများစွာကို အ သုံးပြုခဲ့သည်။ ထိုကြောင့် အမေရိကန်သည် စစ်ပွဲကိုအနိုင်ရခဲ့သည်ဆိုသော်လည်း စစ်ပွဲကို အဆုံးမသတ်နိုင်ခဲ့ပေ။ ယနေ့ တိုင် အာဖဂန်အီရတ်တို့တွင် ပြည်တွင်းစစ်မီးတောက်လောင်ဆဲဖြစ်သည်။

သို့ဖြစ်ရာ UWSA နှင့်ပတ်သက်၍ ဝ နယ်နှင့်ပတ်သက်၍ ပြဿနာကို စားပွဲဝိုင်းပေါ်ထိုင်၍ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်း သာလျှင် သင့်လျော်မှန်ကန်သည့်လမ်းကြောင်းဖြစ်ပေလိမ့်မည်။ နိုင်ငံရေးဆွေးနွေးသည်ဆိုရာ၌လည်း လွယ်ကူလှမည်တာ့ မဟုတ်ပေ။ လက်ရှိတွင် အချို့က ငြိမ်းချမ်းရေးပြဿနာကို ၃ နှစ်နှင့် ၅ နှစ်ကြားတွင်ဖြေရှင်းမည်ဟုဆိုကြသည်။ လုပ်ငန်း တခုနှင့်ပတ်သက်၍ စီမံကိန်းထားရှိခြင်းသည် ကောင်းမွန်ပါသည်။ သို့သော် နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့သောပြဿနာ များကို အချိန်တိုတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်၍ မရနိုင်ပေ။ ၁၉၈၉ မှစ၍ ငြိမ်းချမ်းရေးယူခဲ့သော UWSA နှင့် ပြီးခဲ့သော ၂၇ နှစ်အတွင်း နိုင်ငံရေးအရ ဖြေရှင်းရန်ကြိုးစားခဲ့ခြင်းမတွေ့ရပေ။ ၂၀၀၉ ခုနှစ်က မြန်မာစစ်ဖက်လိုလားသည့် နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးကိုလည်း ဝ တို့ လက်မခံခဲ့ပေ။ လက်ရှိမြန်မာစစ်ဖက်ကတင်ပြထားသော DDR ဆိုသည့် လက်နက်ဖြုတ်သိမ်းရေးဆိုသည်မှာလည်း ဝ တို့ လက်ခံရန်ခက်ခဲပေလိမ့်မည်။

နိုင်ငံရေးဆွေးနွေးပွဲဆိုသည်မှာ နှစ်ဖက်သဘောထားများအပြန်အလှန်ညှိနှိုင်း၍ အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာ ရေးဖြစ်သည်။ မိမိဖြစ်စေချင်သည်ကိုသာ တဖက်အားလက်ခံခိုင်းခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲမည် မည်မဟုတ်ပေ။

လက်ရှိ UWSA နှင့်ပတ်က်၍ ဖြေရှင်းသည်ဖြစ်စေ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြဿနာများကို ဖြေရှင်းရာ တွင်ဖြစ်စေ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးသည် အရေးပါသောအခန်းကပါဝင်နေသည်ဟုဆိုရပါမည်။

UWSA နှင့်ပတ်သက်၍ အများစွပ်စွဲသည့်အချက်တခုရှိသည်။ ၎င်းမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ဖြစ်သည်။ UWSA က တော့ ၎င်းတို့နယ်များတွင် ဘိန်းစိုက်ပျိုးမှုကင်းစင်ပြီဖြစ်ကြောင်း UN ကလည်း အသိအမှတ်ပြုထားပြီဖြစ်ကြောင်း ၂၀၁၄ က ကြေငြာထားပါသည်။ သို့သော် UWSA မှ ခေါင်းဆောင်ပိုင်းအချို့သည် ယာမ ခေါ် မူးယစ်ဆေးပြားထုတ်လုပ်မှုနှင့် ပတ် သက်နေကြောင်းစွပ်စွဲမှုများရှိသည်။ အမေရိကန် မူးယစ်ဆေးဝေါးတိုက်ဖျက်ရေးအဖွဲ့မှလည်း ဝေရှောက်ကမ်းတို့ညီအကို ၃ ယောက်အပါ ဝ ခေါင်းဆောင်အချို့အား နံမည်ပျက်စာရင်းသွင်းထားသည်။ သို့သာ် ယခင် မူးယစ်ဆေးဝါးနှင့် နံမည်ကြီးသော
စဝ်ရွက်ဆစ်ပင် NCA လက်မှတ်ထိုးပြီး ဥရောပသို့ဖိတ်ခေါ်ခံရသည်ဟု သတင်းများပေါ်ထွက်ရာ အချိန်အခါမရွေး လှည့် ပြောင်းနိုင်သည့် ပြဿနာမျိုးလိုဖြစ်နေသည်။ မည်သို့ဆိုစေ လက်နက်ကိုင်တပ်ဖွဲ့ပြဿနာနှင့် မူးယစ်ဆေးဝါးပြဿနာသည် အတူတွဲ ဖြေရှင်းရမည့်ပြဿနာများဖြစ်ပေသည်။

● နိဂုံး
ဝ နယ်တောင်တန်းများပေါ်မှ ဝ တိုင်းရင်းသားဒေသများသည် ပြည်မအစိုးရ အုပ်ချုပ်မှုအောက်တွင်မရှိဘဲနှစ်ပေါင်းများစွာ ကင်းလံတ်နေခဲ့သည်ဒေသများဖြစ်သည်။ သူတို့သည် မိမိတို့တိုင်းပြည်၏ ညီနောင်တိုင်းရင်းသားများဖြစ်သည်ဆိုလျှင် သူတို့၏ပြဿနာဖြေရှင်းရေး ပေါင်းစည်းရေးပြဿနာတို့သည် နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းရမည့် ပြဿနာဖြစ်ပေ လိမ့်မည်။

အင်အား ၂၀၀၀၀ ခန့်ရှိသော နယ်မြေကျွမ်းကျင်သည့် ဒေသခံတိုင်းရင်းသားများပါဝင်သော စစ်ရည်ဝသောထို ဝ တိုင်းရင်း သားတပ်ဖွဲ့များသည် ပြည်ပကျူးကျော်မှုရန်ကို အတူတကွကာကွယ်သည့် အင်အားကြီးတရပ်ဖြစ်လာပါက တိုင်းပြည်အ တွက် မည်မျှကောင်းလိုက်ပါမည်နည်း။ ပုံစံခွက်တခုအတွင်း ဇွတ်အတင်းသွပ်သွင်းခြင်းမပြုဘဲ ဖိနပ်နှင့်တော်အောင် ဖနောင့် မလှီးဘဲ သင့်တော်သည့်နည်းလမ်းကောင်းများကို နိုင်ငံရေးနည်းအရ အဖြေရှာရန်လိုအပ်ပေသည်။

မည်သို့ပင်ဖြစ်စေ မိမိလက်လှမ်းမှီသမျှ မှိုင်းပြပြ ဝ နယ်တောင်တန်းများဆီက ဝ စစ်သည်များ၏ ပုံရိပ်များသည် ဝ ပြဿနာ နှင့်ပတ်သက်၍ အနည်းငယ်မျှဆိုစေကာမူ စဉ်းစားထောက်ချင့်နိုင်ရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြီးပါပြီ
Photo credit : Getty Images