ကိုသစ် (သီတဂူ) - အာဖရိကရဲ့မီးရှုးတိုင် (သို့) နယ်လ်ဆင် မင်ဒဲလား


ကိုသစ် (သီတဂူ) - အာဖရိကရဲ့မီးရှုးတိုင် (သို့) နယ်လ်ဆင် မင်ဒဲလား
(မိုးမခ) မတ် ၁၂၊ ၂၀၁၆
 
"ကျနော့်ရဲ့အောင်မြင်မှုကိုကြည့်ပြီး ကျနော့်ကို မဆုံးဖြတ်လိုက်ပါနဲ့။ ကျနော်ဘယ်နှစ်ကြိမ်လဲကျခဲ့ပြီး ဘယ်လိုပြန်ထခဲ့တယ် ဆိုတာနဲ့ပဲ ကျနော့်ကို ဆုံးဖြတ်စေချင်တယ်"ဟုဆိုခဲ့သူက ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မင်ဒဲလားပင်ဖြစ်သည်။

တောင်အာဖရိကဟုဆိုလိုက်သည်နှင့်တပြိုင်နက် မင်ဒဲလားရဲ့ မျက်နှာကို ဘွားကနဲပြေးမြင်တတ်ကြပါလိမ့်သည်။ တောင် အာ ဖရိကနှင့် မင်ဒဲလားက ခွဲခြား၍မရ။ တောင်အာဖရိကကို စတင်တည်ထောင် ခဲ့သူမှာ မင်ဒဲလားမဟုတ်။ သို့သော် သူက တောင်အာဖရိကရဲ့ သင်္ကေတ၊ တောင်အာဖရိကရဲ့ ပြယုဂ်တစ်ခု။ ကျောက်တိုင်ကြီးတစ်တိုင်၊ သူက မှောင်မိုက်လွန်းလှသည့် တောင်အာဖရိကနိုင်ငံကို လင်းလက်စေခဲ့သည့် မီးရှုးတိုင်ကြီးတစ်ခု။ သူက လွတ်လပ်မှုနဲ့ တရားမျှတမှုတို့အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သည့် ကမ္ဘာမြေရဲ့ စံပြမှတ်တိုင်ကြီးတစ်တိုင်လည်းဖြစ်သည်။ သူ့ယုံကြည်ချက်အတွက် ၂၈ နှစ်နီးပါး အကျဉ်း ကျခံပြီး တိုက်ပွဲဝင်ခဲ့သူ။ သူက ကမ္ဘာမြေရဲ့ သံမဏိလူသားတစ်ဦးအဖြစ် ကမ္ဘာကြီးက မှတ်တမ်းတင်ထားခံရသူလည်း ဖြစ်သည်။ ဘာလင်ထက်ခိုင်ခံ့တဲ့ တံတိုင်းကြီးကို ဖြိုချခဲ့သူ။

သူက တောင်အာဖရိကမှာ အမြစ်တွယ်နေတဲ့ လူဖြူလူမည်းခွဲခြားရေးစနစ်၊ အသားအရောင်နှင့် လူမျိုးရေးခွဲခြားတဲ့စနစ်ကို တိုက်ဖျက်ခဲ့သူ၊ အာဖရိကရဲ့ ပထမဆုံးသော လူမည်းသမ္မတကြီး။ သူ့မှာ လက်စားချေလိုခြင်း အလျဉ်းမရှိ။ အာဃာတမထား။ ရခဲ့တဲ့ဒဏ်ရာ အနာတရတွေကို ခွင့်လွှတ်ခြင်း၊ မေ့လျော့ထားခြင်းဖြင့် ကုသခဲ့သူလည်းဖြစ်သည်။ လူတိုင်းဟာ အဖိုးမ ဖြတ်နိုင်အောင် ထိုက်တန် တယ်ဆိုတဲ့ ကျမ်းစာပါ သင်ကြားမှုကို သူကလက်တွေ့ကျင့်သုံးခဲ့သူ။

"သတ္တိဆိုတာ အကြောက်တရားမရှိတာတစ်ခုတည်းကိုသာ ဆိုလိုတာမဟုတ်ဘူး၊ အဲဒီအကြောက် တရားကို ရင်ဆိုင် ကျော်လွှားနိုင်တာကိုမှ တကယ့်သတ္တိလို့ ခေါ်တာ" ဟု မင်ဒဲလားက ဆိုပါသည်။

သူသည် ၁၉၉၄-ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ထွက်ပေါ်လာခဲ့သော ပထမဆုံး လူမည်းသမ္မတပင်ဖြစ် သည်။ လူမျိုးရေးခွဲခြားသည့်စနစ်ကို တိုက်ဖျက်ချေမှုန်းဖို့ ဦးဆောင်တိုက်ပွဲ ၀င်ခဲ့သည့် မင်ဒဲလားသည် ၁၉၆၂--ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ ၂၈-နှစ်နီးပါး အကျဉ်းကျခံခဲ့ရသူလည်း ဖြစ်သည်။ သူ့ကို တောင်အာဖရိကအတွက် အမှန်တရားနှင့် တရားမျှတမှုတို့ကို ဆောင်ယူပေးခဲ့သည့် တောင်အာဖရိကရဲ့ အမျိုးသားခေါင်းဆောင်ကြီးအဖြစ်၊ တောင်အာဖရိကရဲ့ လင်ကွန်းအဖြစ်တောင် အာဖရိကပြည်သူတို့က ကြည်ညိုလေးစားကြသည်။ သူက ၂၀ရာစုနှစ်ရဲ့ အကျော်ကြားဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး။ သူဟာ တောင်အာဖရိကမှာ အမြစ်တွယ်နေသည့် လူမျိုးရေးစနစ်ကို အမြစ်ပြတ် ချေမှုန်း နိုင်ခဲ့သူဖြစ်ပြီး ၁၉၉၃-ခုနှစ်ရဲ့ နိုင်ဘယ်ငြိမ်ချမ်းရေးဆုရှင်တစ်ဦးဖြစ်သည်။

သမ္မတမင်ဒဲလားကို ၁၉၁၈-ခုနှစ် ဇူလိုင်လ ၁၈-ရက်နေ့တွင် Transkei ပြည်နယ်ထဲက Mveso ရွာကလေးတွင် မွေးဖွားခဲ့သည်။ မိဘများမှာ Gadla Henry Mphakanyiswa နဲ့ Noqaphi Nosekeni တို့ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ဇနီးလေးယောက်ရှိပြီး မင်းဒဲလား၏အမေက သုံးယောက်မြောက်ဖြစ် သည်။ သူ၏ငယ်နာမည်မှာ Rolihlahlaဖြစ်ပြီး ပြဿနာကောင်ကလေးဟု အဓိပ္ပါယ်ရပြီး မင်ဒဲလား ဟူသည်မှာ မိသားစုမျိုးရိုးအမည်ဖြစ်သည်။

တော်ဝင်သမ်ဘူမျိုးနွယ်ရဲ့ ရွာလူကြီးဖြစ်တဲ့ဖခင်ကြီးက မင်ဒဲလားကိုလည်း နောင်တစ်ချိန်မှာ သူ့လိုရွာ လူကြီး ဖြစ်စေချင်ခဲ့သည်။ သို့သော် မျှော်လင့်ထားသလို မဖြစ်တတ်သည်မှာ ဘ၀ဖြစ်ကြောင်း သူကောင်းကောင်းသဘောပေါက် သွားသည်။ အဲဒီအချိန်က တောင်အာဖရိကကို ဗြိတိန်က ကိုလိုနီပြု အုပ်ချုပ်နေချိန်ဖြစ်သည်။ ဗြိတိသျှအစိုးရရဲ့အမိန့်ကို မနာခံမှုဖြင့် ဖခင်ဖြစ်သူကို နယ်နှင်ဒဏ်ပေးပြီး ပိုင်ဆိုင်မှုအားလုံးကိုလည်း အသိမ်းခံလိုက်ရသည်။ မောင်နှမသုံးယောက် နှင့်အတူ မိခင်ဖြစ်သူရဲ့ ရွာကလေးသို့ ပြောင်းရွေ့သွားပြီးနောက် မြေစိုက်တဲအိမ်ကလေးတွင် ဆင်းရဲချို့တဲ့စွာ နေထိုင်ခဲ့ ရသည်။ သူငယ်စဉ်က မီးဖိုဘေးတွင် ၀ိုင်းဖွဲ့ပြီးအိပ်ရသည်။ မိခင်ကြီးပြောပြတဲ့ ရိုးရာပုံပြင်တွေ၊ အာဖရိကတိုက်ကို လူဖြူတွေမရောက်လာခင်က အခြေအနေတွေ၊ သမိုင်းတွေကို ညစဉ်လိုလို နားထောင်ရခဲ့ရတဲ့အချိန်တွေဟာ သူ့ဘ၀မှာ ဘယ်တော့မှမေ့လို့မရတဲ့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ကြောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကြီး ပြောပါသည်။
၁၇-ရာစုအလယ်ပိုင်းကစလို့ လူဖြူတို့ အာဖရိကတိုက်ကို ရောက်ရှိလာခဲ့ကြပြီး စတင်ထိန်းချုပ်ချယ် လှယ်ခဲ့ကြသည်။ အာဖရိကကို ပထမဆုံးကိုလိုနီပြုသောလူဖြူများမှာ ဒတ်ခ်ျလူမျိုးများဖြစ်ပြီး အင်္ဂလိပ် က ဒုတိယဖြစ်သည်။ ၁၉-ရာစုတွင် အာဖရိက၌ စိန်နှင့်ရွှေတို့ ဖြိုင်ဖြိုင်ထွက်လာသောအခါ လူဖြူများ က အာဖရိကန်များကို ပို၍တင်းကြပ်လိုက်ပါတော့သည်။

၁၉၁၀-ခုနှစ်တွင် ဗြိတိန်လက်အောက်ကျရောက်ပြီးနောက် အာဖရိကရဲ့ညများက ပို၍မှောင်မိုက်သွား ခဲ့သည်။ အာဖရိကန်လူမည်းများကို လုပ်ခအနည်းငယ်သာပေး၍ လုပ်ငန်းခွင်းအတွင်း အတင်းအကြပ် စေခိုင်းခဲ့ကြသည်။ လူဖြူကိုလိုနီလောင်းရိပ်အောက်က လူမည်းတွေရဲ့ ခါးသီးမှုတွေကို နုနုငယ်ငယ် လူမမယ်အရွယ် ကျေးတောသားကလေး မင်ဒဲလားက သေချာဘယ်နားလညိနိုင်ဦးမှာတဲ့လဲ။ မိဘတွေ ကိုယ်တိုင်က ပညာတတ်တွေမဟုတ်ပေမယ့်လည်း သားက လေး မင်ဒဲလားကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်သည်။ ထို့ကြောင့် သူ့အသက် ၇-နှစ်အရွယ်တွင် ခရစ်ယာန်သာ သနာပြုကျောင်း ကို ပို့လိုက်ပြီး ပညာသင်စေသည်။ ကျောင်းစတက်တဲ့နေ့မှာပဲ နာမည်သစ်ပေးရာ "Nelson" ဟူသော အမည် တွင်သွားသည်။ ကျောင်းကပေးတဲ့ "Nelson"ဆိုတဲ့အမည်နဲ့ မျိုးရိုးအမည် Mandela တို့ ပေါင်းစုံမိတဲ့အခါ နယ်လ်ဆင်မင်ဒဲလားဖြစ်သွားသည်။

သူ့အသက် ၉-နှစ်မှာ ဖခင်ဆုံးသွားသည်။ ဖခင်၏ဆန္ဒအရ မင်ဒယ်လားကို အခြားမြို့တစ်မြို့ရှိ ဖခင်၏မိတ်ဆွေထံ အပ်နှံပေးခဲ့ပြီး ပညာဆက်သင်စေရာ သူအသက် ၁၉-နှစ်အရွယ်တွင် ကောလိပ် ကျောင်းသားဖြစ်လာခဲ့သည်။ သူက ဇူလိုင်လဖွားဖြစ်သည်။ ဇူလိုင်လဖွားပီပီ တော်လှန်တိုက်ခိုက် ရတာကို နှစ်သက်တတ်သူဖြစ်သည်။ ကောလိပ်တွင် လက်ဝှေ့ပညာသင်သည်။ ဘောလုံးကစားသည်။ ပြီးတော့ သူက ခရီးအဝေးကြီးရောက်သည်ထိ ပြေးလွှားရတာကို နှစ်သက်သဘောကျသည်။ ဘ၀ဆိုသည်မှာ ပြေးပွဲတစ်ခုဟု သူခံယူထားသည်။ ၁၉၃၉-ခုတွင် အောင်လက်မှတ်ရပြီးနောက် Fort Hare ကောလိပ်တွင် ဥပဒေပညာဆက်သင်သည်။ သို့သော် ကျောင်းသားအရေးတော်ပုံတွင် ပါဝင်ခဲ့သောကြောင့် ဘွဲ့မရခင် ကျောင်းထုတ်ခံလိုက်သည်။ စိတ်ညစ်ညစ်နှင့် သူ့ကြီးပြင်ခဲ့ရာသို့ ပြန်လာခဲ့သည်။ သူ့ကိုစောင့်ရှောက်ထားသူက အိမ်ထောင်ချပေးဖို့ ကြိုးစားလာသောအခါ သူအိမ်ထောင်မပြုချင်သေး။ သူအဲဒီမှာ ဆက်မနေတော့ဘဲ မြို့တော် ဂျိုဟန်နစ်စဘားဆီသို့ ထွက်ပြေး သွားခဲ့သည်။

ဂျိုဟန်နစ်စဘားတွင် နေထိုင်စဉ်အတွင်း ဆိုးရွားခက်ခဲလှသည့် လူမည်းများ၏ ဘ၀အခြေအနေကို ပိုမိုသိခွင့်ရသွားသည်။ လူဖြူများရဲ့ ဖိနှိပ်ခွဲခြားမှုက သိသာလွန်းလှသည်။ လူဖြူရပ်ကွက်တွင် မီးထိန်ထိန်လင်းနေပေမယ့် လူမည်းများနေသောရပ်ကွက်တွင် လျှပ်စစ်မီးမရှိ၊ ရေကလည်း မသန့်၊ လမ်းတွေက ညစ်ပတ်ရှုပ်ပွနေသည်။ သို့သော် သူက ပညာရေးကို မျက်ခြေအပြတ်မခံ၊ လူဖြူလူမည်း မခွဲခြားသော လူဖြူရှေ့နေအဘိုးကြီးထံတွင် စာရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ရင်း ဘီအေဥပဒေ ပညာကို အဝေးသင် ယူထားလိုက်သည်။ လူမည်းတစ်ဦးပိုင် တိုက်ခံကျဥ်းကလေးကို ငှားပြီးနောက် ဖယောင်းတိုင်မီးဖြင့် ညတိုင်းစာကြည့်ရသည်။ ခြောက်မိုင်ဝေးသော အလုပ်ကို ဘတ်စ်ကားခ မတတ်နိုင်လို့ နေ့တိုင်းခြေလျင်လျှောက်သည်။ အင်္ကျီအသစ်မ၀ယ်နိုင်ခဲ့။ အဟောင်းကလေးကို ဖားထေးပြီး ငါးနှစ်လုံးလုံး ၀တ်ခဲ့ရဘူးသည်။ ၁၉၄၂-ခုနှစ်တွင် သူဘီအေအောင်ပါသည်။

၁၉၄၃-ခုနှစ်တွင် အာဖရိကန်အမျိုးသားပါတီ (ANC) တွင် ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့ပြီးနောက် ဘတ်စ်ကားခများ အဆမတန်တိုးမြှင့်လိုက်ခြင်းကို ဆန့်ကျင်သပိတ်မှောက်ရာ၌ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သည်။ လူမည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန်၊ တန်းတူအခွင့်အရေးရရန်နှင့် လူဖြူလူမည်းခွဲခြားဆက်ဆံသော လူမျိုးရေးခွဲခြားသောစနစ်ကို တိုက်ဖျက်ချေမှုန်းရန် အစွမ်းကုန်ကြိုး စားခဲ့သည်။ လူငယ်အဖွဲ့ကို ဦးဆောင်ဖွဲ့ခဲ့ပြီး လူငယ်များစွာကို နိုင်ငံအရေးတွင် တက်ကြွစွာပါဝင်လာ အောင် ဟောပြောစည်းရုံးခဲ့သည်။

အာဖရိကန်ပြည်သူများရဲ့ဘ၀က မှုံဝါးလွန်းလှသည်။ လူမည်းများ အိမ်ပိုင်ခွင့်မရှိ၊ မြင်းလည်း ကိုယ်ပိုင် မွေးခွင့်မရ၊ တစ်နေ့လုပ်အားခသည် လူဖြူများထက် ငါးဆလျှော့နည်းနေသည်။ အဆိုးဆုံးမှာ လူမည်း များ မဲပေးခွင့်မရှိခြင်းပင်ဖြစ်သည်။ ဒီမတရားမှုတွေအတွက် မင်ဒဲလားက တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

သူ့အသက် ၂၆-နှစ်အရွယ်တွင် Evelyn Mase ဆိုသော သူနာပြုဆရာမလေးနှင့် လက်ထပ်လိုက် သည်။ သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။

၁၉၄၈-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လူဖြူတို့ အနိုင်ရရှိသွားသောအခါ လူဖြူလူမည်း ခွဲခြားမှုမုန်တိုင်းကြီးက ပိုမိုပြင်းထန်လာခဲ့သည်။ လူဖြူများစီးသော ဘတစ်စကားကို လူမည်းများ စီးခွင့်မရှိ၊ လူမည်းများစီးသော ဘတ်စ်ကားပေါ် လူဖြူတက်လာရင် လူမည်းအားလုံး ဆင်းပေးရသည်။ ရုပ်ရုံများ၊ စားသောက်ဆိုင်များတွင် လူဖြူများနှင့် တန်းတူထိုင်ခွင့်မရှိ၊ လူဖြူများရှိနေသော အပမ်းဖြေကမ်းခြေများတွင် လူမည်းများ မလာရ။ ပြဿနာဖြစ်လျှင် ရဲက ဘယ်တော့မှ သူတို့ဘက်မှာ မရှိ၊ အခန့်မသင့်လျှင် လူဖြူရဲများရဲ့ နှိပ်စက်ခြင်းကို အလူးအလဲခံကြရသည်။ လူသားဟူသော အမည်နာမအောက်တွင် လူမျိုးရေးခွဲခြားထားသည့်မုန်တိုင်းကြီးက ပြင်းထန်လွန်းလှသည်။ ဥပဒေ ပညာသင်ယူပြီးနောက် မင်ဒဲလားသည် ဂျိုဟန်နစ် စဘားမြို့တွင် လူမည်းများအတွက် ရှေ့နေလိုက် ပေးရာ၌ နာမည်ကြီးသည်။

၁၉၅၀-ခုနှစ်တွင် ANC လူငယ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်ဖို့ လှုံ့ဆော်ဆန္ဒပြရာက သူအပါအ၀င် ANC ပါတီဝင်အများအပြား အဖမ်းခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒါဏ်ကိုးလချမှတ်ခံခဲ့ရသော်လည်း အစိုးရက ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးလိုက်သည်။ ၁၉၉၅-ခုနှစ်တွင် ANC ပါတီက လွတ်လပ်ရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး လွတ်လပ်မျှတမှုအတွက် တောင်းဆိုခဲ့သည်။ ၁၃-နှစ်ကြာ ပေါင်းသင်းခဲ့သော ပထမအိမ်ထောင်ရေးနှင့် အဆင်မပြေဖြစ်ကာ ကွာရှင်းပြတ်စဲပြီးနောက် Winnie Madikizela ဆိုသော မိန်းကလေးနှင့် လက်ထပ်လိုက်ပြီး သမီး နှစ်ယောက် ထွန်းကားခဲ့သည်။

လူပေါင်း ၆၉ယောက်သေဆုံးခဲ့ပြီး လူပေါင်း လေးရာကျော် ဒဏ်ရာရခဲ့သည့် ၁၉၆၀-ခုနှစ် လူထု အုံကြွမှုအပြီးတွင်   လူအများအပြား အဖမ်းခံလိုက်ရပြီး ANC ပါတီနဲ့ PAC ပါတီတို့ကိုလည်း ဖိအား အမျိုးမျိုးပေးလေသည်။ မင်ဒဲလားကိုယ်တိုင် အဖမ်းမခံရဖို့ ရှောင်ပုန်းနေရသည့်အချိန်ဖြစ်သည်။ ၁၆-လကြာ ပုန်းအောင်းနေပြီးနောက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ်ခြင်းခံရပြီး ကိုကိုးကျွန်းလို နာမည်ဆိုးဖြင့် နာမည်ကြီးသည့် ရော်ဘင်ကျွန်းသို့ အပို့ခံရသည်။ သူရဲ့ အကျဉ်းသား နံပါတ်က 46664 ။

ရော်ဘင်ကျွန်းတွင် တိုက်ပိတ်ခံရပြီး ကြမ်းခင်းသံမံတလင်းပေါ်တွင် ကောက်ရိုးဖျားကလေးတစ်ချပ်ဖြင့် အိပ်ရသည်။ အစားအသောက်က ဟင်းသီးဟင်းရွက်နဲ့ ဂျုံယာဂု။ အကျဉ်းသားချင်းတူသည့်တိုင် လူမည်းတို့မှာ ဘောင်းဘီရှည် ၀တ်ခွင့်မရှိ။ ဘောင်းဘီတိုကလေးဖြင့် တနှစ်ပတ်လုံးနေရသည်။ တစ်နေ့ကို ၁၀-နာရီ ကျောက်ကျင်းများတွင် ကျောက်ထုကြရသည်။

အဲဒီတုန်းက သူ့ကို အကျဉ်းသားများက "Madiba ဟု ခေါ်ကြသည်။ ရော်ဘင်အကျဉ်းသားဘ၀သည် ခါးသီးလှသော်လည်း သူဘယ်တုန်းကမှ မငြီးညူခဲ့။ သူ့ရဲ့ပန်းတိုင်မှာ သူလူမျိုးတွေ အနှိမ်ခံဘ၀က လွတ်မြောက်ရေးပင်ဖြစ်သည်။ သူစိတ်ဓာတ်ကျနေလို့ မဖြစ်။ ထောင်ထဲမှာ သူက အကျဉ်းသားတွေရဲ့ ခေါင်းဆောင်ဖြစ်သွားသည်။ အစာငတ်ခံတိုက်ပွဲကို ဦးဆောင်သည်။ ထောင်အစားအစာကို သပိတ်မှောက်သည်။ အလုပ်လုပ်ရသည့်အချိန်ကို လျှော့ချဖို့ ဆန္ဒပြသည်။ ထောင်ထဲတွင် စာဖတ်ခွင့် ရရေးအတွက် တောင်းဆိုခဲ့သည်။


သူထောင်ကျနေစဉ်မှာပဲ သူ့အမေသေဆုံးသွားသည်။ သူ့သားငယ်ကလေး ကားတိုက်ခံရပြီး သေဆုံး သွားသည်။ မိခင်နဲ့သားငယ်ရဲ့ အသုဘကို ကိုယ်တိုင်သွားဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရက ခွင့်မပြုခဲ့။  ဇနီးဖြစ်သူ အဖမ်းခံရပြီး၁၈-လကြာ တိုက်ပိတ်ခံနေရသည့်သတင်းက သူ့ကို နာကျင်စေခဲ့သည်။ ၁၉၈၀-နောက်ပိုင်းနှစ်များတွင် မင်ဒဲလားလွတ်မြောက်ရေးလုပ်ရှားမှုများ ကမ္ဘာတစ်လွှား အရှိန်မြင့်မား လာခဲ့သည်။ သူ့ကျေးဇူးကြောင်း ထောင်ထဲတွင် သတင်းစာဖတ်ခွင့်ရသွားသည်။ တီဗွီကြည့်ခွင့်ရှိ သည်။ ဧည့်သည် တွေ့ခွင့်ရလာသည်။

သံတိုင်များကြားတွင် မင်ဒဲလား အသက် ၆၂-နှစ်ပြည့်သွားသည်။ ရော်ဘင်အကျဉ်းထောင်တွင် ၁၉-နှစ်နေပြီးနောက် Pollsmoor အကျဉ်းထောင်ကို ရောက်သွားပြန်သည်။ နိုင်ငံရေး ကင်းရှင်းရှင်းနေရင် လွှတ်ပေးမယ်ဟူသော ဖျားယောင်းမှုများကို သူက ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်။ သူ့နှင့် သူလူများကို တစ်ချိန်လုံး ဖိနှိပ်ခဲ့သူမှာ ဘိုသာ(Botha)ဖြစ်သည်။ ၁၉၈၉-ခုနှစ် သြဂုတ်လတွင် ဘိုသာပြုတ်ကျသွားပြီးနောက် ဒီကလာပ် (de Klerk) နေရာဆက်ခံသည်။ ဘိုသာပြုတ်ကျသွားခြင်း သည် အာဖရိကအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ်သွားသည်။ ဒီကလာပ်သည် လူဖြူဆိုသည့် တိုင် ဘိုသာလို လူညစ်ပတ်မဟုတ်။ သဘောထားပြည့်ဝသူဖြစ်သည်။ သူက တောင်အာဖရိကပြည်သူ တွေကို တနည်းအားဖြင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သူဖြစ်သည်။ သူက မင်ဒဲလားနှင့် အသေးစိပ်တွေ့ဆုံဆွေးနွေးပြီးနောက် မင်ဒဲလားအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးလိုက်သည်။ ဘာခံဝန်ချက်မှ မယူ။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဒီကမ္ဘာမြေမှာ မရှိသင့်ဟု သူယုံကြည်သည်။ တစ်ဖက်သတ်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ အများအပြားကို ပြင်ဆင်ပယ်ဖျက်ပစ်လိုက်သည်။ ၁၉၉၀-ခုနှစ် ဖေဖော်ဝါရီလ ၁၁-ရက်နေ့တွင် မင်ဒဲလားလွတ်မြောက် လာသောအခါ သူ့ထောင်သက်မှာ ၂၇-နှစ်၊ သူ့အသက်ပင် ၇၁-နှစ်ပြည့်သွားပြီဖြစ်သည်။ ထောင်ပေါင်း များစွာသောပြည်သူတွေက လမ်းမတွေပေါ်မှာ သူ့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ထောင်ကလွတ်လာပြီးနောက် အမျိုးသားရင်ကြားစေ့ရေးအတွက် အမုန်းတရားတွေမပွါးဖို့၊ အာဃာတ တရားတွေ မထားဖို့၊ သူတစ်ပါးအပြစ်ကို မေ့ပစ်လိုက်ခြင်း၊ ခွင့်လွှတ်တတ်ခြင်းသာ မွန်မြတ်သော အလုပ်ဖြစ်ကြောင်း တစ်နိုင်ငံလုံးကို လှည့်လည်ပြီး တရားဟောသည်။ ၁၉၉၃-ခုနှစ် နိုဘယ် ငြိမ်းချမ်းရေး ဆုကြေညာသောအခါ မင်ဒဲလားနှင့် ဒီကလာပ်တို့ နှစ်ယောက်လုံး နိုဘယ်ငြိမ်းချမ်းရေး ဆုကြီးကို ရရှိခဲ့ကြသည်။

၁၉၉၄-ခု ဧပြီလ ၂၇-ရက်နေ့တွင် တောင်အာဖရိကရဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ သည်။ သည်ရွေးကောက်ပွဲက အရင်လို ကန့်သတ်ချက်တွေ မရှိတော့။ လူမည်းများ လွတ်လပ်စွာ မဲပေးခွင့်ရသွားလေပြီ။ မင်ဒဲလား ပါတီ အနိုင်ရပြီးနောက် သူက တောင်အဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတကြီးဖြစ်လာခဲ့သည်။ ရာစုနှစ် သုံးခုနီးပါး လူသားအချင်းချင်း ခွဲခြားဆက်ဆံခဲ့သည့် လူဖြူလူမည်းစနစ်ကား အဆုံးသတ်သွားခဲ့လေပြီ။ လူကိုလူလိုမြင်သော စနစ်ကို သူတည်ဆောက်နိုင် ခဲ့ပြီ။ သမ္မတဖြစ်လာပြီးနောက် တောင်အာဖရိကနိုင်ငံ ပြည်လည်တည်ထောင်ရေးအတွက် အကူညီရ ယူရန် သမ္မတမင်ဒဲလား ကမ္ဘာ့တိုင်းပြည်များသို့ ခရီးထွက်ခဲ့သည်။

သူဟာ ဘာသာတရားအားလုံးကို လေးစားသူအဖြစ် စံနမူနာတင်ထားသူ။ ခရစ်ယာန်ဘုရားကျောင်း ကိုရောက်သည်။ ဗလီကိုရောက်သလို ဂျူးဘုရား ရှိခိုးကျောင်းကိုသွားခဲ့သည်။ သူ့ရဲ့သမ္မတ တင်မြှောက်ပွဲ အခမ်းအနားမှာ မူဆလင်၊ ဂျုး၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာရေးဆရာတွေက ဆုတောင်း ကောင်းချီးပေးခဲ့ကြသည်။ ကမ္ဘာမြေရဲ့ ဘာသာရေးအစွန်းရောက်များအကြားတွင် သမ္မတမင်ဒဲလား ဟာ ကြီးမြတ်တဲ့ လက်ဆောင်တစ်ခုပင်ဖြစ်သည်။

သမ္မတကြီးမင်ဒဲလားသည် ပြည်တွင်းကသာမက ကမ္ဘာတစ်လွှားက ပြည်သူတွေရဲ့ လေးစားယုံကြည်မှု ကို ရယူထားသူဖြစ်သည်။ နောက်တစ်ကြိမ်ရွေးကောက်ပွဲကို ၀င်ပြိုင်ရင် သူနိုင်မည်မှာ သေချာသော် လည်း သူက ၀င်အရွေးမခံတော့။ သူကပြတ်သားသည်။ ဟိုလိုလို သည်လိုလို ဝေ့လည်ကြောင်ပတ် မလုပ်။ ခိုင်မာသည့်လမ်းကို သူချပြပေးခဲ့ပြီးပြီ။ နောက်လူတွေ ဆက်လျှောက်ကြ။ "လူတစ်ယောက်ထဲက အာဏာကို အကြာကြီးဆုပ်ကိုင်ထားခြင်းဟာ ဘယ်ဒီမိုကရေးအတွက်မှ မကောင်းဘူး"ဟု ကမ္ဘာကြီးကို သတိပေးခဲ့သေးသည်။ သမ္မတတာဝန်ပြီး ဆုံးပြီးနောက် သူ့မိခင်ကြီးရဲ့ Qunu ဆိုသော ကျေးရွာကလေးတွင် သွားရောက်နေထိုင်လေသည်။ သမ္မတတာဝန်က အနားယူပြီးဖြစ် သော်လည်း HIV/AIDSရောဂါတိုက်ဖျက်ရေးအတွက် သူကြိုးစားပေးခဲ့သည်။ ၂၀၀၉-ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်က မင်ဒဲလားမွေးနေ့ ဇူလိုင်လ ၁၈-ရက်နေ့ကို နိုင်ငံတကာမင်ဒဲလားနေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအ၀င် ဆုတံဆိပ်ပေါင်း ၂၆၀ကျော်ကို လက်ခံရယူခဲ့သူုဖြစ်သည်။

ဘ၀ဆိုသည်မှာ ပြေးပွဲတစ်ခုဟု သူသတ်မှတ်ထားသည်။ တစ်ဘ၀လုံး ပြေးလွှားခဲ့ရသော သမ္မတ မင်ဒဲလားသည် ၂၀၁၃-ခု၊ ဒီဇင်ဘာလ ၅-ရက်နေ့တွင် သူရဲ့ တစ်ဘ၀စာ အပြေးပြိုင်ပွဲကို ရပ်နားသွား လေသည်။ သူသေတော့ သူ့အသက်က ၉၅-နှစ်ရှိပြီ။ သမ္မတဂျက်ကော့ဇူးမားက ပြောပါသည်။ "တောင်အာဖရိကဟာ သူရဲ့အကြီးမြတ်ဆုံးပုဂ္ဂိုလ် တစ်ယောက်ကို လက်လွှတ်လိုက်ရပြီ"တဲ့။ "လူသားအဆင့်အတန်းမြင့်မားအောင် လုပ်ဆောင်ခဲ့သည့် ကြီးကျယ်မြင့်မြတ်သည့် လူသား တစ်ယောက်အဖြစ် ကျမသူ့ကို ဂါရ၀ပြုလိုက်ပါတယ်"ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

မတရားမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများသူ့ရှေ့မှာတွေ့လျှင် သူက ဘယ်တော့မှ ခေါင်းငုံ့ခံမည့်သူမဟုတ်၊ သူကား အမှန်တရားအတွက် အဖိနှိပ်ခံ လူသားတို့ရှေ့က မားမားမတ်မတ် ရပ်နေဦးမည့်သူ။ တောင်အာဖရိကဟုဆိုလိုက်သည်နှင့်တပြိုင်နက် မင်ဒဲလားရဲ့ မျက်နှာကို ပြေးမြင်တတ်ကြသည်။ သူကတောင်အာဖရိကရဲ့ ပြယုဂ်တစ်ခု။ သူက ဘာလင်တံတိုင်းထက် ခိုင်ခံ့တဲ့တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့သူ။ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့အတွက် ကြံ့ကြံခံတိုက်ပွဲဝင်ခဲ့သည့် ကမ္ဘာမြေရဲ့ ဒေါင် ဒေါင်မြည် သံမဏိလူသားကြီးတစ်ဦးအဖြစ် ကမ္ဘာကြီးက သူ့ကိုလွမ်းဆွတ်တသ သတိရနေကြပါ သည်။

ကိုသစ် (သီတဂူ)
၂၊၂၈၊၂၀၁၆