ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်သာရ - ငြိနေပြီ (ပြန်လည်ဆန်းသစ်ခြင်း)


မောင်သာရ - ငြိနေပြီ (ပြန်လည်ဆန်းသစ်ခြင်း)
(မိုးမခ) မတ် ၁၊ ၂၀၁၆

(သြဂုတ် ၆၊ ၂၀၀၉ ရက်နေ့တွင် မိုးမခတွင် ဖော်ပြခဲ့သည့် မောင်သာရ၏ ၀တ္ထုတိုတပုဒ်အား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
 
ချစ်စွာသော စာဖတ်ပရိသတ်များ ခင်ဗျား …
ကျုပ် မောင်သာရ ပါ။ မှတ်မိကြပါတယ်နော်။ ပြည်တွင်းမှာတုန်းကတော့ များသောအားဖြင့် ၀တ္ထုတို ၀တ္ထုရှည်ကလေးတွေသာ ရေးလေ့ရှိခဲ့တဲ့ စာရေးဆရာပါ။ အခုလို ပြည်နှင်ဒဏ်သင့်ပြီး အမယ်ရိကားရောက်လာနေမှသာ အခြေအနေအရ လွတ်လပ်တဲ့ အာရှအသံရေဒီယိုမှာ စာပြောဆရာ ဖြစ်နေရတာပါ။ ဒါပေမယ့် ရံဖန်ရံခါတော့လဲ ဘ၀ဟောင်းကို ပြန်ပြောင်းအောက်မေ့ပြီး ၀တ္ထုတိုကလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ ဗမာနံ့ ဗမာအငွေ့အသက် လုံးဝမသင်းတဲ့ အမယ်ရိကားရေမြေ နောက်ခံ အမယ်ရိ ကန်ဇာတ်ဆောင်တွေနဲ့ ၀တ္ထုတိုတွေပေါ့နော်။ ဒါပေမယ့် ကျုပ်တသက် ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ ပြည်တွင်းက စာဖတ်ပရိသတ်လက်ရောက်အောင် ကြံဆောင်ဖို့ဆိုတာကလဲ သည်စစ်အစိုးရလက်ထက်မှာ လွယ်လှမှာမဟုတ်တော့ သည်လိုပဲ စု သိမ်းထားနေရပါတယ်။ အဲ … အခုတော့ သည်မိုးမခနဲ့ အဆက်အသွယ်ရပြီး၊ ပထမဆုံး မိတ်ဆက်အနေနဲ့ ဗမာ ဆန်တဲ့ အချစ်ဇာတ်လမ်းဆန်းကလေးတပုဒ်ကို ရွေးထုတ်တင်ဆက်ကြည့်လိုက်ပါတယ်။ သည်ဇာတ်လမ်းကလေးက အခု ကျုပ်နေတဲ့ Las Vegas မြို့က ဇနီးမောင်နှံရဲ့တကယ့်အဖြစ်အပျက် ဖြစ်ပါတယ်။ သည်မှာ ရုပ်ရှင်လဲ ရိုက်နေပါတယ်။ ကာယကံတွေရဲ့ဆန္ဒအတိုင်း ဇာတ်ဆောင်တွေရဲ့အမည်ရင်းကိုတော့ ပြောင်းထားပါတယ်။ ပြည်တွင်းက ရေးဖေါ်ရေးဘက် စာရေးဆရာတွေနဲ့ ရုပ်ရှင်ဗီဒီယိုဒါရိုက်တာတွေကိုလဲ ကြိုက်ကြမယ်ဆိုရင် လိုသလို သုံးနိုင်ကြဖို့ ကျုပ် မေတ္တာလက်ဆောင် ပေးလိုက်ပါတယ်။ ၀တ္ထုဇာတ်လမ်း နာမည်က …

ငြိနေပြီ ....

Joe သတိပြန်လည်လာတော့ တိမ်ခိုးတွေလား မြူတွေလား မသိ။ လေအဟုန်နဲ့ ပြေးလွင့်နေတဲ့အထဲက Sarah သူ့ဆီကို လက်နှစ်ဖက်ဆန့်တန်းကြိုဆိုရင်း ပြုံးလာနေတာကို တွေ့ရတယ်။ နောက် Joe ပြန်မေ့သွားပြန်ရော။ ပြီး Joe နားထဲမှာ ညင်သာသဲ့သဲ့ ပြောနေကြတဲ့ စကားသံတွေကို ဝေေ၀ ၀ိုးတ၀ါး ကြားလာရပြန်တယ်။ သည်မှာ Joe အားယူပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်နိုင်တော့မှ သူ ဆေးရုံပေါ်ရောက်နေတာပါလားလို့ ခန့်မှန်းနိုင်တော့တယ်။ ဟုတ်ပါပြီ။ Sarah ရဲ့ BMW ကားသစ်ကလေးနဲ့ လေးနာရီသာသာလောက်သာ မောင်းရတဲ့ ပင်လယ်ကမ်းခြေ Long Beach ကို အလုပ်နားရက် အပျော် ရေကူးဖို့ ထွက်လာခဲ့ကြတာလေ။ ကြမ္မာငင်ချင်တော့ ပြောပါတယ်။ မျက်နှာချင်းဆိုင်ဘက်ကလာနေတဲ့ Truck ကားတစင်းက ကွေ့တကွေ့မှာ သူတို့ဘက်ယာဉ်ကြောထဲကို အရှိန်မထိန်းနိုင်ပဲ ကန့်လန့်ကြီး ဖြတ်ကျော်ဝင်လာပြီး သူတို့ကားကလေးရဲ့ ဘယ်ဘက်ဘေးကို တအားပြေးဝင် ဆောင့်တိုက်လိုက်တယ် ထင်တာပဲ။ ဟဲ့ ဟဲ့ နေကြပါအုံး … Sarah Sarah Sarah ကောဟင် … Sarah ရော ဘာဖြစ်သွားသေးလဲ။ Sarah are you OK … Joe ရုတ်တရက် ယောင်ရမ်းတမ်းတပြီး ထမယ် ကြံလိုက်တော့ မဟန်နိုင်ပဲ ပက်လက်လန် ပြန်လဲကျသွားတယ်။ Joe သတိ ကောင်းကောင်း ပြန်ရလားတော့၊ ထိန်းထားတဲ့ သူနာပြုဆရာမက ပြောပါတယ်။ Sarah တခြားအခန်းမှာ ရှိပါတယ် … တဲ့။

ဒါပေမယ့် Joe ဆေးရုံက ဆင်းလာရတော့၊ အိမ်အပြန်မှာ Sarah မပါလာတော့ဘူး။ သူတို့အပြောအရကတော့ အဲသည်အခင်း ဖြစ်တဲ့နေရာကို လူနာတင်ရဟတ်ယာဉ်နဲ့ ရှေးဦးသူနာပြုတွေ ရောက်လာကတည်းက Sarah အသက်မရှိတော့ဘူး တဲ့။ Joe ကတော့ ကံအားလျော်စွာ ဘေးတံခါးပွင့် လွင့်ထွက်ကျန်ရစ်ခဲ့ပုံ ရတယ် ဆိုပဲ။ ကားကလေးကတော့ မြင်လိုက်ရတဲ့လူတွေ ပြောပြချက်အရ နှစ်ပတ်သုံးပတ် လိမ့်ထွက်သွားပြီး လမ်းဘေးကျ မီးလောင်သွားသတဲ့။ ဒါတောင် Joe လဲ နံရိုး နှစ်ဖက်ပေါင်း ငါးချောင်း ကျိုးခဲ့တယ်။ လက်ကောက်ဝတ် နှစ်ဖက်လုံးလဲ ကျိုးတယ်။ နဖူး ကန့်လန့်ကွဲတယ်။ ကိုယ်အနှံ့အပြားမှာလဲ ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာတွေ ရခဲ့တယ်။

အိမ်ပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်က ဒဏ်ရာတွေကတော့ ပျောက်သလောက်ရှိပြီ ပြောပါတော့။ ဒါပေမယ့် နေ့စဉ် ညစဉ်နဲ့ အမျှ တွေးမိတိုင်း Joe မျက်ရည် မဆည်နိုင် ဖြစ်ရတယ်။ သူ့နှလုံးသားတခြမ်း ပဲ့ပါသွားပြီလေ။ အနားမှာ Sarah မရှိတော့ဘူး။ မရှိတော့ပေမယ့် ရှိတယ်ဆိုတဲ့အမှတ်နဲ့ Sarah ရဲ့ ခြေရာလက်ရာတွေကို ဘာတခုမှ သူ ပြင်မပစ် ပြောင်းမပစ်ဘူး။ အိမ်ရှင်မ Sarah စိတ်တိုင်းကျ Sarah ထားတဲ့အတိုင်းပဲ နေရာမရွေ့ထားတယ်။ နောက်ဆုံး Sarah ၀တ်ပြီး ချွတ်ထားခဲ့တဲ့ အ၀တ်လဲပဲ လျှော်စက်ထဲ မထည့်ဘူး။ ယုတ်စွအဆုံး Sarah အုံးတဲ့ ခေါင်းအုံးက အစွပ်တွေကိုတောင် Sarah ရဲ့ ခေါင်းနံကလေး ပျောက် သွားမှစိုးလို့ လျှော်မပစ်ရက်ဘူး။ ဒါပေမယ့် အိပ်တဲ့ကုတင်ပေါ်မှာလဲ Sarah မရှိတော့ဘူး။ စားတဲ့စပွဲမှာလဲ Sarah မရှိဘူး။ Sarah ဘယ်နေရာမှ မရှိတော့ဘူး။ တအိမ်လုံးမှာ သူတယောက်တည်း။ Sarah မရှိတော့ သူ မနေတတ်ဘူး။ မနေချင်ဘူး။ တခြားပြောင်းပြေးရရင် ကောင်းလေမလား … လို့လဲ Joe မစဉ်းစားရက်ဘူး။ Sarah သစ္စာဖောက်ရာ ရောက်မှာပေါ့။ သည် အိမ်က Sarah ရဲ့အိမ်။ Sarah စိတ်ကြိုက် လိုက်ရှာပြီး ရွေးဝယ်ထားတဲ့ အိမ်။ သူ့နာမည်နဲ့ သူ့ဘဏ်စာရင်းနဲ့။ Joe လုံးဝ မပြောင်းပစ်ဘူး။

တော်တော့ တော်ပါသေးရဲ့။ ဆေးရုံက ဆင်းလာပြီ သတင်းခြောက်ပတ်ပြည့်တော့ Joe အလုပ်ပြန်ဆင်းခွင့်ရတယ်လေ။ အလုပ်ထဲ စိတ်ရောက်နေတဲ့အခါ နည်းနည်းတော့ ဖြေသာသလိုလို ရှိတာပေါ့နော်။ ဒါပေမယ့် ညနေတိုင်း အိမ်ပြန်ရာမှာကို စိတ်က ကြောက်ရွံ့ရွံ့ ဖြစ်နေသလိုပဲ။ ကားခေါင်းက အိမ်ရှိရာဘက်ကို ဦးမတည်ချင်ဘူး။ တတ်နိုင်ရင် အပြင်မှာပဲ အချိန် ကုန်အောင် နေပစ်လိုက်ချင်တယ်။ ဒါကြောင့်လဲ များသောအားဖြင့် ညနေစာကို အပြင်ဆိုင်တွေမှာပဲ ဖြစ်သလို စားပစ်လိုက် တယ်။ မိုးချုပ်လို့ ညဥ့်နက်ပြီ အိပ်ချင်လာပြီ အိပ်ရာဝင်တော့မယ် ဆိုမှပဲ အိမ်ပြန်ဖြစ်တော့တယ်။

သည်လိုနဲ့ အပြင်မှာ အပေါင်းအသင်းတွေ တိုးလာတယ်။ အပေါင်းအသင်းတင် မကဘူး။ အတတ်တွေပါ တိုးလာတယ်။ Joe သောက်တတ်တဲ့ အကျင့်ပါ ရလာတယ်။ ဘာပဲပြောပြော ပန်းခြံတွေထဲမှာ တယောက်တည်း သွာထိုင်ပြီး ငိုင်နေတာထက်စာ ရင် Club တွေ၊ Pub တွေ Bar တွေ Tavern တွေထဲမှာ တစိမ့်စိမ့်ထိုင်သောက်နေတာက ပိုစိတ်ပြေမေ့ပျောက် ရှိတယ်လို့လဲ ထင်လာတယ်။ ပြီး နည်နည်းရီဝေေ၀ဖြစ် မျက်တောင်စင်းလာမှ အိမ်ပြန်ရင် အိမ်ရောက်တာနဲ့တပြိုင်နက် အိပ်ရာထဲ ထိုးအိပ် လိုက်ရုံပဲ။ နဖူးပေါ်လက်တင်ပြီးတော့လဲ တွေးမနေဖြစ်တော့ဘူး။ ပိုက်ဆံတော့ မစုမိတော့ဘူးပေါ့နော်။ ဒါပေမယ့် သည်ဖြေ ဆေးက တန်တယ်၊ ထိရောက်တယ် လို့ Joe ယူဆတယ်။

ဒါပေမယ့် သည်အစီအစဉ်မှာလဲ … Joe ကို မူးအောင် မသောက်ရဘူး၊ အသိရှိရှိ အချိန်အဆနဲ့သာ သောက်ရမယ်၊ ငွေကို အလဟသ ဖြုန်းမပစ်နဲ့။ မိုးချုပ်အောင် မနေနဲ့၊ အိမ်ကို စောစောပြန်၊ တည့်တည့်ပြန်၊ တခြားဆက် သဝေထိုးမနေနဲ့ … အစရှိ သဖြင့် ခပ်တည်တည် ပြုံးစပ်စပ်နဲ့ ဆုံးမတားမြစ်တတ်တဲ့ … တခါတရံ စကားနားမထောင်ရင် သောက်နေတဲ့ဖန်ခွက်တောင် ဇွတ်ဆွဲလု သိမ်းသွားတတ်တဲ့ ကောင်မလေးတယောက် ပေါ်လာတယ်။ ကောင်မလေးက Joe ထက်တော့ ဆယ်နှစ်လောက် ငယ်မှာပေါ့။ နာမည်က Brook တဲ့။ အခုနောက်ပိုင်း Joe သောက်နေကျဖြစ်လာတဲ့ ဆိုင်မှာ စပွဲထိုး လုပ်တယ်။ မလှ လှပါဘူး။ နည်းနည်းလဲ ပုသလိုလိုပဲ။ ဒါပေမယ့် ချစ်စရာတော့ ကောင်းတယ်။ သဘောထားလဲ မှန်တယ်။ ဘယ့်နှယ် … ကိုယ်အလုပ် လုပ်တဲ့ဆိုင်မှာ သောက်စား ကစားရင်း ငွေလာဖြုန်းတဲ့ ဖောက်သည်တယောက်ကို မတားမြစ်မကန့်ကွက် ထိုက်ပါပဲ လျက် ကန့်ကွက်တားမြစ် သတိပေးနှင်လွှတ်တယ်ဆိုကတည်းက သည်ကောင်မလေး သူ့အပေါ်မှာ မေတ္တာစေတနာ ပိုလို့ နေမှာ ပေါ့။ Joe တွေးမိ ဆင်ခြင်မိလာတယ်။

အင်း … ဆိုင်ရှင်တွေ ပိုင်ရှင်တွေသာ သိသွားရင်၊ မိသွားရင်တော့ သည်ကောင်မလေး ဘယ်လွယ်လိမ့်မလဲ။ အလုပ် ဖြုတ်ခံရ မှာပေါ့။ ဒါပေမယ့် Brook ကတော့ ခပ်တည်တည်ပဲ။ သိပ် ဂရုစိုက်ပုံ မရပါဘူး။ Joe ကတော့ ထုံးစံအတိုင်းရော၊ သူ့စေတနာကို တုံ့ပြန်ကျေးဇူးတင်တဲ့ အနေနဲ့ရော၊ ပေးခဲ့တဲ့ Tips ငွေကိုတောင် Brook က လုံးဝ မယူဘူး၊ မထားခဲ့နဲ့တဲ့။ သူ့ကို လုံးဝ ပေးဖို့မလိုဘူးတဲ့။ ဗြောင် ငြင်းပြီး ဇွတ် အိတ်ထဲ လိုက်ထည့်တယ်။

မကြာပါဘူး။ Sarah မရှိတော့တဲ့နောက်ပိုင်း Joe ပထမဆုံး အိမ်ကိုအလည်သဘော ပြောခေါ်လာတဲ့ အမျိုးသမီးက Brook သာ ဖြစ်ပါတယ်။ ရုပ်ရည် ကိုယ်နေကိုယ်ထား အသားအရေ ဘာတခုမှ အပြစ်ဆိုစရာ မရှိပေမယ့် ဘယ်နေရာမှာမှ ထူးထူး ခြားခြား ခုံမင်တပ်မက်လောက်စရာ မရှိမှန်းသိရက်နဲ့ သည် Brook ဆိုတဲ့ ရွက်ကြမ်းရေကျိုမကလေးကို Joe ဘာဖြစ်လို့များ စွဲလန်းခင်တွယ်နေမိတယ် မသိပါဘူး။ Joe ရဲ့ပတ်ဝန်းကျင် Joe အလုပ်လုပ်တဲ့ Hotel နဲ့ Casino ကြီးမှာကိုပဲ Joe ထက် လှတာတွေ၊ ဖွံ့ဖြိုးတာတွေမှ တထောကြီးပါ။ Joe လဲ သူ့ကိုယ်သူ နားမလည်ပါဘူး။ ဒါပေမယ့် သူ့အိမ်ထဲရောက်တော့ TV နဲ့ မျက်နှာချင်းဆိုင်က Sarah ထိုင်နေကျ Sofa မှာမှ အကျအန ၀င်ထိုင်နေတဲ့ Brook ကို သူကိုယ်တိုင် ရေခဲသေတ္တာထဲက ထုတ်ယူလာတဲ့ Fanta လိမ္မော်ရည်ပုလင်းနဲ့ဧည့်ခံပြီး သူ့ဘ၀ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ဖွင့်ဟ၀န်ခံ ပြန်ပြောပြ လိုက်ပါတော့တယ်။

သူဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ခရီးထွက်ရင်း car accident ဖြစ်လို့ သူ့ရဲ့ ချစ်စကြင်စ ဇနီး Sarah ဆုံးပါးသွားရတဲ့ အကြောင်း … အဲသည်ကတည်းက ဘယ်မိန်းမနဲ့မှလဲ မတွဲမိ၊ ဘယ်သူ့ကိုမှလဲ ခုလို မဖိတ်ခေါ်မိ ဘယ်တယောက်ကိုမှလဲ သံယောဇဉ် မတွယ်မိ၊ ဘယ်သူ့ကိုမှလဲ မချစ်မိ၊ အခု မင်းနဲ့ကျမှသာဆိုပြီး တခါတည်း Brook ရှေ့မှောက်မှာ ဒူးထောက် လက်ထပ်ခွင့် တောင်းတော့တာပါပဲ။

Brook ကလဲ အံ့အားသင့်ရိပ် မယုံကြည်ရိပ် လုံးဝ မပြပဲ သုံးပုံနှစ်ပုံ အပြုံးကလေးနဲ့သာ Joe ရဲ့နဖူးက အနာရွတ်ပေါ် ဖုံးချ ထားတဲ့ ဆံပင်တွေကို အသာအယာ သပ်တင်ကြည့်လိုက်ပါတယ်။ Joe က သူရဲ့အဆိုပြုချက်ကို ကြည်ဖြူလက်ခံတဲ့ အဓိပ္ပါယ် ထင်ပါရဲ့… လို့ ၀မ်းသာခိုက်မှာပဲ Brook က သူ့လည်တိုင်ကလေးကို ဘယ်ညာလှည့် ခေါင်းရမ်းပြလိုက်ပါတယ်။

“Joe ကို ကျမ မငြင်းချင်ပါဘူး။ ဒါပေမယ့် ကျမ ငြင်းရတဲ့အကြောင်းက ကျမက သာမန်မိန်းမတွေနဲ့ မတူတဲ့ မိန်းမတယောက် ဖြစ်နေလို့ပါ။ ကျမဘ၀က ကိုယ်ဝန်မဆောင်နိုင် ကလေးမရနိုင်တော့တဲ့ Heart Transplant နှလုံးအစားထိုး ကုသထားရတဲ့ မိန်းမမို့ပါ။ Joe အတွက် ကျမ ၀မ်းနည်းပါတယ် …” တဲ့။

အော် … ဖြစ်မှ ဖြစ်ရလေတယ်။ ကြုံမှလဲ ကြုံရတတ်ပလေတယ်။

Brook တက်ခဲ့တဲ့ ဆေးရုံနဲ့ Brook ကို နှလုံးအစားထိုး ခွဲစိတ်ကုသပေးခဲ့တဲ့ ခေါင်းဆောင်ဆရာဝန်ကိုပါ တွေ့ခွင့်တောင်းကြပြီး အသေအချာ မေးမြန်းစုံစမ်းကြည့်လိုက်ကြတော့ … ရော် Sarah နှလုံးက Brook ကိုယ်ထဲ ရောက်နေတာပါလား။

အကြောင်းစုံ သိကြရတော့လဲ နားလည်သွားကြပါတယ်။ Joe နဲ့ Brook မှ မဟုတ်ပါဘူး။ နောက်ပိုင်း Joe ထိုင်နေကျ Tavern ဆိုင်ရဲ့ပိုင်ရှင်တွေဖြစ်ကြတဲ့ Brook ရဲ့အဖေနဲ့ အကိုတွေကပါ ကြည်ကြည်ဖြူဖြူ သဘောတူ လက်ထပ်ခွင့် ပြုလိုက်ကြလေရဲ့။ ။

(Painting Credit - http://kerriposson-artist.blogspot.com/2009/04/nothing-but-hearts.html )