ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် - အီဂျစ်၊ ပါကစ္စတန်စစ်တပ်များနှင့် ဒီမိုကရေစီရေး


ကိုသန်းလွင် - အီဂျစ်၊ ပါကစ္စတန်စစ်တပ်များနှင့် ဒီမိုကရေစီရေး
(မိုးမခ) မတ် ၁၅၊ ၂၀၁၆

(၁)
၁၉၅၄ ခု အောက်တိုဘာလ (၄) ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ စစ်ဦးစီးဗိုလ်ချုပ်ကြီး ဂျင်နရယ် အာရွတ်ခန်က လန်ဒန်မြို့ ဒေါ်ချက်စကာ ဟိုတယ်တွင် “ပါကစ္စတန်နိုင်ငံ၏ ယခုနှင့် အနာဂါတ်ပြဿနာများ” ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ကို ညတွင်းချင်းအပြီး ထိုင်ရေးနေခဲ့ပါသည်၊ စာလုံးရေ ၂၅၀၀ မျှရှိပြီး လွတ်လပ်ရေးရပြီး (၇) နှစ်သား ပါကစ္စတန်နိုင်ငံ၏ အနာ ဂါတ်ခရီးကို တင်ပြထားပါသည်။ ထိုအချိန်အထိ ပါကစ္စတန်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်မပြုနိုင်ကြသေးပါ။

နောင်နှစ်ပေါင်း ၅၀ အကြာ ၂၀၁၄ ခုနှစ်တွင် အီဂျစ်နိုင်ငံမှ စစ်ဗိုလ်ချုပ် Abdel Fatah el-sisi က “ အရှေ့ အလယ်ပိုင်း ဒေသနှင့် ဒီမိုကရေစီ” ဟူသော ခေါင်းစဉ်ဖြင့် အလားတူ အီဂျစ်နိုင်ငံ၏ အနာဂါတ်နှင့်ပတ်သက်ပြီး စာလုံး ၅၀၀၀ ပါ စာ တမ်းတစောင်ကို အမေရိကန်စစ်တက္ကသိုလ်တွင် ရေးသားခဲ့ပြန်ပါသည်။

စစ်ဗိုလ်ချုပ်ကြီးများအဖို့ကို စာတမ်းပါအကြောင်းအရာများကို အခွင့်သင့်တိုင်း ရည်ညွှန်းကြ၊ ဝေဖန်ကြ ပြုလုပ်နေကြ ပါ သည်။ “ကျွန်တော်တို့ပြည်သူများမှာ များသောအားဖြင့် ပညာမတက်ကြ၊ နိုင်ငံရေးသမားများမှာ သေချာစေ့စေ့စပ်စပ်၊ မစဉ်း စားနိုင်ကြဘူး” ဟု အာယွတ်ခန်က ငြီးတွားထားပါသည်။ ဗိုလ်ချုပ်ကြီး စီစီက “ဒီမိုကရေစီကို လူထုက ကြိုက်နှစ်သက်ကြတာ မှန်ပါသည်။ သို့ပေမဲ့ သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ အန္တရာယ်တွေကများလွန်းတယ်” ဟု မှတ်ချက်ပေးခဲ့ပါသည်။

ပါကစ္စတန်နှင့်အီဂျစ် နှစ်နိုင်ငံစလုံးမှ စစ်ဗိုလ်ချုပ်ကြီးများသည် အမျိုးသားရေးကြောင့်သာ အာဏာကိုရယူကြခြင်းဖြစ် ကြောင်း ပြောတက်ကြပါသည်။ သူတို့ စစ်တပ်၏ချို့ယွင်းချက်များကိုမူ အလွယ်တကူ လစ်လျူရှုထားကြဟန်တူသည်။ ၂၀၁၁ ဒီဇင်ဘာလ ၃ ရက်နေ့က အီဂျစ်နိုင်ငံစစ်ဦးစီးချုပ်၏ လက်ထောက် ဘဏ္ဍာရေးတာဝန်ခံ ဗိုလ်ချုပ်နပ် (စ) က စစ်တပ်မှ နိုင်ငံတော် ရံပုံငွေသို့ ဒေါ်လာသန်းတထောင် ချေးငှားလိုက်ရသည်ဟု ဆိုသည်။ သူက ထိုငွေများကို နိုင်ငံတော်ကမပိုင်၊ စစ်တပ်ပိုင်သာဖြစ်သည်ဟု ပြောသည်။ သူတို့ နှစ် ၃၀ တိုင်တိုင် ချွေးများဖြင့် ရင်းနှီးပြီး ရထားရသောပိုက်ဆံကို နိုင်ငံတော်က သိမ်းယူခြင်းကို လက်မခံနိုင်ဟုဆို၏။

(၂)
အီဂျစ်နိုင်ငံတော်စစ်တပ်က အမြတ်ငွေရရှိရေးကို ဦးစားပေးသောပေါ်လစီရှိမရှိ မသေချာသော်လည်း စစ်တပ်က စီးပွားရေး လုပ်နေခြင်းအတွက်  ဒီမိုကရေစီနည်းလမ်းမကျနိုင်သည်မှာ အသေအချာဖြစ်ပါသည်။ စစ်တပ်မှ အနားယူပြီးသော အရာရှိ ကြီးများမှာ ကုမ္ပဏီပိုင်ရှင်ကြီးများ၊ ဟိုတယ်နှင့် စူပါမားကတ်ပိုင်ရှင်ကြီးများ ဖြစ်နေသည်ကိုလည်း တွေ့နိုင်ကြပါသည်။ သူတို့ မှာ အကောက်အခွန်ကင်းလွတ်ခွင့်များ၊ ဘဏ်ချေးငွေကို အလွယ်တကူရနိုင်ခြင်း၊ အလုပ်သမားဆန္ဒပြမှုများကို နှိမ်နင်းပစ် နိုင်ခြင်း စသည့်အားသာချက်များရှိနေသည်။ အလုပ်သမားအရေး ရပိုင်ခွင့်ကို တောင်းဆိုသူများမှာ တရားရုံးသို့ ရောက်ကြရ သည်ချည်းဖြစ်သည်။ သူတို့က စည်းကမ်းတကျ အလုပ်လုပ်တက်ခြင်း၊ အလုပ်အကိုင်ကြိုးစားခြင်းတို့ကြောင့် အသီးအပွင့်ကို ခံစားကြရသည်ဟု ကြွေးကြော်နေကြသည်။

ပါကစ္စတန် စစ်တပ်ပိုင် ကုမ္ပဏီကြီးနှစ်ခုရှိသည်။ Army Welfare Trust နှင့် Fauji Foundation တို့ဖြစ်သည်။ ၎င်းတို့ သည် သကြားစက်များ၊ ဓါတုဗေဒစက်ရုံများ၊ ဓါတ်မြေသြဇာစက်ရုံများအပြင် ပါကစ္စတန်နိုင်ငံ၏ အဓိကဘဏ်လုပ်ငန်း Askari Bank ကြီးများကို ပိုင်ဆိုင်ကြသည်။


သို့ပါသော်လည်း ပါကစ္စတန်နှင့် အီဂျစ်နိုင်ငံ စစ်တပ်နှစ်ခုတွင် မတူညီသောအချက်များရှိသည်။ ပါကစ္စတန်တွင် ISI ခေါ် ထောက်လှမ်းရေးတပ်မှာ စစ်တပ်၏ ထိမ်းချုပ်မှုအောက်တွင်ရှိသည်။ ပြည်သူပြည်သားများကို ဖမ်းဆီးပိုင်ခွင့်၊ ချုပ်နှောင် ပိုင်ခွင့်ရှိထားပြီး အခွင့်အာဏာကို ရဲရဲတင်းတင်း ဗြောင်ကျကျ အသုံးချလေ့ရှိသည်။ ရဲသို့မဟုတ် အခြားမြို့ပြဆိုင်ရာ အဖွဲ့ အစည်းများသည် ထောက်လှမ်းရေးတပ်ဖွဲ့အပေါ် သြဇာသက်ရောက်မှု မရှိနိုင်ကြပေ။ PIA ခေါ်အရပ်ဖက် လုံခြုံရေးအဖွဲ့ အစည်းမှာ ISI နှင့်ယှဉ်သော် အင်အားလည်း မသုံးနိုင် သြဇာထက်မြက်ခြင်းလည်းမရှိပေ။

အီဂျစ်နိုင်ငံတွင်မူ ပြည်ထဲရေးဌာန လုံခြုံရေးအဖွဲ့မှာ စစ်တပ်အလားတူ သြဇာအာဏာရှိသည်၊ သမ္မတ နက်ဆာလက်ထပ်မှ စတင်၍ စစ်တပ်၏လုပ်ပိုင်ခွင့် ပါဝါကို မြို့ပြအဖွဲ့အစည်းများက လွှဲပြောင်းယူခဲ့ရာ အာရပ်စပရင်းခေါ် လူထုအုံကြွမှုမှ စတင်၍ စစ်တပ်၏ အရေးပါမှုမှာ တဖြည်းဖြည်း ပြန်လည်ထင်ရှားလာသည်။ စစ်တပ်အနေဖြင့် ဘာသာရေးအစွန်းရောက်များကို ဖြစ်စေ၊ အယူဝါဒ ပျော့ပြောင်းသူများကိုဖြစ်စေ၊ မိမိကို ဆန့်ကျင်သူများအားလုံးကိုချိုးနှိမ်ရန် အသင့်ရှိသည်။


(၃)
နိုင်ငံနှစ်ခုစလုံးတွင် တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင် အင်အားဖြင့် ဖိနှိပ်ထားသောအစိုးရ အဖွဲ့အစည်းတခု၏နေရာသည် အထင်အရှားရှိသည် (Deep State)၊ လက်ရှိ (သို့) အငြိမ်းစားယူပြီးဖြစ်သော ရဲနှင့်ထောက်လှမ်းရေး အရာရှိများ၊ ထိပ်ပိုင်း အရာရှိကြီးများ၊ ကြွယ်ဝချမ်းသာသော ခရိုနီအရင်းရှင်ကြီးများမှာ နိုင်ငံတော်အရေးကို အကာအကွယ်ပေးရန် အသင့်ရှိကြ သည်။ မူဘာရက်ပြုတ်ကျပြီး ပင်လယ်နီရှိ သူ့အိမ်သို့ပြောင်းရွှေ့သွားပြီးဆိုစေ အစိုးရကိုဆန့်ကျင်သူများနောက်မှ ထောက် လှမ်းရေးအရာရှိများက နောက်ရောင်ခံလိုက်နေကြဆဲသာ ဖြစ်ပါသည်။ အထက်က သမ္မတကြီးပြုတ်ကျစေဦး၊ အောက်ခြေ အလွှာ ထောက်လှမ်းရေးအရာရှိများ၏ အစည်းအရုံးမှာ ပျက်ပြယ်သွားပြီဟူ၍ မရှိပေ။ အစိုးရရုံးများကို ဆန္ဒပြသူများက ၀င်ရောက်ဖျက်ဆီးကြသည့်တိုင် စာရွက် စာတမ်းနှင့်ဖိုင်များ မပျက်စီးမဆုံးရှုံးရအောင် လုံခြုံရေးအရာရှိများက စောင့်ကြပ်နေ ကြဆဲသာ ဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း တိုင်းပြည်ကြီး အဘယ်မျှဆူပူလှုပ်ရှားနေကြစေဦး၊ နျူးကလီးယားလက် နက်များကို ကာကွယ်ရေး၊ အိန္ဒိယမှ ကျူးကျော်မလာရေးအတွက် စောင့်ကြပ်နေသူများမှာ မိမိအလုပ်ကို အပျက်မခံကြပေ။ ထိုနည်းတူ နိုင်ငံတော်အစိုးရက အိန္ဒိယနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေစဉ်မှာပင် စစ်သွေးကြွများက နိုင်ငံတော် ၏ညွှန်ကြားချက်နှင့် နယ်စပ်တိုက်ပွဲတွေ ဆက်လျက်သာရှိနေကြဆဲ ဖြစ်ပါသည်။

ထိုနှစ်နိုင်ငံ၏ စစ်တပ်နှစ်ခုလုံးမှာ ချမ်းသာကြွယ်ဝခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာ အပြည့်ယူထားကြချိန်တွင် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေးမှာ ပျက်ပြားလာသည်။ ပြည်သူတို့၏ ကျန်းမာရေး အခြေခံလိုအပ်ချက်များကိုပင် ဖြည့်ဆည်းမပေးနိုင်။ ကျောင်းအသစ်များမဆောက်နိုင်ကြသလို အလုပ်အကိုင်အသစ်များကိုလည်း ဖန်တီးမပေးနိုင်ကြပေ။

(၄)
၂၀၁၅ခုနှစ် UNDP ၏ လူမှုတိုးတက်ရေးအဆင့်တွင် ပါကစ္စတန်နိုင်ငံမှာ ၁၈၈ နိုင်ငံများအနက် ၁၄၇ လိုက်သည်၊ တဦး ချင်းဝင်ငွေမှာ ဒေါ်လာ ၄၄၅၄ ရှိပြီး လူတို့၏ပျမ်းမျှ သက်တမ်း ၆၆.၂ ဖြစ်သည်။

အိန္ဒိယ နိုင်ငံနှင့် မည်သည့်သဘောတူစာချုပ်မှ မချုပ်ဆိုနိုင်ခြင်းမှာ စစ်တပ်က အမြဲတောင်းဆိုနေသော ကက်ရှမီးယားအရေး ပြေလည်မှုမရရှိသောကြောင့်ဖြစ်သည်။ ပါကစ္စတန်ခေါင်းဆောင်များဖြစ်သော ဇာဒါရီနှင့် နာဝါရှရစ် နှစ်ဦးလုံးက အိန္ဒိယနိုင်ငံ နှင့် ဖရီးထရိတ် သဘောတူစာချုပ်ချုပ်ဆိုခြင်းဖြင့် စီးပွားရေးအခွင့်အလမ်း တိုးတက်များပြားလာမည်ကို သဘောပေါက်ကြပါ သည်။ နိုင်ငံ၏ လူနေမှု အဆင့်အတန်းမြင့်တက်လာမည် ဆိုသည်ကိုလည်းကောင်း သိကြပါသည်။ သို့ပါသော်လည်း စစ် တပ်၏ သဘောတူညီမှုကို မရနိုင်သဖြင့် ထိုစာချုပ်ကို မချုပ်ဆိုနိုင်ကြသေးပါ။

အီဂျစ်စစ်တပ်အတွက်မူ နိုင်ငံတော်စီးပွားရေးကိုသူတို့ မပိုင်သလို စိတ်ဝင်စားမှုလည်းမရှိချေ။ ၂၀၀၈ ခုနှစ် ၀ီကီလိခ်က ဖွင့်ချချက်အရ အီဂျစ်ဗိုလ်ချုပ် တန်တာဝီ (Mohammed Tantawi) က မိမိသြဇာအာဏာကျဆင်းမည် စိုးရိမ်သောကြောင့် လွတ်လပ်သောကုန်သွယ်ရေးစနစ်ကို လက်မခံနိုင်ဖြစ်နေသည်ဟုဆိုသော အမေရိကန် သံအရာရှိ၏ ကြေးနန်းစာကိုဖတ်ကြ ရသည်။ ဗိုလ်ချုပ်ကြီးစီစီအတွက်မူ သူ၏ နိုင်ငံတော်ဝင်ငွေမှာ ရေနံ၊ သဘာဝသယံဇာတများ ရောင်းချရငွေနှင့် စူးအက်တူး မြောင်း၏ ၀င်ငွေမှာ အဓိကဖြစ်သည်။ ငယ်ရွယ်သော အီဂျစ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို ဂျင်နရယ် တန်တာဝီ နည်းတူ စိတ်ဝင်စား ဟန်မပြပေ။ အီဂျစ် နိုင်ငံ၏ UNDP အဆင့်အတန်းမှာ ၁၀၈ ဖြစ်ပါသည်။

အခြေအနေ တိုးတက်အောင်မြင်မှုမရှိပါဘဲလျက် အီဂျစ်နှင့် ပါကစ္စတန်တပ်မတော်များမှာ ဤမျှသြဇာအာဏာ ကြီးထွားနေ ခြင်းမှာ အံ့သြစရာပင်ဖြစ်သည်။ တချို့ကလည်း ၀ါရှင်တန်မှ သူတို့အရေးကိုဆော်သြသူပွဲစားများကြောင့်ဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ၀ါရှင်တန်ကမူ ဤစစ်တပ်ကြီးများကြောင့်သာ ဘာသာရေးအစွန်း ရောက်များ အုပ်ချုပ်ရေးအာဏာ ကိုမရနိုင်ကြခြင်းဖြစ်သည်ဟု ယူဆဟန်ရှိသည်။

(၅)
ဝါရှင်တန်၏ ၂၀၀၁ မှ ၂၀၁၁ အတွင်း ပါကစ္စတန်သို့ထောက်ပံ့ငွေမှာ ဒေါ်လာသန်းထောင်ပေါင်း ၂၀ ရှိသည်။ အခြား စစ် တပ်အချင်းချင်း တိုက်ရိုက်ထောက်ပံ့မှုများမှာ ထုတ်ဖေါ်ကြေညာခြင်းမရှိပေ။ အီဂျစ်နိုင်ငံက တနှစ်လျှင် ဒေါ်လာသန်း၂ ထောင်မျှ အကူအညီ ရရှိနေသည်။

အမေရိကန်က အီဂျစ်အပါအ၀င် အာရပ်စပရင်းနိုင်ငံများတွင် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေးကို မတောင်း ဆိုတော့ ခြင်းမှာ သမ္မတအိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီတွင် ထူးခြားသောပြောင်းလဲမှု ဖြစ်ပါသည်ဟု ထောက်ပြကြသည်။

၁၉၆၈ ခုနှစ်က ဆင်မျူရယ် ဟန်တင်တမ် (Samuel Huntington) က ကိုလိုနီအဖြစ်မှ လွတ်မြောက်လာကြသော နိုင်ငံများ တွင် အင်အားချိနဲ့သော နိုင်ငံရေးအဖွဲ့အစည်းများအဖို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော လူနေမှုစနစ် တိုးတက်မှုကို လိုက်မမှီနိုင်ဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်ခဲ့ဖူးသည်။ မြို့ကြီးပြကြီးများ ထွန်းပေါ်လာခြင်းနှင့် စက်မှုလက်မှုတိုးတက်လာခြင်း တို့ကြောင့် လူအုပ်စုအချင်းချင်း ပဋိပက္ခဖြစ်မှုများ တိုးပွားလာမည်ဟုလည်း ဆိုခဲ့ပါသည်။ ယေဘုယျအား ဖြင့် အမေရိကန် ဒီမိုကရက်များအဖို့မှာ မည်သည့်နိုင်ငံမဆို ထောက်ပံ့မှုများပေးပြီး စီးပွားရေးတိုးတက်လာလျှင် ဒီမိုကရေစီစနစ်သို့ မုချမသွေ ရောက်ရမည်ဟု ယုံကြည်နေကြသည်။ အကယ်စင်စစ် သူတို့သတိပြုရမည်မှာ နိုင်ငံရေးတည်ငြိမ်မှုမရှိလျှင် မည်သည့် အောင်မြင်မှုကိုမျှ မရနိုင်ပေ။

ဗြိတိန်တွင် စက်မှုတော်လှန်ရေးအောင်မြင်ခဲ့ရခြင်းမှာ လူများ အလုပ်အကိုင်ရရှိရေးကို ဦးစားပေးပြီး လူအများစုအား ပညာ ပေးခြင်းကို နောက်မှလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ လူတွေကို ဦးစွာပညာပေးလျှင် အလုပ်အကိုင် အလုံအလောက် ဖန်တီးမပေးနိုင် ဖြစ်ရတတ်ပါသည်။ သမရိုးကျ လူတန်းစားနှင့် ပညာတတ် တိုးတက်သောအမြင်ရှိသည့် လူအုပ်စုတို့သည် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ကြရပါမည်။ ထိုကိစ္စအတွက် အစိုးရ၏ အကူအညီ မလိုပါ။ ပညာတတ်များက လူမှုအဖွဲ့အစည်းတွင် ပါဝင် ၀င်ဆန့်လိုကြသည်။ ထိုအချိန်မျိုးတွင် ၎င်းတို့၏အင်အားကို ကျွမ်းကျင်စွာ အသုံးချနိုင်မည့် ခေါင်းဆောင်ကောင်း လိုပါသည်။ ထိုသို့ခေတ်ပြောင်းချိန်တွင် အုပ်ချုပ်သောအစိုးရ ပြုတ်မကျရန် အရေးကြီးပါသည်။

ဟန်တင်တန်က ပါကစ္စတန်ဗိုလ်ချုပ်ကြီး အာယွတ်ခန်ကို ဒုတိယကမ္ဘာစစ်ကြီးအပြီး နောက်ပိုင်းကာလများတွင် စံပြခေါင်း ဆောင်ကြီးတဦးဖြစ်ပါသည်ဟု ဆိုခဲ့သည်။ သူအုပ်ချုပ်သော ဆယ်နှစ်ကာလသည် ပါကစ္စတန်နိုင်ငံအဖို့ အတိုးတက်ဆုံး ကာလဖြစ်သည်ဟုလည်း သမိုင်းဆရာများက ရေးကြပါသည်။

၁၉၉၈ အောက်တိုဘာလက ထိုစဉ်က၀န်ကြီးချုပ်ဖြစ်သူ နာဝါရှရစ်က ဗိုလ်မှူးကြီး ပါဗေးမူရှာရပ် (Pervez Musharraf) ကို ကြယ်လေးပွင့် ဗိုလ်ချုပ်အဖြစ်ရာထူးတိုးမြှင့်ပေးခဲ့သည်။ ၁၉၉၉ ခုဒီဇင်ဘာလတွင် မူရှာရပ်က ၀န်ကြီးချုပ်ကိုဖြုတ်ချပြီး ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်၊ တိုင်းပြည်က လက်မခံဆူပူအုံကြွမှုများကြောင့် ၂၀၀ရ နိုဝင်ဘာလတွင် အရေးပေါ်အခြေအနေကျေငြာခဲ့ရပြန်သည်၊ ၂၀၀၈ တွင်မူရာထူးအားလုံးစွန့်လွှတ်ခဲ့ရပြီး လန်ဒန်သို့တိမ်းရှောင်ခဲ့ရသည်၊ မူရှာရပ်၏ တာဝန်ထမ်းဆောင်စဉ်ကာလတလျောက်လုံး “စစ်တပ်က အာဏာ သိမ်းလျင်ရတယ်” ဆိုခြင်းမှာ အန္တရာယ် အလွန်ကြီးမားကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်၊ စစ်တပ်၏ အဓိက တာဝန်မှာ ဒီမိုကရေစီ အဆောက်အဦးကို ကာကွယ်စောင့်ရှောက်ပေးရန်သာဖြစ်သည်၊ ကိုယ်တိုင် ခေါင်းဆောင်လုပ်ရန် မဟုတ်ပေ။

၂၀၁၁ ခုမေလ ၂ ရက်နေ့ အမေရိကန် မရိမ်းတပ်သားများက ပါကစ္စတန်နိုင်ငံ အဘိုဒါဂတ်မြို့သို့ဝင်ရောက်ပြီး အိုဆာမာ ဘင်လာဒင်ကို စီနင်းအဆုံးစီရင် ချိန်တွင် ပါကစ္စတန် လေတပ်မတော်နှင့်စစ်တပ် ကြီးတခုလုံးမှာ အိပ်မောကျနေခဲ့ကြပါသည်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးမှာ နောက်တနေ့နံနက် နယူးယောက်မှ သမီးဖြစ်သူက ဖုန်းဆက်သောအခါကျမှ ထိုအဖြစ် အပျက်ကို သိခဲ့ရပါသည်ဟုဆိုသည်။ အစိုးရက စစ်တပ်ကိုအပြစ်ပုံချသဖြင့် အာဏာသိမ်းတော့မှာဘဲဟု စိုးရိမ်ခဲ့ကြရသည်။ ဤမျှအရုပ်ဆိုး အကျည်းတန်သည့် ဖြစ်ရပ်ကပင် ပါကစ္စတန်စစ်တပ်၏သြဇာ အဏာကို ယုတ်လျှော့မသွားစေနိုင်ခဲ့ပေ။

(၆)
ဒီမိုကရေစီနိုင်ငံတော်ဟုဆိုရာတွင် လူတန်းစားအလွှာအသီးသီးနှင့် လူ့အဖွဲ့အစည်းအသီးသီးမှာ မိမိတို့ကျရာနေ ရာတွင်မိမိအပေါ်ကျရောက်လာသည့်တာဝန်အသီးသီး ကိုကျေပွန်အောင်ထမ်းဆောင်ကြရပါသည်။ တာဝန်ကိုခွဲဝေကြရာတွင် ပူး ပေါင်းဆောင်ရွက်ရသည့်သဘော၊ တဦး၏သဘောထားကို တဦးကလေးစားရမည့် အစဉ်အလာများပါဝင်ရပါမည်၊ ပြဿနာ ရှိလျှင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာကြရပါမည်။

အိန္ဒိယမှ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီက လူ့သမိုင်းသည် အချိန်နှင့်အမျှ ကောင်းရာ၊ တိုးတက်ရာဘက်သို့ သာပြောင်းလဲ နေသည် ဟုရေးသား ခဲ့ဘူးပါသည်။ အထက်ပါ နိုင်ငံကြီးနှစ်နိုင်ငံတွင် ထိုဆိုရိုးစကားအရ စစ်တပ်၏ ပါဝင်ပတ်သက်မှုမှာ တဖြည်းဖြည်းလျှော့နည်းသွားပြီး ဒီမိုကရေစီစနစ်သည်သာ ဖွံ့ဖြိုးတိုးတက်လာရန်ရှိပါသည်။

ကိုသန်းလွင်

Ref: The Military and the Mullah by Owen Bennet Jones (London Review Of Books)