ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထင်အောင် - ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသော ရုပ်ရှင်ကားများနှင့် ရုပ်ရှင်ရုံများ

The Thwin Cinema in Rangoon. (PHOTO: Philip Jablon)

ထင်အောင် - ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသော ရုပ်ရှင်ကားများနှင့် ရုပ်ရှင်ရုံများ
(မိုးမခ) မတ် ၄၊ ၂၀၁၆

ယနေ့ရောင်းအားကောင်းနေသောမဂ္ဂဇင်းများ၊ ဂျာနယ်တိုင်းတွင် အမြဲပါတတ်သောဆောင်းပါးမှာ အင်တာဗျူး
ဆောင်းပါးဖြစ်ပါတယ်။ နာမည်ကျော်ကြားလူကြိုက်များသော ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတပညာရှင်များ၊စာပေလောကမှ ရေးအားကောင်းသူများ၊ အနုပညာလောကသို့ ဝင်ရောက်လာသူများကို မေးခွန်းများမေးကာ ပြန်လည်ဖြေဆိုချက်များကို ခေတ်ပေါ်အသံဖမ်းစက်များ၊ အသံဖမ်းအားကောင်းသော တယ်လီဖုန်းများဖြင့် အသံဖမ်းယူထားကာ စာစောင်များတွင် ပြန်လည်ရေးသား ဖေါ်ပြကြသည့်အခန်း ဖြစ်ပါတယ်။
ထိုအင်တာဗျူးမေးမြန်းခန်းတွင် မပါမဖြစ်ပါတတ်သောမေးခွန်းတခုမှာ
 "အနုပညာလောကထဲကို ဘယ်လိုရောက်လာပါသလဲ။ ဘယ်အရွယ်ကစ၍ အနုပညာဝါသနာပါလာပါသလဲ" ဖြစ်ပါတယ်။

 ဖြေဆိုချက်တွေက "မိဘက ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီ လုပ်ထားတော့ မင်းသားဖြစ်လာပါတယ်"၊ "အမေက အဆိုတော်ထုတ်လုပ်သူဆိုတော့ အဖေကစီးရီးထုတ်ပေးတာကြောင့် အဆိုတော်ဖြစ်လာတာပါ။ မွေးကထဲက ဝါသနာပါလာတာပါ" စသဖြင့် ကပေါက်တိကပေါက်ချာဖြေဆိုတတ်ကြပါတယ်။ 

အထူးသဖြင့် မင်းသားမင်းသမီးတွေကိုမေးမြန်းကြရာတွင် "ဘယ်လို ရုပ်ရှင်ကားတွေကို ကြည့်ဘူးပါသလဲ" ဆိုတာမျိုးကို မေးသံမကြားမိပါ။ "ဘယ်မင်းသား မင်းသမီးကို ကြိုက်ပါသလဲ"လို့သာ မေးတတ်ပါတယ်။ သရုပ်ဆောင်လို့တောင် မမေးတတ်ပါ။

ဖြေဆိုသူတွေကလဲ ကိုကိုရုပ်ချော၊ မမဟန်ပိုစွာ၊ အန်တီစွာတေးလန်တို့ကို သဘောကျအားကျမိကြောင်းပြောတတ်ပါတယ်။ သို့သော် မည့်သည့်ရုပ်ရှင်ဇာတ်ကားတွင် မည်သည့်ဇာတ်ရုပ်ဖြင့် မည်ကဲ့သို့ သဏ္ဍန်လုပ်သရုပ်ဆောင်ခဲ့မှု များကို အားကျနှစ်ချိုက်ခဲ့သည်ကို ပြောကြားနိုင်သူ မတွေ့ရပါ။ မေးသူကလဲမမေးခဲ့၊ ဖြေသူကလဲ ဖြေရမှန်းမသိ၊ သူအရပ်နှင့်သူဇာတ်ကတော့ ဟန်ကျနေပါတယ်။ အထက်ပါစာစောင်တွေကို ဖတ်နေရင်းမှ အကယ်၍များ သတင်းထောက်များက မျက်စိလည်လမ်းမှားကာ ကျွန်တော်ကို အင်တာလာဗျူးပါက ဘယ်လိုပြန်ဖြေရမလဲဆိုတာကို စဉ်းစားနေမိပါတယ်။

ကျွန်တော်ကို ရုပ်ရှင်ကြည့်ဘူးအောင် စခေါ်သွားသူကတော့ အဖေဘက်က အဘွားဒေါ်သန်းဖြစ်ပါတယ်။ အဘွားကမြန်မာကားနဲ့ အိန္ဒိယကား(အရပ်ထဲမှာတော့ ကုလားကားခေါ်ပါတယ်) အကြည့်များပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ ရန်ကုန်အရှေ့ပိုင်းက လူအများစုက ပုဇွန်တောင် "ရွှေဘုန်းပွင့်ဘုရား" လမ်းထိပ်က "ဇော်ရုံ"မှာ အကြည့်များကြပါတယ်။ မြို့လယ်ခေါင်က ရုံတွေလိုပဲ သောကြာနေ့မှာ ကားလဲပြပါတယ်။ မြို့ထဲမှာပြတဲ့ကားတွေကို တပတ်လောက် နောက်ကျပြီးမှ ဇော်ရုံမှာပြသပါတယ်။ မြန်မာဇာတ်ကားတွေသာမကနိုင်ငံခြားကားတွေကိုလဲ ပြသပါတယ်။
ကျွန်တော်ဘဝမှာ ပထမဆုံးကြည့်ခဲ့ရတဲ့မြန်မာကားက "အေဝမ်းဖလင်" ရိုက်ကူးထုတ်လုပ်တဲ့ "ပိတောက်တွေပွင့် ပြန်ပေါ့" ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေက သိန်းဇော်နဲ့ မေလွင်ပါ။ ကျန်သရုပ်ဆောင်တွေကိုတော့ သတိမရတော့ပါ။ ရုပ်ရှင်သမိုင်းစာတမ်းပြုစုတွေဆီမှာတော့ ပါဝင်တဲ့ဇာတ်ဆောင်စာရင်းကို သိမှာပါ။ သေနတ်ပစ်ခန်းတွေ တိုက်ပွဲခန်းတွေ ပါတော့ ကလေးပီပီ အင်မတန်သဘောကျခဲ့တာပေါ့။

ထိုစဉ်က ရုပ်ရှင်ရုံတွေမှာ ခေတ္တအားလပ်ချိန် ပေးပါတယ်။ အားလပ်ချိန်ဆိုသော စာတမ်းပေါ်လာချိန်တွင် ရုံအတွင်းသို့ ဈေးသည်များဝင်လာကာ ချောကလက်၊ သကြားလုံး၊ လစ်မနစ်အအေးများ၊ ရေခဲချောင်းနှင့် ရေခဲမုန့် စသော စားသောက်ဖွယ်ရာများကို အော်ဟစ်ကာ ရောင်းချပါတယ်။ အချို့သောသူများက ရုံအပြင်ထွက်ကာ အညောင်းအညာပြေအောင် လမ်းလျှောက်ကြပါတယ်။ မီးတွေပြန်ပိတ်ကာ ဇာတ်ကားပြန်ပြမှ ရုံအတွင်းပြန်ဝင်ကြပါတယ်။ ဇာတ်ကားကပြန်ပြနေသော်လည်း ဈေးသည်တွေက ပြန်အထွက် လူတွေကပြန်အဝင်နဲ့ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အော်ဟစ်ခြင်း၊ ဆူညံခြင်းမလုပ်ကြပါဘူး။ ရုပ်ရှင်ရုံရဲ့သဘာဝလို့ သတ်မှတ်ထား သိထားကြတာပါ။

တခါတလေလူကြည့်နဲသောကားတွေကို အားလပ်ချိန်များတွင် အခမဲ့ဝင်ကြည့်နိုင်ပါတယ်။ လူတိုင်းတော့လာပြီး မကြည့်ကြပါဘူး။ ကလေးတွေနဲ့ ရုံအနားက အိမ်တွေက အပျင်းပြေဝင်ကြည့်ကြတာပါ။
ပထမဆုံးကြည့်ဘူးခဲ့တဲ့နိုင်ငံခြားကားကလဲ ဇော်ရုံမှာပြသတဲ့ ဂျပန်"ဂေါ်ဇီလာ"ကားပါ။ သမုဒ္ဒရာအောက်က ဂေါ်ဇီလာကောင်ကြီးနိုးထလာကာ သင်္ဘောကိုဖျက်ကာ ကုန်းပေါ်တက် တွေ့သမျှ ဖျက်ဆီးတဲ့ကားဖြစ်ပါတယ်။ ကင်မရာ လှည့်ကွက်တွေကို အဆင့်အတန်းမြင့်မြင့် ပညာသားပါပါ အသုံးချထားတော့ ကလေးပီပီတကယ်ထင်မိကာ ခေတ္တရပ်ဆိုင်း ဟပ်ဖတိုင်းအချိန်မှာ သွားသွားငေးကြည့်မိပါတယ်။
သူငယ်တန်းတက်နေစဉ် မိသားစုတသိုက် အိုးအိမ်ကဆောက်လုပ်ထားသော မော်တင်အိမ်ယာသို့ပြောင်းကာနေ ထိုင်ကြပါတယ်။ ရန်ကုန်အနောက်ပိုင်းဒေသက ဘုန်းကြီးလမ်းနဲ့အနော်ရထာလမ်းထောင့်တွင် ရုပ်ရှင်ရုံအသစ်တခု ဆောက်လုပ်ခဲ့ပါတယ်။ စံပြရုံဟု အမည်ပေးထားပါတယ်။ ထိုအချိန်က ရန်ကုန်မှာ အင်မတန်ခေတ်စားနေတဲ့ လိပ်ပြာပုံသဏ္ဍန် လိပ်ပြာတောင်ဆိုင်ကလဲ စံပြရုံရဲ့လမ်းတဘက်မှာ ဖွင့်လှစ်ရောင်းချနေတော့ လူအင်မတန်စည်ကားသောနေရာ ဖြစ်လာပါတယ်။ လိပ်ပြာတောင်ဆိုင်ဆိုတာက ယခုခေတ်ကုန်တိုက်တွေလို အစားအသောက်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ လိုရာကို ဝယ်ယူနိုင်သော ဆိုင်ဖြစ်ပါတယ်။ 

ထိုရုံတွင် အကယ်ဒမီထွန်းဝေ၊ မင်းသမီး အကယ်ဒမီကြည်ကြည်ဌေးတို့နဲ့အတူ တေးဂီတလောကမှာ အမည်ကျော်ကြားနေတဲ့ ဂီတလုလင်မောင်ကိုကိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မိဘမေတ္တာဘွဲ့ကားကိုလဲ ကြည့်ခဲ့ဘူးပါတယ်။ ကားနာမည်ကတော့မေ့နေပါပြီ။ Jerry Lewis ပါဝင်သရုပ်ဆောင်ထားတဲ့ Absent Minded Professor" ဟာသကား၊ ဂေါ်ဇီလာ၏ ရန်သူ "King Kong" ဇာတ်ကား စသည့်နိုင်ငံတကာဇာတ်ကားကောင်းတွေကိုလဲ ကြည့်ခွင့်ရခဲ့ပါတယ်။
စံပြရုံနှင့်မလှမ်းမကမ်းတွင် အနော်ရထာလမ်းမပေါ်တွင် "ကာဌေးရုံ"တည်နေပါတယ်။ စစ်မဖြစ်ခင်ကတည်းက ပြဇာတ်ကောင်းများ တင်ဆက်နေသောရုံဖြစ်ပါတယ်။ ဒီရုံက မင်းသမီးရွေးပွဲကနေ "ကြည်ကြည်ဌေး" နဲ့" မြင့်မြင့်ဌေး" ထွက်ပေါ်လာတာပါ။ ကာဌေးကမွေးထုတ်လိုက်တဲ့ မင်းသမီးတွေဆိုတာကို လူသိအောင်နာမည်တွေမှာ "ဌေး"ဆိုတာပေးထားတာပါ။ ကျွန်တော်တို့သိတတ်တဲ့အချိန်မှာတော့ ပြဇာတ်က ခေတ်မစားတော့တာကြောင့် ရုင်ရုံအသွင် ပြောင်းလိုက်ပါတယ်။ ကာဌေးက မြန်မာကားနဲ့ တရုပ်ကားကို ပြသပါတယ်။ "ဤလူ့ဘောင်တွင်"၊ "ချစ်ပန်းသဇင်" စတဲ့ ကားကောင်းတွေကိုကြည့်ခဲ့ရပါတယ်။

အတန်းအနည်းငယ်ရလာသောအချိန်တွင် လူလည်အနည်းငယ်ကျလာသောကြောင့် မြို့လည်ခေါင်တွင် မြန်မာကားများသာပြသနေသော"ရွှေဂုဏ်"၊ မြို့မ" ၊"ဆုထူးပန်" နှင့် "သွင်" ရုံများသို့ လည်းကောင်း၊ မလှမ်းမကမ်းမှ တရုပ်ကား၊ ဂျပန်ကား၊ အင်္ဂလိပ်ကားနှင့် အိန္ဒိယများကိုသာ ပြတတ်တဲ့ "King(ဘုရင့်ရုံ)၊ Excelsior (ဝဇီရာရုံ)၊ တေးသံစုံကားများ၊ ဟာသကားများကိုသာ အစဉ်တစိုက်ပြတတ်သော "Royal (တော်ဝင်)၊ "Carlton (ကေသွယ်) ရုံများ၊ ဆူးလေဘုရားလမ်းမှ ရသစုံ အနောက်နိုင်ငံများကို တင်သွင်းပြသနေသော ရုံများကို ခေတ်မီအအေးခန်းရုံများအဖြစ် ပြန်ဆောက်ခဲ့သော "Globe(ဂုဏ်ရုံ)၊ "Pladiam(ပပဝင်း)၊ "Light House (ရှေ့ဆောင်)၊ "Riz (ရဲရင့်ရုံ)တွေမှာ သွားကြည့်တတ်လာပြီ။ President(သမတ) အအေးခန်းရုံမှာပြသတဲ့  "Fall of the Roman Empire"၊ "55 days at Peking" စတဲ့ ကားကောင်းတွေကို ပြသပါတယ်။

ယနေ့လူငယ်တွေကြိုနှစ်သက်တဲ့ တရုပ်မျောက်ဝူခုန်းကာတွန်းကားကိုလဲ ကြည့်ခွင့်ရလိုက်ပါတယ်။ ပြန်ကြားရေးဌာန နိုင်ငံခြားရုပ်ရှင်တင်သွင်းရေးအေဂျင်စီက တင်သွင်းပြသတဲ့ "Dr. Zhivago "၊ "Marry Poppin"၊ "James Bond " ဇာတ်ကားတွေကိုလဲ လူအများခံစားခွင့်ရခဲ့ပါတယ်။

တခါတလေခရီးသွားရင်း ကြုံကြိုက်သဖြင့်ကြည့်ခွင့်ရသော ကားကောင်းများကိုလဲ သတိရမိပါတယ်။ မော်လမြိုင်ကို သွားလည်ရင်း "သံလွင်ရုံ"မှာပြနေတဲ့ "My Fair Lady" ၊ မန္တလေး "ဝင်းလိုက်ရုံ"တွင် "The Far Parvillion " နှင့် တောင်ကြီးမြို့" မြို့တော်ရုံ" ၌ "Cleopetra" ဇာတ်ကားများကိုလဲ ကြည့်ခွင့်ရခဲ့ပါတယ်။

 ရောက်လေရာအရပ်ဒေသတွေမှာ ရုပ်ရှင်ကြည့်ခွင့်ရခြင်းမှာ မြို့ခံများက သူတို့မြို့က ဂုဏ်ယူစရာရုပ်ရှင်ရုံများကို လိုက်ပြကြသောကြောင့်ဖြစ်ပါတယ်။ ထိုစဉ်က နယ်တွေမှာ အပန်းဖြေစရာဆို၍ ရုပ်ရှင်ကြည့်ခြင်းနှင့် ရေဒီယိုက သီချင်း၊ သတင်းနှင့် ဇာတ်လမ်းနားထောင်ခြင်းကိုသာ လုပ်ကြပါတယ်။ ယနေ့ကာလမှာတော့ ရုပ်မြင်သံကြားလို အပန်းဖြေစရာ ပညာဗဟုသုတရနိုင်စရာ ရုပ်ဝတ္တုပစ္စည်းတွေ အများကြီးပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ဒီပစ္စည်းတွေကြောင့် ကျွန်တော်အဘွားလို အသက် ကြီးလာတဲ့အထိ မြေးမြစ်တွေနဲ့ ရုပ်ရှင်သွားကြည့်လိုက်မယ်ဆိုတဲ့ အတွေးဟာ ပျက်စီးသွားပါတော့တယ်။ ရုပ်ရှင်ရုံတွေဘက်ကို ခြေဦးမလှည့်ခဲ့တာ ကြာလှပါပြီ။
 ရုပ်ရှင်ကားပြသချိန်တွေမကြာခဏပြောင်းလဲတတ်တာကလဲ မကြည့်ဖြစ်ရတဲ့ အချက်တချက်ဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်ရုံတိုင်းက တနေ့လေးပွဲပြသပါတယ်။ နေ့လည်၁၂:၃၀ပွဲ၊ ၃:၃၀ပွဲ၊ညနေ၆:၃၀ပွဲနဲ့ ည ၉:၃၀ပွဲတို့ဖြစ်ပါတယ်။ ပြသချိန် အမြဲမြန်ပါတယ်။ တခါတရံ ရံပုံငွေအထူးပွဲများ၊ လူကြိုက်များလွန်းသောကားများကို တနင်္ဂနွေနေ့အထူးပွဲစဉ် ဆိုကာ နံနက်၉:၃၀တွင် ပြသတတ်ပါတယ်။ တနေ့ ငါးပွဲပြရတဲ့ကားကတော့ လူဝင်များသော ကားများဖြစ်ပါတယ်။ 

ရုံဝင်ခများကလဲ သူ့ခေတ်နှင့်သူ ဈေးများသောအတန်း၊ လူတန်းစားအားလုံး အားပေးနိုင်သောအတန်းဟု သတ် မှတ်ထားပါတယ်။ ဈေးအနည်းဆုံးအတန်းက ပိတ်ကားနှင့်ကပ်ရက် ရှေ့ပိုင်းနားတွင်ကြည့်ရသော ၇၅ပြားတန်း (ရှေ့အခေါ်က ငါးမူးတန်း)၊ သူနောက်က ကပ်လျှက်တစ်ကျပ်ခွဲတန်း၊ အောက်ထပ်နောက်ပိုင်းနားတွင် ပထမတန်းကိုတော့ နှစ်ကျပ်ခွဲတန်းလို့ ခေါ်ပါတယ်။ ငွေကြေးတတ်နိုင်သူများ၊ ကြွားဝါလိုသူများကတော့ရုံအပေါ်ထပ်က အထူးတန်းခေါ် သုံးကျပ်ခွဲတန်းကနေကြည့်တတ်ပါတယ်။ သမတတရုံထဲမှာ lodge လို့ အမည်ပေးထားတဲ့ အတန်းတခု ထားပါတယ်။ အပေါ်ထပ်က ရှေ့ဆုံးက ထိုင်ခုံတွေက ငါးကျပ်ပေးရပါတယ်။ လူတိုင်း မကြည့်နိုင်ပါဘူး။ မေတ္တာလက်မှတ် အလကားရသူတွေသာ ကြည့်တတ်တဲ့အတွက် နောင်မှာအလကားတန်းလို့ ခေါ်ကြပါတယ်။ ပထမတန်းရယ်၊ အထူးတန်းရယ်က မိမိကြည့်ချင်တဲ့နေ့အတွ ကြိုတင်လက်မှတ် ဝယ်ထားလို့ရပါတယ်။ ကျန်အတန်းတွေကတော့ ပြကာနီးမှ လက်မှတ်ဝယ်ရပါတယ်။ လူများတဲ့ကားဆိုရင်တော့ တန်းစီဝယ်ရပါတယ်။ လက်မှတ်မရရင် နောက်တပွဲစောင့်ရင်စောင့် အိမ်ပြန်ချင်ပြန်တော့ပဲ။ နောက်မှသာ မှောင်ခိုရောင်းသူတွေ ပေါ်လာသဖြင့် ဈေးကြီးပေးဝယ်ရတဲ့စံနစ် ဖြစ်လာပါတယ်။

ယနေ့အိမ်တိုင်းလိုလို ဆောင်ထားတဲ့ပစ္စည်းကတော့ အပေါ်စက် အောက်စက်ဆိုတာပါ။ ဒီစက်ကလေးတွေကြောင့် လူအများစုဟာ ရုပ်ရှင်ရုံတွေဆီကို မရောက်ကြတော့ပါ။ အေဝမ်းတင်မောင်၊ ခင်မောင်ရင် ၊မေရှင်၊ ဇေယျ၊ ဖိုးပါကြီး၊ ကောလိပ်ဂျင်နေဝင်း၊ ခင်ယုမေ၊ မြင့်မြင့်ခင် အစ မြင့်မြင့်ခိုင်၊ ခင်သီတာထွန်း အဆုံးတို့ကိုသာ စွဲလန်းနေ၍လား မသိ။ ပြသချိန်တွေကလည်း မကြာမကြာပြောင်းနေသောကြောင့်လားမသိတော့ပါ - ရုပ်ရှင်ရုံကို မရောက်တာကြာလှပါပြီ။
အိမ်မှ တဖဝါးမှခွာစရာမလိုပဲ ရုပ်မြင်သံကြားမှထုတ်လွှင့်နေသောကားတွေကိုသာ ကြည့်မိနေပါတယ်။ ကြည့်ချင်သောကား မနှစ်သက်သောကားဟု ရွေးလို့တော့မရပါ။ ပြတာကိုကြည့်ရပါတယ်။ သို့သော် "စားသောက်စရာများကို ရုံအတွင်းသို့ ယူဆောင်ခွင့်မပြုပါ" စသော တားမြစ်ချက်တွေကို လိုက်နာစရာ မလိုတော့ပါ။ လက်မှတ်ကုန်သွားပါပြီ၊ ရုံရှေ့က ပုဂ္ဂိုလ်ထံသွားဝယ်ပါ ဆိုတာမျိုးကိုလဲ ပူစရာမလိုတော့ပါ။ စားစရာများကို ရုံအတွင်းမှာ အားရပါးရစားရင်း ဇာတ်ကားကောင်းများကို ပိတ်ကားအကြီးကြီးပေါ်တွင် အားရပါးရ
ကြည့်ရှုနိုင်မည့်အချိန်ကာလ၊ အားလပ်ချိန်ပေးချိန်မှာ ဈေးသည်တွေ ရုံအတွင်းဝင်လာကာ ဇီးသီး၊ ပန်းသီး၊ ချောကလက်၊ အအေးနဲ့ လက်ဖက်ရည်အော်ရောင်းသံလေးတွေကို ပြန်စဉ်းစားရင်း တနေ့တော့ ရုပ်ရှင်ရုံတွေဆီကို ခြေပြန်ချလိုက်ဦးမယ်လို့ တွေးတောနေမိပါတော့တယ်။