ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ - အရှက်နှင့် အကြောက်


လောကပါလ - အရှက်နှင့်  အကြောက်
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆



အရှက်နှင့်အကြောက် ဆိုသောစကားနှစ်လုံးကို မကြားဘူးသူရှိမည်မထင်။ ပါဠိလို ဟီရိနှင့်သြတ္တပ္ပ ကို မြန်မာမှုပြု (မြန်မာပြန်) ထားကြောင်း မသိသူလည်းရှိမည်မထင်။ ဟီရိကို မကောင်းမှုမှရှက်ခြင်း သြတ္တပ္ပကို မကောင်းမှုမှကြောက်ခြင်း ဟု အဓိပ္ပါယ်ဖွင့်ဆိုကြောင်း မသိသူရှိလျှင်ပင် လူနည်းစုလောက်သာဖြစ်လိမ့်မည်။ လူထူထူရှေ့ဖြတ်လျှောက်ရရမှာရှက်သည့်အရှက် မှောင်ကြီးမဲကြီးထဲသွားရမှာကြောက်သည့် အကြောက်တွေနှင့် ယုတ်စွအဆုံး “အကြောက်တရားမှလွတ်မြောက်ခြင်း” စတမ်းပါ အကြောက်တရားမျိုးနှင့် ကွဲပြားစေရန်အတွက် မကောင်းမှုမှ (မကောင်းမှုပြုခြင်းမှ) ရှက်ခြင်းကြောက်ခြင်းသည်သာ ဟီရိနှင့်သြတ္တပ္ပဟု ဆိုလိုကြောင်း နားလည် ရသည်။ သို့သော် နားလည်သည့်အတိုင်းအတာ နားလည်ပုံနားလည်နည်းကတော့ ကွာနိုင်သည်။ နားလည်ပုံ ကွာလျှင် နားလည်သည့်အတိုင်းအတာကွာလျှင် တန်ဘိုးထားပုံခြင်းလည်းကွာ ကျင့်သုံးပုံလည်းကွာမည်။

ဟီရိကို အတ္တဂါရဝ သြတ္တပ္ပကို ပရဂါရဝ ဟု ကျေးဇူးရှင်ပါမောက္ခချုပ်ဆရာတော်ကြီး ရှင်းလင်းဖွင့်ဆိုဘူးသည်။ မိမိမကောင်းမှု ပြုသည်ကို မိမိကိုယ်မိမိသိနိုင်သည့်အတွက် ရှက်ခြင်း (ဟီရိ)၊ သူတစ်ပါးသိသွားမှာ ကြောက်ခြင်း (သြတ္တပ္ပ) ဖြစ်၏။ တစ်နည်း မကောင်းမှုပြုသည်ကိုမည်သူမျှမသိသည့်တိုင် (မသိအောင်ကျူးလွန်သည့်တိုင်) မိမိကိုယ်မိမိ သိနေခြင်းသည် ရှက်စရာဖြစ်သည်။ မိမိပြုသောမကောင်းမှု သူတစ်ပါးသိသွားခဲ့လျှင် ကြောက်စရာ ဖြစ်သည်။ ထို့ကြောင့် မကောင်းမှုကိုမပြုကြနှင့်။ မိမိကိုယ်မိမိလေးစားသောအားဖြင့်၎င်း (အတ္တဂါရဝ) မိမိမှအပ တစ်ပါးသောသူ (လူ့အဖွဲ့အစည်း တရားဥပဒေ) တို့ကိုရိုသေသောအားဖြင့်၎င်း (ပရဂါရဝ) မကောင်းမှုမပြုကြနှင့် ဟူလို။

ထိုမကောင်းမှုသည် အဘယ်နည်း။ သက်သတ်ခိုးယူ အိမ်သူမှောက်မှား မုသားဆိုလေ သေရည်အရက် အစ ရှိသည့် အကုသိုလ်ဒုစရိုက်တို့ကို မကောင်းမှုဟုယေဘုယျအားဖြင့်သတ်မှတ်နိုင်မည်။ ယျေဘုယျဟု ဆိုခြင်းမှာ ထိုဒုစရိုက်တို့ကို မှောက်မှားလွန်ကျူးရန် အစဉ်တစ်စိုက်အားပေးအားမြှောက်လုပ်နေကြသော ကိလေသာတရား တွေ လှုံ့ဆော်ရာစေတသိတ်တွေ ရှိနေသေးသောကြောင့်ဖြစ်၏။ စိတ်ဆိုးခြင်း ကျေးဇူးကိုချေဖျက်ခြင်း မလျော်သောဝတ္တုကိုအလိုရှိခြင်း ညှဉ်းဆဲခြင်း ရန်လိုခြင်း လိမ်လည်ခြင်း စဉ်းလဲခြင်း မာန်ယစ်ခြင်း တို့သည် ကိလေသာတို့၏အရင်းခံဖြစ်သည်။ ကိလေသာသည် ဒုစရိုက်တို့၏ အရင်းခံဖြစ်သည်။ ကိလေသာများလျှင် ဒုစရိုက်များမည် ကိလေသာကြီးလျှင် ဒုစရိုက်ကြီးမည်။ ကိလေသာထူပြောလျှင် ဒုစရိုက်ထူပြောမည်။

ကိလေသာအကြောင်းပြောသဖြင့် ရိပ်သာစော်နံသည်ဟုအမြင်မစောသင့်။ အရဲစွန့်၍ပြောရလျှင် ရိပ်သာဝင် တိုင်းလည်း ကိလေသာပါးသည်မဟုတ်။ တစ်ချို့ပိုထူလာသည်ဟုပင်ကြားဘူးသည်။ ထူသည်ပါးသည်ထား တံခါးနှစ်ရွက်ဖြင့်တားနိုင်လျှင် ဒုစရိုက်ကိုပြုဖြစ်မည်မဟုတ်တော့။ ထိုတံခါးရွက်တို့သည်ကား ဟီရိနှင့်သြတ္တပ္ပ တရားများပင်ဖြစ်လေ၏။ သည်တံခါးသာခိုင်ကျည်စွာပိတ်နိုင်လျှင် မကောင်းသောအမှု တစ်နည်း မကောင်းမှုကို မည်သည့်အတိုင်းအတာမျှပင်မဆို ပြုဖြစ်ဘို့ရာခဲယဉ်းပေလိမ့်မည်။ အန်တီတို့က ကံငါးပါးလုံပြီးသားပါကွယ် ဆိုကာ ခေါင်းရွက်ဗျတ်ထိုးဈေးသည်ထံ အဆစ်များများတောင်းခံတတ်သည့် ယောဂီဝတ်မေမေကြီးလို အပါးစားလေး မှသည် ကျုပ်တို့ကအချိန်တန်ရင် ကိုယ့်တန်းလျားကိုယ်ပြန်မယ့်သူတွေပါဗျာ ဆိုကာ အိမ်ဦးခန်းမှ သည်တစ်သက်ထလိုပုံမရသည့် ဝတ်စုံပြည့် ဘဘကြီးတို့လို အထူစားကြီးတွေအထိ ဟီရိသြတ္တပ္ပ ရွှေတံခါး ဟလေသမျှ ကိလေသာတွေကြွကာ နိုင်ရာစား အဓမ္မတွေ ကင်းပကြဦးမည်မဟုတ်။

စင်စစ် ဟီရိသြတ္တပ္ပ ဆိုသောတရားကို ဘုရားရှင် ကိုယ်တော်မြတ်က တပည့်သားသံဃာများ၏ အကျိုးစီးပွား အလို့ငှါ ဟောဖေါ်ပြခဲ့ခြင်းဖြစ်၏။ သို့သော် သံဒိဋ္ဌိက လက်ငင်းအကျိုးရသဖြင့် ဧဟိပဿိက ကျင့်သုံးလှည့်ကြ ဟု ထုတ်ဖေါ်မြွက်ကြား မြတ်တရားတို့သည် သံသရာထုတ်ချောက် လမ်းမပေါက်သေးသမျှ ကလျာဏ အန္ဓ ပုထုဇနအားလုံး ကျင့်ကြံကြိုးကုတ်အပ်သည်သာဖြစ်လေသည်။ ထိုမှတစ်ပါး ဘုရားရှင်သည် ကိလေသာ အနုအရင့်ကို ရှုချင့်မြော်မြင်လျက် သံဃာ့အဖွဲ့အစည်းကြီးညီညွတ်စွာ တည်တံ့စေရန်အလို့ငါ လိုက်နာကျင့်သုံး အပ်သည့် ဝိနည်းတို့ကိုချမှတ်တော်မူခဲ့၏။ သံဃာတွင်ဝိနည်း လူတွင် ဥပဒေစည်းမျဉ်းသည် မကောင်းမှုဟူသမျှ မပြုကြရအောင် ပြစ်ဒဏ်နှင့်တစ်ကွ တားမြစ်ခြင်းဖြစ်လေရာ ဥပဒေကိုလေးစားလိုက်နာခြင်းသည် ပရဂါရဝ (သြတ္တပ္ပတရား) ဟု မှတ်ယူသင့်၏။

အတ္တဂါရဝကို ခေတ်အလိုဖြင့် ကိုယ့်သိက္ခာကိုယ်တန်ဘိုးထားခြင်း (self-respect) ဟု သတ်မှတ်၍ရနိုင်လျှင် ပရဂါရဝသည် စည်းကမ်းသေဝပ်မှု (disciplined) ဖြစ်မည်။ ထိုတရားနှစ်ပါး၌ မွေ့လျော်သူသည် မကောင်းမှုကို (အကြောင်းအားလျော်စွာ ပြုလိုသည့်တိုင်) မပြု။ အမျက်ဒေါသ (စိတ်ဆိုးခြင်း) ကြောင့် သတ်ဖြတ်မှုတစ်ခုကို ကျူးလွန်အံ့သော သူသည် မိမိကိုယ်မိမိ သူသတ်သမားအဖြစ်လက္ခံရမည်ကိုရှက်ခြင်း (ဟီရိ) တရားဥပဒေ၏ အကျိုးဆက်များကိုကြောက်ခြင်း (သြတ္တပ္ပ) တို့ကြောင့် မကျူးလွန်ဘဲကိုယ့်အမျက်ကိုယ် သိမ်းဆည်းလိုက် သကဲ့သို့ဖြစ်ပေသည်။ သို့သော် ထိုသို့ဆင်ခြင်သိမ်းဆည်းနိုင်လောက်သော အသိတရား (ပညာ) တော့ရှိရ ပေမည်။ အရာရာ ပညာအခရာဖြစ်ခြင်း၏ ထင်ရှားသာဓကဖြစ်၏။ ဤနေရာ၌ အမျက်ဒေါသကြောင့်မဟုတ်ဘဲ ကျေးဇူးကိုချေဖျက်လိုခြင်းကြောင့် မလျော်သောဝတ္ထုကိုလိုချင်ခြင်းကြောင့် ညှင်းဆဲလိုခြင်းကြောင့် ရန်လို ခြင်းကြောင့် စဉ်းလဲခြင်းကြောင့် မာန်ယစ်ခြင်းကြောင့်စသည်ဖြင့် သူ့အသက်ကိုသတ်အံ့သော သူ့ဥစ္စာကို ခိုး (ယူ) အံ့သော သူ့အိမ်ယာကိုမှားအံ့သော လိမ်လည်ပြောဆိုအံ့သော အကြောင်းအရာများ သာမက အခြား အခြားသော ကိုယ်နှုတ်နှလုံးသုံးပါးနှင့်ပြုကျင့်အပ်သည့် ဒုစရိုက် (မကောင်းမှု) တို့ သည်လည်း အကြုံးဝင်သည်။

ဟီရိသြတ္တပ္ပရွှေတံခါးပိတ်ရန် ပညာလိုသည်ဟု ဆိုခဲ့ပြီ။ ပညာကိုကျင့်သုံးသော အလေ့အထလည်းလို၏။ ယဉ်ကျေးမှုအမွေအနှစ်တွေပေါများသော ယဉ်ကျေးသောအယူဝါဒနှင့် သက်ဝင်ယုံကြည်မှုတွေထွန်းကားသော ထိုအတွက်ဂုဏ်ယူမဆုံးကြသော ပြည်မြန်မာမှာ ဤအရာ (ပညာနှင့် ပညာကိုကျင့်သုံးသည့် အလေ့အထ) နည်းပါးခဲ့သည်မှာကြာပြီ။ ပျောက်ကွယ်ပြီဟုဆိုလျှင် အငြင်းပွားကြမည်။ တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးတွေ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စွာ ဆဲကြဆိုကြမည်။ သို့ရာတွင် မလျော်သောဝတ္ထုကာမ (လာဘ်) အပေးအယူကို ရှက်ဘို့နေနေသာသာ ရှက်စရာဟုမမှတ်ယူကြသေး။ ပုဒ်မလေး (ပေးမှလုပ်) ခြင်းကို စဉ်းလဲခြင်းအဖြစ် မရှက်တတ်ကြသေး။ အမှိုက်ပစ်ခြင်းကိုရှက်စရာဟုမထင် အမှိုက်ကောက်ခြင်းကိုရှက်စရာဟု မြင်ကြဆဲ။ တိုးဝှေ့ခြင်းကိုမရှက် တန်းစီခြင်းကိုရှက်နေကြမြဲ။ မာယာ (အပစ်ကိုဖုံးကွယ်ခြင်း) သာဌေယျ (မရှိကို အရှိလုပ်ခြင်း) များ တွင်ကျယ်နေဆဲ။

မလျော်သောကိလေသာကာမကိုတပ်မက်မှုလွန်ကဲသဖြင့် သမီးအရွယ်/မြေးအရွယ်မရှောင် မေထုန်ဓါးပြ တိုက်နေကြသည်။ အဟိတ်တိရာစ္ဆန်နှင့်မခြား အမေအရင်း သမီးအရင်းကိုပင် မှောက်မှားကျူးလွန် သည်အထိ ဟီရိသြတ္တပ္ပ တံခါးရွက်တွေကျိုးပဲ့ပျက်စီးနေကြသည်။ ထိုကိလေသာနသိုးကြိုးပြတ်တို့ကို အဘယ်ပညာအားဖြင့် အမှောင်ခွင်း၍အလင်းဆောင်အံ့နည်း။ တစ်ဖန်တုံလည်း တစ်ခြားဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနယ်မြေ အတွင်း ကျူးကျော်စေတီဝင်၍တည်မှ ဘာသာပေါင်းစုံညီညွတ်ကြမည်ဟုယုံကြည်လုပ်ဆောင်သူ ဥဇုပ္ပဋိပ္ပန္န မုချ ဘုရားသားတော်နှင့် နောက်လိုက်နောက်ပါများ၊ မိမိတို့သာသနိကပရဝုဏ်အတွင်း တစ်ခြားသာသနာနွယ်ဖွား သူဆင်းရဲများ သမာအာဇီဝအခွင့်မရှိစေရ ဝါ ဈေးမရောင်းရဟု ဥပဒေလက်လွတ် ကိုယ့်တရားဖြင့်သူများအပေါ် မချွတ်စီရင်နေကြသော အဉ္ဖလီကရနီယ ဂုဏ်ပြည့်ဝသည့် ဘုရာ့သားတော်တို့ အတ္တ ပရ နှစ်ဖြာသောဂါရဝကို အဘယ်ပညာအားဖြင့် မွေးမြူအံ့နည်း။ သာကီဝင်တို့ စေ့ငုစွာဝေဖန်ဆန်းစစ်ကြကုန်လော့။ လောကကို ဟီရိနှင့် သြတ္တပ္ပတို့ စောင့်ရှောက်ကြောင်း သမ္မာသမ္ဗုဒ္ဓ ဟောဖေါ်ပြခဲ့သည်။

ဟီရိသည်သိက္ခာ သြတ္တပ္ပသည်စည်းကမ်း သည်နည်းလမ်းနှစ်သွယ်အားဖြင့် လောကကြီးမမှောက်မှားရအောင် စောင့်ရှောက်နိုင်၏။ တိုင်းပြည်ကိုကားဆိုဘွယ်ရာမရှိပြီ။ သမ္မတဖြစ်ရေး ဥပဒေနှင့်ညီညွတ်စေရန် အရွယ်ရောက် သားသမီးတို့ကို နိုင်ငံသားခံယူစေဘို့ လုံ့လမပြုခြင်းသည် သိက္ခာရှိခြင်းဖြစ်၏။ ဝန်ကြီးရာထူးနှင့်လျောက်ပတ်ရန် ဘွဲ့ အတုတပ်ဆင်ခြင်းသည် သိက္ခာမဲ့ခြင်းဖြစ်၏။ လက်ဆောင်ထုတ်ထဲ လာဘ်ငွေရောထည့်ခြင်းသည် သိက္ခာမဲ့စွာ (လာဘ်မပေးရဥပဒေရှိလျှင်) စည်းကမ်းဖေါက်ခြင်းဖြစ်၏။ အများစုဆန္ဒကို ယုံကြည်လိုက်နာ ခြင်းသည် သိက္ခာရှိခြင်းဖြစ်၏။ အနည်းစုသဘောထားကို လေးစားအသိအမှတ်ပြုခြင်းသည်သိက္ခာရှိခြင်းဖြစ်၏။ အများကငါတကောကောခြင်းသည် သိက္ခာမဲ့ခြင်း၊ အနည်းက ကဏ္ဍကောစပြုခြင်းသည် သိက္ခာမဲ့ခြင်းဖြစ်၏။ ဘတ်စကားစပယ်ယာမှသည် နိုင်ငံတော်သမ္မတအထိ၊ ယဉ်ထိမ်းရဲမှသည် ဦးစီးချုပ်အထိ၊ ခေါင်းရွက်ဗျတ်ထိုး မှသည် ခရိုနီအထိ ဥပဒေကို တစ်ပြေးညီ လိုက်နာကျင့်ကြံနေထိုင်ခြင်းသည် သိက္ခာရှိခြင်းဖြစ်သလို စည်းကမ်းရှိ ခြင်းလည်းဖြစ်၏။ ဥပဒေနှင့်ညိစွန်းလျှင် (ရှောင်တိမ်းခြင်း မလျော်သြဇာ အဂတိစသည်ဖြင့် အကာအကွယ် မယူဘဲ) တစ်ပြေးညီစစ်ဆေး အရေးယူခံနိုင်ခြင်းသည်လည်း သိက္ခာနှင့် စည်းကမ်းရှိခြင်းပင်တည်း။

ယနေ့ရေပန်းစားနေသော အစိုးရသစ်ကိုစိန်ခေါ်မှုများဘာသာရပ်တွင် လူတိုင်းလူတိုင်း သိက္ခာ (ဟီရိ) နှင့် စည်းကမ်း (သြတ္တပ္ပ) ရှိရေးသည် အရေးကြီးသောအခန်းတစ်ခန်းအဖြစ်ပါဝင်နေသည်ဟု ထောက်ပြခဲ့လျှင် သခွတ်ပင်ကမီးတကျီကျီဖြစ်နေမည်လားမသိ။ အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထေင်စုကို အခြေခံသည့် ဖွဲ့စည်းပုံတစ်ရပ်ထွက်ပေါ်ရေး နှင့် ပြည်သူလူထုအများစု၏ လူမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေး စသောလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာ၌ ပြည်သူတွေပူးပေါင်းပါဝင်ဘို့ နှိုးဆော်ထားသည်။ သိက္ခာရှိရှိ စည်းကမ်းသိသော ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုမှာ များစွာအဓိကကျလေ၏။ အတ္တပရ ဂါရဝအရာတွင် အစိုးရသည်စံနမူနာ (Role Model) ဖြစ်လေရာ အစိုးရရိုးလျှင် ပြည်သူရိုးမည် အစိုးရဆန်းလျှင်ပြည်သူဆန်းမည်။ အစိုးရသိက္ခာ (အရှက်တရား) ရှိလျှင် သိက္ခာ (အရှက်) ရှိသော ပြည်သူတွေကို ဖန်ဆင်းနိုင်ပြီး အစိုးရကစည်းကမ်း (အကြောက်တရား) ရှိသည်နှင့်အမျှ စည်းကမ်း (အကြောက်) ရှိသောပြည်သူတွေဖြစ်လာဘို့ရှိကြောင်း သင်္ခမ်းစာအရသိနိုင်သည်။ သို့သော် ပုပ်နေသောပန်းသီး (ငါးခုံးမ ဟုလည်းဆိုကြ၏) များလည်းရှိနိုင်ပေရာ အချိန်မီဖယ်ရှားဘို့ကိုလည်း မဆုတ်နစ်သင့်ပေ။ ဤသည်ပင် စိန်ခေါ်မှုဖြစ်လေ၏။

နိုင်ငံရေးနယ်ပယ်တွင် လွတ်လပ်ခြင်း ညီမျှခြင်း နှင့် တရားမျှတခြင်းတို့ကို လောကပါလတရားများဟု မြန်မာမှုပြု အသုံးတွင်နေသဖြင့် လောကပါလတရားဟု ဆိုလိုက်သည်နှင့် ထိုတရား (၃) ပါးကိုသာ ပြေးမြင်တတ်ကြ၏။ ဖေါင်စီးရင်းရေငတ်ကြသည့်သဘော။ အမှန်မူကား ၎င်းတို့မှာ ဒီမိုကရေစီတန်ဘိုးများ (Democratic Values) သာဖြစ်ပြီး လောကပါလတရားမဟုတ်။ ဟီရိ ခေါ် မကောင်းမှုမှရှက်ခြင်းတရား (ဝါ) အတ္တဂါရဝတရား နှင့် သြတ္တပ္ပ ခေါ် မကောင်းမှုမှကြောက်ခြင်းတရား (ဝါ) ပရဂါရဝတရား။ ထိုနှစ်ပါးသောတရားသည်သာ ဘုရားဟော စင်စစ် လောကပါလတရား တစ်နည်း လောကကိုစောင့်ရှောက်သော တရားဧကန်ဖြစ်ကြ၏။ ပစ္စတံဝေဒိတဗ္ဗ ပညာရှိတို့ စိတ်၌ ကပ်၍ဆောင်အပ်သော ထိုတရားနှစ်ပါးဖြင့် လောကကို အလှဆင်နိုင်ကြပါစေ။