ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သစ်ထူးဆက် - ကြောင်ကုတင်



 သစ်ထူးဆက် - ကြောင်ကုတင်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၆

တိရစ္ဆာန်များကိုသံယောဇဉ်ကြီးတတ်သော်လည်း အိမ်မပိုင်သောအိမ်ငှားဘဝဖြစ်၍ မည်သည့်တိရစ္ဆာန်မှ ကျွန်တော်မမွေးပါ။ မမွေးပါဘဲလျက် အခြားအိမ်မှကြောင်နှစ်ကောင် ကျွန်တော်တို့အိမ်တွင် လာသောင်တင်ခဲ့ဖူးသည်။

ပထမတကောင်နာမည်မှာ ဖိုးတရုတ်ဖြစ်ပါသည်။ သူ့သခင်အိမ်က ကျွန်တော်တို့ငှားနေသော အိမ်နောက်ဖေးလမ်းတွင် ရှိသည်။ ဒီကောင်က ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်ကောင်ကြီးဖြစ်သည်။ ကျွန်တော်တို့အိမ်ဘက်ကို မကြာခဏလမ်းသလားလာရင်း ဒီကောင်ကဝဝကစ်ကစ်ကြီးဆိုတော့ ပွတ်သပ်ပေးရင်း အိမ်မှမပြန်ဖြစ်တော့။ ဖိုးတရုတ်ကလူလည်း အင်မတန်ယဉ်သည်။ အကိုင်အတွယ်အပွတ်အသပ်လည်းခံသည်။ အဲဒီလိုနဲ့ အိမ်မှာသောင်တင်လာတာပဲ ဖြစ်သည်။ ကျွန်တော်တို့ မိသားစုတစုလုံးက သူ့ကိုချစ်ကြသည်။ အိမ်ရောက်လာတော့မှ ငနဲသားအကြောင်း သိရသည်။ ဒီကောင်က ဟင်းဆိုကောင်းပေ့မှစားသည်။ တော်တန်ရုံဆိုမစား။ သူ့သခင်အမျိုးသမီးကလည်း ကျွန်တော်တို့ငှားနေသောဘေးအိမ်တွင် သူ့သားလေးကျူရှင်လာထားရင်း ဒီကောင့်ကိုတွေ့သွား၍ စကားစပ်မိရာမှ ဒီကောင့်နာမည် ဖိုးတရုတ်မှန်းသိရသည်။ 

သူ့သခင်အမျိုးသမီးက သူတို့အိမ်တွင် ကြောင်တွေရောခွေးတွေပါ ဆယ်ကောင်ဆယ့်ငါးကောင်လောက်ရှိကြောင်း၊ ထိုအထဲမှကြောင်တကောင်နှင့် ဖိုးတရုတ်မှာမတည့်သည့်အကြောင်း ပြောပြသည်။ ကိုယ်တော်ချောက သူ့သခင်အိမ်မှာ အစားချေးမများပါ။ ကျွန်တော်တို့အိမ်ရောက်မှ ကြောင်ပါးဝလာခြင်းဖြစ်သည်။ လူတွေမှာဥပဓိရုပ်ရှိသလို ကြောင်တွေမှာလည်း သူ့မျက်နှာပေါက်နှင့်သူ ရှိသည်။ ဖိုးတရုတ်၏မျက်နှာပေါက်က ညှင်းဆိုးဆိုး ပေကပ်ကပ်ရုပ်မဟုတ်။ ချစ်စရာကောင်းသောမျက်နှာပေါက်မျိုးဖြစ်သည်။ လူဆိုလျှင်တော့ မျက်နှာချိုသည်ဟု ပြောရမည်ဖြစ်သော မျက်နှာပေါက်မျိုးကို ဖိုးတရုတ်ပိုင်ဆိုင်သည်။ အရောင်ကအဖြူဆွတ်ဆွတ် အကောင်ကြီးကလည်း ဝဝဖီးဖီးမို့ အိမ်လာသောဧည့်သည်များအစ ဖိုးတရုတ်ကိုချစ်ကြသည်။ ဒီကောင်ကလည်း ဖော်လိုသိပ်ကောင်းသည်။ လာသမျှ လူနဲ့ပလဲနံပသင့်အောင် နေသည်။ ဧည့်သည်တွေမသိတဲ့ဒီကောင့်ရဲ့မကောင်းတဲ့အကျင့်ကတော့ ဆာလာလျှင် ခွေးလို မိရာကိုလှမ်းကိုက်ခြင်း ဖြစ်သည်။ အမှန်ကအဆာတောင်းခြင်းဖြစ်သည်။ ဒါကိုမသိခင်တုန်းက အမေတရက်လန့်သွားဖူးသည်။

“သားရေ ..နင့်ဖိုးတရုတ်ကတော့ အမေ့ကိုက်တယ်ဟေ့၊ နေ့ခင်းက…”

“ ဟုတ်လို့လားအမေရယ်၊ ကြောင်က ခွေးလိုကိုက်ပါ့မလား၊ ကုတ်တာဖြစ်မှာပါ”

အမေပြောတာကိုကျွန်တော်ကမယုံ။ တရက်တော့ ကျွန်တော်ကိုယ်တိုင်ခြေခုံကိုအကိုက်ခံရသည်။ ပထမတော့အကြောင်းမသိ၍ ဒေါသထွက်မိသည်။ နောက်တော့မှ ဒီကောင်ဗိုက်ဆာ၍ ထိုအပြုအမူကိုလုပ်မှန်း ကျွန်တော်သဘောပေါက်သွားတော့သည်။ အဲဒီအကျင့်လေးတခုပဲဖိုးတရုတ်မှာမကောင်းတာရှိသည်။ အထီးဖြစ်၍အိမ်မှာလည်း ကြောင်တွေထပ်မပေါက်။ အပေါ့အလေးလည်း အိမ်ပြင်မှာသာစွန့်သည်။ ကျွန်တော်တို့မိသားစုအားလုံး ဖိုးတရုတ်ကိုသံယောဇဉ်တွယ်လာသည့်အချိန်မှာမှ အိမ်ကပြောင်းဖို့ ဖြစ်လာသည်။ အိမ်ရှင်ကကန်ထရိုက်တိုက်ဆောက်တော့မည့်အကြောင်း ပြောလာသည်။ ဒီလိုနှင့် ကျွန်တော်တို့မိသားစုနောက် တအိမ်ထပ်ရှာရပြန်သည်။ အိမ်တလုံးတွေ့သည်။ တိုက်ခံအိမ်လုံးချင်းလေး။ လမ်းကလည်း သန့်သည်။ ယခုနေသောအိမ်နှင့်သုံးလေးလမ်းသာ ကွာသည်။ ကျွန်တော်တို့မိသားစု ထိုအိမ်သစ်လေးသို့ ပြောင်းခဲ့တော့သည်။ 

ဖိုးတရုတ်ကိုတော့ လမ်းသလားတတ်သည့်အကောင်မို့ ပတ်ဝန်းကျင် အသစ်မှကြောင်များနှင့် ကိုက်လားခဲလား ဖြစ်နေမှာစိုးသောကြောင့် ချန်ထားရစ်ခဲ့သည်။ အဲဒီအိမ်ဘက်ကိုလမ်းကြုံတော့ တခါနှစ်ခါလောက် ဖိုးတရုတ်ကိုကျွန်တော်တွေ့ရသည်။ ဝဝဖီးဖီးဖိုးတရုတ်သည် အရင်ကလိုမဟုတ်တော့ ပိန်လှီနေလေပြီ။ အိမ်သစ်သို့ပြောင်းပြီး ငါးလလောက်အကြာ သူ့သခင်နှင့်တွေ့မှ ဖိုးတရုတ် သေသွားကြောင်း သတင်းကြားရသည်။ ကျွန်တော်တို့နေခဲ့သောအိမ်သို့သာ မကြာခဏသွား၍ အော်နေကြာင်း သူ့သခင်က ပြောပြသည်။ ကျွန်တော်စိတ်ထဲမကောင်းလှပါ။ ထားရစ်ခဲ့ရတာကိုလည်း နောင်တရမိသည်။ ပတ်ဝန်းကျင်အသစ်မှကြောင်များနှင့်ကုတ်ဖဲ့နေလျှင်တောင် ဒဏ်ရာလောက်ပဲရမှာ ငါခေါ်လာခဲ့ရမှာ ဟုလည်း ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။ သံယောဇဉ်ဆိုသည်မှာ “မီး”တမျိုးပါလားဟု ဆင်ခြင်မိသည်။ သွားပေဦးတော့ဖိုးတရုတ်ရေ။ နောက်နောင်ဘဝတွေမှာ ဒီထက်ကောင်းမွန်တဲ့ဘဝရောက်နိုင်ပါစေကွာ။

*************

အိမ်သစ်မှာကလည်းနေရထိုင်ရတာတဖြည်းဖြည်းနှင့်ကျွန်တော်တို့ မိသားစုနေသားကျလာသည်။ အိမ်သစ်လေးအနီးအနားမှာလည်း ကြောင်အင်အားကမသေး။ ညဘက်သွပ်ပြားပေါ်တွင်ကိုက်ခဲနေသံများက တဝုန်းဝုန်း။ ဖိုးတရုတ်ကပေးသောဝေဒနာကြောင့် ဘယ်ကြောင်ကိုမှ ကျွန်တော်တို့ အစာမကျွေးတော့ပါ။ တခါတခါဝင်ရောက်လာတတ်သောကြောင်များကိုလည်း ခြောက်လှန့်မောင်းထုတ်ပစ်ပါသည်။ မိုးသည်းထန်စွာရွာသွန်းသောညတညတွင် သံယောဇဉ်သည် ကျွန်တော်တို့အိမ်ထဲ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ဝင်ရောက်လာခဲ့လေသည်။ 

အနက်ရောင်ကြောင်မကြီးတကောင်သည် မွေးကင်းစ သူ့သားသမီးများကိုချီလာပြီး ကျွန်တော်တို့အိမ်ထဲ တကောင်ပြီးတကောင် ရွှေ့နေလေသည်။ ကျွန်တော် ရေကြည့်တော့ ကြောင်ပေါက်လေးသုးံကောင်တိတိ။ အရင်ကသူတို့သားအမိ ဘယ်မှာနေလဲမသိပေမယ့် မိုးလေလုံသောကျွန်တော်တို့အိမ်သို့ ပြောင်းလာခြင်းဖြစ်သည်။ မောင်းထုတ်ဖို့စဉ်းစားမိသေးသော်လည်း မိုးကလည်း သည်းနေသည်။ ကြောင်မကြီးကလည်း ရေတွေစိုရွှဲလို့။ကြောင်လေးတွေကလဲအော်နေသဖြင့်ကျွန်တော်မောင်းမထုတ်ရက်တော့။ ကြောင်မကြီးနှင့် သူ့ကလေးများကို ပုဆိုးစုတ်တခုနှင့် ကျွန်တော်ရေသုတ်ပေးလိုက်သည်။ ကြောင်ပေါက်လေးတွေကတော့ ချမ်းလွန်းလို့ တုန်နေရှာသည်။ အဝတ်ဟောင်းတွေကို စက္ကူပုံးလေးထဲခင်းပေး၍သူတို့သားအမိကိုထည့်ထားလိုက်သည်။ နွေးနွေးထွေးထွေးဖြစ်သွား၍လား။ စိတ်ချသွား၍လားတောမသိ။ သိပ်မကြာခင်ကြောင်မကြီးမှာ အိပ်ပျော်သွားတော့သည်။ တိရစ္ဆာန်ဖြစ်သော်လည်း လုံခြုံရာမှာတော့ နေချင်ရှာမှာပေါ့။

 ဒီလိုနှင့် အိမ်မှာအစာကျွေး၍ မွေးဖြစ်ခဲ့ရပြန်သည်။ ဖြူဖြူဖွေးဖွေးတကောင်ပါသည်။ အနက်ရောင်လေးနှစ်ကောင်ပါသည်။ အကောင်လေးတွေ နည်းနည်းကြီးလာကာမှ အိမ်မကပ် ကြတော့။ သုးံကောင်လုံး တဖြူတ်ဖြုတ်သေကုန်ကြသည်။ အိမ်ပြန်မလာပြန်မလာနှင့် ဘယ်တွေ သွားလို့ ဘယ်တွေရောက်ကုန်သည်မသိ။ လမ်းသွားလမ်းလာများကသေနေကြောင်းပြောမှ သိရသည်။ ရောဂါရယ်လို့လည်း ရှိသည်မဟုတ်ပါ။ သုးံကောင်လုံး ဝဝဖြိုးဖြိုးရှိပါသည်။ တကောင်ကတော့ သတင်းအစအနပင်မရ။ နှစ်ကောင်ကတော့ လမ်းမှာသေနေမှသိရသည်။ သူတို့အမေကြောင်မကြီးပဲ ကျန်ခဲ့သည်။

 ကြောင်မကြီးကတော့တမျိုး။ ဂျီကျ(ကျီကြ) ခြင်းလည်း မရှိ။ ဆာလျှင်တောင်းတာပဲ ရှိသည်။ သူကတော့ ကြောင်စာကလွဲလျှင် ဘာမှမစား။ ထမင်းမစားဟင်းမစား။ အကျင့်ဆိုးတခုကတော့ ရေခွက်သီးသန့်ထားပေးထားလည်း ဘုရားစင်ပေါ်မှဘုရားသောက်တော်ရေခွက်ထဲမှရေကိုမှ တက်တက်သောက်ခြင်းပင်။ နောက်ခြောက်လလောက်ကြတော့ ကြောင်မကြီးမှာဇီးကြီးနှင့် ဖြစ်လာပြန်သည်။ ငါးကောင်ပေါက်ပြန်သည်။ သိပ်မကြာပါ။ အကောင်လေးနည်းနည်းကြီးမှတကောင်ပြီးတကောင် သေပြန်ပါသည်။ ကြောင်လေးတွေက အဖတ်မတင်ရှာ။ 

အခုတခါ ဇီးထပ်ရှိလာပြန်သည်။ ကြောင်လေးကောင်ပေါက်သည်။ ကြောင်လေးကောင်ပေါက်လျှင် ကြောင်ကုတင်ဟုခေါ်ကြသည်။ ကြောင်ကုတင်မွေးလျှင် ကောင်းသည်ဟုဆိုကြသည်။ ဘယ်လိုကောင်းတာလဲတော့မသိပါ။ စည်းပွားဥစ္စာတွေဒီရေအလား တိုးတက်လာမှာလား။ မျှော်လင့်မထားသောနေရာများမှငွေအလုးံအရင်း ဝင်လာမှာလား။ ထီတွေဘာတွေများ ပေါက်လေမလား ကျွန်တော်မသိပါ။ ဘာဆိုဘာမှလည်း မျှော်လင့်မထားပါ။ ကျွန်တော်မျှော်လင့်သည်ကတော့ ကြောင်လေးတွေကျန်းကျန်းမာမာနှင့်ကြီးပြင်းလာစေချင်သည်။ ခုန်ပေါက်ပြေးလွှား ဆော့ကစားစေချင်သည်။ တညောင်ညောင်နှင့် အစာအော်တောင်းစေချင်သည်။ ကြောင်ပေါက်လေးများကိုနို့တိုက်နေသာကြောင်မကြီးကို ကျွန်တော်ငေးကြည့်နေမိသည်။ ကျွန်တော့်အတွေးကိုသိနေသည့်အလား မှိန်းနေရာမှ ကြောင်မကြီးက မျက်လုးံလေးအသာဖွင့်ကြည့်လိုက်လေသည်။ ဒီတခါကြောင်ကုတင်လေးမွေးတာပါသခင်ရယ် ကံကောင်းမှာပါဟု ပြောနေသယောင်ရှိသည်။ ။

သစ်ထူးဆက်