ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စပယ် ● ခင်မောင်ကြီးဘာသာပြန်သော ကောလစ်နှင့် မြန်မာပြည်မှ ....

စပယ် ● ခင်မောင်ကြီးဘာသာပြန်သော ကောလစ်နှင့် မြန်မာပြည်မှ..
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

နွေရာသီ သင်္ကြန်ပိတ်ရက်တွေမှာ ဇာတိချက်ကြွေမွေးရပ်မြေကိုပြန်ရင်း မိဘဆွေမျိုးတွေနဲ့တွေ့ခဲ့ရတာ အလွမ်းပြေစရာပါ။ အလွမ်းမပြေဖြစ်ရတဲ့ အမျိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင် မတွေ့ကြုံလိုက်ရတဲ့ ဟိုးတုန်းက အမျိုးတွေ ရဲ့ပုံရိပ်တွေကို ထင်ထင်ရှားရှား တွေ့နေခဲ့ရပါတယ်။

ဘယ်မှာလဲဆိုတော့ ဦးခင်မောင်ကြီး ဘာသာပြန်ဆိုတဲ့ ‘ကောလစ်နှင့်မြန်မာပြည်’ ဆိုတဲ့စာအုပ်မှာပါ။ မူရင်း စာရေးဆရာ Maurice Collis ရဲ့ The Journey Outward  ဆိုတဲ့စာအုပ်ပါ။

သီပေါမင်းပါတော်မူပြီး ၂၆ နှစ်အကြာ မြန်မာပြည်ကို အိုင်စီအက်စ်တယောက်အနေနဲ့ရောက်လာခဲ့တဲ့ အိုင်းရစ်နွယ်တဲ့ အင်္ဂလိပ်အရေးပိုင် မောရစ်ကောလစ်ဖော်ညွှန်းခဲ့တဲ့မြန်မာတွေဟာ ကိုယ့်အမျိုးတွေလို့ပဲ စိတ်ထဲမှာ ခံစားရပါတယ်။

“ ------ မြန်မာလူမျိုးဟူ၍ တစ်ယောက်တစ်လေမှ မတွေ့ခဲ့ရသော ရန်ကုန်မှာကဲ့သို့မဟုတ်ဘဲ ဤအရပ်မှာတော့ -- ၎င်းတို့မှာ နေရာတကာတွင်ရှိနေကြသည်။ ယောက်ျားများသည် ချည်အင်္ကျီဖြူနှင့် ပိုးလုံချည်များဝတ်ကာ ခေါင်းတွင်ပိုးပုဝါပေါင်းလျက်လည်းကောင်း၊ မိန်းမများသည်လည်း ပိုးပုဝါကိုခေါင်းတွင်မပေါင်းဘဲ ပခုံးပေါ်တွင် တင်ထားရုံမှအပ ယောက်ျားများနည်းတူ ၀တ်စားထားလျက်လည်းကောင်း၊ သစ်ပင်များအောက်တွင် လမ်း လျှောက်သူလျှောက်၊ ရေတွင်းမှ ရေငင်သူကငင်၊ ဈေးတွင် ဈေးရောင်းသူကရောင်း၊ ဘုရားများကို စီတန်းလှည့်လည်သွားလာသူကသွား၊  စသည်ဖြင့် လှုပ်ရှားနေကြသည်။ ယောက်ျား များ၏ဆံပင်ရှည်များကို သျှောင်ထုံးထားကာ၊ မိန်းမများကတော့ ဆံပင်များကို ၎င်းတို့၏ခေါင်းတွင်စုပုံလျက် ဘီးကျော်ပတ်ဆံ ထုံး ထုံးလျက် စပယ်ပန်းခွေများရစ်ပတ်ထားကြ၏။ ” ( စာ--  ၁၄၉)

ဒီစာလေးက မောရစ်ကောလစ် စစ်ကိုင်းကို အလုပ်သင်နယ်ပိုင်ဝန်ထောက်အနေနဲ့ရောက်ချိန်မှာ မြင်တွေ့ရတဲ့ မြန်မာတွေကို ပုံဖော်ခဲ့တာပါ။ သူအင်္ဂလန်ကနေ သင်္ဘောနဲ့ထွက်ခွာလာပြီး ရန်ကုန်ကိုဆိုက်ရောက်ချိန် မြန်မာလူမျိုးဆိုလို့ တဦးတလေ တောင် မတွေ့ခဲ့ရတာကိုလည်း သူက အံ့သြခဲ့ပါသေးတယ်။

“ ------ မြန်မာပြည်အား ပထမဦးဆုံးတွေ့မြင်ရသည်၌ အခြားအခြားသောအပူပိုင်းဒေသ မြစ်ဝများကို တွေ့ရသည်ထက် ပို၍ သဘောကျနှစ်ခြိုက်စရာ မကောင်းလှပေ။ ------ သင်သည် ၀ါနေသောမြစ်ရေပြင်ကြီးနှင့် တစ်ဖက်တစ်ချက်တွင် လမု တော ကြီးများပေါက်နေသောကမ်းပါးကို အဝေးတွင်တွေ့လာရသည်။ ------- နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းဆီ၌ ရွှေတိဂုံစေတီ တော်ကြီးကို ဘွားခနဲ ဖူးမျှော်လိုက်ရတော့သည်။ ထိုဘုရားမှာ မြန်မာပြည်တွင် တန်ခိုးအကြီးဆုံးဖြစ်ပြီး အနုပညာလက်ရာ တစ်ခုအနေနှင့်ထက် ထူးဆန်းသောအခြင်းအရာတစ်ခုသာ ဖြစ်နေသည်။

----- ဤမြန်မာများပူဇော်ကိုးကွယ်ရာ ဘုရားကြီးသည် မြို့တော်အပေါ်ဝယ်ရပ်တည်နေသည့်တိုင် ကျွန်ုပ် ကမ်း ပေါ်သို့တက် လိုက်သည်၌ မြန်မာလူမျိုးဟူ၍ အရိပ်အယောင်မျှ မတွေ့ရဘဲရှိနေသည်။------”

ထိုအချိန်က အင်္ဂလိပ်တို့က သူတို့ရဲ့လုပ်ငန်းတွေမှာ အိန္ဒိယတိုင်းရင်းသားအများစုကိုသာ ခေါ်ယူငှားရမ်း သုံးစွဲခဲ့ကြတာပါ။ အောက်စဖို့ဒ်ကျောင်းဆင်းစ ဗြိတိသျှပေါ်လစီကို ကောင်းစွာမသိသေးသော  အုပ်ချုပ်ရေး အရာရှိငယ်လေးတဦးအတွက် နားမလည်နိုင်စရာ ဖြစ်ရပုံကိုလည်း မှတ်တမ်းတင်ခဲ့သည်။

“ ---- မြန်မာပြည်၏ မြို့တော်သည် မြန်မာများ၏မြို့မဟုတ်မူပဲ မြန်မာပြည်၏ထွက်ကုန်များကို နိုင်ငံခြားသားများက လက် ၀ါးကြီးအုပ်ရောင်းဝယ်နေသော ဈေးကြီးတစ်ခုသာဖြစ်သည်ဆိုသောအချက်ကို ချက်ချင်းလက်ငင်း ငုံမိဖို့ကလည်း ကျွန်ုပ်အ တွက် ခက်ခဲနေရသည်။------”

တကယ်တော့ ကောလစ်သည် စာပေ၊ အနုပညာ၊ ကဗျာတွေဖွဲ့ဆိုဖို့အားသန်ကာ ထိုအကြောင်းများကို လက် ရည်တူထား ဆွေးနွေးနိုင်သည့် မိတ်ဆွေများနှင့် ပျော်မွေ့သူဖြစ်သော်လည်း လူငယ်တယောက်၏ရွှေရောင် အိပ် မက်များဖြင့် ရာထူး၊ လစာ၊ အတွေ့အကြုံသစ်တို့ကိုမျှော်ကိုးရင်း အုပ်ချုပ်ရေးအရာရှိလေး တယောက်အနေနှင့် မြန်မာပြည်ရောက်လာခဲ့တာပါ။ သင်္ဘောပေါ်မှာ သူနှင့် စရိုက်၊ အတွေးအခေါ်မတူတဲ့ အင်္ဂလိပ်အများကြား အူကြောင်ကြောင်ဖြစ်ခဲ့ရပြီး၊ မြန်မာပြည်နေစဉ် တလျှောက်မှာလည်း အင်္ဂလိပ်အများစု ကျင်လည်ပျော်မွေ့သော ကလပ်တွေမှာ သူဟာ မပျော်မွေ့နိုင်ခဲ့ပါဘူး။

ပထမဆုံးအလုပ်သင်အဖြစ် တာဝန်ကျသော စစ်ကိုင်းသို့သွားစဉ် ဧရာဝတီမြစ်ကိုတွေ့တော့ ဒီလိုရေးသားခဲ့ပါတယ်။

“ -----  တစ်မိုင်မျှကျယ်ဝန်း၍လျင်မြန်စွာ စီးဆင်းနေသောဧရာဝတီမြစ်ကြီးကိုဖြတ်၍ကြည့်လိုက်ရာတွင် တစ်ဖက်ကမ်း၌ စစ်ကိုင်းမြို့ကိုတွေ့ရကာ၊နောက်ဘက်တွင်တော့ စေတီ၊ပုထိုးများနှင့် ဘုန်းကြီးကျောင်း အများအပြားဖုံးလွှမ်းထားနေသည့် စစ်ကိုင်းတောင်က ရှိနေ၏။

ကျွန်ုပ်မှာ ဤမျှကြီးကျယ်ခမ်းနားလှသော မြစ်နဒီမျိုးကို တစ်ခါမျှမတွေ့ဖူးသေးရာ ပင်လယ်နှင့်ဝေးကွာလှသည့်တိုင် ဤမျှ ကျယ်ပြန့်လှသောမြစ်ပြင်ကြီးရှိရာ တိုင်းပြည်ဗဟိုချက်မသို့ ရောက်လာရခြင်းအတွက် ရုတ်တရက် စိတ်များရွှင်လန်းတက်ကြွ လာမိလေ၏။ -----”  ( စာ -၁၄၇)

ဒီစာပိုဒ်လေးကိုဖတ်ရချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့ဘုံပိုင်ပစ္စည်းကို တန်ဘိုးထားရကောင်းမှန်းမသိတဲ့ ကိုယ်ကျိုးကြည့်တဲ့ လူတစုကို စိတ်ကုန်မိတယ်။ ကိုယ့်တိုင်းပြည်က အမျှော်အမြင်မဲ့တွေရဲ့လုပ်ရပ်ကို စိတ်လေမိတယ်။ ခုထက်ထိ ဧရာဝတီရဲ့ ဇာတ်လမ်းက တန်းလန်းဖြစ်နေသေးတယ်လေ။ အဘိုးထိုက်လှတဲ့မြစ်ကြီးကို ဘယ်လို တွေထိခိုက်နိုင်တယ်ဆိုတာ ဂရုမ စိုက်၊ အတ္တတွေ ဘလဗွနဲ့ သူများဆီ ဘယ်လိုသဘောတူညီချက်တွေနဲ့ရောင်းလိုက်သလဲဆိုတာ ခုထိ ပိုင်ရှင်အစစ် မြန်မာ ပြည်သူတွေမသိရသေးတာတော့ အင်္ဂလိပ်နယ်ချဲ့ထက်တောင် ဆိုးဝါးနေတော့တာပဲ။

မြန်မာလူမျိုးတွေက ခွင့်လွှတ်မြန်တတ်တဲ့သူမျိုးတွေဆိုတော့ နယ်ချဲ့ကိုလိုနီထက် ဂုတ်သွေးပိုစုတ်ခဲ့သူတွေရဲ့ လုပ်ရပ်တွေကို မေ့ဖျောက်ပစ်မှာစိုးမိတယ်။

မြန်မာတွေရဲ့သဘောထားကြီးတတ်ပုံကိုလည်း ကောလစ်ရဲ့စာထဲမှာ ရေးထားပါသေးတယ်။ သူက အိန္ဒိယတိုင်းရင်းသား တွေထက် ဗမာတွေအပေါ်ပိုသဘောကျ နှစ်ခြိုက်မှုတွေကိုလည်း သူ့စာတွေထဲမှာ မကြာမကြာ တွေ့ရတတ်တယ်။ မြန်မာ ပြည်ကို ဂျပန်တွေဝင်လာပြီး အင်္ဂလိပ်တွေစစ်ရှုံးချိန်မှာ စစ်နိုင်သူဂျပန်တွေက အင်္ဂလိပ် အစိုးရအရာရှိများကို လန်ချားလှည်း ကိုဆွဲစေတဲ့အခါ မြန်မာတွေက ၀မ်းမသာပဲ မနှစ်မြို့ဖွယ်ရာ ကျူးကျော်စော်ကားမှုအဖြစ် ယူဆကြတာကို အံ့သြခဲ့မိကြောင်း ရေးခဲ့ပါတယ်။

“--- ထိုသို့သောသဘောထားမျိုးကိုအခြားအခြားသောလူမျိုးများကမထားနိုင်ခဲ့ကြချေ။ ကျွန်ုပ်တို့တိုင်းပြည်ဖြစ်သော အိုင် ယာလန်ပြည်မှာပင် မြန်မာပြည်နှင့်ဆင်တူဖြစ်သော ဗြိတိသျှအုပ်ချုပ်ရေး စနစ်ကိုတိုက်ဖျက်ခဲ့ကြရာ၌ ၎င်းတို့၏ဒေါသကို အစိုးရအရာရှိများအပေါ်တွင်ပုံချကာ တိုက်ခိုက်လုယက် သတ်ဖြတ်ခဲ့ကြသေးသည်။ ထို့ကြောင့်မြန်မာပြည်တွင်ဖြစ်ပျက်ခဲ့ရပုံကား ပကတိအံ့သြစရာ ကောင်းလှတော့သည်။-----”

ဒီစာအုပ်မှာ မောရစ်ကောလစ် မြန်မာပြည်မှာ တာဝန်ထမ်းခဲ့တဲ့ ပထမပိုင်းငါးနှစ်တာ ကာလအတွင်းရောက်ခဲ့တဲ့ စစ်ကိုင်း၊ ဟုမ္မလင်း၊ ရွှေဘို၊ တောင်တွင်းကြီးအရပ်တွေနဲ့ မေမြို့၊ မန္တလေးစတဲ့ မြို့တွေက ပတ်ဝန်းကျင် သဘာဝတွေ၊ ကျေးလက်လူ နေမှုစရိုက်တွေ၊ ယုံကြည်မှု၊ ရှေးဟောင်းယဉ်ကျေးမှု စတာတွေကို ထဲထဲဝင်ဝင်ကို လေ့လာ မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့ရဲ့ လူသားဆန်တဲ့စိတ်နဲ့ ရေးမှတ်ခဲ့တာအပြင် မြန်မာပြည်အပေါ် အစွဲအလန်း ပိုတဲ့ သဘောကိုလည်းတွေ့ရပါတယ်။

ဟုမ္မလင်းကနေတောင်တွင်းကြီးကို သဘောင်္နဲ့စုန်လာရင်း လမ်းမှာ ပုဂံမြို့ဟောင်းကိုဝင်ရောက်ခဲ့တဲ့ပုံကို ဒီလိုရေးထားခဲ့ပါ တယ်။

“--- ဗုဒ္ဓ၏အချစ်ဆုံးတပည့်ဖြစ်သော ညီတော်၏အမည်ကိုယူ၍ မှည့်ထားသောအာနန္ဒာဘုရားကြီးမှာ နာမည်အကျော်ကြား ဆုံးဖြစ်လေရာ တမင်သက်သက်ရှာဖွေ၍မဟုတ်ပဲ ကုသိုလ်ကံကောင်းစွာနှင့်ပင် ကျွန်ုပ်သည်ထိုဘုရားကြီးရှေ့ရောက်သွားခဲ့၏-------”

“----- အာနန္ဒာဘုရားကြီး၏ လက်ရာပြောင်မြောက်လှသောဆောက်တည်ထားပုံသည် ပိဋိကတ်သုံးပုံ ကျမ်းဂန်၏သန့်စင် သောသဘောများကိုဆောင်ယူထားသည်။ စုဖုရားလတ်၏ရွှေကျောင်းတော်ကြီးမှာ ကဗျာဆန်သလောက် ဤဘုရားကြီးမှာ အဘိဓမ္မာဆန်နေသည်။ စိတ်ကူးယဉ် နတ်လောကထက် ယထာဘူတတွေးခေါ်ဆင်ခြင်မှုကို သရုပ်ဆောင်နေ၏----”

“----- ဤအာနန္ဒာဘုရားကြီး၏ ဗိသုကာအတတ်တွင်ကား ဗုဒ္ဓရုပ်ပွားတော်၏မျက်နှာတော်တွင် အမြဲဖူးတွေ့ရသော အပြုံးက လေး၏အဓိပ္ပါယ်ကို အနက်ဖော်ပြထားလေသည်။ ထိုအပြုံးကလေးကား သစ္စာတရားကို ရှာဖွေတွေ့မြင်ရသဖြင့် အလင်း ရောင်ရသော အပြုံးကလေးပင်တည်း။-----

---ကျွန်ုပ်၏စိတ်တွင် ဤသို့ခံစားသိရှိရချက်ကို ၀မ်းသာကျေနပ်အံ့အားသင့်မိသည်------”

ထိုသို့သူ၏စိတ်တွင် ထူးခြားစွာလှုပ်ရှားခံစားသိမြင်ခဲ့ရမှုများကို ထုတ်ဖော်ဆွေးနွေးနိုင်သူ တဦးတလေမှ သူ့ အနားတွင်ရှိမနေ ခြင်းကို မချင့်မရဲဖြစ်ရကြောင်းလည်း ရေးသားခဲ့သည်။

သူ့ရဲ့ အလုပ်တာဝန်တွေထမ်းဆောင်ပုံ၊ မြန်မာတွေရဲ့ အနုပညာဆံတဲ့ယုံကြည်စွဲလန်းမှု (နတ်ကိုးကွယ်မှု) တွေနဲ့ မြန်မာလူမျိုး တွေရဲ့ ရွှင်ရွှင်ပြပြနေတတ်ပုံတွေကို ဖော်ကျူးခဲ့ပါသေးတယ်။

“---- မြန်မာလူမျိုးတို့ကား ကုသိုလ်ကံကောင်းလှတော့သည်။ သူတို့ထံတွင် ဖြေဖျော်မှုထက် အနုပညာတစ်ရပ် ရှိနေ၏။ ထို အနု ပညာသည် သူတို့အားဖြေဖျော်သည်သာမက ရှေ့ဆောင်လမ်းပြမှုကိုလည်း ပေးနေသည်။ ကဗျာလည်းဖြစ်ကာ ရယ်ရွှင်ဖွယ်လည်း ဖြစ်ပြန်၏။ ပုံသဏ္ဍာန်အမျိုးမျိုးအားဖြင့်လည်း ၎င်းတို့အားဆွဲဆောင် ထားပေးရာ ၎င်းတို့သည် ဘယ်ကဲ့သို့အချိန်ကုန်ရမည်ဆိုသည်ကို အထူးအထွေမစဉ်းစားရဘဲ ရှိနေတော့သည်။------” (စာ ၁၇၁)

ဈေးထဲမှာရန်ဖြစ်ကြတဲ့ မိန်းမနှစ်ယောက်ကို စစ်ဆေးခဲ့တဲ့အမှုအကြောင်းလေးကလည်း ပြုံးချင်စရာပါ။ သူဟာ မြန်မာစကားရဲ့ ကျယ်ဝန်းပုံကိုလည်း သတိပြုမိခဲ့ပါတယ်။

“----ဤစကားမှာ သူ့အတိုင်းမှန်ရင်တော့ ဘာမှနာကြည်းစရာမရှိပါချေ။ သို့ရာတွင် မြန်မာစကားမှာ နဘေထပ် များရှိရာ ‘ ဘုရားကြီးလိုက်မလား’ ဟူသည့်စကား၏အဓိပ္ပါယ်ရင်းမှာ ‘ကုလားကြီးကြိုက်သလား’ ဟုဖြစ်ရကား စော်ကားချက်တစ်ရပ် ပင်ဖြစ်နေတော့သည်။ သို့နှင့် ကျန်တစ်ယောက်ကလည်း အချက်ကျကျပြန်နှက်လိုက်ရာ မကြာခင် သူတို့နှစ်ယောက်ဈေး လယ်ခေါင်တွင် တစ်ဦးကိုတစ်ဦး လက်ဟန်ခြေဟန်ဖြင့်လည်းကောင်း၊ စကားဖြင့်လည်းကောင်း စော်ကားကျူးကျော်ကြပြီး နောက်ဆုံး တစ်ယောက်နှင့်တစ်ယောက်ဖက်၍ ကိုက်ဖဲ့ရာက မြောင်းကြီးထဲလိမ့်ကျသည်ထိ ရန်ပွဲကြီးကျင်းပခဲ့ကြဖြင်းပင်။

---၎င်းတို့နှစ်ဦးမှာ အောက်တန်းစားများ ဖြစ်ကြသော်လည်း ယခုတရားရုံးတွင်တော့ ဆံပင်များကို ကျကျနနထုံးကာ အ၀တ်အစားများကိုလည်းသန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ထားပြီးမျက်နှာတွင် ပေါင်ဒါများဖွေးနေအောင် လိမ်းထားလျက် ဘာမှအပြစ်မရှိသည့်အသွင်ကိုဆောင်ထားကြသည်။----”

သူသည် ထိုအမျိုးသမီးများကို ဒဏ်ငွေ ငါးကျပ်စီချမှတ်လိုက်ကြောင်းတင်ပြထားလေသည်။

ကိုယ့်ထီးကိုယ့်နန်းနဲ့နေလာကြတဲ့ မြန်မာလူမျိုးတွေအတွက် ကိုယ့်ရဲ့ဘုရင် (ဘယ်လိုပင် အရည်အချင်း မရှိဆို စေဦးတော့) ကို ဖမ်း၊ ကိုယ့်လူမျိုးတွေကိုဖိနှိပ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီး အုပ်ထားသူ ဗြိတိသျှတွေကို စိတ်နာ ကြမှာ အမှန်ပါပဲ။ ဒါပေမဲ့လည်း ပျော်ရွှင်စွာနေတတ်တဲ့လူမျိုးပီပီ ပွဲလမ်းတွေ မကြာ မကြာကျင်းပပြီး မိမိတို့ရဲ့စိတ်ခံစားမှုတွေကို တနည်းတဖုံကုစားကြပုံကိုလည်း ကောလစ်က မှတ်တမ်းတင်ခဲ့ပြန်ပါတယ်။

“--- မန္တလေး၌ဆိုလျှင် ရွှေနန်းတော်ကြီးသည် ဗလာထီးထီးကြီးဖြစ်နေသည်။ သို့တစေလည်း တစ်တိုင်းပြည်လုံးမှ လဟာပြင် ဇာတ်စင်များပေါ်တွင်ကား ရှင်ဘုရင်ကို ပြန်လည်ဖူးတွေ့နေကြရသည်။ ရှင်ဘုရင်အား ၀န်ကြီးများက ပျပ်ဝပ်ခစားလျက် သံတော်ဦးတင်လျှောက်ထားနေသော နန်းစကား၊ ထီးစကားတွေကို ကြားနာနေကြရသည်။ ---------

ဤဇာတ်ပွဲများကိုကြည့်ကာ မြန်မာလူထုကြီးသည် ယခုလက်ရှိလောကထဲမှ ထွက်ပြေးလွတ်မြောက် သွားကြရပြီး ကုန်လွန်ဆုံးရှုံးခဲ့ရပြီဖြစ်သည့် ကိုယ့်မင်း ကိုယ့်ချင်းနှင့် ကြီးကျယ်ခမ်းနားစွာနေထိုင်ခဲ့သော ရှေးခေတ်ဆီသို့ ပြန်လည်ရောက်ရှိသွားကြ ရသည်။

”----သူတို့သည်နိုင်ငံတစ်ခုအနေနှင့် လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ကြရပြီဖြစ်သည့်တိုင်လည်း ဤစိတ်ကူးယဉ် လောကမှာကား သူတို့၏ကိုယ်ပိုင်သီးသန့်လောက ဖြစ်နေသေးသည်။ ထိုလောကကို ဘယ်နိုင်ငံခြားသားကမှ ကျူးကျော်ဝင်ရောက်လာနိုင်ခြင်း မရှိစိမ့်သောငှာ နားလည်ရန်ခက်ခဲလှသည့် ရှေးထီးနန်းသုံး ဘာသာစကားနှင့်လည်း ခုခံကာကွယ်ထားလိုက်သေးတော့သည်။ ဤလောကထဲတွင် သူတို့သည် တကယ့်မြန်မာ့သဘာဝအတိုင်း ပြန်ဖြစ်နေကြရကာ ပျော်ရွှင်ချမ်းမြေ့ စိတ်အေး လက်အေးနေနိုင်ကြလေ၏။----”

မြန်မာစကားတတ်သောကောလစ်သည် ဇာတ်စင်ပေါ်က ထီးသုံးနန်းသုံးဝေါဟာရတွေနှင့် လူရွှင်တော်များ၏ ပျက်လုံးကို ပရိသတ်ကြီး တအုန်းအုန်းရယ်နေကြသည်ကို နားမလည်ခဲ့သော်လည်း လူထုရဲ့ စိတ်ခံစားချက်ကို တော့နားလည်ခဲ့ကြောင်း သူရဲ့စာနာတတ်တဲ့စာသားတွေက ဖော်ပြနေကြပါတယ်။

“------ မြန်မာလူမျိုးတို့သည် သူတို့ နှစ်သက်မြတ်နိုးသော လောကအတွင်းဝယ် ဤမျှပျော်ရွှင်ချမ်းမြေ့နေကြ သည့်အဖြစ်ကို ကောင်းမှုတော်ဇာတ်စင်ရှေ့ဝယ် ကျွန်ုပ်ရပ်ကြည့်တွေ့မြင်ရသည်၌ ဤသို့လျှင် စိတ်ထဲတွင် ထိခိုက်လှစွာ ခံစားလာရပြီး ရုတ်တရက်ဆိုသလိုပင် အသိတစ်ခုကလည်း ဦးခေါင်းထဲ၌ လက်ခနဲ ပွင့်လာခဲ့ရသည်။ ထိုအသိကားအခြားမဟုတ်။ ကျွန်ုပ် တို့အားလုံး သည် သူတို့၏တိုင်းပြည်ထဲမှ ပြန်လည်ထွက်သွားပေးရုံမှတစ်ပါး မြန်မာလူမျိုးတို့အား ဤလိုသော ပျော်ရွှင်ချမ်း မြေ့မှုမျိုးပေးနိုင်မည့် အခြားနည်းလမ်း မရှိတော့ပြီဟူ၍ ဖြစ်လေ၏။------”

ဒီစာအုပ်ဖတ်ပြီးချိန်မှာ အဲဒီခေတ်က မြန်မာပြည်ရဲ့ဒေသအစုံစုံနဲ့  မြန်မာလူမျိုးတွေကို ရုပ်ရှင်ကြည့်သလို မြင်ကွင်းတွေ တဖြတ်ဖြတ် မြင်ယောင်ရင်း အတွေးတွေလည်း ပိုခဲ့ပါတယ်။ မင်းလောင်းဆိုပြီး နံမည်ကြီးခဲ့တဲ့ ရှမ်းလူမျိုးတဦးကို ကောလစ် က စစ်ဆေးရင်းနောက်ဆုံးမှာ ကြိမ်ဒဏ်ချခဲ့တယ်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုမှမကောင်း ပြန်ဘူး။ မြန်မာလူမျိုးတွေအပေါ် နားလည်ချစ်ခင်တယ်ဆိုပေမယ့် ကိုလိုနီယန္တရားကြီးရဲ့ ပင်နယံတခုပီသခဲ့တဲ့ ကောလစ်ပါလားလို့ မှတ်ချက်ချမိတယ်။ နယ်တွေကိုလှည့်စစ်ဆေးရင်း ခရီးထွက်ရာမှာ ကျားတွေ၊ ဆင်တွေ လိုက်ခံရတဲ့အကြောင်းဖတ်ရတော့ ဟိုတုန်းကအုံ့ဆိုင်းနေ မယ့် မြန်မာပြည်သစ်တောကြီးတွေကို စိတ်ကူးကြည့်မိ တယ်။ ကောလစ်ဟာ စစ်ကိုင်း၊ ရွှေဘို၊ ဟုမ္မလင်းတွေမှာတုန်းက မတွေးမိခဲ့ ဗြိတိသျှတို့ရဲ့ အဓိကစီးပွားရေး ရည်ရွယ်ချက်ကြီးကို ရေနံချောင်းကိုရောက်ချိန်မှာတော့ ကောင်းကောင်းသုံးသပ်မိခဲ့ တယ်။ မြန်မာတွင်းစားတွေ ပိုင်ဆိုင်ခဲ့တဲ့ ရေနံတွင်းတွေကို တစ်နှစ်လျှင် ပေါင် (၃၀)   မြန်မာငွေ ၄၅၀၀ ကျပ်နဲ့ ၁၈၈၉ မှာ လန်ဒန် အရင်း ရှင်တွေက အပြီးဝယ်ယူလိုက်ပြီး ရေနံတူးဖော်ရေးကို အကြီးအကျယ် လုပ်ကြရာမှာ လန်ဒန်အရင်းရှင်ကြီးတွေ ကသာ အကျိုးအမြတ်တွေအားလုံးနီးပါးရပြီး လုပ်ခအကောင်းဆုံးရတာက အမေရိကန်အလုပ်သမားတွေ ဖြစ် ကြောင်း၊ အခွန်ငွေရဲ့တစိတ်တဒေသသာ အိန္ဒိယနဲ့ မြန်မာပြည်ကရပြီး မြန်မာအမျိုးသားတွေဟာ ဒီလုပ်ငန်းကြီး ရဲ့အကြွင်းအကျန်ကို သာ ခံစားရကြောင်းရေးသားခဲ့ပါတယ်။

အဲဒီတုန်းက ရေနံလုပ်ငန်းကရတဲ့ အကျိုးအမြတ်ကို ဘယ်သူတွေက ဘယ်လိုရတယ်ဆိုတာ အချက်အလက် ခိုင်ခိုင်လုံ လုံရှိခဲ့ပေမယ့် ခုခေတ် မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့က ထွက်ပေါ်လာတဲ့ အကျိုးအမြတ်တွေဟာ ဘယ်သူတွေက ဘယ်လောက်ဆိုတာ ခိုင်မာတဲ့စာရွက်စာတမ်း ဘယ်လိုရှာရမယ်မသိနိုင်ဖြစ်နေရတာ မြန်မာ ပြည်သူတွေအဖို့ ရင်နာစရာပါပဲ။
ထိုခေတ်ထိုအခါက ကမ္ဘာကိုမျှော်မကြည့်နိုင်သေးတဲ့မြန်မာလူမျိုးတွေဟာ ရွှင်ပျအေးချမ်းစွာနေနိုင်သေးပေမယ့် ကမ္ဘာကို လှမ်းမျှော်လာတဲ့ မြန်မာပညာတတ်လူငယ်တွေ တဖြည်းဖြည်း အမျိုးသားစိတ်တွေ ပေါ်ပေါက် လာအောင်စည်းရုံးတာတွေကို တော့ ကောလစ်ရဲ့ “ ဗြိတိသျှသံဖနောင့်အောက်က မြန်မာပြည်” မှာ ဆက်တွေ့ရ ပါတယ်။

ယေဘုယျအားဖြင့်တော့ လူသားတွေဟာ အရိုင်းအစိုင်းခေတ်ကနေ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တွေဖြတ်သန်းခဲ့ပြီး နည်းပညာခေတ်ကြီးထိလျှောက်လှမ်းခဲ့ရာမှာ အတိတ်ခေတ်တွေကို တဆင့်နှိမ့်မြင်တတ်ကြပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ လူသားဆန်မှု၊ စာနာတတ်မှုတွေကရော တိုးတက်လာတယ်လို့ ယူဆသလား၊ မယူဆဘူးဆိုရင် ဘာကြောင့်လဲ၊ ယူဆတယ် ဆိုရင်ကော ဘာကြောင့်လဲ။ လူမျိုးစရိုက်ကြောင့်လား … ပညာရေးလား…စနစ်လား …လူတဦးချင်းစီရဲ့ကံတရားလား … ကျ မလည်း ကွဲကွဲပြားပြားမသိပါဘူး။ ဒါပေမဲ့  စာတအုပ်ကိုဖတ်ပြီး အတွေးတွေပွားနေနိုင်တဲ့အရသာကို ခံစားရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။