ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - ဖေဖေ မမေ့နိုင်တဲ့ မိတ္ထီလာမြို့

၁၉၅၄ - ၅၅ တရုတ်ဖြူစစ်ဆင်ရေးကာလ- တိုက်ပွဲတွင်းတနေရာမှာတွေ့ရတဲ့ ဖေဖေ
 လှကျော်ဇော - ဖေဖေ မမေ့နိုင်တဲ့ မိတ္ထီလာမြို့
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆

စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယရဲ့ နာမည်ကျော်ဝတ္ထုကြီး “မွှေး” ထဲမှာ အဓိကဇာတ်ကောင် မွှေးတယောက် တီဘီ အဆုပ်ရောဂါရရှိတော့ အိန္ဒိယက အာရောဂျံဆိုတဲ့ အရပ်က တီဘီကုသရေးစခန်းမှာ သွားရောက်ကုသတဲ့ အခန်းပါပါတယ်။ အဲဒီအာရောဂျံဆိုတဲ့အရပ်အကြောင်း ရေးသားထားရာမှာ အာရောဂျံအရပ်ရဲ့ ရာသီဥတုဟာ ပူးနွေးစွတ်စိုပြီး နေရာင်ခြည် အများအပြားရရှိတဲ့အရပ်ဖြစ်လို့ တီဘီရောဂါပျောက်ကင်းဖို့ အလွန်လွယ်ကူတယ်။ ဗမာပြည်က မိတ္ထီလာမြို့နဲ့ဆင်တူတယ်။ ဒါ့ကြောင့် မိတ္ထီလာမှာ အဆုပ်ရောဂါကုသရေးစခန်း (အာရောဂျံမှာလိုပဲ) ဖွင့်သင့်တယ်လို့ရေးထားတာ ဖတ်ဖူးပါတယ်။

ဒါကြောင့်မို့ထင်ပါရဲ့။ ဖေဖေမိတ္ထီလာမှာ ၆ လလောက် စိတ်အေးလက်အေး အနားယူလိုက်ပြီးနောက် အတော်ကျန်းမာလာလို့ ၆ လပြည့်တဲ့အချိန်ရောက်တော့ ဆေးမှူးကြီး ကာနယ်မောင်မောင်ကြီးက ရန်ကုန်ပြန်လာဖို့ခေါ်လိုက်ပြီး စစ်ဆေးကြည့်ရှုတဲ့ အခါမှာတော့ ဖေဖေတီဘီရောဂါပျောက်ကင်းသွားတာကို တွေ့ရှိရတဲ့အတွက် အနားယူခွင့် ဆက်မပေးတာ့ပဲ တာဝန်ပြန် ထမ်းနိုင်ပြီဆိုတဲ့ ထောက်ခံချက်ကိုသာ ပေးလိုက်ပါတော့တယ်။

မိတ္ထီလာမြို့ဟာ ရာသီဥတု အတော်မျှတပြီး၊ အလွန်နေကောင်းတဲ့အရပ်ပါ။ ပူနွေးပြီး နေရောင်ခြည်ကို အလျှံပယ်ရတဲ့ အရပ် ဖြစ်ပေမယ့် မိတ္ထီလာကန်ကြီးရှိတဲ့အတွက် ခြောက်ကပ်ပူပြင်းမှု အတော်သက်သာတဲ့ အရပ်ဖြစ်ပါတယ်။ ရာသီဥတုတင် ကောင်းတာ မဟုတ်ပါဘူး။ အစားအသောက်ကလည်း အလွန်ပေါဆိုပဲ။ ဟင်းသီးဟင်းရွက်ကလည်း အမယ်စုံ၊ များမှများ၊ လတ်မှလတ်ဆိုပဲ။

အဲဒီတုန်းက ဖေဖေက ခွင့်နဲ့လာတာဆိုတော့ မိတ္ထီလာမှာရှိတဲ့ ဗိုလ်တဲ (အင်္ဂလိပ်ခေတ်က အင်္ဂလိပ်အရာရှိများ တည်းခို တဲ့အိမ်)မှာ နေပါတယ်။ အဲဒီဗိုလ်တဲမှာရှိတဲ့ ထမင်းချက်ကြီးက ချက်ပြုတ်ကျွေးတာတဲ့။ အဲဒီထမင်းချက်ကြီးက (မေမေက နာမည်ပြောဖူးပေမယ့် ကျွန်မမေ့သွားပြီး) အတော် အချက်အပြုတ်ကောင်းသတဲ့။ အနောက်တိုင်း အစားအစာတွေအပြင် ဗမာစာ အချက်အပြုတ် အထူးသဖြင့် အညာစာ အချက်အပြုတ် သိပ်ကောင်းဆိုပဲ။

မိတ္ထီလာမှာ အင်မတန်ပေါတဲ့ ခရမ်းချဉ်သီးနဲ့ မြေပဲကို တနပ်မှမလွတ်အောင် အမျိုးမျိုး ချက်ပြုတ်ကျွေးတယ်တဲ့။ ဟင်းတွေ ထဲမှာ ခရမ်းချဉ်သီးကို အလျှံပယ်ထည့်သတဲ့။ ခရမ်းချဉ်သီး မြေပဲဆန်သုပ်တို့၊ မြေပဲဆန်ချက်တို့၊ ပန်ထွေဖျော်တို့ဆိုတာ တနေ့တမျိုး မထပ်အောင်ကို လုပ်တတ်သတဲ့။ မြေပဲဆန်ကို ဟင်းချက်ခါနီးမှ လှော်ပြီး အသုပ်အမျိုးမျိုးမှာ ထောင်းထည့် တတ်သတဲ့။

ဒါ့အပြင် အဲဒီထမင်းချက်ကြီးက တရုတ်အစားအစာ အမျိုးမျိုးလည်း ချက်တတ်သေးသတဲ့။ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုပ်၊ အစိမ်းကျော်အမျိုးမျိုး လုပ်တတ်ဆိုပဲ။ မေမေ တစွဲတလမ်းပြောဖူးတဲ့ အစိမ်းကြော်ကတော့ ဟင်းသီးဟင်းရွက် လတ်လတ် ဆတ်ဆတ်တွေ (ဂေါ်ဖီပန်း၊ မုန်လာဥနီ၊ မုန်ညှင်းဖြူ၊ စိမ်း စတာတွေ) ကို စားခါနီးမှ ကျက်ရုံလေးကြော်ပြီး ငံပြာရည်နဲ့ ပြုတ် ထားတဲ့ ဝက်သား ၃ ထပ်သား အတုံးလိုက်ကို ပါးပါးလှီးပြီး အပေါ်ယံက ဖြူးပေးတဲ့ ၁၂ မျိုးဟင်းရွက်ကြော် ဟင်းခွက်ပါပဲ။ မေမေက ဟင်းသီးဟင်းရွက် မကြိုက်တတ်ပေမယ့် အဲဒီဟင်းမယ်တော့ အတော်ကြိုက်ပြီး (ဝက်သားလည်း ပါတာကိုး)၊ ကျွန်မတို့ကို ချက်ကျွေးတတ်ပေမယ့် မိတ္ထီလာမှာ စားခဲ့ရတဲ့ဟင်းကို ဘယ်လိုမှမမီဘူးလို့ ပြောတတ်ပါတယ်။

ဒီလို အစားအသောက်ကောင်းများအပြင် ဖေဖေရောဂါ ပျောက်ကင်းသွားရတဲ့နောက် အရေးကြီး အချက်တချက်လည်းရှိပါ သေးတယ်။ အဲဒါကတော့ အဲဒီခေတ် အဲဒီအခါက နာမည်အကျော်ဆုံး အတော်ဆုံးသမားတော်ကြီးနှစ်ယောက် (ကာနယ် မောင်မောင်ကြီးနဲ့ ဒေါက်တာဘသန်း) တို့ရဲ့ အနီးကပ်ပေါင်းစပ်ကုသမှုကို ခံယူရရှိလို့ပါပဲ။ အဲဒီအချိန်က တီဘီကုဆေး (streptomycin) မပေါ်သေးပါဘူး။ ဒါပေမဲ့ တီဘီပျောက်ကင်းရေးအတွက် အမျိုးမျိုး အားဖြည့်ကုသတဲ့ဆေးတွေ အများ အပြား ပေါ်လာနေNပီ။ ဒါတွေကို အဲဒီသမားတော်ကြီးများ ထောက်ခံချက်နဲ့ အင်္ဂလန်တို့ အိန္ဒိယတို့ကမှာယူပြီး ဖေဖေ့ကို ကုသပေးခဲ့တာပါ။ ဖေဖေကိုယ်တိုင်ကလည်း ဆရာဝန်တွေမှာတဲ့အတိုင်း တသွေမတိမ်းနားထောင်ပြီး လိုက်နာလုပ်ဆောင် နေထိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကာနယ်မောင်မောင်ကြီးက “ကျုပ်ကုရတဲ့ လူနာတွေထဲမှာ ဗိုလ်ကျော်ဇောဟာ ကုရတာ အကောင်းဆုံး လူနာပဲ၊ ကျုပ်စကားနားအထောင်ဆုံး လူနာပဲ” လို့ မေမေ့ကို ပြောခဲ့ဟန်ရှိပါတယ်။ ဒီလိုနဲ့ပဲ ဖေဖေ တီဘီ ရောဂါပျောက်ကင်းသွားရတာပါ။

မိတ္ထီလာကို ဒီလို ပထမဦးဆုံးအခေါက် ရောက်ခဲ့စဉ်မှာပဲ ဖေဖေရော မေမေပါ မိတ္ထီလာမြို့လေးကို ချစ်ခင်စွဲလမ်းသွားပုံရပါတယ်။ ဒါကြောင့်ပဲ ၁၉၅၀ ခုနှစ် ဖေဖေ အင်းစိန်တိုက်ပွဲကြီးအပြီး ဒဏ်ရာရပြီးနောက် နာလန်ထချိန်မှာ ဆေးခွင့် ၆ လယူပြီး၊ မိတ္ထီ လာမြို့မှာ နောက်တကြိမ် သွားနားခဲ့ပါတယ်။

အဲဒီ ဒုတိယအခေါက်မှာ ကိုကျော် (ကျော်ဇောဦး) ကို မွေးပါတယ်။ မေမေက ကိုယ်ဝန်ကြီးနဲ့တုန်းမှာ ဇီးကွက်တကောင် ည နေတိုင်း အိမ်မှာလာလာနားတတ်တာကို နေ့တိုင်းကြည့်နေမိလို့၊ ကိုကျော်မျက်လုံးတွေဟာ ဇီးကွက်လို ပြူးပြူးကြီးဖြစ်နေတာ လို့မေမေက ကျွန်မတို့ငယ်ငယ်က ပြောတတ်ပါတယ်။ (ကျွန်မတို့အဘွား ဖေဖေ့အမေဟာ ငယ်ငယ်တုန်းက မျက်လုံး အ တော်ပြူးတာကို ဖေဖေတို့ ငယ်ငယ်ရှင်ပြုတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ တွေ့ဖူးပါတယ်။ မျိုးရိုးလိုက်ဟန်ရှိပါတယ်။)

အဲဒီမိတ္ထီလာမှာ ဖေဖေတို့နဲ့ အတော်ခင်တဲ့ မိတ်ဆွေကြီးတဦးရှိပါတယ်။ မိတ္ထီလာမြို့ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သင်းနုပါ။B.A, B.Ed ဘွဲ့ရထားသူဖြစ်ပါတယ်။ ဖေဖေတို့နဲ့က ပထမအခေါက်ကတည်းက ခင်နေတာပါ။ ဖေဖေက သူတာဝန်တွေမပိဘဲ နားရတုန်းမှာ အင်္ဂလိပ်စာကို အဲဒီဆရာမကြီးနဲ့ ဆက်သင်တာပါ။ တနေ့ အဲဒီဆရာမကြီးရဲ့ ခင်ပွန်းနဲ့ လမ်းမှာတွေ့တော့ ဖေဖေက နာမည်မေ့နေလို့ “ဆရာမကြီးကတော် နေကောင်းရဲ့လား” လို့ နှုတ်ဆက်ဆိုပဲ။ မေမေက ဖေဖေ့ကို မကြာခဏ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး စတတ်နောက်တတ်ပါတယ်။

ဖေဖေက အဲဒီ မိတ္ထီလာမှာနေတုန်း ညနေတိုင်း မိတ္ထီလာကန်ဘောင်ရိုးမှာ လမ်းလျှောက်ပြီး ကန်ထိပ်ကနတ်စင်လေးရောက်ရင် အိမ်ဘက်ပြန်လှည့်လာတတ်သတဲ့။ အဲဒီနတ်စင်လေးဟာ ဖေဖေတို့ကို အသက်ကယ်ဖူးလိုက်လို့ဖေဖေ့မှာ မိတ္ထီလာကို မမေ့ နိုင်တဲ့အကြောင်းတရပ် ဖြစ်ပေါ်လာပါတော့တယ်။

ဖေဖေတို့တတွေ ၁၉၅၄-၅၅ မှာ တရုတ်ဖြူကို တိုက်နေရတုန်းမှာပေါ့။ ဖေဖေက ရှေ့တန်း မိုင်းဆတ်ကနေပြီး နောက်တန်း ကျိုင်းတုံကိုပြန်လာပြီး စစ်ရုံးချုပ်အရာရှိများနဲ့ ပြန်တွေ့ရပါတယ်။ ရှေ့တန်းအတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ၊ စစ်ကူတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ ရရှိဖို့အတွက်ပါ။ အဲဒီတုန်းက စစ်ရုံးချုပ်ကို ဗိုလ်အောင်ကြီးတို့ ဆိုရှယ်လစ်အုပ်စုက အုပ်စီးထား တာပါ။ ပြည်တွင်းစစ်တိုက်ဖို့ပဲ သူတို့တတွေက အားသန်နေလေတော့ တရုတ်ဖြူ စစ်ဆင်ရေးအတွက်ဆို ပြောရဆိုရ တာ သိပ်လက်ဝင်တာပဲလို့ဖေဖေက ပြောပြဖူးပါတယ်။

ဖေဖေက ရှေ့တန်းစစ်ဆင်ရေးမှာ ဦးစီးပြီး သူ့ရဲ့ဌာနချုပ်ကိုလည်း ရှေ့တန်းမိုင်းဆတ်မှာပဲ ဖွင့်ထားပါတယ်။ မိုင်းဆတ်မှာက နဂိုကတည်းက တရုတ်ဖြူတွေ ဆောက်လုပ်ထားတဲ့ လေယာဉ်ပျံကွင်းရှိတယ်။ ဖေဖေ့ကိုလည်း ကင်းထောက်လေယာဉ်တစင်း ပေးထားပါတယ်။ လေယာဉ်မှူးဟာ (နောင်လေတပ် ဦးစီးချုပ်ဖြစ်လာတဲ့) ဗိုလ်စောဖရူးပါ။

ဖေဖေက ကျိုင်းတုံမှာ အစည်းအဝေးလုပ်ရင်း မိုးချုပ်သွားပါတော့တယ်။ ဖေဖေ့ကို စောစောကတည်းက ဗိုလ်စောဖရူးက မိုးချုပ်ရင် ရှမ်းပြည်တောင်တန်းတွေက ဒုက္ခပေးတတ်တယ်လို့ အလိမ္မာနဲ့ သတိပေးထားပါလျက်နဲ့ အစည်းအဝေးမှာ ပြော ရင်းဆိုရင်းက နောက်ကျသွားရတာပါ။ ဖေဖေက ညတွင်းချင်း လုပ်စရာတွေရှိနေလို့ မနက်မှပြန်ဖို့ဝိုင်းတားနေတဲ့ကြားက လေယာဉ်ပျံနဲ့ ဇွတ်ထွက်လာခဲ့မိသတဲ့။ လေယာဉ်ပျံတက်ပြီး မကြာခင်မှာပဲ မှောင်ကြီးကျလာလို့ လေယာဉ်မှူးခမျာ တောင် စောင်းတွေနဲ့ မတိုက်မိအောင်တိမ်းရှောင်ရင်းက လမ်းပျောက်သွားဆိုပဲ။ အဲဒီလိုလမ်းပျောက်သွားတော့မှ မြေပုံတချပ်နဲ့ လေယာဉ်ပေါ်အလုပ်များနေတဲ့ ဖေဖေ့ကို လာအသိပေးသတဲ့။ ဒီတော့ ဖေဖေက လေယာဉ်မှူးအခန်းထဲ လိုက်သွားပြီး အောက်မြေပြင်အခြေအနေကို ကြည့်တော့လည်း ဘာမှမမြင်ရဖြစ်နေလို့ “ကဲ ဒါဖြင့်ရင် အနောက်တည့်တည့်ကိုမောင်း၊ ဧရာဝတီမြစ်ကတော့ ပြေးမလွတ်တော့ဘူး။ ဧရာဝတီမြစ်ဘေးသောင်တွေမှာ ဆင်းကြည့်တာပေါ့” လို့ ဖေဖေက အကြံပေး ပါတယ်။ ဒါနဲ့ ဗိုလ်စောဖရူး (နောင်မဆလခေတ်မှာ ဗိုလ်ချုပ်စောဖြူ) လည်း အနောက်ဘက်တည့်တည့် ပျံလာရာမှာ ဧရာ ဝတီမြစ်ပေါ် ရောက်လာပါတော့တယ်။ ဖေဖေက “ကဲ ဧရာဝတီမြစ်ကြောအတိုင်းဆက်လိုက်၊ အဆင်သင့်တဲ့မြို့မှာ ဆင်း တာပေါ့” လို့ပြောနေတုန်းမှာပဲ လေယာဉ်ဆီကုန်တော့မယ်လို့ လေယာဉ်ဝန်ထမ်းတဦးက လာအကြောင်းကြားသတဲ့။
ဒါကြောင့် အောက်ခြေက မြေအခြေအနေကို သဲကြီးမဲကြီး ဝိုင်းကြည့်ရသတဲ့။ အောက်ကမြို့တွေကလည်း အဲဒီအချိန်က တရုတ်ဖြူလေယာဉ် (တကယ်တော့ အမေရိကန်လေယာဉ်တွေပါ) တွေ မကြာခဏ လာဝဲတတ်လို့ လေယာဉ်သံကြားတာနဲ့ မီးမှောင်ချပြီး နေတတ်ကြသတဲ့။ ဒါကြောင့် အောက်ကလည်း မှောင်နဲ့မည်းမည်း ဘာမှသဲသဲကွဲကွဲ မရှိဖြစ်နေချိန်မှာပဲ ဂျစ် ကားတစင်း ရှေ့မီးဖွင့်ပြီး မောင်းလာတာတွေ့ရသတဲ့။ အဲဒီဂျစ်ကားမီးက ရိပ်ခနဲမီးထိုးလိုက်ရာမှာ ဖေဖေက သူ့အမြင်မှာ အလွန်ရင်းနှီးခဲ့တဲ့ မိတ္ထီလာ ကန်ဘောင်ရိုးထိပ်ကနတ်စင်လေးကို မြင်လိုက်ရဆိုပဲ။ ဂျစ်ကားလေးက ကန်ဘောင်ရိုး ကား လမ်း အတိုင်း မောင်းလာတာဖြစ်ဟန်ရှိပါတယ်။

နတ်စင်လေးကို မြင်လိုက်ရတော့ ဖေဖေက “ဟာ ဒါ မိတ္ထီလာကွ၊ မိတ္ထီလာ” လို့အော်ပြောလိုက်ရော လေယာဉ်ပျံ တစင်းလုံး အလွန့်ကို ဝမ်းသာသွားကြရောတဲ့။ ဗိုလ်စောဖရူးအပါအဝင် အဲဒီခေတ်က လေသူရဲတွေက မိတ္ထီလာကွင်းမှာ လေယာဉ်မောင်း ကျင့်လာသူတွေ ဖြစ်တော့၊ မိတ္ထီလာကွင်းဆိုရင် သူတို့က မျက်စိမှိတ်တောင် ဆင်းနိုင်သူတွေဖြစ်နေတာလေ။

ချက်ချင်းပဲ မိတ္ထီလာကွင်းကို သတင်းပို့။ မြို့ထဲရှိတဲ့ ကားတွေ အားလုံးတန်းစီပြီး လေယာဉ်ပြေးလမ်းတဖက်တချက်ကနေ မီးတွေထိုးပြီး ဖေဖေတို့လေယာဉ် ချောချောမောမောနဲ့ မိတ္ထီလာကွင်းဆင်းလာရဆိုပဲ။ နောက်နေ့မနက်မှပဲ ဆီဖြည့်ပြီး မိုင်း ဆတ်ကို ဖေဖေတို့တတွေ ပြန်ခဲ့ကြသတဲ့။

အဲဒီသည်းထိတ်ရင်ဖို ဇာတ်လမ်းကလေးကြောင့်ပဲ ဖေဖေ့အနေနဲ့ (ကျန် ကျွန်မတို့ မိသားစုအပါပေါ့လေ) မိတ္ထီလာမြို့လေးကို မမေ့နိုင်ဖြစ်ရတော့တာပါပဲ။

လှကျော်ဇော၊
၂၁-၁-၁၁

မှတ်ချက်။
ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ။ အတွဲ (၁)။ (ဖြိုးမောက်သာစာပေ) ဆောင်းပါးအမှတ် (၂၁) ကို တင် လိုက်ပါတယ်။