ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝင်းငြိမ်း - မဟာမှိုင်းနဲ့ ကျောင်းသားသပိတ်



ထွန်းဝင်းငြိမ်း - မဟာမှိုင်းနဲ့ ကျောင်းသားသပိတ်
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆

မှိုင်းဂုဏ်ရည်
ကျနော်တို့ ဒီနေ့အချိန်အထိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်းကို တခုတ်တရ ပြောဆိုနေရတာတွေက ဆရာကြီးရဲ့ တသက်တာ ဆောင်ရွက်မူတွေဟာ နောင်မျိုးဆက်အသီးသီးအတွက် စံပြအတုယူဖွယ်ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ ဆရာကြီးဟာ နယ်ချဲ့ ဆန့်ကျင်ရေးခေတ်ရဲ့ တော်လှန်ရေးစာဆိုကြီး ဖြစ်နေတာလဲ တကြောင်းပါ။ လွတ်လပ်ရေးအတွက် အမျိုးသားရေးကိုင်စွဲပြီး ပြည်သူနဲ့ လက်တွဲရင်း နယ်ချဲ့ကို တလျှောက်လုံး တိုက်ပွဲဝင်ခဲ့တာတွေဟာ ဆရာကြီးကို အောက့်မေ့တသ တလေးတစား အသိအမှတ်ပြုစရာတွေ ဖြစ်နေတာကြောင့်ပါ။ အဲ့ဒီိလိုပုံရိပ်တွေထဲမှာ ဆင်းရဲတွင်းနက်လှတဲ့ အမျိုးသား လယ်သမား၊ အလုပ်သမားတွေရဲ့ဘ၀ သာယာဝပြောအောင် တိုးတက်တဲ့လူငယ်လူရွယ် ကျောင်းသားတွေနဲ့ အိုကြီးအိုမ သူ့ဘ၀နဲ့ ဖက်တွဲရုန်းကန်ခဲ့တာတွေကလည်း အထင်ကရ သမိုင်းပုံရိပ်တွေပါပဲ။

ဆရာကြီးက အရှင်နှစ်ပါး ပါတော်မူတာကို သူ ၁၀ နှစ်သားလောက်က မြင်တွေ့ခဲ့ရသူ။ ဒါကြောင့်မို့ ငယ်စဉ်ကတည်းက ဇာတိမာန်မျိုးချစ်စိတ်ကိန်းအောင်းခဲ့ပြီး တသက်တာလုံးနယ်ချဲ့ဆန်ကျင်ရေး တိုက်ပွဲအဆင့်ဆင့်မှာ ဆရာကြီးပါဝင်ဆင်နွှဲသွားခဲ့တာ နောက်ဆုံးသူ့နှလုံးခုန်ရပ်တဲ့အထိပါပဲ။ သူ့ကျွန်မခံလိုသူမျိုးချစ်တွေရဲ့ သူပုန်အမျိုးမျိုး၊ မင်းလောင်းပေါ်မူအမျိုးမျိုး၊ ဂျီစီဘီအေ ၀ံသာနုအရေးတော်ပုံ၊ ယူနီဗာစီတီဘွိုင်းကောက်အမျိုးသားပညာရေးတိုက်ပွဲ၊ တောပုန်းကြီးစံဖဲနဲ့ ဆရာစံသူပုန်၊ တို့ဗမာအစည်းအရုံး လှုပ်ရှားမှုနဲ့ လွတ်လပ်ရေးတိုက်ပွဲ ၊ ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာငြိမ်းချမ်းရေး လှုပ်ရှား ဆောင်ရွက်မှုတွေ၊ အဲ့ဒီကြိုးပမ်းမှုတွေအားလုံးမှာ ဆရာကြီးဟာ အနည်းနည်းအဖုံဖုံ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြည်သူ့စာပေဖခင်ကြီး၊ တော်လှန်ရေးစာဆိုကြီး၊ သမိုင်းပါရဂူကြီး၊ နိုင်ငံရေးသိပ္ပံပညာရှင်ကြီး၊ အဘိဓမ္မာဆရာကြီးနဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးအဖြစ် ပြည်သူတရပ်လုံးကအသိအမှတ်ပြု လေးစားဦးညွတ်ကြတာဖြစ်ပါတယ်။

ဆရာကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးခေတ် အဆင့်ဆင့်အလံအလှဲစတမ်း တိုက်ပွဲတွေဆင်ခဲ့ရာမှာ သူ့ကိုယ်ကျိုးကို ရာသက်ပန် စွန့်လွှတ်ထားပြီး ပြည်သူ့အကျိုးအတွက် ခေတ်အဆက်ဆက်က တိုးတက်တဲ့လူငယ်တွေနဲ့ ၊ အရဲရင့်ဆုံးလူငယ်တွေနဲ့၊ တော်လှန်ပုန်ကန်ရဲတဲ့ လူငယ်တွေနဲ့ ထာဝစဉ်သစ္စာရှိစွာ လက်တွဲပြီး မဖောက်မပြန် မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့သားကောင်းကြီး တဦးဖြစ်ပါတယ်။ ဆရာကြီးမှာသူတော်စင်တမျှ မှဲ့တပေါက်မစွန်းဘဲ ဖြူစင်ကြံ့ခိုင်တဲ့ ကိုယ်ကျင့်တရားနဲ့ စံထားလောက်တဲ့ သန့်ရှင်း ရိုးသားမူကလည်း ပြည်သူတွေအတွက် အားကျဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

ဆရာကြီးတသက်တာလုံး ပြုမူရွက်ဆောင် စွန့်စားအနစ်နာခံမူတွေဟာ အလွန်ကြီးမားတဲ့ အမျိုးကိုချစ်တဲ့စိတ်၊ ပြည်သူကို ချစ်တဲ့စိတ်ရဲ့ စေ့ဆော်ချက်ကြောင့်လို့ အမေလူထုဒေါ်အမာ ရေးခဲ့ဖူးပါတယ်။ ဆက်ပြီးတော့လည်း ဆရာကြီးဟာ ရန်သူနယ်ချဲ့သမားရဲ့ ပရိယာယ်တွေ၊ နိုင်ငံရေးထောင်ချောက်တွေ၊ အကွေ့အကောက်တွေဘယ်လောက်များများ တော်လှန်တဲ့ပြည်သူနဲ့ လမ်းခွဲပြီး ဘယ်ကွေ့မှာမှ တင်မကျန်ရစ်ခဲ့ဘူး၊ တဆင့်ပြီးတဆင့် တိုက်ပွဲဝင်ကြတဲ့ တိုးတက်တဲ့လူငယ်တွေနဲ့သာ လက်ပြောင်းပြီးတွဲသွားခဲ့တယ်။ ဆရာကြီး ဘယ်ကွေ့မှာမှ မျက်စိလည်မကျန်ခဲ့ဘူး။ ဆရာကြီး ဒီလိုဖြစ်ရတဲ့ အကြောင်းတွေက တစ်ခုမကအများကြီးရှိမှာပါ။ အဲဒါတွေထဲမှာ ကိုယ်ကျိုးစီးပွားအတွက် ဆရာကြီးက လုံးဝမစဉ်းစားတာ၊ ရပ်တည်ချက်မှန်မှန်နဲ့ ဖြူစင်ဖြောင့်မတ်တဲ့ စေတနာထားနိုင်တာ၊ အမှန်တရားအတွက် ဘာကိုမဆို ရင်ဆိုင်ရဲတာ။ ကြီးမားတဲ့ ဇွဲလုံ့လရှိတာ စတဲ့အကြာင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့်မို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဗမာနိုင်ငံအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ လေးချိုး၊ ဋီကာ၊ ဂဏ္ဍိစတဲ့ စာတွေဟာ တိုက်ပွဲဝင်စာပေတွေဖြစ်ခဲ့တယ်။ ဆရာကြီးရဲ့စာတွေဟာ ပြည်သူလူထုကိုအခြေခံနိုင်ငံရေးပညာသင်ပေးနေတဲ့ ထက်မြက်တဲ့ ပညာရပ်တမျိုးဖြစ်တယ်လို့ ဆရာဇော်ဂျီကဆိုခဲ့ပါတယ်။ ဆရာကြီးသင်ပေးတဲ့ နိုင်ငံရေးပညာဆိုတာ နိုင်ငံအတွက် ၀မ်းမြောက်စရာရှိရင် ၀မ်းမြောက်တတ်အောင်၊ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းတတ်အောင် ပြုပေးနိုင်တဲ့ ပညာမျိုး ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးတဲ့ ဇာတိမာန်ကဗျာတွေကနေတဆင့် ပြည်သူလူထု သိရှိသွားတဲ့ ခံစားမှုတွေဟာ အခြေခံနိုင်ငံရေးပညာတွေပါပဲ။

ပထမကျောင်းသားသပိတ်

ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက်တဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးဖြစ်တော့ ဆရာကြီးက သူရိယအယ်ဒီတာဘ၀ကနေ လစာဝင်ငွေမရတဲ့ အမျိုးသားကောလိပ်မှာ မြန်မာစာနဲ့ ရာဇ၀င်ပါမောက္ခလုပ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ တိုက်ပွဲဝင်စာတွေကြောင့် တိုးတက်တဲ့ ခေတ်ပညာတတ်လူငယ်ကျောင်းသားတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ ဆရာကြီးက ဒေါင်းဋီကာသစ်ရေးဖွဲ့ပြီး ကျောင်းသား သပိတ်ကြီးကို အခုလို ထောက်ခံလိုက်ပါတယ်။

“သြော် - ဝေးခရီးကပေမယ့်၊ အရေးကြီးလျှင်ဖြင့်၊
သွေးနီးရာပါစမြဲပေမို့၊ ဆရာလဲကွာ ပထမအရင် ကနဦးဆီက၊
မြန်မာ့တခွင်မှာသမတရှင်ဘုရင် မလူးခင်ပ၊
ထဆင်ထူးကိုတမြည်မြည်သင်ခဲ့သမို့၊
ထီမထင်ကျောင်းတော်သားတွေသို့၊
မည်အစဉ် ခေါင်းပေါ်ဖျားမှလ၊
မင်းတို့ဆရာကိုစာရင်းတို့ကာသာ ထားလိုက်ပေတော့” 
လို့ ရေးလိုက်ပါတယ်။ ကျောင်းသားထုရဲ့ တိုက်ပွဲခေါ်သံကို ဆရာကြီးအကြောင်းပြန်လိုက်ပုံက ဘယ်လောက်အားရစရာ ကောင်းလိုက်ပါသလဲ။ ဒေါင်းဋီကာသခင်ရဲ့ ဆုတောင်းလေးချိုးထဲက “ကောင်းကျိုးအထွေထွေရယ်နှင့် ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်ဝ်” ဆိုတဲ့ ကဗျာပိုဒ်ကလေးဟာ နောင် အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမယ့် ကိုအောင်ဆန်း အသည်းစွဲကြိုက်တဲ့ ကဗျာလေးဖြစ်ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၀ါဒ ဖြန့်ချီရေးမှူး (မဂ္ဂဇင်းတာဝန်ခံ) ဖြစ်လာတဲ့အခါ သမဂ္ဂ မဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်းလို့ အမည်ပြောင်းပြီး မဂ္ဂဇင်းရဲ့ ကြွေးကြော်သံအဖြစ် စာအုပ်မျက်နှာဖုံးပေါ်မှာ ဒေါင်းအိုးဝေကဗျာစာသားကို ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။

ဆရာကြီးကကျောင်းသားတွေရဲ့ အခုလိုတိုက်ပွဲကြီးပေါ်လာတာကို သိပ်အားရတယ်။ သိပ်တက်ကြွပါတယ်။ ပြည်သူတရပ်လုံး ကလည်း တခဲနက်ထောက်ခံကြတာပါ။ ဒါကြောင့်မို့ ရှိတဲ့အလုပ်တွေ အကုန်ဖျက်ပြီး အမျိုးသားကောလိပ်မှာ စာသင်ပေးဖို့ ၀မ်းမြောက် ၀မ်းသာ လက်ခံခဲ့ပုံကို အခုလိုရေးဖွဲ့ခဲ့ပါတယ်။

“ မြန်မာပြည်အလုံးမှာဘွိုင်းကောက်တားတွေက
စကိုင်းချောက်ကြားကိုဆရာမမြန်းပါနဲ့
ဗဟန်းမှာ တ၀ါဆိုပလို့၊
အနှာလိုလျှောက်ရှာသမှုတွေကြောင့်၊
မဟာဗြဟ္မစိုရ် ထောက်ညှာရှုသူက
သာဓုသာဓုခေါ်ကာသဒ္ဓါရွှင်ရွှင်နဲ့၊
မြန်မာတခွင်မလေ ကဗျာပင်ခြေ လန်းဝေမယ့်ပြင်၊
ရာဇ၀င်စာသင်ခန်းတွေနှင့်၊
မန်းနှစ်ဆက်သံသရာမှာနော်ကွယ်၊
ကမ္ဗဋ္ဌာန်းပျက်ကွက်၊ ပဋ္ဌာန်းလဲမကျက်နိုင်ဘု၊
(ခေမာရယ်) ထမ်းရွက်ပြန်ရာ” လို့ရေးခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာဗမာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာအလွန်အရေးပါလှတဲ့ ဒီ ၁၉၂၀ ကျောင်းသားသပိတ်ကြီးကို ဘွိုင်းကောက်ဋီကာကြီးနဲ့ မှတ်တမ်းတင်ခဲ့သလို ဘွိုင်းကောက် ဆောင်ပုဒ်တေးထပ်နဲ့လည်း အခုလိုဖွဲ့ဆိုခဲ့ပါတယ်။

“ဘွိုင်းကောက် ဘွိုင်းကောက်နှင့် တိုင်းတလျှောက်တုန်စေ၊ ဂိုဏ်းမပျောက်ပုံသေပြီ ကြုံပလေမြန့်တိုင်း။ (ထ)ဆင်ထူး (အီ)တင်သည်၊ (ထီး)မထင် ရှေးသိုက်တနှိုင်း။ မပေါ်ဘူးပေါ်လာသည်၊ တော်ပါပေ့လိုတိုင်း၊ ကော်စရာထိုသမိုင်းပေထင့် ကိုယ်မှိုင်းတို့ခေတ်မှာ။ ဘဦးနော်တဗိုလ်ထွက်ချိန်မို့၊ ဗဟိုရ် ၂ ချက်တီးသည့်ပမာ။ လိုသထက်ပြီးမည့်ဟာကို၊ မှီးကြည့်ကာ ငဲ့ညှာ ထောက်ပါလို့၊ တဆဲ့ခြောက်ဥပဒေ၊ ဟဲ့ ပျောက်ထုချေ။ ဘဲ့ကလောက် အမှုပွေစေ၊ ခုသေသေ စွန့်တုံးမို့လေး” ဆိုပြီးဆရာကြီးက ချီးကျူးခဲ့ပါတယ်။”

၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးရဲ့ အကျိုးရလဒ်အများကြီးထဲက ထင်ရှားတဲ့ရလဒ်တွေကတော့ သပိတ်ကြီးစတင်ခဲ့တဲ့ ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့ကိုအမျိုးသားနေ့ သတ်မှတ်ခဲ့ပါတယ်။ တနိုင်ငံလုံးမှာအမျိုးသားကျောင်းပေါင်း ၁၅၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ရေနံချောင်းအမျိုးသားကျောင်းက ၁၀ တန်းအောင်ခဲ့တဲ့ ကိုအောင်ဆန်းဟာ နောင်အမျိုးသားခေါင်းဆောင်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒုတိယကျောင်းသားသပိတ်
၁၉၃၆ ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနု၊ အတွင်းရေးမှူး ကိုအောင်ဆန်းဖြစ်ပါတယ်။ ကိုအောင်ဆန်းက သမဂ္ဂရဲ့အာဘော် အိုးဝေမဂ္ဂဇင်းတာဝန်ခံတစ်ဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်က တိုင်းပြည်တ၀ှမ်းလုံးမှာ တို့ဗမာအစည်းအရုံးကြီးက လယ်သမား၊ အလုပ်သမား၊ မြို့နေဆင်းရဲ့သားတွေကိုစည်းရုံးပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို တိုက်ဖျက်နေချိန်လည်း ဖြစ်ပါတယ်။ တကသကကျင်းပတဲ့ စကားအခြေအတင်ပြောပွဲမှာ ဥက္ကဋ္ဌကိုနုက ကျောင်းသားတွေအရေးကိစ္စမှာ ကျောင်းအာဏာပိုင်တွေ စွက်ဖက်နေမှုနဲ့ ကျောင်းသားတွေကို ကျွန်စိတ်သွင်းပေးနေမှုတွေကို စကားလုံးခပ်ကြမ်းကြမ်းနဲ့ ပြောသွားတဲ့အတွက် တကသဥက္ကဋ္ဌကိုနုကို ကျောင်းထုတ်လိုက်ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ မရှေးမနှောင်းမှာပဲ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍမှာငရဲခွေးကြီးတစ်ကောင်လွတ်နေသည် ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်ဒီတာထံပေးစာတစောင်ပါလာတာကို တက္ကသိုလ်အာဏာပိုင်တွေကအကြီးအကျယ်မကျေမနပ်ဖြစ်ကြပြီး တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ဖို့စီစဉ်ကြပြန်ပါတယ်။ အဲဒီသတင်းကိုကျောင်းသားတွေသိသွားတဲ့အခါ မခံမရပ်နိုင်ဖြစ်ကြပါတယ်။ အရေးပေါ်ကျောင်းသားထုအစည်းအဝေး ချက်ခြင်းအခေါ်ခိုင်းပြီး ကျောင်းအုပ်ကြီးမစ္စတာစလော့နဲ့ ကျောင်းအာဏာပိုင်တွေရဲ့ မောက်မောက်မာမာဆက်ဆံမှုကိုရှုံ့ချပြီးသပိတ်မှောက်ဖို့ တညီတညွတ်တည်းဆုံးဖြတ်ကြပါတယ်။ အဲဒီအချိန်မှာ တက္ကသိုလ်ကျောင်းသား တွေရဲ့ တိုက်ပွဲကိုထောက်ခံတဲ့အနေနဲ့ တပြည်လုံးရှိအစိုးရအထက်တန်းကျောင်းက ကျောင်းသားတွေကလည်း ပါဝင်သပိတ်မှောက်ခဲ့ကြ ပါတယ်။

အဲဒီကျောင်းသားသပိတ်ကြီးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လှိုက်လှိုက်လှဲလှဲထောက်ခံအားပေးခဲ့တယ်။ ဒီသပိတ်ကြီးကနေ နောက်ထပ်သခင်ခေါင်းဆောင် အများအပြားထွန်းကား ပေါ်ပေါက်လာဦးမှာဖြစ်တယ်ဆိုတာ ဆရာကြီးက ခန့်မှန်းမိပါတယ်။ ဒါကြောင့်မို့လို့လည်း တက္ကသိုလ်သမဂ္ဂအသင်းနဲ့ ဒေါင်းအိုးဝေမဂ္ဂဇင်း ဘွဲ့အလင်္ကာ မင်္ဂလာလေးချိုးကြီးမှာ ဒုတိယကျောင်းသားသပိတ်ကို အခုလိုရေးဖွဲ့ခဲ့ပါတယ်။

“ဆရာအကျာ်အမော် ယောဂီက၀ိရယ်က ကမ္ဘာမှာသော် အဟော်ညီ၏၊ မညီ၏တောဆီကကြည့်လိုက်တော့၊ မြန်မာမှာနော် ကောလီမိချိန်မို့ ၊ ဇောဝီထိတကွက်မမှိန် မှောင်မညှိ့မူ၍ လောကီ၏ပြက္ခဒိန် ပြောင်သမို့သာပေါ့၊ အောင်မျှို့အလှဲ့ အထက်ဟိုယခင်ကဲ့သို့ ၊ ကနက်ဗဟိုရ်ပလ္လင်ပြောင်းရမှာက၊ နှောင်းသို့တကဲ့အောင်ဘို့တပည့်တွေနဲ့ မောင်တို့ရဲ့ တက္ကသိုလ်သခင်ကျောင်း” ဆိုပြီးချီးကျူး ဂုဏ်ပြု ခဲ့ပါတယ်။

တတိယကျောင်းသားသပိတ်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တတိယကျောင်းသားသပိတ်ကြီး ၁၃၀၀ပြည့်အရေးတော်ပုံကြီး အရှိန်ယူခါစမှာ တက္ကသိုလ် သမဂ္ဂအသင်းနှင့် ဒေါင်းအိုးဝေမဂ္ဂဇင်း ဘွဲ့လေးချိုးကြီးကိုရေးခဲ့ပါတယ်။ ဒါပြင် ဆရာကြီးဟာတက္ကသိုလ်ကျောင်းထွက်တွေ ဖြစ်ကြတဲ့ သခင်လေးမောင်၊ သခင်ဗစိန်တို့နဲ့တွဲပြီးလွတ်လပ်ရေးတိုက်ပွဲကိုဆင်နွှဲနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဗြိတိသျှအစိုးရဟာသူ့ရဲ့ ကိုလိုနီ အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်တဲ့အမှုထမ်းတွေကိုမွေးထုတ်ဖို့ ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ခဲ့ပေမယ့် ဆရာကြီးကတော့ ဒီတက္ကသိုလ်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သခင်တွေကိုမွေးထုတ်တဲ့ သခင်ကျောင်းကြီးလို့ မြင်လိုက်ပါတယ်။ အဲဒီအမြင်ကိုဆရာကြီးက ဒီလေးချိုးကြီးမှာဖော်ထုတ်တင်ပြတားပါတယ်။

“(သြော်) အထက်နဂိုရ်က ၊ ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုရ်ပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
အဆက်သမတအသင်းတွေနဲ့ တြင်း, န၀င်း ,
ကောင်းမျိုးအထွေထွေ။
(အိုကွယ်) တက်မကွ အတင်းမော့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေးမည့်သတင်းဒေါင်းအိုးဝေ။
-----------------------------------------------
-----------------------------------------------
------------------------------------------------
အနောက်ဘက်ကူးကာ တောင်စဉ်စကိုင်းတွင်ဖြင့်
ချောင်မြင်တိုင်းမှာမောင်ရင်မှိုင်းကြီး ဗိုလ်ဝင်ခံလို့မို့
ဟိုအရင်ယမန် မက်မိသည့် သမထတမျိုးပေပ၊
ဖိုပလ္လင်ပျံမှာ အဂ္ဂိရရက်ရှိသမျှထိုးရာက၊
အမျိုးဘာသာသာသနာငဲ့ပေသည့်၊
တပဲ့သခင် “လေးမောင်”“ဗစိန်”ကလေးတို့နှင့်
မြန်မာ့အချိန်ရွေးကာ၊ အောင်မြေနင်းမဟေ့လို့
တောင်ခြေအဆင်းမှာ (နေ) မစောင်းမီပ၊
ရွှေဒေါင်းအိုးဝေ မဂ္ဂဇင်းဆီက၊
အဆက်မကင်းတဲ့ သံသရာမှာ၊
တပဲ့အရင်းရဲ့ စံပမာရွယ်ရည်ရှာတဲ့၊
အယ်ဒီတာ“မောင်ညိုမြ”ရဲ့ပြင်၊
သြော် ဗမာအတွက်၊ မရသမျှ ပွက်မကွ ဆိုတဲ့
သမဂ္ဂဥက္ကဋ္ဌ “မောင်ဘဂျမ်း”တို့ကို
ဓဇဂ္ဂသုတ်အရ အောင်တဖွဖွမန်းရာက၊
အောင်ဇယပန်းညောင်သပြေနုချိန်မတော့၊
နောင်မြန်မာ့စတမ်း“မောင်ရွှေနု”ရယ်လို့၊
အောင်ဇေယျတု မြွက်မဆုံးနိုင်မဲ့ပြင်၊
တက်ဘုန်းကြီးဆရာ“သိန်းဖေ”ကလေးတို့ကိုဖြင့်၊
ယိမ်းမသွေ ကိန်းသေရွေးလိုက်ကဲ့၊
အရေးရှိလျှင် အရာပေါ်ကြရော့၊
ဆရာအကျော်အမော် ယောဂီက၀ိရယ်က၊
ကမ္ဘာမှာသော် အဟောညီ၏ မညီ၏ တောဆီက
ကြည့်လိုက်တော့။
မြန်မာမနော်ကောလီမိချိန်မို့
ဇောဝီထိတကွက်မမှိန် မှောင်မညှို့မူ၍၊
ကောလီ၏ ပြက္ခဒိန်မှာပြောင်သမို့သာပ၊
(အိုဖေမောင်တင်ရဲ့)
အောင်မျှို့အလှဲ့ အထက်ဟိုယခင်ကဲ့သို့
ကနက်ဗဟိုရ်ပြောင်းရမှာက၊
(သြော်) မောင်တို့ရဲ့ တက္ကသိုလ်သခင်ကျောင်း။”

တကယ်တော့ ဆရာကြီးသခင်ကိုယ်တော့မှိုင်းဟာ ဒေါင်းအိုးဝေကျောင်းသားတွေနဲ့ ခေတ်အဆက်ဆက် တစိုက်မတ်မတ် စွဲစွဲမြဲမြဲလက်တွဲ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကျောင်းသားတွေကလည်းမဂ္ဂဇင်းထုတ်ရင် စာမူရအောင်တောင်းပြီးထည့်သလို အဖွဲ့ဖွဲ့ပြီဆိုရင်လည်း ဆရာကြီးကိုနာယက အရာထားပါတယ်။ လူချင်းတွေ့တဲ့အခါ အရင်ကန်တော့၊ ဦးချဂါရ၀ပြုပြီးမှ အရေးကိစ္စတွေတင်ပြကြ၊ ဆရာကြီးရဲ့သဘောထားကို တလေးတစားနာယူကြ တာပါ။

ဒါကြောင့်မို့ ဆရာကြီးနဲ့အတူ ကျောင်းသားသပိတ်အသီးသီးကို ဖြတ်လာကြတဲ့ ဒေါင်းအိုးဝေကျောင်းသားမျိုးဆက်တွေဟာ ရဲဘော်သုံးကျိပ်၊ လေထီးတပ်ဖွဲ့သုံးဆယ်နဲ့အတူ ဗမာ့တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။ နယ်ချဲ့နဲ့ ဖက်ဆစ်ကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တွန်းလှန်ကာ လွတ်လပ်ရေးပန်းတိုင်အရောက် ချီတက်နိုင်ခဲ့ကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော်ဝ်” လို့ ဖွဲ့ဆိုခဲ့တဲ့အတိုင်း ဒေါင်းအိုးဝေ မျိုးဆက်တွေနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

စတုတ္ထကျောင်းသားသပိတ်
အခုဆိုရင် ဆရာကြီးကွယ်လွန်ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ရှိပြီဖြစ်ပေမယ့် ဆရာကြီးအားထားခဲ့တဲ့ ဒေါင်းအိုးဝေ မျိုးဆက်တွေဟာ စတုတ္ထကျောင်းသားသပိတ်ကြီးကိုဆင်နွှဲခဲ့ပါတယ်။ မန္တလေးကနေ ရန်ကုန်အထိချီတက်ပြီး ဆန္ဒပြခဲ့ရာမှာ လက်ပံတန်းမှာ ပိတ်ဆို့ဖြိုခွဲ ရိုက်နှက်ခံခဲ့ရပါတယ်။ အချုပ်၊ အကျဉ်းထောင်အသီးသီးမှာ စစ်တပိုင်းအစိုးရ စွဲဆိုထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ ဒီမိုကရေစီပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ၀န်းရံပြည်သူတွေဟာ အချုပ်၊ အကျဉ်းထောင်တွေမှာ ကြံ့ကြံ့ခံရပ်တည်ခဲ့ကြတယ်။ သူတို့ဟာ တဖက်သက်ဖျက်သိမ်းခံရတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ရပ်ခံတိုက်ပွဲဝင်ခဲ့ကြတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေငြာချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပါအ၀င် ပြည်သူလူထုကြီးရဲ့ထောက်ခံမှုနှင့်အတူ လွတ်မြောက်လာခဲ့ကြပါတယ်။ လွတ်တဲ့ညမှာဘဲ ဒေါင်းအိုးဝေမျိုးဆက်တွေနဲ့ ၀န်းရံပြည်သူတွေဟာ အဘိုးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ဂါရ၀ပြုခဲ့ကြပါတယ်။ ဒါဟာ ဒေါင်းအိုးဝေ ကျောင်းသားမျိုးဆက်တွေအတွက် လွန်စွာမှပြုထိုက်ဖွယ် “ပူဇာစပူဇနေယျာနံ” လည်း ဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင်အရေးအခင်း သ၀ဏ်လွှာထဲမှာ ကျောင်းသားတွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုဆုံးမဖူးတဲ့ သြ၀ါဒစကားမှာ တကသအဆောက်အဦးကို ဖျက်လို့ရချင်ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ်ကိုတော့ ဖျောက်ဖျက်လို့မရနိုင်ပါဘူးလို့ ဆိုခဲ့သလိုပါပဲ။ သမဂ္ဂစိတ်ဓါတ်ဆိုတာ စုစည်းညီညွတ်တဲ့ ၊ နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခိုင်နိုင်တဲ့၊ သမိုင်းအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဂုဏ်ပုဒ်တမျိုး ဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားလူငယ်မျိုးဆက် အဆက်ဆက်အတွက် အလွန်အရေးကြီးတဲ့ အမှာစကားဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂကိုဖျောက်ဖျက်ဖို့ကြံစည်ခဲ့တဲ့ အာဏာရအစိုးရအဆက်ဆက်ဟာ ဇာတ်သိမ်းမလှစွာနဲ့ ကျရှုံးပျောက်ကွယ်ခဲ့ကြတာ သမိုင်းမှာ အထင်အရှားပါပဲ။ ကျောင်းသားသမဂ္ဂကို မပစ်မှားမိဖို့ သင်ခန်းစာယူသင့်ကြပါတယ်။ ကျောင်းသားသမဂ္ဂကို ကျောင်းသားယူနီယံလို့ ပြောင်းဖို့ ကြိုးစားခဲ့သူကြီးလည်း သူ့ပါတီအရှုံးကြီးရှုံးလို့ အာဏာလက်လွှတ်ခဲ့ရပြီးပါပြီ။

တိုင်းပြည်ခေါင်းဆောင်ဆိုတာ ဗိုလ်သင်တန်းကျောင်းတွေက မွေးထုတ်ပေးနေတာ မဟုတ်ပါဘူး။ သမိုင်းအဆက်ဆက်မှာ နိုင်ငံခေါင်းဆောင်တွေကို တိုင်းရင်းသားပြည်သူတွေ တက်ရောက်ကြတဲ့ တက္ကသိုလ်အသီးသီးက တကသ၊ ဗကသတွေက လေ့ကျင့် မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းအိုးဝေမျိုးဆက်ကျောင်းသားတွေဟာ တကသအဆောက်အဦးမှာ ဆွေးနွေးကြ၊ ငြင်းခုံကြ၊ စည်းဝေးကြ၊ ဝေဖန်ကြ၊ လေ့လာကြ၊ စုစည်းကြ၊ အလုပ်အတူတွဲလုပ်ကြနဲ့ လှုပ်ရှားမှုတွေမှာ တန်းတူဝင်ရောက်ဆောင်ရွက်ရင်း ကျောင်းသားထုရဲ့ရွေးချယ်မှုနဲ့ ခေါင်းဆောင်နေရာကို ရယူကြရပါတယ်။ တကသ၊ ဗကသဟာ မျိုးဆက်သစ် ကျောင်းသားတိုင်းအတွက် ဒီမိုကရေစီအလေ့အကျင့်တွေ ပန္နက်ချရာ ဘူမိနက်သန်ပါဘဲ။ တကသ၊ ဗကသမှာ အခွင့်ထူးခံတွေ၊ မိုးကျရွှေကိုယ်တွေ မရှိပါဘူး။

ဒါကြောင့်မို့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်ဖို့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲကြ ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆာက်အဦးကြီးကို ပြန်လည်တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း

၁၆.၄.၂၀၁၆

ကိုးကား

၁။ လူထုဒေါ်အမာ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း။ ကြီးပွားရေးစာအုပ်တိုက်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ၊ ပထမအကြိမ်။

၂။ မောင်တင်ရွှေ။ သခင်ကိုယ်တော်မှိုင်း၊ သူ့ခေတ်၊ သူ့ဘ၀၊ သူ့စာ။ စာပေလောက စာအုပ်တိုက်။ ၁၉၆၈ ခုနှစ်၊ ပထမအကြိမ်။

၃။ မောင်တင်ရွှေ။ သခင်ကိုယ်တော်မှိုင်း လက်ရွေးစင် လေးချိုးတရာ။ ဇွဲစာပေရိပ်မြုံ။ ၁၉၇၃ ခုနှစ်၊ ဂျူလိုင်လ၊ ပထမအကြိမ်။

၎။ မောင်မောင်အေး(စစ်ကိုင်း)။ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း။ မဟာမှိုင်းစာပေ။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ၊ ပထမအကြိမ်။