မောင်လူရေး - တော်လှန်သူ့ ဂုဏံ အဟံဝန္ဒာမိ


မောင်လူရေး - တော်လှန်သူ့ ဂုဏံ အဟံဝန္ဒာမိ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၆
ကျောင်းသားများသည် ၈၈-အရေးအခင်းကြီးကို စတင်ခဲ့ပြီး တပါတီအာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချခဲ့သည်။ သံဃာငယ်များလည်း ပူးပေါင်းပါဝင်လှုပ်ဆောင်ကြသည်။ ယင်းနောက် ပါတီစုံရွေးကောက်ပွဲလုပ်ပေးမည့်ကတိနှင့် စစ်တပ်ကြားဖြတ်အစိုးရပေါ်ပေါက်လာပြီး ယင်းစစ်အစိုးရ၏ အချိန်ဆွဲ အားယူကာ နောင်အရှည်ဆက်လက်အုပ်ချုပ်ရေး ခြေကုတ်ယူ ပြင်ဆင်မှုကို ကျောင်းသားနှင့် သံဃာတော်များ ဆက်လက်တော်လှန်ပုန်ကန်ကြပြန်သည်။ ၂-နှစ်နီးပါး အချိန်ခွာထားသော ကာလတလျှောက်၊ နိုင်ငံရေးဖိနှိပ်မှုများလည်း ပြင်းထန်နေချိန်တွင် နိုင်ငံရေးသွေးနှိုးလှုပ်ရှားမှုများ မပြတ်တမ်းလုပ်ကြသည်။

၁၉၉၀ရွေးကောက်ပွဲပြီး အနိုင်ရNLDပါတီကို အာဏာမလွှဲဘဲ ချေမှုန်းဖြိုခွဲပြီးနောက်ပိုင်းအချိန်များတွင်လည်း ကျောင်းသားများနှင့် သံဃာများသည် နိုင်ငံရေးသွေးကြောမပြတ်ရေး နိုင်ငံရေးလှုပ်ရှားမှုများကို ရသည့်နည်းဖြင့် ဆက်လက်လုပ်ကိုင်နေကြသည်။ ယင်းကာလများသည် နိုင်ငံရေးကို စွန့်ခွာသွားသူ အများဆုံးကာလဖြစ်သည်။ အထူးသဖြင့် အနိုင်ရပါတီကို စွန့်ခွာသွားမှုဖြစ်သည်။
ယဉ်ကျေးမှုမျက်နှာစာတွင် အနုပညာရှင်များနှင့် စစ်အုပ်ချုပ်ရေး၏ဂုဏ်ကိုမြင့်တင်ရင်း စစ်အာဏာရှင်တော်လှန်ရေးနှင့် ကျောင်းသားတပ်မတော်ကို သိက္ခာဖျက်ရင်းပင် နိုင်ငံရေးသမား ကျောင်းသားများကို ပြင်းပြင်းထန်ထန်ဖမ်းဆီးသတ်ဖြတ် နှိပ်စက် ထောင်သွင်း အကျဉ်းချခဲ့သည်။ တဖြည်းဖြည်းနှင့် နိုင်ငံရေးနှင့်ပတ်သက်သူများကို လူမှုအရေးအရာများတွင် ရှောင်ကြဉ်လာကြသည်။ ယင်းနောက် လူထုကြားထဲတွင် မသမာစီးပွားရေးခွင်များ ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုခဲ့သည်။ လောင်းကစား၊ သစ်ထုပ်မှုနှင့် ပါမစ်အမျိုးမျိုး၊ လုပ်ပိုင်ခွင့်အမျိုးမျိုးချပေးရင် စစ်အစိုးရသည် လူမှုမျက်နှာစာတွင် နေရာယူလာသည်။
တချိန်တည်းမှာပင် အရပ်ဘက်တက္ကသိုလ်များကို ဖွင့်လိုက် ပိတ်လိုက်လုပ်၊ စာသင်နှစ်တွေလျှော့၊ ကုန်ကျစရိတ်တွေမြှင့်၊ တက္ကသိုလ်တွေ မြို့နှင့်အလှမ်းဝေးရာတွေမှာဖွင့်၊ မြို့ပေါ်တက္ကသိုလ်ကြီးများကိုပိတ်ကာ ပညာရေး၏ မရေရာမှုကို လုပ်ဆောင်ရင်း တဖက်က စစ်တက္ကသိုလ်၏ ခိုလှုံချင်စဖွယ်၊ အားကိုးချင်စဖွယ်ကောင်းပုံကို ရုပ်ရှင်ပညာသည်များဖြင့် ပုံဖော်ကြပြန်သည်။
ပညာရေးကို ဖျက်ရင်း အရက်ချက်လုပ်ငန်းနှင့် အရက်ဆိုင်လိုင်စင်တွေအကန့်အသတ်မဲ့ချကာ မူးယစ်ဆေးသုံးစွဲမှုကိုလည်း မြှင့်တင်လိုက်သည်။
လူငယ်တွေကို ရစရာမရှိလောက်အောင် ဖျက်ဆီးထားလင့်ကစား လူ့အဖွဲ့အစည်း၏ ဥပေက္ခာပြုမှု၊ ဘီလူးသဘက်တို့၏ နှိပ်စက်နိုင်စွမ်းကို ထောင်တွင်းထောင်ပြင်တောင့်ခံထားကြပြီး ထောင်က ထွက်လာသည်နှင့်တပြိုင်နက် ဝှိုက်ကမ်ပိမ်းနှင့် ကုန်ဈေးနှုံးကျဆင်းရေး၊ ထိုမှ သံဃာတော်များဦးဆောင်ပြီး ကျောင်းသားလူငယ်များဝန်းရံသော ရွှေဝါရောင်တော်လှန်ရေးကြီး၊ ထိုမှ လူထုပါဝင်လာသော နာဂစ်၊ ထိုမှ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ထိုမှ တက်ကြွလှုပ်ရှားသူများ၊ ထိုမှ ၂၀၁၀ ရွေးကောက်ပွဲ၊ ထိုမှ ကြားဖြတ်ရွေးကောက်ပွဲ၊ ထိုမှ CSOsများ၊ ထိုမှ ပညာရေးလှုပ်ရှားမှုကြီး၊ ထိုမှ ၂၀၁၅ရွေးကောက်ပွဲ၊ ထိုမှ အာဏာလွှဲပြောင်းရေး၊ ထိုမှ- ထိုမှ- ထိုမှ ......
အရွေ့တခုမှ အရွေ့တခုသို့ရောက်စဉ်တိုင်း ကျောင်းသား လူငယ်များ၊ သံဃာငယ်များ၏ တွန်းအားကို ရင်ခုန်ဖွယ် မြင်ရသည်။
ယင်းအရွေ့များအတွက် ပေးဆပ်ထားသော အသက်ပေါင်း၊ ဘဝပေါင်း၊ ခံစားချက်ပေါင်းကား မြတ်နိုးမဆုံးလောက်အောင်၊ ဂုဏ်ပြုမကုန်လောက်အောင် အပုံအပင်ကြီးရှိလေသည်။
ကနေ့ရရှိထားသည့်အခြေအနေကောင်းများကို ခံစားရင်း ကျောင်းသားများ လူငယ်များ သံဃာငယ်များ၏ ကျေးဇူးကို ဦးခိုက်မိပါသည်။
မောင်လူရေး