ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဖိုးထက် - မသိခြင်း ချေးအထပ်ထပ်

Created with Microsoft Fresh Paint
 
ဖိုးထက် - မသိခြင်း ချေးအထပ်ထပ်
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆

ဆရာတော် ဦးဝိဝေက၏ သုံးဆင့် လည်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းခံသည့် ဦးပဇင်းများ၊ မယ်သီလရှင်များ၊ သင်္ကြန်တွင်း တရားစခန်းဝင် ယောဂီများဖြင့် စည်စည်ကားကား သိုက်သိုက် ၀န်းဝန်း ရှိနေ၏။ ဆရာတော်၏ ကျောင်းက တွံတွေးမြို့နယ်၊ တန်းလျားလေး ကျေးရွာတွင် တည်ရှိသည်။
   
နိုင်ငံကျော် အနုပညာရှင် အဆိုတော် တွံတေးသိန်းတန်၊ မယ်ဒလင် တစ်လုံးတည်းဖြင့် လုပ်စားသွားသည့် နောက်ထပ် နိုင်ငံကျော် တွံတေးအဆိုတော်၊ တွံတေး မြေအိုးများ၊ တွံတေးဝါးများ ထွက်ရှိသည့် တွံ့တေးမြို့နှင့် တန်းလျားလေး ကျေးရွာသည် နီးနီးကပ်ကပ် တည်ရှိသော်လည်း ရွာကလေးက တကယ့် ပီဘိရွာကလေး။ အမှန်တကယ်သာဆိုလျှင် တန်းလျားလေးရွာကလေးက ရန်ကုန်မြို့အလယ် ပန်းဆိုးတန်းလမ်းမကြီးဆီသို့ ဒလဘက်မှ သွားလျှင် နှစ်နာရီခန့်ခရီးသာ ရှိသည်။ အမေရိကန် ဒေါ်လာ အရောင်းအ၀ယ် ပြုလုပ်ရာ၊ ကမ္ဘာကျော် အီလက်ထရောနစ် ပစ္စည်းများ ၀ယ်ယူရရှိနိုင်သော နေရာ၊ ATM ငွေထုတ်စက်ကြီးများနှင့် နှစ်နာရီခန့် ဝေးသော နေရာရှိ ရွာကလေး၏ အခြေအနေက ယုံနိုင်ဖွယ်ရာပင် မရှိ။ လျှပ်စစ်မီးမရှိ၊ ရေပေးဝေရေးမရှိ။ ကုန်ကုန်ပြောရလျှင် ကျောက်ခင်းလမ်းကလေး တစ်လမ်းသော်မှ မရှိ။
  
ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ LCCI Level 3 ဖြေဖို့၊ British Council စာကြည့်တိုက်မှာ ရည်ညွှန်းကိုးကားဖွယ်ရာ အင်္ဂလိပ်စာအုပ်များ ငှားဖို့၊ အော်ဇီကို ကျောင်းသွားတက်ဖို့ အစရှိသဖြင့် လူငယ်လူရွယ်များ နာရီနှင့် အမျှ ပြေးလွှားနေချိန်တွင် တန်းလျားလေး ရွာသူ၊ ရွာသားများအတွက် ကွမ်းရွက်အထွက်တိုးဖို့သာ အဓိက။ အနေရိုးသလို၊ အတွေးအခေါ် ရိုးသားကြ၏။ ဖြူစင်ရိုးသားကြသော်လည်း ကမ္ဘာသစ်ကြီး၏ Facebook ကြည့်လို့်ရသည့် Smart Phone နည်းပညာမှ လွဲပြီး ကျန်သည့် နည်းပညာတွေနှင့် အပြတ်အသတ်ကျန်ခဲ့သည်ဟု ဆိုရချိမ့်မည်။
  
ဆရာတော်၏ ရွာဦး ဘုန်းကြီးကျောင်းသို့ သွားသည့် ရွာလယ်လမ်းမကြီးမှ ခွဲထွက်သွားသော အ၀င်လမ်းလေးက ပေတစ်ရာခန့် ရှည်လျားသည်။ ဘယ်ဘက်မှာ အထက်တန်းကျောင်းခွဲ။ ၀ါးလုံးတန်းနှစ်ခုကို ဂိုးဘားတန်း အဖြစ် အသုံးပြုထားသည့် ဂိုးတိုင် ပါသော ဘောလုံးကွင်း နှင့် တစ်ထပ် ကျောင်းဆောင်တွေပါသည့် ချစ်စရာ့ ကျောင်းကလေး။ ညာဘက်မှာက ၀ါးကပ်မိုး၊ ၀ါးထရံကာ တဲပုတ်သာသာ အိမ်ကလေးများ လေး၊ ငါး ခြောက်လုံး ရှိသည်။

ထိုအိမ်ကလေးများထဲမှာ တစ်အိမ်က ကိုမောင်ကြည်၏ အိမ်။ မိန်းမတစ်ယောက်။ ကလေး ရှစ်ယောက်။ ဆိတ်နှစ် ကောင်။ ပိန်လှီနေသာ ခွေးနှစ်ကောင်။ ဒါက သူ၏ ပိုင်ဆိုင်မှု အကုန်။ အကြီးဆုံးသား နှစ်ယောက်က ရန်ကုန်မှာ ပန်းရံသွားလုပ်ကြသော် လည်း မိဘကို မထောက်ပံ့နိုင်။ ကိုယ့်ဝမ်းကိုယ် နိုင်အောင် ကျောင်းနိုင်ကြတာကိုဘဲ ကိုမောင်ကြည်က မဟော်သဓာလို သားနှစ်ယောက် ရတာလို့ ထင်သည်။ ခြောက်တန်းပင် မအောင်ကြရှာသော မဟော်သဓာနှစ်ယောက်။ ကလေးတွေကလည်း တစ်နှစ်တစ်ယောက် ခပ်မှန်မှန်ကြီး မွေးထားသလား ထင်ရသည်။ အားလုံးက မတိမ်းမယိမ်း။ အလုပ်အဆင်မပြေ၊ စီးပွားရေး အဆင်မပြေ၊ ကျပ်တည်းနေပါလျက်နဲ့ ကလေးတွေကို ဟောတစ်ယောက်၊ ဟောတစ်ယောက် မှန်မှန်ကြီး မွေးထုတ်နေသော ကိုမောင်ကြည်တို့ စုံတွဲကို ဆရာတော် ဘုရားက “ဟဲ့ မောင်ကြည်..မင်းမလဲကွယ်…ကိုယ့်စီးပွားရေးနဲ့ လိုက်ဖက်မယ့်၊ သင့်တော်မယ့် သား၊ သမီး အရည်အတွက်လောက်ဘဲ ယူပါကွယ်။ မင်းကြည့်ရတာ မောလိုက်တာ” ဟု လောကီအရေး ၀င်တွေးပူရရှာသည်။ “သား၊ သမီးဆိုတာ ရတနာမို့လား ဘုရား” ဟု ခွန်းတုန့်ပြန်သော ကိုမောင်ကြည့်ကို ဆရာတော်က မရယ်၊ မပြုံး၊ မိန့်မိန့်ကြီး ကြည့်ကာ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ရှာသည်။ ဖြစ်ပျက်သဘောကိုဘဲ ရှူသလော၊ သြော်..လောကီသားတွေ ဒုက္ခ၊ ဒုက္ခ လို့ဘဲ တွေးတော်မူသလော။
  
အခုလည်း နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင်းမှာ ဒုလဘ္ဘရဟန်းလာဝတ်နေကြ ဦးပဇင်းများက ကိုမောင်ကြည့်ကို “ဒကာကြီး အိမ်မှာ ညည အိပ်မရအောင် ခြင်ကိုက်တယ် ထင်တယ်။ ဒါမှမဟုတ် အခြား entertainment သြော်..ဖျော်ဖြေရေး ရအောင် TV ၀ယ်ပေးရမလား။ ဟား…ဟား” ဟု နောက်ကြသည်။ သူတို့ဘာသာ ဘာပြောနေနေ ကိုမောင်ကြည်တို့ မိသားစုကို ဆရာတော်က စောင့်ရှောက်ထားသည် မဟုတ်ပါလား။
  
အခုဆို အငယ်ဆုံး သားနှစ်ယောက်ကို သင်္ကန်းစီးပေးပြီး ကိုရင် ၀တ်ပေးထားသည်။ တစ်ပါးက နှစ် နှစ်ခွဲ။ နောက်တစ်ပါးက သုံးနှစ်ခွဲ။ ဆရာတော့် ကျောင်းမှာ နေ၊ ကျောင်းမှာစား၊ ကျောင်းမှာ အိပ်။ ကျန်သည့် ကလေးတွေက ကျောင်းဝင်းထဲမှာ ဟိုနား ယောင်ယောင်၊ သည်နားယောင်ယောင်။ ဦးပဇင်း နှင့် ယောဂီတွေ ၀ယ်ခိုင်သော ကွမ်း၊ ဆေး၊ လ္ဘက်၊ ဂျင်း အစရှိသည့် တိုလီ၊ မိုလီလေးများ ၀ယ်ပေးရင်း မုန့်ဖိုးရကြသည်။ ကိုမောင်ကြည်တို့ စုံတွဲက မီးဖိုချောင်မှာ ကူသည်။ စားဖိုဆောင်မှာ ကူသည်။ နေ့လည် နေ့ခင်းရောက်သည်နှင့် ကိုမောင်ကြည်တစ်ယောက် ဆရာတော့်ကို ရှောင်တော့သည်။ သူ့ပါးစပ်က အနံ့တစ်ချို့ကို ဆရာတော် သိလို့မဖြစ်။ သူကလဲ ဒီအနံ့တွေ မရှိလို့ မဖြစ်။
  
ည ညဆိုလျှင် ကိုရင်လေး နှစ်ပါး ခမျာ တွေ့ကရာ နေရာ ၀င်အိပ်သည်။ တစ်ခါတစ်ရံ ဘုရားရင်ပြင်တော်ပေါ်မှာ။ တစ်ခါတစ်ရံ ကျောင်းကြီးအောက်ထပ် ဦးပဇင်းတွေနားမှာ။ နေ့လည် နေ့ခင်း မျောက်ရှုံးအောင် ဆော့တော် မူရှာကြသည့် ကိုရင်လေး နှစ်ပါးမှာ အိပ်ပြီဆိုလျှင် သစ်တုံးလေး နှစ်ခု ဖြတ်ချထားသလို။ သူတို့နှင့် အလွန်ပင် အလွမ်းသင့်သည့် ဆရာတော့် အချစ် တော် ခွေးကြီး စုတ်ဖွား၏ တစ်ချက်၊ တစ်ချက် ကမူးရူးထိုး ထထ ဟောင်သံကိုပင် မသိနိုင်ရှာ။ ခြင်တွေကလည်း တ၀ဲလည် လည်။
  
အမြင်မတော်သော ဦးပဇင်းတစ်ပါးက သူ့ခြင်ထောင်ကြီး ဖြုတ်ယူလာပြီး ခြင်ထောင် ထောင်ပေးသည်။ ကိုရင်နှစ်ပါးကို ခြင်ထောင်ထဲသို့ သွင်း၊ ခြင်မ၀င်စေရန် ခုတန် ခု၊ ဆို့တန် ဆို့။ သူကတော့ ပန်ကာအောက်မှာ ကော်တောင့်နေသေးသည့် သင်္ကန်းအသစ်ကြီးကို ခေါင်းမြီးခြုံရင်း “ ကျန်းမာ ချမ်းသာကြပါစေ။ ငါလူထွက်မှ သိမယ်။ ဟင်း..ဟင်း..ကျန်းမာ ချမ်းသာကြပါစေ ခြင်တွေ၊ ခြင်တွေ” ဟု မေတ္တာပို့ရင်း ကျိန်းသည်။
  
နောက်ရက် မနက်ခင်း တရားစခန်း အချိန်ဇယားအတိုင်း လေးနာရီ တရားထိုင်ရန် ကြေးစည်တီးတော့ ကိုတော်နှစ်ပါးမှာ အိပ်မက်လို့ ကောင်းဆဲ။ ဦးပဇင်းလေးက မနှိုးချင်။ နှိုးခိုင်းနေသော အခြား ဦးပဇင်းတွေအား “ကလေးတွေ အိပ်နေတာလောက် အပြစ်ကင်းတာ ဘာရှိမှာလဲ။ အိပ်ပါစေ ဘုရား”ဟု ကူပြောပေးရှာသည်။ တရားထိုင်အပြီး စားရမည့် အာရုံဆွမ်းအတွက် ပူပေးစရာမလို။ အရင်ရက်တွေကလည်း ဆွမ်းစားချိန်တွေဆိုလျှင် ဆွမ်းစားဆောင်သို့ အလိုလို ရောက်ရောက် လာသည် မဟုတ်လား။ ထို့ကြောင့် ခြင်ထောင်ထဲက ကိုယ်တော် နှစ်ပါးကို ပြစ်ထားခဲ့ပြီး ကိုယ်လက် သန့်စင်၊ မျက်နှာသစ်။ ပြီးတော့ တရားထိုင်။
  
အာရုံဆွမ်းကျွေးချိန်ရောက်တော့ အာရုံဆွမ်း မုန့်ဟင်းခါးကို အိပ်မှုန်စုတ်ဖွားဖြင့် ဖိတွယ်နေသော ကိုယ်တော် နှစ်ပါးအား ဦးပဇင်းလေးက မျက်လွှာချထားပေမယ့် မျက်လုံးထောင့်မှာ မြင်နေရသည်။ ဆွမ်းစား အပြီး ခြင်ထောင်သိမ်းနေစဉ်မှာ သူ့အနားသို့ နှစ်ပါး၊ နှစ်ဝ ရောက်ရှိလာသည်။
  
“ဒါ ဦးပဇင်း ခြင်ထောင်လား”

“တင်ပါ့ ဘုရား”

“သြော်…အိပ်လို့ ကောင်းတယ်။ ခြင်မကိုက်ဘူး။ ပိုက်ဆံ အများကြီး ပေးရသလား”

“မပေးရပါဘူး ဘုရား။ ဒီညလဲ ဒီခြင်ထောင်ထဲမှာဘဲ အိပ်..အဲလေ..ကျိန်းတော်မူကြပါ ဘုရား”

“ဟဲ..ဟဲ”

ဦးပဇင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးရင်း သူတို့ကို သေသေချာချာ ကြည့်မိသည်။ သင်္ကန်းလေးတွေက ဂျီးအထပ်ထပ်။ အနံ့အသက်ပင် မကောင်းတော့။ ဘယ်ကတည်းက မလျှော်၊ မဖွပ်ဘဲ ပြစ်ထားသည် မသိ။ လက်တွေကို ယူကြည့်တော့ လက်သည်းတွေက ရှည်နေတာများ မလေးရှား စုန်းကား ရိုက်လျှင် ကလေးသရုပ်ဆောင် နေရာအတွက် လျာထားနိုင်သည်။ ခြေထောက်တွေမှာ ဖုံလား၊ ဂျီးလား မကွဲပြားတော့ဘဲ အကွက်လိုက်၊ အကွက်လိုက် စွန်းထင်းနေသော အရေပြားကိုသာ မြင်ရသည်။ အောက်သိုးသိုး အနံ့အသက်လေးများက တဝေေ၀။ ကိုရင်လေး နှစ်ပါးကို ရေချိုးပေးချင်လာသဖြင့်…
“ကိုရင်တို့ သင်္ကန်းအသစ်ရှိလား”

“ရှိတယ်၊ မရှိဘူး” ပြိုင်တူ အဖြေပေးကြသည်။

“ဟရောင် မရှိဘူးကွ။”

“ဟရောင် ရှိတယ်ကွ။ အဖေ့ဆီမှာ..အဲလေ..ဒကာကြီးဆီမှာ ရှိတယ်”

“ကိုင်း..ကိုင်း နေပါစေတော့။ တပည့်တော်ဘဲ ကျောင်းပေါ်က ဆရာတော်လှူထားတဲ့ သင်္ကန်းပုံထဲကဘဲ ယူခဲ့ပါ့မယ် ဘုရား။ ရေတစ်ခွက်စီ သောက်ပြီး ရေချိုးကန်နားမှာ တပည့်တော်ကို စောင့်ပါ ဆဒေါ်ကြီးများ ဘုရား” ဟု ပြောရင်း ကျောင်းကြီးပေါ်သို့ တက်ခဲ့သည်။
  
ဆရာတော် ဘုရားကြီးက အလွန်ပြည့်ဝသည်။ ၀ိနည်းကို အထူး လိုက်နာသည်။ တစ်ခုခုအလိုရှိသဖြင့်၊ လှူစေချင်သဖြင့် ဒကာ၊ ဒကာမတွေကို ရေလာ၊ မြောင်းပေး စကားတွေ မပြော။ ကိုယ်ကဘဲ အလိုရှိပြီး ကိုယ်က သူများကို ပေးဖို့ ကြတော့ အံ့သြစရာ ကောင်းလောက်အောင် တွန့်တိုကြသည့် လူပေါင်းများစွာကို တွေ့လာရသည့် ဦးပဇင်းအတွက် ဆရာတော်၏ အဆိုပါ ၀ိနည်း တစ်ခုတည်းနဲ့ပင် ကြည်ညိုလို့ မဆုံး။ ဆရာတော့် ကျောင်းသို့ ရွေးကောက်ပွဲ မတိုင်ခင်လေးက အစိုးရ အရာရှိကြီးများ အချိန်မှီရောက်လာကြပြီး အလိုရှိရာ ပြောပါ။ ရွာသူရွာသားတွေကို သူတို့ ကိုယ်စား အစိမ်းရောင်ကို ရွေးချယ်ကြဖို့ လာလျှောက်ကတည်းက “ပြည့်စုံပါတယ် ဒကာကြီးတို့။ ဘုန်းကြီးက အဲဒီကိစ္စတွေ မပါ ဘူး။ ဘုန်းကြီး သိတာ ဘုရားသာသနာ၊ ဘုရားဥပဒေပါဘဲ။” ဟု ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့သည်။  ဆရာတော့် ကျောင်းမှာ လိုအပ်ချက်တွေ တပုံတပင်ကြီး မြင်နေရသော်လည်း လာပြီး ဒုလဘ္ဘ၀တ်ကြသည့် သူများ အဆင်ပြေစေဖို့ သူ့မှာ ရှိသမျှ သင်္ကန်းတွေကို ပုံချပေးထားသည်။ ထိုအပုံထဲက ကိုရင်လေး နှစ်ပါးအတွက် သင့်တော်ရာကို ဦးပဇင်းလေးက ရွေးယူခဲ့သည်။

ထို့နောက် ဦးပဇင်းလေးက ကိုရင်လေး နှစ်ပါးကို ပိုးသတ် ဆပ်ပြာဖြင့် နှစ်ထပ်၊ ခေါင်းလျှော်ရည်ဖြင့် နှစ်ခါ ခေါင်းလျှော်။ ခပ်သွက်သွက် ရေချိုးပေးလိုက်သည်။ ကိုရင်လေးတွေက တဟီးဟီး၊ တဟားဟား သဘောတွေ ကျနေကြသည်။ ရေချိုးပြီးတော့ လက်သည်း၊ ခြေသည်းများညှပ်ပေးသည်။ သင်္ကန်းအဟောင်း လေး နှစ်စုံကို ဆပ်ပြာမှုန့် များများဖြင့် လျှော်၊ နေလှန်းလို့ အပြီးမှာဘဲ သင်တန်းတရား နာရန်အတွက် အချက်ပေး ကြေးစည်သံကို ကြားရသည်။

ရေနှစ်ခွက် အပြည့်သောက်ရင်း ကိုရင်လေး နှစ်ပါးကို နောက် တစ်နာရီအတွင်း နေပူထဲ ထွက်မဆော့ဖို့။ ပြောစကားနားထောင်။ ညနေကြရင် ၀တ္ထုငွေ တစ်ယောက် နှစ်ထောင် ကပ်ပါ့မယ်ဟု ကတိပေးပြီး သင်တန်းတရားပွဲ ကျင်းပမည့် ဗိမ္မာန်သို့ ဦးပဇင်းလေးမှာ ခြေလှမ်းတိုင်း သတိမကပ်နိုင်ဘဲ ခပ်သွက်သွက် လှမ်းရသည်။

တရားပလ္လင်ပေါ်မှာ ဓမ္မကထိက ဆရာတော်က ကျေးဇူးရှင် မိုးကုတ် ဆရာတော် ဘုရားကြီး၏ နိုင်ငံကျော်၊ သာသနာကျော် ပဋိစ္စ၊ သမုပ္ပါဒ် စက်ဝိုင်း ဒေသနာအား သေချာစွာ ရှင်းလင်း ပြသ သင်ကြားပေးသည်။
  
“မူလ နှစ်ဖြာဆိုတာ ဘာလဲ”

“အ၀ိဇ္ဇာနှင့် တဏှာပါ ဘုရား”

“အ၀ိဇ္ဇာဆိုတာ ဘာလဲ”

“မသိခြင်းပါ ဘုရား”

“အိမ်း..ဒါဆို..ဒီ တို့ရဲ့ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးရဲ့ ဒီစက်ဝိုင်းထဲမှာ အတိတ်အကြောင်းကြောင့် ပစ္စုပန် အကျိုးဖြစ်တယ်။ ပစ္စုပန် အကျိုးကြောင့် ဘာဖြစ်သလဲ”
  
“ပစ္စုပန် အကြောင်းဖြစ်ပါတယ် ဘုရား”
  
“ကိုင်း..ပစ္စုပန် အကြောင်းကြောင့် အနာဂတ် အကျိုး အခြင်းအရာတွေ ဆက်ဖြစ်တာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ် ဘုရား။”

“ယောဂီတို့..ဒီလို ဆက်စပ် ပါတ်သက်မှုတွေကို ရပ်တန့်သွားအောင် လုပ်လို့ ရသလား”

“ရပါတယ် ဘုရား။”

“ဟုတ်ပြီ။ ရတယ်ဆိုရင် ဘယ်လို ရပ်ရမလဲ။”

“ဇာတိကို ရပ်ရပါမယ် ဘုရား”

“ဇာတိ ရပ်တယ်ဆိုဘာ ဘာလဲ ယောဂီတို့”

“နိဗာန်ကို ရရှိပြီလို့ ပြောတာပါဘုရား”

ဓမ္မကထိက ဆရာတော် ရှင်းပြတာတွေ နားလည်တာတွေလည်း ရှိ။ နားမလည်တာတွေလည်း အများကြီး။ပါဠိ စကားလုံးတွေ ပါလာရင် သိပ်နားမလည်ပါလားဟု ကိုယ့်ဘာသာ အားမရဖြစ်နေသည့် ဦးပဇင်းလေး အားရကျေနပ်စေမည့် တရားထိုင်ရ သော အချိန်ရောက်လာသည်။

သို့သော် အရင်ရက်တွေလို မဟုတ်။ ခဏလေးနဲ့ စိတ်ကို ချုပ်လို့ မရ။ အတွေးတွေက တောင်ရောက်၊ မြောက်ရောက်။ ထွက်သက်၊ ၀င်သက် နှာသီးဝမှာ ဖြတ်သွားတာကို သတိဖြင့် စောင့်ကြည့်သော်လည်း မရ။ ထို့ကြောင့် အမှတ်ပုံစံ ပြောင်းသည်။ တွေးချင်တာတွေးစမ်း။ အဲဒီတွေးတာကို လိုက်ကြည့်မှတ်မယ်ဟု စဉ်းစားကာ အရှေ့စိတ်ကို နောက်စိတ်က လိုက်ကြည့်ဖို့ ကြိုးစားသော်လည်း အချည်းအနှီး။  ခုနက သူရေချိုးပေးခဲ့သည့် ကိုရင်လေး နှစ်ပါး၏ ပေတူးနေသည့် ခြေထောက်လေး နှစ်ချောင်းကို ပင် စိတ်အာရုံထဲ ပေါ်လာသည်။ စိတ်မရှည်တော့ဘဲ ဒေါသထွက်သလိုလို ဖြစ်လာတော့မှ ငါဒေါသထွက်တော့မှာပါလားဟု သတိကလေး တစ်ချက်ရသွားသည်မှစပြီး သူ့စိတ်တွေ ငြိမ်စ ပြုလာသည်။

သမာဓိ ရသလိုလို ဖြစ်လာတော့ သူ့စိတ်အာရုံထဲသို့ ချေးအထပ်ထပ် ပေကျံနေသာ အသားစိုင်ကြီး တစ်ခု ၀င်လာပြန်သည်။ ဘာကြီးပါလိမ့်ဟု စိတ်ထဲက ပုံရိပ်ကို သေချာအောင် ပြန်ကပ်ကြည့်စဉ်မှာ နှလုံးသားတစ်ခု။ မည်းညစ်နေသော နှလုံးသား တစ်ခု။ ချေးအထပ်ထပ် ပေကျံနေသော လူ့နှလုံးသား တစ်ခု။ မဲမဲ သွေးအရည်တွေ စိမ့်ထွက်နေသော နှလုံးသား တစ်ခု။ ဒါ ငါ့နှလုံးသားလား၊ ဘယ်သူ့နှလုံးသားလဲ တွေးရင်း သမာဓိ မရဖြစ်နေရှာသည်။

တရားထိုင်ရင်း စိတ်အာရုံ ထွေပြားနေသည့် ဦးပဇင်း လေးအား သူရေချိုးပေးခဲ့သဖြင့် ချေးအထပ်ထပ် ကင်းစင်နေသော ကိုရင်လေးနှစ်ပါးက အရုပ်ကားချပ်ထပ် ကစားရင်း စောင့်မျှော်နေကြလေသည်။ သူတို့က ကိလေသာ သိဖို့ မလို၊ တဏှာသိဖို့ မလို။ မသိခြင်း ချေးအထပ်ထပ်ဆိုသော တရားဟော ဓမ္မကထိက၏ စကားလုံးကိုလဲ စဉ်းစားနေဖို့ မလို။

ဖိုးထက်